"ရခိုင်တေးသံရှင်ညှာစိမ်းခိုင် (မခိုင်) ရဲ့ဖြတ်သန်းရာအနုပညာခရီးလမ်း"


နိရဥ္စရာ၊ စက်တင်ဘာ ၄/၂ဝ၁၉ (အနုပညာရှင်အင်တာဗျူး)

(ချစ်အိလှိုင်မေးမြန်းပြီး မြတ်နှင်းခင်ရေးသားသည်။)

ရခိုင်ပြည်သူများ၏ အချစ်တော် တေးသံရှင် ညှာစိမ်းခိုင် (မခိုင်)၏ ငယ်ဘဝမှသည် ယခုအချိန်ထိ လျှောက်လှမ်းနေရသော သူမချစ်သော အနုပညာ ခရီးလမ်းကို သူမရဲ့ ချစ်ပရိသတ်တွေ သိနို်င်စေဖို့ ကျွန်မ ချစ်အိလိူင်က မေးမြန်းပြီး “ရခိုင်တေးသံရှင်ညှာစိမ်းခိုင် (မခိုင်) ရဲ့ဖြတ်သန်းရာအနုပညာခရီးလမ်း” ခေါင်းစည်းနဲ့ တင်ပြပေးလိုက်ပါတယ်။ (ကျေးဇူးပါ)

မေး- သာလီစွပါ မခိုင်။ မခိုင်ဇာတိ ပြောပြပေးပါ။
ဖြေ- ဇာတိက စစ်တွေကပါ။ ဖေဖေကတော့ ပေါက်တောဘက်က၊ မေမေကတော့ ရသေ့တောင်ဘက်ကပါ။

မေး- အနုပညာလောကထဲကို ဘယ်အချိန်က စဝင်ရောက်လာပီး ဘယ်အချိန်လောက်ကတည်းက စင်မြင့်ပေါ်ကို ရောက်ခဲ့တာပါလဲ။
ဖြေ- ပထမဆုံး မခိုင်က ၇နှစ်သမီး ၁၉၉၄ခုနှစ်ကနေ အနုပညာလမ်းကြောင်းထဲကို စပြီးတော့ ဝင်ရောက်ခဲ့ပါတယ်။ အရင်ဦးဆုံး စတိတ်ရှိုးဆိုလို့ရှိရင် ၇နှစ် သမီးမှာပါပဲ။ ဦးဥတ္တမ ခန်းမမှာ ကျင်းပ ပြုလုပ်တဲ့ စစ်တွေ ပဒေသာကပွဲမှာ “တေးသံသာ” တီးဝိုင်းအဖွဲ့နဲ့အတူ “ဇီသျှင်ခိုးမေ ဝတ်ပြုမေ” ဆိုတဲ့သီချင်းနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ပြီးတော့ နောက်တစ်နှစ် ၁၉၉၅ခုနှစ်မှာ “တေးသံသာ”တီးဝိုင်းခေါင်းဆောင် ဆရာဦးအောင်ကျော်သာက မခိုင်ကို မြန်မာ ရိုးရာယဉ်ကျေးမှု ဆိုက ရေးတီးပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် တိုက်တွန်းပါတယ်။ အဲဒါနဲ့ဝင်ပြိုင်ကြည့်ပြီးတော့ နိုင်ငံတော်အဆင့် ပါသွားခဲ့ပါတယ်။ အဲဒီတုန်းက တတိယတန်းပေါ့။ အသက်က ၈နှစ်ပဲရှိပါသေးတယ်။ ၁၉၉၈ခုနှစ်မှာတော့ အမျိုးသမီး မဟာဂီတသီချင်းဆိုပြိုင်ပွဲ နိုင်ငံတော်အဆင့်မှာ ရွှေတံဆိပ်ဆုရခဲ့ပါတယ်။ ထပ်ပြီးတော့ အမျိုးသား အမျိုးသမီ မဟာဂီတ(အဆင့်မြင့်) အဆင့်မှာလည်း အထူးဆုတစ်ခု ရခဲ့ပါသေးတယ်။ အဲတာတွေပြီးမှ တေးရေးဆရာ ဆရာဦးထွန်းလှိုင်ဦးဆောင်ပြီးတော့ ရခိုင်လူငယ်၅ယောက်ဖွဲ့စည်းထားတဲ့ နေရဥ္စရာတေးထုတ်လုပ်ရေးက မခိုင်ကို စီးရီး ၂ခွေထုတ်ပေးမယ်ဆိုပြီးလာပြီး ကမ်းလှမ်းပါတယ်။ ပထမဆုံးက ခိုင်ရဲ့တစ်ကိုယ်တော် စီးရီး “ပြိုင်စံမမှီ”ဆိုတဲ့စီးရီးနဲ့ ဒုတိယက “ဓညဝတီမှ မြောက်ဦး ရွှေနန်းသို့” မိုနိုစီးရီးတစ်ခွေပါ။  စီးရီး၂ခုပေါ့နော်။ “ဓညဝတီမှ မြောက်ဦးရွှေနန်သို့” ခွေက အဆိုတော် မောင်ကိုကိုနဲ့ ခိုင်နဲ့၂ယောက်ခွေပါ။ အဲဒီမိုနိုစီးရီး တစ်ခုလုံးက သီချင်းတွေကို ဆရာဦးထွန်းအောင်သာ တစ်ယောက်တည်း ရေးသားခဲ့တာပါ။ “ပြိုင်စံမမှီ” စီးရီးကိုတော့ ဆရာဦးထွန်းလှိုင်၊ ဆရာရွှေကျော်ထွန်းနဲ့ ကိုစန်းကို အဲဒီဆရာ၃ယောက်ရေးသားခဲ့တာပါ။ ပြီးတော့ ဆရာထွန်းလှိုင်က “ကျွန်းတွင်ဇမ္မူ လူတွင်ရခိုင်” ဆိုတဲ့စီးရီးကို ထုတ်ပေးခဲ့ပါသေးတယ်။ အဲဒီ စီးရီးမှာလည်း အဆိုတော် မောင်ကိုကိုနဲ့ တွဲပြီး ထုတ်ပေးခဲ့တာပါ။ စုံတွဲ သီချင်း ၄ပုဒ်၊ တစ်ယောက် single ၂ပုဒ်စီလည်းဆိုခဲ့ပါတယ်။ “ဓညဝတီမှ မြောက်ဦးရွှေနန်းသို့” စီးရီးကတော့ အရမ်းပေါက်ခဲ့ပါတယ်။ အဲဒီခွေမှာ “မုနိမဟာ ဘာဂဝါပူဇာ” ဆိုတဲ့သီချင်းနဲ့ “ထွန်းကားခလီ ဝေသာလီ”ဆိုတဲ့ သီချင်းက ရခိုင်အကနဲ့ တင်ဆက်လို့ရတဲ့ သီချင်းမို့လို့ ပရိတ်တွေရဲ့ရင်ထဲကို ရောက်ခဲ့တဲ့အတွက်ကြောင့် ဂန္တဝင် သီချင်း ၂ပုဒ်အဖြစ် ကျော်ကြားခဲ့ပါတယ်။ အဲဒါတွေပြီးမှ မခိုင်ရဲ့ အဖေက “အာရီယာန်နွယ်” စီးရီးအပါအဝင် တစ်ခြား တစ်ကိုယ်တော် စီးရီးတွေကိုထုတ်ပေးခဲ့ပါတယ်။

