တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ ဇာတိရွာအနီးသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး တစ်မိုင်ခန့်အကွာတွင် တိုက်ပွဲများ ဖြစ်ပွါးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 3.1k

လူထက်နိုင်(ဒွါရာမြီ)

နိရဥ္စာရာ၊မေ ၆/၂၀၂၄

 သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်အတွင်းရှိ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၏ ဇာတိ ဇီးကျွန်းကျေး ရွာအနီးသို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ပြီးအဆိုပါကျေးရွာနှင့်  တစ်မိုင်ခန့်အကွာရှိ ရွှေလှေတံတားအနီးဝန်းကျင်ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွါးကာ စစ်ရေးတင်းမာ လျက်ရှိကြောင်း ဒေသခံများမှ နိရဥ္စာရာသို့ပြောသည်။

စစ်ကောင်စီ ခေါင်းဆောင်၏ ဇနီး ဒေါ်ကြူကြူလှ၏ဇာတိ ဇီးကျွန်းကျေး ရွာနှင့် တစ်မိုင်သာ ကွာဝေးသည့် ရွှေလှေတံတား အနီးရှိ ကျောင်းကုန်း၊ အုန်းမော်နှင့် လင်းသီကျေးရွာ အနီးဝန်းကျင်တွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့ကြား မေလ ၄ရက်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

မေလ ၄ရက်နေ့တိုက်ပွဲတွင် ဒေါ်ကြူကြူလှ၏ဇာတိ ဇီးကျွန်းကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းအနီးနှင့် ရွာအနီးရှိလယ်ကွင်းများသို့ စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ ကျရောက်ခဲ့ကြောင်း ဒေသခံများမှအတည်ပြုသည်။

“ဇီးကျွန်းရွာဘုန်းကြီးကျောင်းနောက်က ချောင်းထဲကို လက်နက်ကြီးတစ်လုံးကြတယ်၊ မြင်းစိုင်းမော်နဲ့ တဖက်တကမ်းပေါ့၊ နောက် တစ်လိုင်းတည်းရွာနဲ့ဇီးကျွန်းကြားလယ်ကွင်းထဲကို ၂ လုံးကျတယ်။ 

စစ်ကောင်စီက လက်နက်ကြီးကိုရမ်းသမ်းပစ်နေတာ ကျောင်းကုန်းရွာထဲမှာလဲ အမျိုးသား တစ်ယောက် လက်နက်ကြီး ထိတယ်လို့ကြားတယ်၊လင်းသီရွာထဲကို ကျည်ခွံ တွေကျတယ်၊စစ်ကောင်စီနဲ့အေအေ အရမ်းအနီးနေပြီ။ စစ်တပ်သေနတ်ပြောင်းကို အေအေ လှမ်းဆွဲတော့မယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အေအေနှင့် စစ်ကောင်စီတပ်တို့အကြား မေလ ၄ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေလ၅ ရက်နေ့တွင် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုတချို့ရှိကြောင်းဒေသခံများ ထံမှသိရသည်။

သံတွဲမြို့နယ် ၊ ရွှေလှေတိုက်နယ်အနီး အာရက္ခတပ်တော် ( AA) နှင့် စစ်ကောင်စီတို့ မေလ ၃ရက်၊၄ရက် ရက်တို့ တွင် နှစ်ဘက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ အချိန် ၇ နာရီကျော်ခန့်အထိ ကြာမြင့်ခဲ့ကြောင်း ဒေသခံများကနိရဉ္စရာသတင်းဌာနသို့ပြောကြားထားသည်။

 ရွှေလှေကျေးရွာနှင့် တစ်ဘက်ကမ်းရှိ ကျောင်းကုန်းကျေးရွာဘက်ခြမ်းနှင့် ခမောင်းတုန်းလမ်းခွဲ၊ အုန်းမော်တောင်တို့ဘက်မှ လက်နက်ငယ်ပစ်ခတ်သံများ ကို နံနက် ၁၀ နာရီဝန်းကျင်တွင် စတင် ကြားခဲ့ရပြီး လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံများကို ညနေ ၅ နာရီဝန်းကျင်အထိ ကြားခဲ့ရကြောင်းလည်းဒေသခံများကဆိုသည်။

“ အခုက ရွှေလှေတံတားအကျော် ဟိုဖက်ခြမ်းနဲ့ရေအားကို အေအေကဝိုင်းထားသလိုဖြစ်နေပြီ သိမ်းတာမသိမ်းတာပဲရှိတော့တာ၊ရွှေလှေတံတားဒီဖက်အခြမ်း ချောင်းဖျားပိုင်းမှာအေအေရောက်နေပြီး၊စစ်ကောင်စီ က အင်အားတွေလိုနေတယ်၊ စစ်မှုထမ်းဟောင်းတွေကိုစစ်ထဲသွင်းဖို့ ဒီရက်ပိုင်းအတွင်း အုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးလုပ်တယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီ စစ်တပ်တို့ကြား ဧပြီ ၁၃ရက်၊ ဧပြီ ၂၂၊ ဧပြီ ၂၆ ရက်၊ ဧပြီ ၂၈၊ မေ ၃ရက်၊မေလ ၄ရက်တို့တွင် ရွှေလှေတိုက်နယ် အတွင်း တိုက်ပွဲများ အသီးသီး ဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲအများစုတွင် စစ်ကောင်စီက ရေတပ်နှင့် လေကြောင်း လက်နက်ကြီးများကို အသုံးပြုခဲ့ကာ အကျအဆုံးများခဲ့ကြောင်းသိရသည်။

တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံရွာသူရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး၊ သံတွဲမြို့ပေါ်နှင့် ရွှေလှေကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများ၊ မိသားစု ဆွေမျိုးတို့၏ နေအိမ်များတွင် အသီးသီးခိုလှုံနေကြကြောင်း သိရသည်။

ဓာတ်ပုံ- နိရဥ္စရာ 

ဆက်စပ် သတင်းများ