သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ချင်းပြည်နယ်၊ ကျင်းဒွေးမြို့ကို ချင်းကာကွယ်ရေးတပ်များနှင့်အတူ အာရက္ခတပ်တော်(AA) ပါဝင်တိုက်ခိုက်ခဲ့ပြီး လေးလကျော်ကြာအကြာတွင် သိမ်းပိုက်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

အိမ်စိုးဖြူ

ချင်းပြည်နယ်၊ ကျင်းဒွေးမြို့ကို ချင်းကာကွယ်ရေးတပ်များနှင့်အတူ အာရက္ခတပ်တော်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီဟု သတင်းရရှိသည်။

အဆိုပါကျင်းဒွေးမြို့ကို လွန်ခဲ့သည့် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှစ၍ ချင်းညီနောင်တပ်ဖွဲ့၊ CDF PDF တပ်ဖွဲ့များနှင့် အာရက္ခတပ်တော် (AA) တို့ပူးပေါင်းတပ်ဖွဲ့များကမြို့ကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ၄ လကျော်ကြာပြီးနောက် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြချက်အရသိရသည်။

တိုက်ပွဲ ၄ လကျော်ကြာ ကာလအတွင်း ကျင်းဒွေးမြို့ပေါ်တွင် စစ်ကောင်စီဘက်မှကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများအကြိမ်ကြိမ်ရှိခဲ့ပြီး လူနေအိမ်များ၊ စာသင်ကျောင်းများဗုံးကြဲခံရပြီး  ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိခြင်းများရှိခဲ့သဖြင့် ချင်းကာကွယ်ရေးတပ်များက ဆုတ်ပေးခဲ့ရပြီး လက်ရှိတွင် ပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ချင်းကာကွယ်ရေးတပ်က လွန်ခဲ့သည့် ဧပြီလ  ၂၃ ရက်နေ့က ထုတ်ပြန်ချက်တွင် “ ကျင်းဒွေးမြို့သိမ်းတိုက်ပွဲတွင်အစစအရာရာကူညီပေးသော အာရက္ခတပ်တော်ကို အထူးကျေးဇူးတင်ရှိပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။

ကျင်းဒွေးမြို့ကို ဦးဆောင်တိုက်ခိုက်ခဲ့သည့် ချင်းညီနောင်အဖွဲ့တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်) (MTC)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)(CDF-Kampetlet) ၊ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)(CDF-Matupi) တပ်မဟာ-၁ တို့ပါဝင်သည်။

 Photo- (CDF-Kampetlet)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!