သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မြန်မာစစ်ကောင်စီထံ စစ်သင်တန်းမှ ထွက်ပြေးလာသည့် ဒုက္ခသည်လူငယ်နှစ်ဦးကို ကျည်ဆံများနှင့်အတူ ဘင်္ဂလာရဲတပ်ဖွဲ့မှ ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

နိရဉ္စရာ၊ ဧပြီ ၃၀/၂၀၂၄

မြန်မာစစ်ကောင်စီတပ်က လေ့ကျင့်သင်ကြားပေးနေသည့် စစ်သင်တန်းမှ ထွက်ပြေးလာသည့် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ မွတ်ဆလင် လူငယ်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ကျည်ဆံ (၁၇) တောင့်နှင့် အတူ ယခုလ ၂၇ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် Rising BD က သတင်းဖော်ပြသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ကော့စ်ဘဇားခရိုင် ကူတို့ပါလောင် ဒုက္ခသည်စခန်း Block-E-314 မှ အစ္စလာမ်၏သား ကီဖေယာအူလ္လာ (Kefayet Ullah)  (၁၉) နှစ်နှင့် န၀ါခါလီခရိုင်၊ ဘာဆန်ချာ ဒုက္ခသည် စခန်းမှ အက်ဒူလ် ဆာလမ် (Abdus Salam)  ၏ သား အဏ္ဍဝါ မူစတာဖာ (Anwar Mostafa)  (၁၈) နှစ်တို့ဖြစ်ကြသည်။

၎င်းတို့သည် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းမှ ဒုက္ခသည်လူငယ်များအားခေါ်ယူပြီး   မြန်မာစစ်အစိုးရမှ ပြုလုပ်ပေးနေသော စစ်သင်တန်းသို့ သွားရောက် သင်တန်းတက်ရောက်ခဲ့ပြီး သင်တန်းအတွင်းမှ ထွက်ပြေးလာကြသူများဖြစ်ကြသည်။

၎င်းတို့ကို စုစုပေါင်း ကျည်ဆန် ၁၇ တောင့်နှင့်အတူ ကော့စ်ဘဇား- တက္ကနက် အဝေးပြေးလမ်းမကြီး နာယာပါရာ ဧရိယာတွင်  လွန်ခဲ့သည့် စနေနေ့ နံနက် ၁၁ နာရီခန့်တွင် ဖမ်းဆီးခံခဲ့ရကြောင်း အဝေးပြေး ရဲတပ်ဖွဲ့ အရာရှိ Qayyum Uddin Chowdhury မှ RisingBD သို့ အတည်ပြု ပြောကြားခဲ့သည်။

၎င်း ရိုဟင်ဂျာ လူငယ်နှစ်ဦးသည် ဧပြီလ ၁၉ ရက်နေ့က မောင်တောခရိုင်ရှိ ဘူးသီးတောင်မြို့ စစ်စခန်းသို့ ပွဲစားများမှ တဆင့် သင်တန်းသွားရောက်တက်ခဲ့ကြကြောင်း၊ ၎င်းစခန်းတွင် မြန်မာ စစ်ကောင်စီ စစ်တပ်က သူတို့ကို ရိုင်ဖယ်များ ပစ်ခတ်နည်းကို လေ့ကျင့်ပေးခဲ့ကြောင်း၊  ၎င်းသင်တန်းသည် တော်လှန်ရေးသူပုန်များကို တိုက်ထုတ်ရန် တပ်မတော်အတွက် လေ့ကျင့်ပေးခြင်း ဖြစ်ကြောင်း၊  အပူလွန်ကဲပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် မြန်မာစစ်တပ်စခန်းတွင် ၇ ရက်ကြာ နေထိုင်ပြီးနောက် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ထွက်ပြေးခဲ့ကြောင်းလည်း ၎င်းတို့ နှစ်ဦးက ထွက်ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့ထဲမှ နှစ်ဦးကို တက္ကနက် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကနဦး စစ်ဆေးမေးမြန်းမှုအရ ၎င်းကျည်ဆံများကို မြန်မာနိုင်ငံမှ ကူတူးပါလောင်ဒုက္ခသည် စခန်းသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဧပြီ ၂၉ ရက်နေ့က ဘီဘီစီမြန်မာပိုင်းထုတ်လွင့်သည် သတင်းတစ်ပုဒ်တွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ ရှိနေသည့်  ဒုက္ခသည်စခန်းများမှ  ထောင်နှင့်ချီသည့်  ရိုဟင်ဂျာများကို စစ်ကောင်စီက မောင်တောမြို့တွင် ရက်တိုစစ်သင်တန်းတွေပို့ချပေးပြီး လက်နက်တပ်ဆင်ပေးမှုများ ပြုလုပ်နေနေကြောင်း သတင်းတွေထွက်ပေါ်နေသည်ဟု ဖော်ပြထားသည်။

(RisingBD သတင်းဌာနမှ သတင်းကို မူရင်းအာဘော်အတိုင်း တင်ပြခြင်းဖြစ်ပါသည်။ )

https://www.risingbd.com/bangladesh/news/552859

ဆက်စပ် သတင်းများ