ရခိုင်ယူနိုက်တက်
ယူ-၁၅ အသင်းသည် FIFA MFF U15 League ပွဲစဉ်တွင် ၉ ပွဲယှဉ်ပြိုင်ကစားရာ ၈
ပွဲအနိုင်ရရှိပြီး တစ်ပွဲသရေရလဒ်နှင့် အမှတ်ပေးဇယားထိပ်ဆုံးတွင်
ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ သြဂုတ်လ ၁၉ ရက်၊ နံနက်ပိုင်းကယှဉ်ပြိုင်ကစားခဲ့သည့်
ပွဲစဉ် (၉)တွင် အမှတ်ပေးဇယား ဒုတိယနေရာတွင်ရှိသည့် ရာမညအသင်းကို ၂ ဂိုး-
ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂ မှတ်ဖြတ်ကာ
ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း ရခိုင်ယူနိုက်တက်ဘောလုံးအသင်းက ထုတ်ပြန်သည်။
အဆိုပါ ယူ- ၁၅ လူငယ်အသင်းသည် ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ကြီးမှူးကျင်းပသည့် FIFA MFF U15 League ပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်ကစားနေခြင်းဖြစ်သည်။
ယနေ့မနက်ပိုင်းကပွဲစဉ်တွင်
ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းအတွက် ဦးဆောင်ဂိုးကို စွမ်းဇာနည်
(ကျောနံပါတ်-၁၀) ဖြတ်ပေးပို့ရာ ပြိုင်ဘက် ခံစစ်မှ ကိုယ့်ဂိုးကိုယ်
သွင်းခဲ့မိ၍ ရရှိခဲ့ပြီး ဒုတိယဂိုးကို ညီညီသန့် (ကျောနံပါတ်-၉) က
ထောင့်ကန်ဘောမှတဆင့် ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်ကြောင်း
ထုတ်ပြန်ထားသည်။
ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းသည် အောက်မြန်မာဇုန်
ပြိုင်ပွဲတွင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှ ရပ်တည်လျက်ရှိပြီး လာမည့်
ပွဲစဉ်(၁၀)တွင် အာသာဝတီ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဟု ဆိုသည်။
ရခိုင်ယူနိုက်တက်
ယူ - ၁၅ အသင်းမှာ ဩဂုတ် ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် Sporting Hanthar
အသင်းနှင့် ပွဲစဉ်တွင်လည်း ၅ ဂိုး - ၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။
ဩဂုတ်လ
၅ ရက်က ဗဟန်းမြက်ခင်းတုကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် Young Boys
အသင်းနှင့် ပွဲစဉ်တွင်လည်း ၁၂ ဂိုး - ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး
အသင်းမှ ကစားသမား ၃ ဦးအထိ ဟက်ထရစ် ရရှိခဲ့သည်။
ရခိုင်ယူနိုက်တက်
ယူ-၁၅ ပွဲစဉ်တစ်လျှောက် ၉ ပွဲယှဉ်ပြိုင်ကစားရာ ၈ ပွဲနိုင်ပြီး
တစ်ပွဲသရေရလဒ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေခြင်းဖြစ်သည်။
ရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည်
ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် သံတွဲမြို့မအားကစားကွင်း၌
လူငယ်ဘောလုံးသမားသစ်များ ရွေးချယ်ခဲ့ပြီး ယူ-15 အသင်းအတွက် ကစားသမားသစ် ၁ဝ
ဦးရွေးချယ်ခဲ့သည်။