တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့ထဲ AA ဝင်ရောက်လာမည်ကို စိုးရိမ်၍ မြို့ဝင်တံတား စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4.7k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၆ ရက်/၂၀၂၄

အာရက္ခတပ်တော် ( AA) မြိုထဲကို ဝင်ရောက်လာမည်ကို စိုးရိမ်ပြီး စစ်ကောင်စီက ဘူးသီးတောင်မြို့ အဝင်တံတားကို မိုင်းခွဲဖျက်ဆီးလိုက်ပြီဟု သတင်းရရှိသည်။

၎င်းတံတားသည် ပန်ဇင်းချောင်းအားဖြတ်ထိုးထားသည့် တံတားတစ်စင်းဖြစ်ပြီး ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော မြို့တို့ကို ဆက်သွယ်ရန် ဖြတ်သန်းဖောက်လုပ်ထားသည့် ကားလမ်းပေါ်တွင် တည်ရှိသည်။ 

၎င်းတံတားအား မေလ ၆ ရက်နေ့ညနေ ၄ နာရီကျော်၌ စစ်ကောင်စီတပ်မှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း မျက်မြင် ဘူးသီးတောင်ဒေသ ခံများထံမှသိရသည်။

"ဒီတံတားကို စစ်ရေးအရရော၊ သယ်ယူပို့ဆောင်ရေးအရရော အရေးကြီးတယ်။ မိုင်းခွဲလိုက်တာက အရှေ့ဖက်ကမ်းက အေအေရဲဘော်တွေ ဘူးသီးတောင်မြို့ပေါ်ကို အလွယ်တကူမလာနိုင်အောင် မိုင်းခွဲလိုက်တာ။ ပျက်စီးသွားတာက အရှေဖက်က တံတား ချဉ်းကပ် လမ်းဖက်ပြိုပျက်သွားတယ်"ဟူ ပြောကြားသည်။

တံတားကို ဖျက်ဆီးလိုက်သော်လည်း ဘူးသီးတောင်မြို့ထဲကို ဝင်ရောက်ရန် တစ်ခြားလမ်းများရှိသဖြင့် အာရက္ခတပ်တော်မှ ဝင်လာမည်ကို လုံး၀ တားဆီးနိုင်မည်မဟုတ်ဟု ၎င်းက ပြောကြားသည်။


ဘူးသီးတောင်မြို့ အရှေ့ဖက် ချောင်းတစ်ဖက်ကမ်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်စကခ(၁၅)နှင့် လက်အောက်ခံတပ်ရင်း ခမရ ၅၅၁၊ ၅၅၂၊ ၅၆၄၊  ၅၆၅ တို့အား အာရက္ခတပ်တော်(AA)က မေလ ၃ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် မေလ ၆ ရက်နေ့၌ ယခုလို မိုင်းခွဲဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

အဆိုပါ တံတားပျက်စီးသွားသောကြောင့် ဘူးသီးတောင်အရှေ့ဖက်ရှိ ကျေးရွာပေါင်း ၂၀၀ ခန့် မှ ဒေသခံပြည်သူများ ဘူးသီးတောင်မြို့သို့ သွားလာရန်အတွက် အခက်တွေ့သွားပြီဟု သိရသည်။

တံတားအားမိုင်းခွဲလိုက်ပြီးနောက်  ဘူးသီးတောင် မြို့အား စစ်အင်အားအလုံးအရင်းချထားကြောင်း ဒေသခံများက ပြောဆိုသည်။

"ဘူးသီးတောင်မြို့ပေါ်မှာ စစ်တပ်အလုံးအရင်ချထားတယ်။ မြို့ကိုသိမ်းပိုက်လာမှာကို စိုးရိမ်နေတာ "ဟုပြောဆိုသည်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ တွင်လည်း ဘူးသီးတောင်မြို့နယ်ရှိ ဂုံးနားကျေးရွာနှင့် ဆင်အိုးပြင် ကျေးရွာကြား ရှိ အများပြည်သူသွားလာသည့် တံတားတစင်းအားစစ်ကောင်စီတပ်မှ မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

(ဓာတ်ပုံ- AB N နှင့် Narinjara)

ဆက်စပ် သတင်းများ