မေး-ရခိုင်အဆိုတော်တစ်ယောက်အဖြစ် မခိုင်ကို ဘယ်သီချင်းတွေမှာ ပရိသတ်က စသိတယ်လို့ ထင်ပါသလဲ။
ဖြေ- ပရိတ်သတ်တွေက “မုနိမဟာ ဘာဂဝါပူဇာ”ဆိုတဲ့သီချင်းကြောင့် စသိခဲ့တာပါ။ တစ်ကိုယ်တော် “ပြိုင်စံမမှီ” စီးရီးကတော့ “ဓညဝတီမှ မြောက်ဦးရွှေနန်းသို့” စီးရီးနဲ့ တူတူသွင်းခဲ့ပေမယ့် မိုနိုဖြစ်တဲ့ “ဓညဝတီမှ မြောက်ဦးရွှေနန်းသို့” စီးရီးက အရင်ဆုံးထွက်လာပါတယ်။ အဲဒီထဲမှာ ကိုမောင်ကိုကိုနဲ့ စုံတွဲသီချင်း ၂ပုဒ်ပါတယ်။ “မုနိမဟာ ဘာဂါဝါပူဇာ”နဲ့ “ထွန်းကားခလီ ဝေသာလီ” သီချင်းပါ။ ပရိတ်သတ်တွေ ပထမဦးဆုံး အသိအမှတ်ပြုတာက “မုနိမဟာ ဘာဂါဝါပူဇာ” သီချင်းပါ။ နောက်ပိုင်းမှာတော့ “ရိုးမရံစီ” ဆိုတဲ့သီချင်းက ပရိတ်တွေရဲ့ ရင်ထဲကို ရောက်စေတဲ့အတွက်ကြောင့် အခုအချိန်ထိ ဂန္တဝင်သီချင်းအဖြစ် “ရိုးမရံစီ” သီချင်းကို အသိအမှတ်ပြုခံရပါတယ်။

မေး- ရခိုင်ပရိတ်သတ်တွေ လက်ခံထားတဲ့ အောင်မြင်တဲ့တေးသံရှင်တစ်ယောက်အနေနဲ့ ရခိုင်သီချင်းဆိုရတာဟာ မခိုင်ဖြစ်ချင်တဲ့ ဘဝနဲ့ ထပ်တူကျတယ်လို့ ထင်ပါသလား။
ဖြေ- ထပ်တူကျတယ် လို့ထင်ပါရေ။ ဘာဖြစ်လို့လဲဆိုတော့ ခိုင်က သီချင်းဆိုတာကို သိပ်ပြီးဝါသနာပါတယ်။ ပညာရေးမှာလည်း တစ်ဖက်တစ်လှမ်းကြိုးစားခဲ့တယ်။ အောင်မြင်မှုရခဲ့ပေမဲ့လည်းပဲ လမ်းကြောင်း ၂ခုမှာ ပညာရေးလမ်းကြောင်းကိုမရွေးချယ်ဘဲ အနုပညာလမ်းကြောင်းကို ရွေးချယ်ခဲ့တယ်။ ပညာရေးကတော့ မာစတာတန်းနဲ့ အောင်ခဲ့ပေမယ့် ကျူတာအလုပ်ကို မလုပ်ဘဲ နိုင်ငံခြားခရီးစဉ်တွေပေါ်လာတဲ့အခါမှာ အဲဒီအခွင့်အလမ်းတွေကို ဆုံးရှုံးခံပြီးတော့ ရခိုင်အမျိုးသားရေးသီချင်းတွေအတွက် နိုင်ငံခြားကိုသွားပြီးတော့ ကိုယ့်ရခိုင်လူမျိုးတွေအတွက် ဖြေဖျော်ခဲ့တဲ့အတွက် ပညာရေးလမ်းကြောင်းကို ရွေးချယ်ဖို့အတွက် နောက်ကျသွားခဲ့ပါတယ်။ အဲကြောင့် မရွေးချယ်ဖြစ်ခဲ့ဘူးပေါ့။

မေး- နိုင်ငံခြားကိုသွားပြီးဖျော်ဖြေခဲ့တယ်ဆိုတော့ ဘယ်နိုင်ငံတွေမှာ ဖျော်ဖြေခဲ့လဲဆိုတာကိုပြောပေးပါအုံး။
ဖြေ- ပထမဆုံး ကတော့ မလေးရှားမှာသွားပြီးတော့ ဖျော်ဖြေခဲ့ပါတယ်။ အဲဒီတုန်းက အဆိုတော်က လေးယောက်ပါ။ ကိုယ့်ရခိုင်လူမျိုးတွေရဲ့ရှိုးပွဲအတွက် သွားပြီးတော့ ဖျော်ဖြေခဲ့ပါတယ်။ ကိုယ့်ရခိုင်သားတွေ၊ အဝေးရောက်ရခိုင်သားတွေ ရခိုင်သီချင်းတွေကို တမ်းတနေတဲ့အချိန်မှာ ကိုယ်တို့ ရခိုင်သီချင်းတွေကို ဖျော်ဖြေခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ မလေးရှားမှာ ၃ခေါက် ဖျော်ဖြေပါတယ်။ စင်ကာပူမှာ ၂ဝ၁၁ ခုနှစ်က တစ်ခေါက် ဖျော်ဖြေပါတယ်။ ထိုင်းမှာ ၃ခေါက်ပါ။ ပြီးတော့ တရုတ်နိုင်ငံမှာ တစ်ခေါက်ပါ။ ဘင်္ဂလားဒေ့ရှ်မှာလည်း တစ်ခေါက်ဖျော်ဖြေခဲ့ပါတယ်။ ၅နိုင်ငံပေါ့နော်။

မေး-မခိုင်ဘဝမှာ အဖြစ်ချင်ဆုံးက ဘာလဲရှင့်။
ဖြေ-ဘဝမှာ အဖြစ်ချင်ဆုံးက အဓိက ကတော့ ကျန်းမာရေးကောင်းဖို့လိုပါတယ်။ ကျန်းမာရေး ကောင်းမှလည်း အလုပ် လုပ်နိုင်မယ်။ အလုပ် လုပ်နိုင်မှလည်း စီးပွားရေးတွေ လုပ်လာနိုင်မယ်။ အောင်မြင်လာမယ်။ အဲဒီအတွက်ကြောင့် ကျန်းမာရေးကောင်းပြီးတော့ အမြဲတမ်းစိတ်ချမ်းသာဖို့ စိတ်ကြည်နူးမယ့်ဟာကိုဘဲ ဘဝမှာ အလိုချင်ဆုံးပါဘဲ။
 
