သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

တိုက်ပွဲများနှင့် ဒေသမတည်ငြိမ်မှုကြောင့် တတိယအကြိမ် သက်အမျိုးသားနေ့ကို အကျဉ်းချုံးကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 156

ကံ့ကော်နီနီ၊ နိရဥ္စရာ၊ မေ ၁ / ၂၀၂၄

ရခိုင်တိုက်ပွဲများနှင့် ဒေသမတည်ငြိမ်မှုကြောင့် ယနေ့မေလ ၁ ရက်နေ့တွင် ကျရောက်သည့် တတိယအကြိမ် သက်အမျိုးသားနေ့ကို ယခင်နှစ်များကဲ့သို့ အခမ်းအနားနှင့် မကျင်းပနိုင်တော့ဘဲ သက်လူငယ်များက ဘုရားသို့ သွားရောက်ပြီး အကျဉ်းချုံး ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

ယခင်နှစ်များက သက်လူမျိုးအများဆုံးနေထိုင်ရာ ရခိုင်ပြည်၊မောင်တောမြို့နယ်တွင် သက်အမျိုးသားနေ့ အခမ်းအနားကို ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ စစ်ပွဲနှင့် လုံခြုံရေး အခြေအနေများကြောင့် မကျင်းပဖြစ်တော့ကြောင်း သက်လူငယ်တက်ကြွလှုပ်ရှားသူ တစ်ဦးကပြောသည်။

 

 " ဒီနှစ်ခါကျတော့ ရခိုင်တပြည်လုံးမှာ တိုက်ပွဲတွေဖြစ်နေတယ်။ မြို့သိမ်းတိုက်ပွဲကြီးတွေဖြစ်နေတယ်။ ကျွန်တော်တို့သက်လူမျိုးတွေအများဆုံးက မောင်တောမြို့နယ်မှာနေကြတော့ မောင်တော မြို့နယ်မှာလည်း တိုက်ပွဲတွေကမပြီးပြတ်သေးတာရှိတယ်။ တိုက်ပွဲနဲ့လက်နက်ကြီး အန္တရာယ်တွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့အတိုင်းအတာရှိတယ်။ အထူးသဖြင့် ရခိုင် တပြည်လုံးလည်း စစ်ရဲ့ဒုက္ခတွေကိုခံစားနေကြရတယ်။ ဒါကြောင့်ခါတိုင်းနှစ်တွေလို အမျိုးသားနေ့ကိုမကျင်းပဖြစ်တော့တာပေါ့" ဟု သူက ပြောသည်။

 

သက်အမျိုးသားနေ့အခမ်းအနားကို၂၀၂၂ ခုနှစ်တွင်ပထမအကြိမ် ၊ ၂၀၂၃ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် နယ်စပ်မောင်တောမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာတွင်ကျင်းပခဲ့သည်။ ယခုနှစ်တွင် အမျိုးသားနေ့ကို အခမ်းအနားများနှင့်မကျင်းပဖြစ်တော့သော်လည်း အမျိုးသားနေ့ကိုကြိုဆိုသောအားဖြင့် သက်လူငယ် မောင်မယ်များက ဘုရားစေတီများတွင် ပန်းကပ်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 



ရခိုင်တွင် ရခိုင်အပါအဝင် မြို၊ ခမီ၊ သက်၊ မရမာ၊ သက္ကမ(ခေါ်) ဒိုင်းနက်နှင့် ကမန်စသည့် ရခိုင်မျိုးနွယ်စုများ အနက် သက်လူမျိုးများသည် လူဦးရေ ၃ ထောင်ခန့်သာရှိပြီး လူဦးရေအနည်းဆုံး မျိုးနွယ်စုတစ်ခုဖြစ်သည်ဟု သိရသည်။

 

သက်လူမျိုးတို့သည် ရခိုင်ပြည်အတွင်း မောင်တောမြို့နယ်တွင် အများဆုံးနေထိုင်ပြီး မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် အမ်းမြို့နယ်တို့တွင်လည်း ပျံ့နှံ့ နေထိုင်လျက်ရှိကြောင်း သိရသည်။

 

သက်လူမျိုးတို့သည် တောင်ယာနှင့် လယ်ယာလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လူဦးရေ ၆ ထောင်ခန့်သာ ကျန်ရှိတော့ကာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း နေထိုင်ကြကြောင်း သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!