သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေချိန် တရုတ်လူမျိုး ၅၀၀ ခန့် ကျောက်ဖြူသို့ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 10k

အေးမြတ်ခိုင်/နိရဉ္စရာ မေ /၂၀၂၄

ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေချိန်တွင် တရုတ်လူမျိုး ၅၀၀ ခန့်သည် ကျောက်ဖြူမြို့သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

 

ဧပြီလ ၂၈ ရက်မှာ တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းသို့ တရုတ်ပြည်မှ သင်္ဘောဖြင့် တိုက်ရိုက်ရောက်ရှိလာခြင်း ဖြစ်ကြောင်းဖြစ်ပြီး ကျောက်ဖြူတွင် အကောင်အထည် ဖော်နေသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် လာရောက်ခြင်းဟု သိရကြောင်း တရုတ်စီမံကိန်း တစ်ခုတွင် ဝင်ရောက် လုပ်ကိုင်နေသည့်အမည်မဖော်လိုသူတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

 

 "တရုတ်ပြည်ကနေ မဒေးကျွန်းကို သင်္ဘောတစ်စီး တိုက်ရိုက်ဝင်လာတယ်။ ဆောက်လုပ်ရေးသုံး စက်ယန္တရား ၂၀ လောက်လည်း ပါတယ်။ အဲ့ဒီ ဘတ်ဟိုးတွေ၊ စက်တွေကိုလည်း ဆိပ်ကမ်းကနေ သူတို့ စီမံကိန်းဇုန်ထဲကို အားလုံးသွင်းယူသွားကြပါပြီ။ သင်္ဘောကတော့ အခုပြန်ထွက်သွားပါပြီ။ တရုတ်တွေကတော့ မဒေးကျွန်းနဲ့ ကျောက်ဖြူကို အသွားအပြန်နေနေကြပါတယ်"ဟု ပြောသည်။

 

အဆိုပါ တရုတ်များသည် လက်ရှိမှာ ကျောက်ဖြူမြို့ရှိ ဗာရာဏသီဟိုတယ်တွင် တည်းခို နေထိုင်ကြကြောင်း ကျောက်ဖြူဒေသခံများက ပြောသည်။

 

လက်ရှိရောက်ရှိနေသော အင်ဂျင်နီယာများအပါအဝင် တရုတ်လူမျိုး ၅၀၀ ခန့်သည် မဒေးကျွန်းမှ ကျောက်ဖြူအထူးစီးပွါးရေးဇုန် (SEZ ) နယ်မြေကို ကားလမ်းထပ်မံတိုးချဲ့ဖောက်လုပ်မည်ဟု သိရပြီး ရေနက်ဆိပ်ကမ် တည်ဆောက်ရာတွင် ပါဝင်လုပ်ကိုင်မည့် အနေအထားကို တွေ့မြင်ရကြောင်း ကျောက်ဖြူမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။



"သူတို့ ရေနက် ဆိပ်ကမ်း အမှတ် ၁၊ အမှတ် ၂ ဆိုပြီး ထပ်တိုးဆောက်ချင်လို့ ဖြစ်နိုင်တယ်။ လမ်းတွေလည်း ထပ်ဖောက်မယ်လို့ သိရတယ်။  ကလာဘာတောင်ဘက်ကနေ လမ်းကွေ့နားအထိ ဖောက်မယ်လို့ ပြောဆိုနေတာတွေကြားရတယ်။ စစ်ရေးကာလ စစ်ဖြစ်နေတုန်းမှာ ဆိုရင်  သူတို့က စီမံကိန်းတွေကို အကောင်အထည်ဖော် လုပ်ဆောင်လေ့ရှိတယ်။ သူတို့ရဲ့လုပ်ငန်းစဥ်တွေကို မထိခိုက်ဘူးလေ။ဒီကြားထဲမှာ လူ ၅၀၀ တောင်ပို့ထားတယ်ဆိုတာ သူတို့အကျိုးစီးပွါးအတွက် အလုပ်လုပ်ဖို့ပို့ထားတာ"ဟု ပြောသည်။