မေး- မခိုင်မှာ အခုလက်ရှိ အချိန်ထိ တေးစီးရီးက ဘယ်လောက်ထုတ်ထားပါပြီလဲ။  အဲဒီအထဲက ဘယ်စီးရီးကို အကြိုက်ဆုံးလဲရှင့်။
ဖြေ- ထုတ်ထားတဲ့ခွေတွေက အများကြီးပါဘဲ။ ဒါပေမယ့် တစ်ကိုယ်တော်စီးရီးဆိုရင်တော့ စတုတ္ထမြောက် “အချစ်အိမ်မက်စီးရီး”နဲ့ဆိုလို့ရှိရင်တော့ ၄ခွေရှိပါပြီ။ မိုနိုစီးရီးက ၃ခွေပါ။ ကိုမောင်ကိုကိုနဲ့ ပါဘဲ။ အုပ်စုလိုက်ထုတ်တဲ့ခွေထဲမှာဆိုရင်တော့ ရက္ခမဏ္ဍိုင်အဖွဲ့က ထုတ်တဲ့သီချင်းခွေမှာ ခိုင်၂ပုဒ် သီဆိုခဲ့ပါတယ်။ နောက်ထပ် ၂ပုဒ် ၃ပုဒ်ခွေတွေက အများကြီးပါ။ ဆိုထားတဲ့ သီချင်းအပုဒ်ပေါင်းကတော့ ၁ဝ၈ပုဒ် ရှိပါပြီ။



မေး- ၁ဝ၈ပုဒ်ဆိုထားတဲ့ အထဲက အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကို ပြောပြပါ။
ဖြေ- အကြိုက်ဆုံး သီချင်းတွေကတော့ အများကြီးပါဘဲ။ ဆိုထားတဲ့ သီချင်းတွေ အကုန်လုံးကို အားရကျေနပ်မှုရှိပါတယ်။ ဆရာဦးထွန်းသာ ရေးစပ်ထားတဲ့ “ရိုးမရံစီ” သီချင်းကို ကြိုက်ပါတယ်။ နောက်ထပ် သီချင်းတွေကိုလည်း ကြိုက်ပါသေးတယ်။ စာသားကောင်းတဲ့ဟာလေးတွေကို ကြိုက်ပါတယ်။

မေး- မခိုင်နောက်ထပ် သီချင်းတွေ လုပ်နေတာရှိပါသေးလား။
ဖြေ- ပဥ္စမမြောက် တစ်ကိုယ်တော်စီးရီး ထွက်ဖို့တော့ ရှိပါတယ်။ ၂ဝ၂ဝမှာထုတ်မယ်လို့ ခန့်မှန်းထားပါတယ်။ အခြေအနေနဲ့အချိန်အခါကို ကြည့်ပြီးတော့ ထုတ်သွားမှာပါ။ အခုတော့ audio အပြီးလုပ်နေပါတယ်။
 
မေး- ဘယ်လို သီချင်းတွေ  ပါဝင်ဖို့ ရှိပါသလဲ။
ဖြေ- အမျိုးသားရေးသီချင်းတွေပါမယ်။ အချစ်သီချင်းတွေပါမယ်။ ၂မျိုးရောထားပါတယ်။

မေး- မခိုင် သီချင်းတွေ အချိန်တစ်ခုလောက်ထိ မတွေ့ဘူးပေါ့နော်။ ဘာကြောင့်ပါလဲ။
ဖြေ- ကြားထဲမှာ သိပ်ပြီးတော့ပြတ်လို့တော့ မရှိပါဘူး။ တစ်ကိုယ်တော် စီးရီးဆိုရင်တော့ တစ်ခွေနဲ့ တစ်ခွေကြားထဲမှာ ၂နှစ် ၃နှစ်လောက်ကြာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဖြန့်ထားတာမျိုး မဟုတ်ဘူး။ ကိုယ်တို့က ရခိုင်ပြည်နယ်တစ်ခုတည်းမှာပဲ ဖြန့်ထားတဲ့အတွက် ရခိုင်ပြည် အနေအထားအရ ဆိုလို့ရှိရင်တော့ လူအများသိဖို့အတွက် ၂နှစ် ၃နှစ်လောက် အကွာအဝေးရှိဖို့လိုပါတယ်။ စတုတ္ထမြောက် တစ်ကိုယ်တော်စီးရီးကိုလည်း ၂ဝ၁၈ခုနှစ်က ထုတ်ထားတာဆိုတော့ တစ်နှစ်ပဲရှိပါသေးတယ်။ ပဥ္စမြောက်ခွေကိုလည်း ၂ဝ၂ဝမှာထုတ်မယ်လို့ လုပ်ထားပါတယ်။ အနည်းဆုံးတော့ ကြားမှာ ၂နှစ် လောက်တော့ ထားရတယ်။ ဟုတ်ကဲ့။ ကြားထဲမှာ အုပ်စုခွေတွေလည်းရှိပါသေးတယ်။ မထွက်သေးတာတွေ အများကြီးပါ။

မေး- မခိုင် အားနေတဲ့အချိန်မှာ ဘာတွေလုပ်ဖြစ်ပါသလဲ။
ဖြေ- အခုမိုးရာသီဆိုတော့ ရှိုးပွဲတွေက တန့်ထားရတယ်။ ဆောင်းတက်လာမှ ရှိုးပွဲတွေကရှိမယ်။ ဒါပေမဲ့ အရင်နှစ်တွေကတည်းက ရှိုးပွဲတွေက နည်းလာတယ်။ လူအများတွေက စားဝတ်နေရေးအတွက် ရုန်းကန်နေတဲ့အချိန်မှာ အဆင်မပြေတာတွေလည်းရှိမယ်။ ရှိုးပွဲလုပ်တဲ့ လူအပေါ်မှာ မူတည်တယ်။ မခိုင်ကတော့ ကိုယ်ဟာကိုယ်တော့ ရှိုးပွဲတော့ မလုပ်ဘူး။ တစ်ကိုယ်တော်စီးရီးအတွက်တော့ ရှိုးပွဲပုံစံမျိုး ရိုက်ဖူးတယ်။ လူတွေကိုတော့ လက်မှတ်ရောင်းပြီးတော့ personal ရှိုးပွဲတော့ မလုပ်ဖူးသေးဘူး။ ကိုယ့်အမျိုးသားရေးအနေအထားနဲ့ တော့ ဝိုင်းဝန်းပြီးတော့ ကူညီပေးကြတာပဲရှိတယ်။ အဆိုတော်တွေတော့ ကိုယ့်ဟာကိုယ် ရှိုးပွဲတော့ မလုပ်ကြသေးဘူး။

