တနင်္ဂနွေ၊ ဇွန်လ ၂ရက်၊ ၂၀၂၄

အမ်းမြို့မှ “Nilar Aung” facebook အကောင့်ပိုင်ရှင်ကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ စျေးတောင်ရပ်ကွက်နေ “Nilar Aung”  facebook အကောင့်ပိုင်ရှင် တင်နီလာအောင်(ခ) မီးငယ်အား စစ်ကောင်စီက ဒီဇင်ဘာ ၆ ရက်နေ့က ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ယက်စာမျက်နာပေါ်၌  လှုံ့ဆော်ခြင်း ဝါဒဖြန့်မှုများ ပြုမှုလုပ်ဆောင်ခဲ့သည်ဟုဆိုကာ  မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ၎င်းအကောင့်ပိုင်ရှင်အား ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ်တွင် စစ်ကောင်စီ မကောင်းကြောင်း ဝေဖန် ရေးသားနေသူများအား  အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် မဟုတ်မမှန်သတင်းများကို  ဖြန့် ချိရေးသားနေသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်လိုက်သည်ဟု သိရသည်။

၎င်းတို့နှစ်ဦးမှာ စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်မှ မစောခင်အေး(ခ) အဘုနှင့် လမ်းမတော် မြောက်ရပ်ကွက်မှ ကိုကျော်နိုင်လင်းတို့ ဖြစ်ကြသည်။

စစ်ကောင်စီတပ်၏ ဒေသခံအပြစ်မဲ့ ရခိုင်ပြည်သူများအပေါ်  လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ မြို့ပေါ်ရပ်ကွက် လူနေကျေးရွာများပါ မကျန် ကြည်းရေလေ ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊  မီးရှို့ခြင်း စသည့် လူမဆန်သော လုပ်ရပ်များ  ကျူးလွန်နေပြီး ယင်းလုပ်ရပ်များ အပေါ် သတင်းရေးသား ဖော်ပြနေသည့် ရခိုင်အခြေစိုက် သတင်းဌာနများကိုလည်း အမှုဖွင့် တရားစွဲဆိုထားသည်ဟု သတင်းရရှိသည်။( NN-30)

ဆက်စပ် သတင်းများ