သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

အပူချိန်မြင့်မားမှုဒဏ်ကြောင့် ရခိုင်တွင် စစ်ဘေးရှောင် သက်ကြီးရွယ်အိုများ သေဆုံးမှု များပြားလာပြီး ဖျားနာသူနှင့် အနာရောဂါဖြစ်ပွါးမှုတိုးပွါးလာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 208

အိမ်စိုးဖြူ၊ ကြိုင်လင်းဟိန်း

နိရဉ္စရာ၊ မေ ၁/ ၂ဝ၂၄

တိုက်ပွဲများကြောင့် မြို့နယ်အများအပြားနေအိမ်စွန့်ခွာထွက်ပြေးနေကြသည့် ရခိုင်တွင် အပူချိန်မြင့်မားမှုဒဏ်ကြောင့် ကလေးငယ်များအပါအဝင် စစ်ဘေးရှောင်များ၊ သက်ကြီးရွယ်အိုများ ဖျားနာမှု၊ အနာရောဂါဖြစ်ပွားမှုများ တိုးပွါးလာနေကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်တွင်သက်ကြီးရွယ်အိုများ သေဆုံးမှုမှာ ယခုနှစ် ဧပြီလအတွင်း ယခင်ကထက် သိသိသာသာများလာပြီး အနာရောဂါဖြစ်ပွားသူ လူ ၁ဝဝ တွင် ၇ဝ ဦးခန့်အထိ ရှိလာနေကြောင်း ဒေသခံများကနိရဉ္စရာအားပြောသည်။

အမ်းမြို့နယ်မှ လူမှု့ရေးလှုပ်ရှားသူ ကိုမျိုးလွင်က “ အခုတလော သက်ကြီးပိုင်းတွေသေဆုံးတာ သိသိသာသာများလာနေပါတယ်။ ပူလို့သေတာလားလို့ အတိအကျမပြောနိုင်ပေမယ့် ဒီလထဲမှာ သေဆုံးတာတွေများလာတာပါ။ အရင်ကဆို ရွာတွေမှာ တစ်လမှာမှ လေးငါးယောက်သေကြတယ်။ အခုက ဆယ်ကိုးယောက်ထက်မနည်းသေကြတယ်လို့ သိရတယ်။ ယားနာလိုမျိုး အဖုတွေ လူတစ်ရာမှာ ခုနစ်ဆယ်လောက်ဖြစ်နေတာ” ဟုပြောသည်။

အမ်းမြို့နယ်ရှိ ရေတွင်း၊ ရေကန်များမှာခမ်းခြောက်လာသဖြင့် မသန့်ရှင်းသောရေကြောင့် အနာရောဂါဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“ ကျနော်က ကျန်းမာရေးဌာနကတော့မဟုတ်ပါဘူး။ အရေပြားရောဂါဖြစ်တဲ့လူများလာပါတယ်။ ရေမသန့်တာကြောင့်ပါ။ အပူချိန်များတော့ ရေတွင်းတွေမှာ ရေတွေခမ်းလာတယ်။ အဲဒီမှာ ရေနေသတ္တဝါတွေလည်းရှိတယ်။ ရေက မသန့်တော့ဘူး။ အဲဒါတွေသောက်သုံးနေကြရတော့ နေမကောင်းဖြစ်တာဖြစ်ဖို့များပါတယ်။ ဒီမှာက ဆေးဝါးကလည်း အလွယ်တကူဝယ်မရကြဘူး။ ဒီကိစ္စက သိပ်အရေးကြီးပါတယ်” ဟုပြောသည်။

အလားတူ ပုဏ္ဏားကျွန်းနှင့်ကျောက်တော်မြို့နယ်တွင်လည်း ယမန်နေ့ ဧပြီလ ၃ဝ ရက်နေ့ကလည်း ဝါးတောင်စစ်ဘေးရှောင်စခန်းမှ လူငယ်တစ်ဦးမှာ ဝမ်းလျော အော့အန်ဖြစ်ပြီး အရေးပေါ်ဆေးကုသမှုခံယူခဲ့ကြောင်း ဝါးတောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းမှ မြိုအမျိုးသမီးတစ်ဦးက “ မနေ့ကလည်း အသက်နှစ်ဆယ်ကောင်လေးတစ်ယောက်ကို ကန်စောက်ဆေးရုံကိုပို့လိုက်ရပါတယ်။ အန်တယ်။ ဝမ်းသွားပါတယ်။ မွေးကင်းစ ကလေးတွေနဲ့ ငါးနှစ်အောက်ကလေးတွေမှာ ခေါင်းမှာ အနာလုံးတွေပေါက်တယ်။ ဖျားကြတယ်။ နေမကောင်းတဲ့သူ လူ ၂ဝ ကျော်လောက်ရှိတယ်။ ချောင်းဆိုးကြတယ်။ ပူတာက ညလည်းမအိပ်နိုင်ကြဘူး။ စစ်ရှောင်စခန်းတွေမှာက ပိုပူတယ်” ဟုပြောသည်။

၎င်းတို့ ဝါးတောင်စခန်းတွင် လူဦးရေ ၃၆၃ ဦးရှိပြီး ကလေးငယ်များနှင့် အမျိုးသမီးများမှာ ဖျားနာမှုများရှိနေကြောင်းသူမက ဆက်ပြောသည်။

ရခိုင်တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသဖြင့် စစ်ဘေးရှောင်ဦးရေ သုံးသိန်းကျော်ရှိနေကြောင်း AA က ထုတ်ပြန်ထားသည်။

ကမ္ဘာတစ်ဝန်းလုံးရှိ အပူချိန်အမြင့်ဆုံး(၁၅)မြို့စာရင်းတွင် မြန်မာနိုင်ငံမှ ချောက်မြို့နယ် ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာလည်း အပူချိန်အမြင့်ဆုံး မြို့များစာရင်းတွင် ပါဝင်ခဲ့ရခိုင်ပြည်နယ်တွထိပ်ဆုံးမှ အပူချိန် ၄၇ဒီဂရီစင်တီဂရိတ်အထိမြှင့်တက်ခဲ့သဖြင့အပူချိန်မြင့်မားမှုကြောင့် နာမကျန်းဖြစ်မှုများ၊ သေဆုံးမှုများရှိလာနေကြောင်းသတင်းရရှိသည်။

ပုံ- ရခိုင်စစ်ဘေးရှောင်စခန်းများမှ သက်ကြီးရွယ်နှင့် အမျိုးသမီးများအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