မေး- မခိုင်အားနေတဲ့အချိန်တွေမှာ အိမ်မှာ ဘာလုပ်ဖြစ်ပါသလဲ။
ဖြေ- အားနေတဲ့အချိန်တွေမှာ ကျန်းမာရေးအတွက် အားကစားလုပ်တယ်။ အခုမိုးတွင်းကာလမှာတော့ ကျန်းမာရေးအတွက် အားကစားလေး ဘာလေးလုပ်တယ်။ ဖေဖေနဲ့မေမေကတော့ အိမ်မှာ ရခိုင်တန်ဆောင် ၉တန်း ၁ဝတန်းဘော်ဒါဆောင် ဖွင့်ထားတယ်။ အခုကတော့ ၁ဝတန်းတစ်ခုပဲ လက်ခံတော့တယ်။ အိမ်မှာ အရင်တုန်းကတော့ ယေင်္ာကျားဆောင်၊ မိန်းမဆောင် သီးသန့် အများကြီးလက်ခံတယ်။ အခုတော့ ဖေဖေနဲ့မေမေက အသက်ကြီးလာပြီဆိုတော့ ကျောင်းသား ၂ဝလောက်ပဲ လက်ခံထားတယ်။ အခုတော့ ကိုယ့်မိဘစီးပွားရေးကို ဝိုင်းကူတယ်ပေါ့နော်။ ဖေဖေကတော့ ၉တန်း ၁ဝတန်း သင်္ချာနဲ့ ရူပဗေဒကိုပြတယ်။ အမေကတော့ ၁ဝတန်း မြန်မာစာပြတယ်။ မခိုင်က သင်္ချာနဲ့ ကျောင်းပြီးထားတဲ့ အတွက်ကြောင့် သင်္ချာက Guide သဘောမျိုး ဖေဖေက ဒီတစ်ခန်းပြလိုက်ဆိုရင် ပြလိုက်တယ်။ အဲလိုမျိုးပေါ့နော်။ ပြီးတော့ ကျောင်းသူလေးတွေထံမှာ စာကျက်ခံတယ်။ အားတဲ့အချိန်တွေမှာတော့ သီချင်းတွေဆိုဖြစ်တယ်။ အခု ခေတ်စားနေတဲ့ နိုင်ငံခြားက အသစ်သီချင်းလေးတွေကို လေ့လာဖြစ်တယ်။

မေး-ငယ်ငယ်တုန်းက  မခိုင်ဘယ်ကျောင်းတွေမှာ တက်ခဲ့ပါသလဲ။
ဖြေ- ပထမဆုံးတော့ မူလတန်း ရူပမြောက်ကျောင်းမှာတက်မယ်လို့ပေါ့။ အသက်က ၄နှစ်နဲ့ ၂လ လောက်ပဲရှိသေးတဲ့အတွက် အဲဒီကျောင်းက လက်မခံဘူး။ အမေက အဲဒီတုန်းက အလက (၄)မှာ စာပြနေတဲ့အတွက် ဒီကျောင်းမှာဘဲ မေမေနဲ့ တက်ကြတာပေါ့ဆိုတယ်။ ဒီတော့ အဲဒီကျောင်းမှာ တက်လိုက်တယ်။ အသက် ၄နှစ်နဲ့ ၄လ လောက်မှာ အဲဒီကျောင်းကို တက်လိုက်တယ်။ သူငယ်တန်းမှာ ဒုတိယဆုရတယ်။ ပထမတန်းမှာ ပထမ၊ ၂တန်းတုန်က တတိယ၊ ၃တန်း ၄တန်း ၅တန်း ၆တန်း ၇တန်း ၈တန်းနှစ်မှာ ပထမ၊ ၉တန်းတုန်းကတော့ ဒုတိယရတယ်။ ၁ဝတန်းနှစ်မှာတော့ ကျန်းမာရေးက နည်းနည်း မကောင်းဖြစ်သွားတယ်။ ဗိုက်အောင့်တယ်။ ခေါင်းကိုက်တယ်အဲလိုပေါ့။ ၉တန်းတုန်းကတော့ အထက(၅)မှာ တက်ခဲ့တယ်။ အဖေကတော့ အထက (၅)မှာစာပြတယ်။ ၉တန်းတုန်းက talented student ခေါ်ဖို့ပြောတယ်။ ၉တန်းစာကိုဖြေရတယ်။ သင်္ချာမေဂျာနဲ့ အင်္ဂလိပ်စာမေဂျာပဲ ယူလို့ရတယ်။ မခိုင်က သင်္ချာယူလိုက်တော့ သင်္ချာတက်ရတယ်။ ဒီတော့ သင်္ချာကို အထက(၅)မှာတက်လို့ မရဘူး။ အထက (၄)နဲ့ အထက(၂)မှာပဲ သင်လို့ရတယ်လို့ပြောတယ်။ ၁ဝတန်းမှာတော့ အထက (၄)ကိုပြောင်းလိုက်ရတယ်။  အဲဒီမှာ ပစ္စည်းတွေလည်း စုံတယ်။ ကွန်ပျူတာတွေနဲ့လည်းဆိုတော့ talented student ဆိုတာက ပညာရေးဝန်ကြီးဌာနကနေ တော်တဲ့ကလေးတွေကို မွေးစားတဲ့ အနေနဲ့လုပ်ထားတာမို့ မခိုင်တို့က အထက(၄)မှာ တက်ရတယ်။ အိမ်က ရူပမြောက်မှာဆိုတော့ အထက(၄)နဲ့ အရမ်းဝေးတယ်လေ။ ပြီးတော့ သင်ရတာက  ၁ဝတန်းစာကိုမသင်ရဘူး။တက္ကသိုလ်က စာကိုသင်ရတယ်။ ပါမောက္ခကိုယ်တိုင်လာပြတယ်။ ဒီတော့ ကိုယ့်၁ဝတန်းစာကို အချိန်မပေးနိုင်လိုက်ဘူး။  အဲဒီစာကို ၄နာရီကျောင်းလွတ်တာနဲ့ ၆နာရီအထိ တက္ကသိုလ်က စာကိုသင်ရတယ်။ ကြာလာတော့ နောက်ပိုင်းမှာ အညောင်းမိပြီ နေမကောင်းချည်းပဲ ဖြစ်လာတယ်။ စာမေးပွဲထဲမှာတောင် ဆေးခန်းသွားပြလိုက်ရသေးတယ်။ ၁ဝ တန်းနှစ်မှာ ကိုယ်ကဂုဏ်ထူးတွေမှန်းထားပေမယ့်လည်း ဂုဏ်ထူးအမှတ်တွေနဲ့ကပ်ပြီးကျန်ခဲ့တယ်။ ဖေဖေက ဒီနှစ်တစ်နှစ်တော့ ဖြေလိုက်တော့ သမီး။ တက္ကသိုလ်ရောက်မှ ကြိုးစား။ ကျန်းမာရေးမကောင်းတာကို ဘယ်တတ်နိုင်မလဲဆိုပြီးတော့ပြောတယ်။ ၁ဝတန်းမှာတော့ ဂုဏ်ထူးမှန်းခဲ့ပေမယ့် ဂုဏ်ထူးနားကပ်တဲ့အမှတ်တွေပဲ ရခဲ့တယ်။ နောက် ၁ဝ တန်းအောင်ပြီးတော့ သင်္ချာမေဂျာနဲ့ တက္ကသိုလ် စတက်တယ်။ သင်္ချာမေဂျာနဲ့တစ်ဘွဲ့၊ Bsc.Maths တစ်ဘွဲ့ ရတယ်။ ပြီးမှ ဘွဲ့လွန် DCSC ကျောင်းဆက်တက်တယ်။ အဲဒီမှာ Masterတန်းပါတယ်။ Masterတန်းမှာ ပထမရခဲ့တယ်။ Masterတန်းလည်းအောင်မြင်ခဲ့တယ်။ DCSC စာမေးပွဲဖြေနေတုန်းမှာ “ရိုးမရံစီ” သီချင်းကို ဆိုနေရပါပြီ။ စာမေးပွဲဖြေလိုက် ရိုက်ကူးရေးလုပ်လိုက်ပေါ့။ တက္ကသိုလ်ကျောင်းသားတွေလုပ်တဲ့ “ကြယ်စုံညည့်”စီးရီးမှာ မခိုင် အမျိုးသားရေးသီချင်းလေးဆိုပေးနိုင်မလားဆိုတော့ ဆရာဦးထွန်းသာရေးစပ်ထားတဲ့ “ရိုးမရံစီ” သီချင်းကို ဖေဖေကရွေးချယ် ပေးခဲ့တယ်။ “ရိုးမရံစီ”သီချင်းကို ရခိုင်ခေတ် ခေတ်လေးခေတ် ဝတ်စားဆင်ယင်မှုနဲ့ တင်ဆက်လိုက်ရင် အရမ်းပေါက်သွားမှာဆိုပြီး ဖေဖေ့Idea နဲ့လုပ်လိုက်တာပါ။ သီချင်းလည်းဆိုလို့ ရိုက်ကူးရေးပြီးတာနဲ့ ၂နာရီထိုးသွားပြီ။ ၂နာရီထိုးသွားတော့ စာအုပ်ကိုင်တယ်။ အဲဒီနေ့က မအိပ်လိုက်ရဘူး။ မိုးလင်းတော့ စာမေးပွဲဖြေလိုက်တယ်။ DCSC Diploma တန်းအောင်တယ်။ Masterတန်းဆက်တက်ရတယ်။ Master တန်းမှာလည်း ပထမရတယ်။

