တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုပြန်ရရှိစေရေး AA နှင့် ပူးပေါင်းကာ အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG ကတိပြု


  • ရေးသူ: Web Master (NN 20)
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 557

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီမှ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ၊ ကြီးလေးသော စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းကြောင့် အဆိုပါ ရာဇဝတ်မှုများအတွက် တရားမျှတမှုပြန်လည်ရရှိစေရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင်တပ်တော် တို့နှင့် ပူးပေါင်းကာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ မတ် ၁ရက်နေ့တွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူများ စုဝေးရာနေရာများဖြစ်သည့် စျေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ပြီး ပြည်သူလူထုအား နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်နေခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ၊ ကြီးလေးသော စစ်ရာဇဝတ်မှုများ ကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်း ဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

“ အေအေ လာမတိုက်ခင်မှာ လူအများအပြားရှိတဲ့ ဈေးလိုနေရာမျိုး ဘဏ်လိုနေရာမျိုးတွေကို လက်နက်ကြီးနဲ့ ပစ်တာလို့ သုံးသပ်ပါတယ်။အဓိကကတော့ အေအေကိုပေါ့နော်။ မင်းတို့ လာတိုက်ရင် မင်းတို့မြို့ကို ဗုံးကြဲပစ် လိုက်မယ်ပေါ့။ လက်နက်ကြီးနဲ့ထုမယ် ဆိုတဲ့သတင်းစကားမျိုး ပါးလိုက်တာလို့ ပြောချင်ပါတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က နိရဥ္စရာ သတင်းဌာနကိုပြောသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၉) ရက်နေ့ နံနက် (၈) နာရီ (၁၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်နယ် စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်း စျေးအတွင်းသို့ အကြမ်းဖက်စစ်တပ်ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁၂) ဦးသေဆုံးခဲ့ပြီး (၈၀) ဦးကျော် ဒဏ်ရာရရှိခဲ့သည်ကို သိရှိရကြောင်း NUG၏ထုတ်ပြန်ချက် တွင်ပါရှိသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင်လည်း ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်တပ်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အလင်းဝင် တပ်မတော်သားများ၊ အရပ်သားပြည်သူများ၊ ဆေးရုံ ဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း NUG ကထုတ်ပြန်ထားသည်။

“ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုက ရခိုင်လူထုက အခုလည်း ခံစား နေရတာပေါ့နော်။ ကြုံတွေ့နေရတာပေါ့။ လက်နက်ကြီးနဲ့ ပစ်မယ်ဆိုရင် ဈေးလိုနေရာတွေ လူစည်ကားတဲ့ နေရာမျိုးတွေကို ရှောင်သင့်တယ်။ မလိုအပ်ပဲ အရေးကြီးကိစ္စမှအပ လူအစုအဝေးနဲ့ မနေဖို့ မလုပ်ဖို့ ။နောက်အထပ်မြင့်အဆောက် အအုံတွေ အပေါ်ဆုံးအထပ်တွေမှာ မနေသင့်ဘူးပေါ့၊ လူမနေတဲ့နေရာတွေ လူမနေတဲ့အခန်း တွေမှာ မီးဖွင့်ထားပြီး တော့ တကယ်လူနေတဲ့ နေရာတွေမှာ မီးပိတ်ထားသင့်တယ်။ ညဘက်တွေအိပ်မယ်ဆိုရင်နေရာတွေကို ရွှေ့ပြောင်းပြီးတော့ အိပ်ရမယ်။ အောက်ထပ်တွေမှာ စုပြီး အိပ်တာမျိူးတို့  မလုပ်သင့်ဘူး။ သူတို့ကို ပစ်ခတ်စေချင်တဲ့ နေရာတွေကို မီးထွန်းထားပြီးတော့ အားလုံးက အမှောင်ထဲမှာ မီးမထွန်းပဲနဲ့နေမယ်။ အဲ့လို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်တာ ကို စစ်တပ်ကိုပြန်ပြီးလှည့်စားရမယ်လို့ အကြံပေးချင်ပါတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်မှ ပြောသည်။

အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါများသည် ရက္ခိုင်ပြည်သူများ၏ ဂုဏ်သိက္ခာကို ထိပါးသည့် ပုတ်ခတ်စွပ်စွဲမှုများကိုအသုံးပြုကာ နိုင်ငံသူ နိုင်ငံသားအချင်းချင်းကြား လူမျိုးရေး မုန်းတီးမှုများ ပေါ်ပေါက်စေရန် သွေးထိုးလှုံ့ဆော်မှုများအား ပိုမိုလုပ်ဆောင်လာသည်ကိုလည်း တွေ့ရှိရသည်ဟုလည်း NUG ၏ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသော၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြရသော ရက္ခိုင်ပြည်သူများအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါ ကြောင်းနှင့် အကြမ်းဖက်စစ်အုပ်စု၏ ဖိစီးနှိပ်စက်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြသော ရက္ခိုင် ပြည်သူများအားလုံးနှင့် အတူ တစိတ်တဝမ်းတည်းရှိနေပါကြောင်း အလေးအနက်ထား ပြောကြားလိုကြောင်း NUG ကထုတ်ပြန်ထားသည်။ NN-20


ဆက်စပ် သတင်းများ