သောကြာ၊ ဇွန်လ ၁၄ရက်၊ ၂၀၂၄

မောင်တောတွင် မော်တော်ဘုတ်ငယ်များကို အသုံးပြု၍ စစ်ကောင်စီ ရေကြောင်းမှနေ၍ စစ်အင်အား ထပ်မံဖြည့်တင်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၁၆ ရက်/၂၀၂၄

စစ်ကောင်စီသည် မောင်တောမြို့တွင် မော်တော်ဘုတ်ငယ်များကို အသုံးပြု၍ ရေကြောင်းမှနေ၍ စစ်အင်အားထပ်မံဖြည့်တင်းနေကြောင်း သတင်းရရှိသည်။

မောင်တောမြို့ အနီးရှိ လှဖိုးခေါင် နခခ(၁၀)အား အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်ပြီးနောက် မောင်တောကညင်ချောင်း စီးပွားရေးဇုန်၌ ကမ်းထိုးရေယာဥ်များ လုံခြုံရေးအရ ကမ်းကပ်၍  မရနိုင်တော့သဖြင့် နတ်မြစ်ထဲတွင် ရပ်နားထားသည့် ရိက္ခာတင်ဇက်ရေယာဉ်နှစ်စီးမှ လက်နက်နှင့် စစ်သားများကို မော်တော်ဘုတ်များဖြင့် သယ်ယူကာ မောင်တောဆိပ်ကမ်းသို့  ပို့ဆောင်နေကြောင်း သိရသည်။

"မောင်တောဘုတ်ဆိပ် ဝင်/ထွက် စခန်း POE ကနေ မနေ့ မနက်ကစပြီး အင်အားဖြည့်နေတာ။ မော်တော်ဘုတ်တွေနဲ့ သယ်လာတဲ့ လက်နက်တွေကို POE ဆိပ်ကမ်းကနေ တေဘာကားအပြာရောင်နဲ့ ဖုံးပြီး နခခ (၅) ဌာနချုပ်ကို သယ်ယူနေကြတယ်။ ဘုတ်ဆိပ် မှာ စစ်တပ်အပြည့် လုံခြုံရေး ယူထားတယ်။ လမ်းတစ်လျှောက်မှာလည်း နယ်ခြားစောင့်တွေ အပြည့်နေရာယူထားကြတယ်"ဟု  မျက်မြင်မောင်တောမြို့ခံတစ်ဦးကပြောကြားသည်။

နတ်မြစ်အတွင်း ကျောက်ချ ရပ်နားထားသည့် ကမ်းထိုး ဇက်ရေယာဥ် ၂ စီးမှ  စစ်အင်အား နှင့် လက်နက်အင်အားများအား မော်တော်ဘုတ်ငယ်များဖြင့် မေလ ၁၅ ရက်နေ့၌ ဘုတ်ဆိပ် ဝင်/ထွက် စခန်း POE ဆိပ်ကမ်းကတဆင့်  စစ်အင်အားများထပ်မံဖြည့်တင်းနေခြင်းဖြစ်သည်။

မွတ်ဆလင် ဒေသခံတစ်ဦးက "လှဖိုးခေါင်စခန်း နခခ(၁၀)ကို အေအေ သိမ်းပိုက်အပြီးမှာ စစ်တပ်က ရေယာဥ်တွေ ကညင်ချောင်း ချောင်းအထဲကို မဝင်ရဲကြတော့ဘူး။ အခု ကညင်ချောင်းကို ဝင်မရလို့ မော်တော်ဘုတ်တွေနဲ့ တဆင့်ခံပြီး မောင်တောဘုတ်ဆိပ်ကို သယ်ယူနေကြရတယ်" ဟု ပြောဆိုသည်။

မောင်တောမြို့သို့ ကညင်ချောင်းစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းမှ မေလ ၆ ရက်ကလည်း  တပ်မ ၂၂ မှ စစ်သည် အင်အား ၅၀၀ ကျော် လက်နက်ရိက္ခာများအား ကညင်ချောင်းစီးပွါးဇုန်မှ ဖြည့်တင်းခဲ့ကြသည်။

မောင်တောမြို့အား အာရက္ခတပ်တော်မှ ကုန်တွင်းပိုင်း နယ်မြေများရှိရာဘက်မှ ဝိုင်းရံပိတ်ဆို့ထားပြီး မြို့အနောက်ဘက် နတ်မြစ်ဘက်က လမ်းတစ်ကြောင်းသာ ပွင့်နေပြီး လက်ရှိ နတ်မြစ်ကို အသုံးပြုကာ စစ်လက်နက်များကို စစ်ကောင်စီက ဖြည့်တင်းနေခြင်းဖြစ်သည်။

မောင်တောမြို့သို့ စစ်ကောင်စီတပ်များသည်ကညင်ချောင်းစီးပွါးရေးဇုန်မှတစ်ဆင့် မတ်လ နှင့် ဧပြီလ များ၌ စစ်အင်အား၊လက်နက်အင်အား၊စားနပ် ရိက္ခာ နှင့် လောင်စာဆီများအား ၄ ကြိမ်တိုင်တိုင် အင်အားဖြည့်တင်းခဲ့ပြီး ယခု မေလ ၁၅ နေ့ ၌ လည်း ဆက်လက်အင်အားဖြည့်တင်းနေခြင်း ဖြစ်သည်။

(ဓာတ်ပုံ- မောင်တောတွင်အင်အားဖြည့်နေသည့် စစ်ကောင်စီဇက်ရေယာဉ်/  ပုံဟောင်းသာ)

ဆက်စပ် သတင်းများ