မေး- ပွဲတိုင်းမှာ မခိုင်ကို ရခိုင်ရိုးရာဝတ်စုံတွေနဲ့ပဲတွေ့ရတယ်။ အဲတာမခိုင်ရဲ့ ဖက်ရှင်လားဆိုတာသိချင်ပါတယ်။
ဖြေ- ရခိုင်ဝတ်စုံကို ဝတ်ဖြစ်တာက မခိုင်ရဲ့အဖေကလည်း ကိုယ့်ရခိုင်ဝတ်စုံကို တင့်တင့်တယ်တယ် ဝတ်စေချင်တယ်။ နောက်ကလိုက်ပေးမယ့် သူရှိတယ်ဆိုရင် ရခိုင်ဝတ်စုံတွေနဲ့ ဆိုဖြစ်တာများတယ်။ တခြားနယ်ဘက်ကို သွားပြီးဆိုရတယ်ဆိုရင်တော့ ဂါဝန်တွေဝတ်ပြီးဆိုဖြစ်တယ်။ ဖေဖေနဲ့သွားတဲ့ပွဲတွေဆို ရိုးရာဝတ်စုံတွေဝတ်ဖြစ်တာများတယ်။ တစ်ယောက်တည်းသွားတဲ့ပွဲတွေဆိုရင်တော့ မဝတ်ဖြစ်ဘူး။ ဒါပေမဲ့  နောက်ကလိုက်ပေးမယ့်သူမရှိဘဲ ထိုင်းကိုသွားတုန်းကတော့ ရခိုင်ဝတ်စုံနဲ့ဆိုခဲ့တယ်။ ထိုင်းမှာ ဆိုဖို့သွားတဲ့ ၃ခေါက်စလုံးမှာ ရခိုင်ဝတ်စုံတွေနဲ့ပါပဲ။ မဟာချိုင်တစ်ခုမှာပဲ သင်္ကြန်ဖြစ်လို့ သာမန်ဝတ်စုံနဲ့ပဲဆိုလိုက်တယ်။

မေး- မခိုင်ငယ်ငယ်တုန်းက ကြီးလာရင်ဘာလုပ်မယ်ဆိုပြီး ရည်ရွယ်ချက်ရှိပါသလဲ။
ဖြေ- ငယ်ငယ်တုန်းက ပရိတ်တွေ အရမ်းချစ်တဲ့ အာပေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်ခဲ့တယ်။

