တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ပေါက်တောတွင် မိုးကြိုးထိမှန်၍ ဆယ်ကျော်သက်အရွယ် မွတ်ဆလင်ကလေးနှစ်ဦးသေဆုံး၊ တစ်ဦး ဆွံ့အသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 618

သဉ္ဇာနွယ်၊ နိရဉ္စရာ ၊ မေ ၇/၂၀၂၄

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်တွင် မိုးကြိုးထိမှန်၍ ဆယ် ကျော်သက်အရွယ် မွတ်ဆလင် ကလေးနှစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေ‌ဆုံးသူမှာ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာမှ ဦးအာဒူလာ၏ သားဖြစ်သူ မောင်အာဒူပါဟပ် (၁၂)နှစ်နှင့်  ဦးမိုဟာမော့၏သားဖြစ်သူ မောင်မိုရာသာမ(၁၀)နှစ်ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည်  မေလ ၆ ရက်နေ့ နံနက် ၁၀နာရီခန့်က  ရွာ၏အနောက်ဖက် ချောင်းကမ်းနားတွင်ရပ်‌ နေစဉ် မိုးကြိုးထိမှန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"  အသက် ၁၂ နှစ်ကောင်လေးက မိုးကြိုးပစ်ခံရလို့ အရင်သေသွားပါတယ်။ သူနဲ့အတူရပ်နေတဲ့ ၁၀ နှစ်အရွယ်ကောင်လေးကလည်း သေဆုံးသူကို သွားထိတော့ လျှပ်စစ်ဓာတ်ကူးပြီး သေသွားပါတယ်" ဟုပြောသည်။

နောက်ထပ် ဆွံ့အ သွားသူ တစ်ဦးမှာလည်း  တစ်ရွာထဲနေ ဦးသုလောင်၏ သားဖြစ်သူ ဦးနော်မာဟတိန်(ခ) ဦးကျော်လှချေ အသက် (၂၇)နှစ်ဖြစ်သည်။

၎င်းသည် မိမိအိမ်တွင် ငါးဖမ်းပိုက်ကိုဖာထေးပြုပြင်နေစဉ် မိုးကြိုးစက်ကွင်းမိ၍ သတိလစ်မေ့မျှော့ကာ သတိပြန်လည်လာသည့်အချိန်တွင်ဆွံ့အ သွားသည်ဟု ပေါက်တောမြို့မှ လူမူကယ်ဆယ်ရေး လုပ်‌နေသည့် အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

" သူက ကိုယ့်အိမ်ထဲမှာပဲ ငါးဖမ်းပိုက်ကိုပြင်နေတာ။ မိုးကြိုးစက်ကွင်းမိသွားပြီး သတိလစ်သွားတာ။ ပြန်သတိရလာတော့ စကားမပြောတတ်တော့ဘူး "ဟုပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်က လည်းမိုးရာသီအတွင်းကလည်း  မိုးကြိုးပစ်၍ အသက်ဆုံးရှုံး ခဲ့ရသူများနှင့် ဒဏ်ရာရရှိသူ  များပြားခဲ့သည်။

မိုးကြိုး အန္တရာယ်ကာကွယ်ရန် မိုးခြိမ်းသံကြားရသည်နှင့် ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်)  လုံခြုံသည့် နေရာတွင်းသို့  ခိုဝင်ရမည်။

နွားတင်းကုပ်ကဲ့သို့ သေးငယ်သော  အဆောက်အအုံများ၌ ခိုလှုံခြင်းမပြုရ။   ခိုလှုံစရာနေရာမရှိပါက မိမိလက်နှစ်ဖက်ဖြင့် နားကိုအုပ်ထားပြီး ဆောင့်ကြောင့်ထိုင်ချကာ ခြေချောင်းများ၊ ရှေ့ခြေဖဝါး များဖြင့်သာ မြေကြီးကို ထိထားရမည်။

လူအုပ်စုလိုက်ဖြစ်ပါက တစ်ဦးနှင့်တစ်ဦး ၁၅ ပေခန့် ခွာနေရမည်၊ ရေများနှင့်လည်း ထိတွေ့ဆက်စပ်နေ ခြင်း မပြုရချေ။ အိမ်တွင်း၌နေစဉ် ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ အိုးခွက် ပန်းကန်ဆေးခြင်းများ မပြုရ။ သတ္တု ပစ္စည်းများပါဝင်သော  အဝတ်လှန်းကြိုး များ၊ ခြံစည်းရိုးများနှင့် ဝေးဝေးနေရမည်။လိုင်းကြိုးဖုန်းများအစ ကွန်ပျူတာ၊ တီဗွီစသည့် လျှပ်စစ်အသုံးအဆောင်များ အသုံးမပြုရ။

ပြတင်းပေါက်များအနီးတွင် မနေရ  စသည့်  နည်းလမ်းများအတိုင်း လုပ်ဆောင်ခြင်းဖြင့်  မိုးကြိုးအန္တရာယ် ကို ကြိုတင်ကာကွယ်ကြရမည်ဖြစ်သည်ဟု မိုးလေဝသပညာရှင်များက အသိပေးထားသည်။ ( ဓာတ်ပုံ - လျှပ်စီးလက်နေသည့် မြင်ကွင်းတစ်ခု)

ဆက်စပ် သတင်းများ