- Web Master
- ၂၅ ဧပြီ ၂၀၂၄
ရက္ခိုင့်တပ်တော် (AA) ၏ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ ဗျူဟာသိမ်းတိုက်ပွဲအတွင်း အိန္ဒိယဘက် ထွက်ပြေးသွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ယမန်နေ့ဇန်နဝါရီလ ၉ ရက်တွင် မြန်မာနိုင်ငံသို့ပြန်ပို့ခဲ့ကြောင်း သိရသည်။
အဆိုပါရှင်းလက်ဝစခန်းမှ အိန္ဒိယဘက်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၄ ဦးခန့်ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ lenpui လေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း မီဇိုရမ်ဒေသတွင်းသတင်းရင်းမြစ်များကို ကိုးကားပြီးRFA တွင် သတင်းဖော်ပြသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်ပို့ရာတွင် အာသံရိုင်ဖယ်တပ်က လုံခြုံရေးအပြည့်ယူပြီး ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
ရက္ခိုင့်တပ်တော် (AA)၏ ဇန်နဝါရီ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ရှင်းလက်ဝ (ချင်းလက်ဝ) စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၀၄) ဦး ခန့်သည် အာသံရိုင်ဖယ်၏ အကူအညီဖြင့် အိန္ဒိယနိုင်ငံ အတွင်းသို့ ဆက်လက် ထွက်ပြေးသွားခဲ့သည်ဟု ဖော်ပြထားသည်။
ပလက်ဝမြို့နယ်၊ ရှင်းလက်ဝဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ - MDF တို့က ဇန်နဝါရီလ ၂ ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါရှင်းလက်ဝဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး AA နှင့် MDF တို့က လိုက်လံရှင်းလင်းသည့်အတွက် ဇန်နဝါရီလ ၅ ရက်တွင် အိန္ဒိယ- မြန်မာနယ်စပ်တချို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MDF က ထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီလ ၂ ရက်ကလည်း ရက္ခိုင့်တပ်တော် (AA)၏ ပွိုင့်(၃၇၇) စခန်းသိမ်းတိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးသွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁ ဦးကို မြန်မာနိုင်ငံဘက်သို့ ပြန်လွှဲပြောင်းပေးပြီး စစ်တွေသို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပုံစာ- ဇန်နဝါရီလ ၂ ရက်ကလည်း ပွိုင့်(၃၇၇) စခန်းသိမ်းတိုက်ပွဲအတွင်းက ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ (ပုံဟောင်း)