မေး- ရခိုင်ခေတ်ပေါ်ဂီတ အနုပညာလောက တိုးတက်ဖို့အတွက်ဆိုရင် မခိုင်အနေနဲ့ ဘာတွေလိုအပ်တယ်လို့ထင်ပါသလဲ။
ဖြေ- ရခိုင်ခေတ်ပေါ်ဂီတ အနုပညာလောကတိုးတက်ဖို့အတွက်ဆိုရင်တော့ ရခိုင်လူငယ်တွေကို မြှင့်တင်ပေးဖို့လိုတယ်။ ပြီးတော့ အခုခေတ်စားနေသလို ရခိုင်အဆိုပြိုင်ပွဲတစ်ခုပြုလုပ်စေချင်တယ်။ ပြောရမယ်ဆိုရင်တော့ လမ်းမတော်တောင်ရပ်ကွက် ထန်းပင်ရင်းမှာကျင်းပတဲ့ ရခိုင်သီချင်း အဆိုတော်ပြိုင်ပွဲဟာ မိုနိုတစ်ခုပဲ ပြိုင်တာပေါ့နော်။ စတူဒီယို ပြိုင်ပွဲက အခုအချိန်ထိ စစ်တွေမှာ ပြုလုပ်တာ မရှိသေးဘူး။ ၁ဝနှစ်အောက်ကလေးတွေကို  ဖိုက်အိုဝမ်းမှာတစ်ခါ အဆိုပြိုင်ပွဲလုပ်ခဲ့တယ်။ အဲဒီတုန်းက မခိုင်ရဲ့အဖေက ဒိုင်လုပ်ခဲ့တယ်။ အဲဒီမှာ အခုတက်သစ်စ အဆိုတော်မလေး ပန်းအိနွယ်က ဒုတိယ ရခဲ့တယ်။ သူကတော့ အဆိုတော်ဖြစ်ခဲ့တယ်။ ပထမရခဲ့ မိန်းကလေးလည်း ကောင်းပါတယ်။ အဲဒီတုန်းက မခိုင်ကိုလည်း သီချင်းတစ်ပုဒ်ဆိုပေးပါလို့ ပြောလို့ “မေမေ” သီချင်းကိုဆိုမယ်ဆိုပြီးတော့ အဲဒီ အခမ်းအနားမှာရှိခဲ့တယ်။ အပြင်မှာကောင်းတဲ့ကလေးတွေအများကြီးရှိတယ်။ သူတို့တွေကို မြှင့်တင်ပေးမယ့်သူလိုတယ်။ မြှင့်တင်ပေးမှလည်း သူတို့အရည်အချင်းတွေပေါ်လာမယ်။ အဆိုပြိုင်ပွဲလုပ်မှ ကောင်းတဲ့လူတွေပေါ်လာမယ်။ အဲဒီအတွက်ကြောင့် Arakan Idolဆိုပြီးတော့ အဆိုပြိုင်ပွဲကို လုပ်ပေးနိုင်မယ့်လူ ရှိမယ်ဆိုရင်တော့ အဆိုရှင်ကောင်းတွေထွက်ပေါ်လာမယ်။ အဲလို လုပ်ပေး လိုက်မယ်ဆိုရင် အနုပညာလောက တော်တော်တိုးတက်လာမယ်လို့ထင်တယ်။ မျိုးဆက်သစ်တွေလည်း အင်တိုက်အားတိုက် ပြိုင်ကြမယ်။ အဆိုရှင်ကောင်းတွေက ပထမ၊ ဒုတိယ၊ တတိယရလို့ရှိရင် အဆိုတော်တန်းဖြစ်မယ်။ စီးရီးထုတ်ပေးမယ့် သူတွေရှိရင် ချက်ချင်းပေါ်ထွက်လာမယ်။ အခုဆိုလို့ရှိရင် အဆိုရှင်လေးတွေ နည်းနေသေးတယ်လို့ထင်တယ်။ ရခိုင်အဆိုတော် လောကမှာ မိန်းကလေးတွေနည်းနေသေးတယ်လို့ထင်တယ်။ ယေင်္ာကျားတွေကတော့ များတယ်။ မိန်းကလေးတွေကတော့ အပြင်မှာကောင်းတဲ့သူတွေရှိတယ်။ သူတို့ရဲ့ အရည်အချင်းတွေကို မသိကြတဲ့ သူတွေရှိတယ်။ မခိုင်ကိုလာပြီးပြောရင်တော့ လုပ်ပေးမယ်။ တင်ပေးမယ်။ အခုအနေ အထားနဲ့ ပြောရမယ်ဆိုရင်တော့ အဆိုပြိုင်ပွဲက ဘယ်လိုလုပ်နိုင်ပါ့မလဲ။ အခြေအနေအရ အချိန်အခါအရတော့ မလုပ်နိုင်သေးဘူးပေါ့နော်။ နောက်ပိုင်းအခြေအနေငြိမ်သက်လာလို့ရှိရင်တော့ ရခိုင်သီချင်းတွေကိုပဲပြိုင်တဲ့ အဆိုပြိုင်ပွဲတစ်ခုလုပ်မယ်ဆိုရင်တော့ အဆိုတော်လေးတွေ ပေါ်ထွက် လာမယ်ပေါ့။ အဲတာလေးတွေ ဖြစ်စေချင်တယ်။ အကဆိုရင် အကပြိုင်ပွဲလုပ်လို့ရတယ်။ ပြီးတော့ သီချင်ရေးမယ့် တော်တဲ့သူတွေလိုတယ်။ ရခိုင်သီချင်းကောင်းရမယ်ဆိုရင် တော်တဲ့သူတွေလိုတယ်။ ကိုယ်ပိုင်ဦးနှောက်နဲ့ရေးတဲ့ သီချင်းတစ်ပုဒ်ဟာ သံစဉ်အကောင်းတစ်ပုဒ်ရမယ်ဆိုတာ မလွယ်ဘူး။ အဲကြောင့်သီချင်းရေးတဲ့ ပြိုင်ပွဲကိုလည်း လုပ်စေချင်တယ်။ ဆိုကရေးတီးလိုပဲ အတီးပြိုင်ပွဲကိုလည်း လုပ်စေချင်တယ်။ တီးတဲ့သူရှိမှလည်း ဆိုတဲ့သူတွေလည်း ရှိမှာလေ။ ရခိုင်မှာ လူကြီးပိုင်းတွေ ဦးဆောင်ပြီးတော့ မျိုးဆက်သစ်လေးတွေကို မြှင့်တင်ပေးနိုင်မယ်ဆိုလို့ရှိရင်တော့ ရခိုင်ခေတ်ပေါ်ဂီတလည်း တိုးတက်လာမယ်လို့ ထင်ပါတယ်။

မေး-မခိုင်ရဲ့ ဘဝလက်တွဲဖော်အကြောင်းနဲ့ မိသားစုအကြောင်းလေးတွေကို ပြောပြပေးပါ။
ဖြေ- ဘဝလက်တွဲဖော်ကတော့ စစ်တွေ တရားသိစုရပ်ကွက် ကပါ။ ကိုကျော်နေလို့ခေါ်ပါတယ်။ မိသားစုတွေအကုန်လုံးကလည်း စစ်တွေမြို့ထက်ကပါပဲ။ အိမ်ကလည်း သဘောတူတယ်။ အသက် ၂၄နှစ်ကတွေ့တာပါ။ ကိုးရီးယားမှာ အလုပ်လုပ်နေပါတယ်။ လက်ထပ်လို့ပြီးတော့ ကိုးရီးယားကို ပြန်သွားခဲ့ပါတယ်။

မေး- အဆိုတော်တစ်ယောက်အနေနဲ့ ရခိုင်ပြည်မှာရပ်တည်နိုင်ပါသလား။ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။
ဖြေ- အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ဆိုတာ မလွယ်ပါဘူး။ မလွယ်ကူဆိုတာက အခု အနေအထားနဲ့ဆိုရင်တော့ ပိုပြီးတော့ ဝေးသွားပါပြီ။ မခိုင်တို့ငယ်ငယ်တုန်းက ဆိုရင် ရှိုးပွဲတွေက နည်းတယ်။ ရှိုးပွဲဆိုရင်လည်း ငွေကြေးနဲ့ဆိုရတဲ့ ပွဲကနည်းပါတယ်။ ရခိုင်ပြည်ရဲ့ အနေအထားအရ ဘုရားပွဲဆိုလို့ရှိရင်တော့ မခိုင်တို့က အသံလှူကြပါတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်က အားလုံး လှူကြပါတယ်။ ရခိုင်ပြည် အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာသမားတစ်ယောက်အနေနဲ့ ဘဝကို ရပ်တည်ဖို့ဆိုတာမလွယ်ကူပါဘူး။ စီးပွားရေးတစ်ခုတော့ ရှိဖို့လိုပါတယ်။ မိဘသော်လည်းကောင်း ကူညီ ပ့ံပိုးပေးမယ့် သူရှိရင်တော့ အဆိုတော်တစ်ယောက်အနေနဲ့ရပ်တယ်လို့ရတာပေါ့။ တစ်ခုတည်းကိုပဲ လုပ်ပြီးတော့ စီးပွားရေးမရှိဘဲဆိုရင်တော့ ရပ်တည်ဖို့ဆိုတာမလွယ်ပါဘူး။ ရခိုင်အဆိုတော်တစ်ယောက် ဖြစ်ဖို့ဆိုတာလည်းမလွယ်ပါဘူး။ အဲတာကြောင့် ကိုယ့်မှာစီးပွားရေးလေးတစ်ခုလောက်တော့ ရှိသင့်တယ်လို့ထင်ပါတယ်။
 
