သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မန္တလေးတိုင်း ဝါးပိုးချပ်ရွာ စစ်စခန်းကို မန္တလေး PDF တိုက်ခိုက် သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 331

(ဒုဗိုလ်မှူးကြီး တင်ကို အပါအဝင် စစ်သား ၁၁ ဦးသေဆုံးကာ စစ်သား ၁၅ ဦး လက်နက်ချ အညံ့ခံ )

 လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ ဧပြီ ၃၀ / ၂၀၂၄

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး )က တိုက်ခိုက် သိမ်းပိုက်ရာ ဒုဗိုလ်မှူးကြီး တင်ကို အပါအဝင် စစ်သား ၁၁ ဦး သေဆုံးပြီး စစ်သား ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။

 

၂၀၂၄ ခုနှစ် ၊ ဧပြီလ (၂၈) ရက်နေ့ မနက်ခင်းပိုင်းတွင် စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တတက(၁၃)  အုပ်ချုပ်မှုဌာန ဌာနမှုး ဒုတိယဗိုလ်မှုးကြီး တင်ကို (တေဇ ၂၈) အပါအဝင် (၁၁)ဦး သေဆုံးခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်သား (၁၅) ဦး လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ငယ် (၁၉) လက် ၊ ၆၀ မမ စိန်ပြောင်း (၁)လက် အပါအဝင် ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။



 

စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာတိုက်ပွဲတွင် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းသိရသည်။

 

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခြားစခန်းငယ်တစ်ခုအားလည်း သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်းသိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်များအကြား နောင်ချိုမြို့နယ် သရက်ကုန်း ကျေးရွာ အနီးတစ်ဝိုက်တွင်လည်း နေ့စဉ်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများလည်း နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ကောင်စီ၏ အရေးပါသော စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရယူလျက်ရှိကြောင်းသိရသည်။



ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

ဆက်စပ် သတင်းများ