 

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံရှိ တရုတ် အကျိုးစီးပွားများ အနက် အရေးပါဆုံးသော စီမံကိန်းများဖြစ်ကြသည်။

 

ရင်းနှီးမြုပ်နှံမှု ပမာဏ ဒေါ်လာသန်းထောင်ချီသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီနှင့် စစ်ကောင်စီတို့ လက်မှတ် ရေးထိုးလိုက်သည်ဟု စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ တွင် သတင်းထုတ်ပြန်သည်။

 

စီမံကိန်းကို အမြန်ဆုံးစတင်အကောင်အထည်ဖော်ရန် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း စစ်ကောင်စီက ပြောဆိုခဲ့ပြီး နောက်ဆက်တွဲစာချုပ်နှင့်ပတ်သက်၍ မည်သည့်သဘောတူညီချက်များ ဖြည့်စွက်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။

 

လက်ရှိရောက်ရှိနေကြသည့် တရုတ်လူမျိုးများသည် အဆိုပါ နောက်ဆက်တွဲ စာချုပ် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ဖြစ်ပြီး စစ်ကောင်စီနှင့် အေအေတို့ ကျောက်ဖြူ အပါအဝင် ရခိုင်မှာ တိုက်ပွဲများပြင်းထန်နေချိန် စီမံကိန်းအကောင်အထည်ဖော်ခြင်းသည် ရခိုင်ဒေသကို ကြီးမားသည့် ထိခိုက်မှုများ ရှိလာနိုင်သည်ဟု တရုတ်စီမံကိန်းများနှင့်ပတ်သက်၍ တက်ကြွလှုပ်ရှားသူ တစ်ဦးက ဆိုသည်။

 

"အရင်က နိုင်ငံရေးတည်ငြိမ်နေချိန်မှာတောင် ဒေသခံတွေအတွက် အာမခံမှုမရှိခဲ့တဲ့ စီမံကိန်းတွေဟာ လက်ရှိ ရခိုင်တောင်ပိုင်း အထူးသဖြင့် ကျောက်ဖြူပေါ့လေ။ အခုလို တိုက်ပွဲပြင်းနေချိန်မှာ အေအေရော စစ်ကောင်စီရော လူထုကပါ အာရုံမစိုက်နိုင်ဘဲ  စ်ရေးပြင်းနေချိန်မှာ တရုတ်ကအခုလို လုပ်ငန်းတိုးချဲ့တာဟာ ရခိုင်ဒေသအတွက် စိုးရိမ်စရာ ဆုံးရှုံးနစ်နာမှုတွေရှိလာနိုင်ပါတယ်"ဟု ပြောသည်။

 

ကျောက်ဖြူ စီးပွားရေးဇုန် SEZ ီမံကိန်းသဘောတူစာချုပ်ကို ဦးသိန်းစိန်လက်ထက်တွင် တရုတ်ဘက်က ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ကုမ္ပဏီဘက်က ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းဖြင့် ပြန်လည်ပြင်ဆင် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

 

ရခိုင်တွင် စစ်ပွဲများပြင်းထန်လာပြီးနောက် စစ်ရေးအရေးနိမ့်နေသည့်စစ်ကောင်စီသည် တရုတ်အကူအညီဖြင့် အပစ်အခတ်ရပ်စဲနိုင်ရန် တရုတ်ကို အကူအညီတောင်းခံမှုများရှိခဲ့ပြီး အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ တရုတ်အကူအညီဖြင့် အကြိမ်ကြိမ်တွေ့ဆုံ ညှိနှိုင်းမှုများရှိခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းသိရသည်။

 

သို့သော် ရခိုင်ရှိ တရုတ်စီမံကိန်းများအား နှစ်ဘက်တပ်များက ထိခိုက်မှုမရှိရေး သဘောတူညီမှု ရှိခဲ့သည့် အတွက် ရခိုင်ရှိ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကို တရုတ်ကဆက်လက် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ကျောက်ဖြူမှု လူမှုရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

 

ဆက်စပ် သတင်းများ