မေး- အဲတာက ဘာကြောင့်ပါလဲ။ ရခိုင်သူ ရခိုင်သားတွေအားမပေးလို့ပါလား။ ခွေဖြန့်ရာမှာ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။
ဖြေ- အားမပေးကြတာတော့မဟုတ်ပါဘူး။ အားပေးကြပါတယ်။ အားပေးကြရင်လည်း ဘယ်လိုဆိုရမလဲ အနုပညာလောကမှာ ခွေတွေက အရင်တုန်းကဆိုရင် ရောင်းရတာအဆင်ပြေပါတယ်။ မခိုင်တို့ ပထမဆုံးထွက်တဲ့ခွေဆိုရင် တိတ်ခွေပဲရှိသေးတယ်။ တိတ်ခွေမှာ အရောင်းရဆုံးခွေဟာ မခိုင်တို့ခွေလို့ ဂန္တဝင်ဆိုင်က ပြောလိုက်ပါတယ်။ “ဓညဝတီမှ မြောက်ဦးရွှေနန်းသို့” အဆိုတော် ကိုမောင်ကိုကိုနဲ့ တွဲဆိုထားတဲ့ မညာစိမ်းခိုင်တို့ခွေဟာ အရောင်းရဆုံး အပေါက်ဆုံးခွေလို့ပြောလိုက်ပါတယ်။ အဲဒီခေတ်တုန်းက ဆိုရင်မြတ်ပါတယ်။ ကြားထဲမှာ “အာရီယာန်နွယ်” နဲ့ “တော်ဝင်ရက္ခ”စီးရီးခွေတို့ဟာ ရောင်းအားကောင်းလာတယ်။ “အာရီယာန်”စီးရီးခွေဖြန့်နေတဲ့အချိန်မှာ VCDစက်တွေရောင်းနေတုန်း ၊ ခေတ်စားနေတုန်းအချိန် အဲဒီစက်ကို လူတွေအကုန်လုံးဝယ်နေကြတဲ့အချိန်မှာ ရောင်းအား အရမ်းကောင်းခဲ့တယ်။ အဲဒီအချိန်တုန်းက ထုတ်လိုက်တဲ့ခွေဟာ အရမ်းမြတ်ပါတယ်။ အဲဒီခွေထုတ်တာဟာ အဲဒီတုန်းက ၃၆သိန်းကုန်ပါတယ်။ ခွေ ၈ဝဝဝကျော်ဖြန့်ခဲ့တာ မလောက်လို့ ထပ်ပြီးလုပ်လိုက်တဲ့အခါ ၁ဝဝဝဝကျော်ဖြစ်သွားခဲ့တယ်။ ကိုယ်တို့ဆီကထုတ်လိုက်တာက ၁ဝဝဝဝကျော် နောက်ထပ်ကူးပြီးတော့ ပြန့်သွားတာတွေအများကြီးပေါ့နော်။ အဲဒီခွေတွေက မြတ်တယ်ပေါ့နော်။ “တော်ဝင်ရက္ခ”ခွေလောက်အထိ မြတ်ခဲ့တယ်ပေါ့နော်။ “အချစ်အိမ်မက်”စီးရီးတို့ဆိုရင်တော့ လုံးဝမမြတ်တော့ပါဘူး။ “SKYNET”ခေတ် ဖြစ်နေပါပြီ။ ရိုက်ကူးရေးအပေါ်မှာ မူတည်ပြီးကိုယ်တို့က ရိုက်ကူးရေးအတွက် ငွေအားအများကြီးနဲ့ ထုတ်နိုင်တဲ့သူဆိုလို့ရှိရင်တော့ ကုန်ရင်ကုန်သလို အများကြီးထည့်လို့ရပါတယ်။ သိန်း၁ဝဝလောက် အကုန်ခံမယ်လို့ ခန့်မှန်းထားရင် သရုပ်ဆောင်တွေလည်း အများကြီး ပိုက်ဆံတွေကို ဖြုန်းလိုက်လို့ရတယ်။ ဒီလိုလုပ်လိုက်ရင်လည်း ပြန်ရလာဖို့ဆိုတာမရှိတော့ပါဘူး။ အဲဒီခွေက သိန်း၆ဝကျော်ကုန်တယ်။ ရလာတာက ၃ဝလောက်ပဲရှိတယ်။ နယ်တွေကိုလည်း သိပ်ပြီးမဖြန့်လိုက်ရဘူး။ ဖြန့်လိုက်တာက ပုဏ္ဏားကျွန်း၊ ယိုးတရုပ်၊ ကျောက်တော်၊ မြောက်ဦး အဲလောက်ပဲဖြန့်လိုက်ပါတယ်။ အဲတာတောင်မှ ကိုယ့်ကားနဲ့ကိုယ် သွားပြီးတော့ ကိုယ့်မိသားစုတွေနဲ့အတူ ဖြန့်ခဲ့တာပါ။ သိန်း ၃ဝရလိုက်ပြီး နောက် သိန်း ၃ဝကျော်က ရှုံးသွားတယ်။ ရှုံးရင်လည်း ရှုံးကိုယ့်ခွေလေးတွေကို သူများတွေနားထောင်ဖို့အတွက် နောက်ပိုင်းတွေမှာ လက်ဆောင်ပေးတယ်။ “အာရီယာန်”ခန်းမမှာ လက်ထပ်ပွဲလုပ်တုန်းကလည်း ခိုင်ရဲ့ခွေလေးတွေကို ကြည့်ရအောင်ဆိုပြီး လက်ဆောင်ပေးခဲ့တယ်။ အခုအနေအထားအရ ဆိုရင်တော့ အရှုံးခံပြီးထုတ်မှ ရမယ်။ အခုခွေထုတ်မယ်ဆိုရင် အဲလိုပေါ့နော်။ ပြီးတော့ ကူးခွေကလည်း ပြန့်တယ်။ မူရင်းခွေကိုဝယ်ပြီတော့ ကူးလိုက်ကြတယ်။ ရခိုင်မှာ ဆင်ဆာမတင်တဲ့ခွေတွေက များတယ်ဆိုတော့ အဲတာကိုဘယ်အချိန်လုပ်နိုင်ပါတော့မလဲ။ မလုပ်ကြတော့ပါဘူး။ ဆင်ဆာလုပ်ထာတဲ့ခွေတွေတောင်မှ လိုက်ပြီးမကြည့်နိုင်ကြတော့ပါဘူး။ အဲတာကြောင့်မို့လို့ ခွေတွေကို အားကိုးလို့မရဘူး။ အခုက စက်ပေါင်းမျိုးစုံပေါ်နေတယ်။ အင်တာနက်ခေတ်ဖြစ်နေတယ်ဆိုတော့ VCDစက်တွေက အကုန်လုံးပျက်နေကြပြီ။ ခွေသွားရောင်းလို့လာတဲ့ကလေးတွေက ပြောကြတယ်။ အိမ်မာ Skynet စက်ပဲရှိတယ်။ VCDစက်က ပျက်သွားပြီ်။ အဲလိုမျိုးပေါ့။  အခုက ခေတ်ရေစီးကြောင်း အလိုက ်ပြောင်းလဲပြီးတော့ VCD/DVD ခေတ်မဟုတ်တော့ဘူးပေါ့။ အခုက ထုတ်ရင်အရှုံး ထုတ်ရင် အင်တာနက်ပေါ်တင်မယ်။ အင်တာနက်မှာတင်လို့ ပေါက်သွားရင်တော့ နာမည်ကြီးမယ်။ နာမည်ကြီးမယ့်ဟာကိုပဲ ကိုယ့်ပိုက်ဆံနဲ့ ရင်းပြီးဝယ်ရမယ်။ အဲလိုပဲ လုပ်ရတော့မယ်။ အဆိုတော် တစ်ယောက် အနေနဲ့တော့ နောက်ခံရှိဖို့လိုမယ်။ နာမည်ကြီးချင်ရင် အဲလိုမျိုးပိုက်ဆံရင်းရင်တော့ ကောင်းတာပေါ့။

