တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ဒေသခံ ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်တိုက်ပွဲ ပထမရက် ယမန်နေ့နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် မြို့ခံ ၁၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရသူများမှာ ကိုအောင်အောင်၊ ကိုကျော်နိုင်၊ ကိုထွန်းထွန်းနိုင်၊ ကိုမောင်ချေ၊ ကိုပေါက်စ၊ ကိုအေးလွင်၊ ကိုအောင်လင်း၊ ဦးကိုလေး၊ ကိုစိန်ဝင်းကြိုင်၊ ကိုသန့်စင်ဖြိုးနှင့် ကိုမောင်မောင်စိုးတို့ဖြစ်ကြောင်း သိရသည်။

၄င်းတို့ ၁၁ ဦးစလုံးကို ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်၊ မနက် ၁၁ နာရီနှင့် ည ၁၀ နာရီအတွင်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့က အင်အားအပြည့်စုံဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

"တောင်ကုတ်မှာ မနေ့ကတရက်တည်းမှာ ၁၁ ယောက်ဖမ်းခံရတယ်။ ဖမ်းခံရတဲ့ အထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေလည်းပါတယ်။ စတိုးဆိုင်ပိုင်ရှင်တွေ၊ ကုန်စုံဆိုင် ပိုင်ရှင်တွေ၊ ဆီဆိုင်လုပ်ငန်းရှင်တွေလည်း ပါပါတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ပန်းတောင်း- တောင်ကုတ်လမ်းမကြီးမှ ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင် ကိုအောင်အောင်ကို ၄င်း၏ဆိုင်မှ မနက် ၁၁ နာရီတွင်ဖမ်းဆီးသွားပြီး ကိုင်းရှည်ရပ်ကွက်မှ ရွှေဆိုင်ပိုင်ရှင် ကိုကျော်နိုင်ကို မွန်းလွဲ ၁၂ နာရီအချိန် ဆိုင်မှလာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ဂူတာရပ်ကွက်မှ ရွှေဆိုင်ပိုင်ရှင် ကိုထွန်းထွန်းနိုင်ကို နေ့လယ် ၁ နာရီခွဲတွင် ဆိုင်မှ လာရောက်ဖမ်းဆီးခဲ့ပြီး ငွေတောင်စတိုးပိုင်ရှင် ကိုမောင်ချေကို ၁၂ နာရီခွဲအချိန်တွင် ဆိုင်သို့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ကိုင်းရှည်ရပ်ကွက်မှ ဆီဆိုင်လုပ်ငန်းရှင် ကိုပေါက်စကို နေ့လယ် ၁ နာရီကျော်တွင် ဆိုင်သို့လာရောက်ဖမ်းဆီးသွားပြီး ချောင်းကောက်ရပ်ကွက်မှ ဆုစာသင်ဝိုင်းဆရာ ကိုအေးလွင်ကို နေ့လယ် ၂ နာရီခွဲတွင်အိမ်မှဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများက ပြောသည်။

ရွှေပြည်တန်မန်နေဂျာ ကိုအောင်လင်းကို နေ့လယ် ၂ နာရီခွဲတွင် တောင်ကုတ်မြို့၊ ရွှေပြည်တန်ဆိပ်မှလာရောက်ဖမ်းဆီးသွားပြီး ဦးကိုလေး၊ ဦးစိန်ဝင်းကြိုင်၊ ကိုသန့်စင်ဖြိုး၊ ကိုမောင်မောင်စိုးတို့ကိုမူ ည ၆ နာရီခွဲနှင့် ၁၀ နာရီအတွင်း နေအိမ်များမှ အသီးသီးဖမ်းဆီးသွားကြောင်း သိရသည်။

သူတို့ကို စစ်ကောင်စီတပ်က မည်သည့်အတွက်ဖမ်းဆီးကြောင်းကို မသိရှိကြောင်း မြို့ခံများက​ပြောသည်။

ယမန်နေ့က ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် ရက္ခိုင့်တပ်တော်(AA)က စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်ချိန်နှင့်တပြိုင်နက် ရခိုင်တောင်ပိုင်း မြို့နယ်များတွင်လည်း စစ်ကောင်စီက စစ်အင်အားအသုံးချ၍ ဒေသခံပြည်သူများကို မတရားဖမ်းဆီးမှုတို့ကို ပြုလုပ်လာနေသည်ဟု ဒေသခံများက ပြောသည်။

စစ်တွေမြို့မှလည်း အနည်းဆုံး လူပေါင်း ၁၀ ကျော်ကို ဖမ်းဆီးထားပြီး ကျောက်ဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် မြို့ခံ ၄ ဦးကိုလည်း ယမန်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