သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

သံတွဲတိုက်ပွဲတွင် ပြည်သူ့စစ်သင်တန်းဆင်းသူများကို စစ်ကောင်စီက ပါဝင်တိုက်ခိုက်ခိုင်းနေပြီး ထွက်ပြေးမှုများလည်း ရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ မေ ၂ / ၂၀၂၄

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၌ ဖြစ်ပွားနေသည့် အာရက္ခတပ်တော် နှင့် စစ်ကောင်စီတပ်တို့​၏ တိုက်ပွဲတွင်ပြည်သူ့စစ်သင်တန်းဆင်းသူများကို စစ်ကောင်စီက ပါဝင်တိုက်ခိုက် ခိုင်းနေပြီး ထွက်ပြေးမှုများ ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

သံတွဲရှိ ရွှေကျောင်းပြင်ကျေးရွာ၊မြှားချောင်းအနီးတဝိုက်ရှိကျေးရွာများ၊နန်းချောင်းကျေးရွာတို့မှ ပြည်သူ့စစ်သင်တန်းဆင်းထားသူ လူငယ်များအား စစ်ကောင်စီက သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းအနီးတိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ရန် စေခိုင်းခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးမှုများရှိ ကြောင်း ဒေသခံများမှ နိရဉ္စရာသို့ပြောသည်။

“ တိုက်ပွဲမဖြစ်ခင်ကတည်းက အဲ့ဒီပြည်သူ့စစ်သင်တန်းဆင်းတွေက ညဘက်ဆိုမြို့ကို ကားနဲ့ ပတ်ပြီးကင်းလှည့်နေတာ။ ဘက်တံဆိပ်မပါတဲ့ အစိမ်းရောင်စစ်ယူနီဖောင်းတွေဝတ်ထားတာ၊ သူတို့ကို သေနတ်လည်းစစ်တပ်ကပေးထားတာရှိတယ်။အခု ကုန်ခဲ့တဲ့ ၂ရက်လောက်က ရေအားဖက်ကနေ ကူးလာတာ၊ရေတွေစိုနေတယ်။ ၁၀ ယောက် လောက်ရှိတယ်ပြောတယ်။ ရွှေလှေကဆိုင်မှာ ဖိနပ်ဝင်ဝယ်သွားကြတယ်၊ယူနီဖောင်းတော့ ဝတ်မထားဘူး၊ ထွက်ပြေး လာကြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့နယ် ရွှေလှေတိုက်နယ်တွင် အာရက္ခတပ်တော် နှင့်စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ခဲ့သည့် မြေပြင်တိုက်ပွဲများတွင် ငပလီအခြေစိုက် ခလရ(၅၅) တပ်ရင်းမှ အရာရှိ ၂ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်ခန့် သေဆုံးပြီး တပ်ဆုတ်ခြင်း၊ ထွက်ပြေးခြင်းများရှိနေကာ ပြည်သူ့စစ်သင်တန်းဆင်းထားသူ လူငယ်နှစ်ဦးလည်းတိုက်ပွဲတွင်သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်နေသည်ဟု ဒေသခံများကဆိုသည်။

“ ရေအား အနားက မြေနေရာတွေမှာ စစ်ကောင်စီတပ်သား အလောင်းတချို့ကို ဘက်ဖိုးနဲ့တူးပြီးမြုပ်ထားတာတွေရှိတယ်ကြားတယ်။အဲ့ဒီမှာပြည်သူ့စစ်သင်တန်းဆင်း ၂ ယောက်ပါတယ်လို့ သတင်းတွေကြား ရတယ်။မိဘတွေက ထုတ်မပြောရဲကြဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရွှေလှေတံတားအနီးတွင် စစ်ကောင်စီတပ်သား ၄၀ ဦးခန့် တပ်စွဲနေပြီး တံတားအပေါ်နှင့်အောက်ခြေရင်းတွင် ဆွဲမိုင်းများထောင်ထားသောကြောင့် တံတားအနီး စျေးဆိုင်များ ပိတ်ထားကာ ဆိုင်ပိုင်ရှင်များ တိမ်းရှောင်နေကြကြောင်းသိရသည်။

“ ဒီနေ့မနက်ကစစ်တပ်က လက်နက်ကြီးပစ်နေတယ်။ အေအေဖက်က ပြန်မပစ်တာ ၂ရက်ရှိပြီ၊အေအေကတောတွင်းမိုင်းရှာခွေးတွေပါ သုံးနေတယ်လို့ကြားတယ်။ရွှေလှေတံတားမှာ စစ်ကောင်စီတပ် တပ်စွဲထားတယ်၊ တပ်သားတစ်ချို့ကင်းလှည့်တာလည်းရှိတယ်၊တံတားမှာ ဗုံးထောင်ထား တယ်လို့ သိရတယ်။ သူတို့ဆုတ်ရရင် တံတားကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့မယ်ဆိုတာ သိပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

သံတွဲဒေသတွင် အာရက္ခတပ်တော် (အေအေ)နှင့် စစ်ကောင်စီတပ်တို့ အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ဧပြီ ၃၀ရက်နှင့် မေလ ၁ရက်နေ့တွင် စစ်ကောင်စီမှ တဖက်သတ် လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး အာရက္ခတပ်တော်ဘက်မှ ပြန်လည်ပစ်ခတ်ခြင်းမရှိသေးကြောင်းဒေသခံ များထံမှသိရသည်။

သံတွဲ-တောင်ကုတ် အဝေးပြေးလမ်းအပိုင်း ရွှေလှေတိုက်နယ်အတွင်း စစ်ကောင်စီစစ်သားများ အင်အား ပြန်ဖြည့်နေပြီး ပုရစ်၊ ရေကောက်ကျေးရွာအပါအဝင် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများမှ စစ်ရှောင်များအနေဖြင့်ဘေးလွတ်ရာ ဘုန်းကြီးကျောင်းများတွင် နေထိုင်ကြသကဲ့သို့ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေ နေအိမ်များ၌လည်းတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။


ဓာတ်ပုံ-ရခိုင်သတင်းများ

ဆက်စပ် သတင်းများ