သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူသို့ ဟင်းသီးဟင်းရွက်လာရောင်းသည့် ဈေးသည် ၂၀ ကျော်ခန့်ကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ဟင်းသီးဟင်းရွက်လာရောင်းသည့် ဈေးသည် ၂၀ ကျော်ခန့်ကို ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း ဒေသခံများကပြောသည်။

ဖမ်းဆီးခံရသည့်ဈေးသည်များသည် ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာနှင့် ဂုံးချွိန်ကျေးရွာတို့မှဖြစ်သည်

၎င်းဈေးသည်များသည် ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ နံနက်ပိုင်းက ၎င်းတို့ ကျေးရွာများမှ ကျောက်ဖြူမြို့သို့ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)၏ အနောက်ဘက်ရှိ တောင်ရှည်တောင်မှ ဖြတ်လာစဉ်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ဂုံးချွိန်ကျေးရွာဒေသခံတစ်ဦးက "အုန်းတောနဲ့ဂုံးချွိန်ကလူတွေပါ။ ယောက်ျားရော၊ မိန်းမရောပါတယ်။ လမ်းတွေပိတ်လိုက်တော့ အခုအဲဒီလမ်းကပဲ သွားရောင်းနေကြရတာ" ဟုပြောသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှစ၍ ကျောက်ဖြူမြို့ကို မြို့အဝင်အထွက် ကုန်းလမ်း၊ ရေလမ်းကြောင်းများနှင့် ကျေးရွာချင်းဆက်လမ်းများအားလုံးကို စစ်ကောင်စီက ပိတ်ဆို့ထားသည်။

ကျောက်ဖြူမြို့ခံတစ်ဦးက "ကျောက်ဖြူမှာ ဟင်းသီးဟင်းရွက်စိုက်မယ့် နေရာကလည်း မရှိဘူး။ စပါးလည်းမရှိဘူး၊ ဘာမှမရှိဘူးလေ။ အခုလာရောင်းတဲ့ ဘက်တွေမှာပဲ ဥယျာဉ်ခြံတွေရှိတာ။ ဟင်းသီးဟင်းရွက်က အဲဒီဘက်ကပဲ လာရောင်းကြတာ။ ကျောက်ဖြူမှာက အရမ်းဒုက္ခဖြစ်နေကြတယ်။ ငါးပိုက်လည်း မချရဘူး။ စစ်တပ်ကတော့ ပြည်သူတွေအခက်အခဲဖြစ်လေ ကြိုက်လေပဲပေါ့" ဟုပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချသူများမရှိ၍ အုန်းတော၊ ဂုံးချွိန်၊ မလကျွန်းနှင့်အစရှိသည့်ကျေးရွာတို့မှ ဟင်းသီးဟင်းရွက် ဈေးသည်များကို အားထားနေရသည်ဟုလည်း ဒေသခံများကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့်ဈေးသည်များကို စစ်တပ်ကားဖြင့် တင်ယူသွားပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်းကို မသိရသေးသလို ၎င်းတို့၏မိသားစုဝင်များကိုလည်း အကြောင်းကြားလာခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

ရခိုင်တွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှုများဆက်တိုက်လုပ်နေပြီး နိုဝင်ဘာလ ၁၃ ရက်မှစ၍ ဖမ်းဆီးခံရသည့်အရပ်သား ၁၀၀ ဦးထက် မနည်းရှိနေကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