မေး- အခုတက်သစ်စ အဆိုတော်လေးတွေက ဘယ်လိုထုတ်နေကြပါသလဲ။
ဖြေ- တက်သစ်စ ကလေးတွေလည်း ထုတ်နေကြတယ်ပေါ့နော်။ ဘယ်လိုအခြေနေရှိလဲဆိုတာ မမေးဖြစ်ဘူးပေါ့နော်။ စစ်တွေမှာလည်း နောက်ပိုင်းထုတ်လာတဲ့ခွေတွေက အရင်ကလို နားထောင်တဲ့ သူတွေသိပ်ပြီးမကြားရတော့ဘူပေါ့နော်။ အရင်တုန်းက ဆိုရင် အရမ်းကြားရတာပေါ့နော်။ နောက်ပိုင်း ခွေတွေကို သိပ်ပြီးမကြားရတာက စပီကာမထုတ်ရတာတစ်မျိုး၊ တိုင်းရေးပြည်ရေးအခြေအနေက တစ်မျိုး၊ ဆောင်းသမားတွေက အဓိကပေါ့နော်။ ဆောင်းသမားတွေကလည်း အသစ်ထွက်တဲ့ခွေတွေကို ဖွင့်ပေးမှ ကြားရမှာပေါ့နော်။ အခုက ဆောင်းနဲ့ ပတ်ပြီးဖွင့်လို့လည်း သိပ်အဆင်မပြေဘူးပေါ့နော်။ အဲတာကြောင့်မို့လို့ သီချင်းသံတွေက နည်းလာပါတယ်။ အဲလိုနည်းလာတဲ့အတွက်ကြောင့် လူတွေက musicနဲ့ဝေးလာတယ်။ လူတွေမှာက စားဝတ်နေရေးအခြေအနေကိုပဲ အဓိက ထားနေရတဲ့အချိန်ဖြစ်တဲ့ အတွက်ကြောင့် music ပိုင်းနဲ့ပတ်သက်လို့ရှိရင် အခုအနေအထားအရဆိုရင် နည်းလာပါတယ်။
 
မေး- အနုပညာလောကကို ဖြတ်သန်းလာတဲ့တစ်လျှောက်မှာ မှတ်မှတ်ရရ ရင်ခုန်စရာလေးတွေရှိခဲ့ပါသလား။
ဖြေ- အမှတ်ရစရာ လေးတွေက အများကြီးပါပဲ။ သက်တမ်း ဆိုလည်းနည်းတာမျိုးမဟုတ်ဘူး။  မခိုင်က အသက် ၇နှစ်ကတည်းကဆိုလာတာ။ အခုက အသက်၃၂နှစ်ရှိပြီ။ သီချင်းဆိုတဲ့ အနုပညာသက်တမ်း က ၂၆နှစ်ရှိပါပြီ။ အဆိုတော်ဖြစ်တဲ့အချိန်ဆိုရင် ၇တန်း အဆိုတော်သက်တမ်း ၂ဝရှိပြီ။ ဒီအတွင်းမှာ အမှတ်တရ တွေကအများကြီးပါပဲ။ ကလေးဘဝတုန်းက ဆိုလို့ရှိရင်တော့ “တေးသံသာ”တီးဝိုင်းနဲ့တူတူ အလှပြယာဉ်ထက်က သီချင်းဆိုရတယ်။ အလှပြယာဉ်ဆိုရင် ရေမလောင်းရဘူးပေါနော်။ တစ်ယောက်ပြီး တစ်ယောက်ဆိုရတာပေါ့နော်။ အဲဒီတီးဝိုင်းနဲ့ တူတူ ခိုင်က အသက် ၇နှစ် ၈နှစ် ၉နှစ် ၁ဝနှစ် ကတည်းက အလှပြယာဉ်ထက်ကဆိုတဲ့အခါ အလှပြယာဉ်က မြင့်နေတော့ အောက်ကပရိတ်သတ်တွေက မမြင်ရဘူးပေါ့နော်။ ဒီလိုဆိုတော့ ဆရာစစ်တွေညိုသန့်က ဆောင်း (Sound)ပေါ်တင်ပေးပြီးတော့ ပြုတ်မကျအောင်လို့ ခြေထောက်လေးကို ကိုင်ပေးထားတယ်။ အဲတာလေးက အမှတ်တရလေးပေါ့နော်။ အဲလိုအလှပြယာဉ်နဲ့ အရမ်းပျော်ဖို့ကောင်းတာပေါ့နော်။ အလှပြယာဉ်မှာတော့ “တေးသံသာ”တီးဝိုင်း ၊ “ဧဒင်”တီးဝိုင်း ဆိုပြီးတော့ ၂မျိုးရှိတာပေါ့နော်။ ကိုယ်ကတော့ “တေးသံသာ”တီးဝိုင်းကပေါ့နော်။ “ဧဒင်”တီးဝိုင်းအဖွဲ့မှာလည်း အလှပြယာဉ်တစ်စီးပါတယ်ပေါ့နော်။ ပြိုင်ပွဲဝင်နေကြရင်လည်း ခိုင်ကငယ်တော့ ဧဒင်က မမတွေကို အရမ်းခင်တာပေါ့နော်။ သူတို့ဆိုရင်လည်း အားပေးတယ်။ တေးသံသာက မမတွေ ဆိုရင်လည်း အားပေးတယ်။ ဒီလိုပဲ ငယ်ငယ်တုန်းက အရမ်းပျော်ဖို့ကောင်းတယ်။ နောက်ပိုင်းမှာ ရှိုးပွဲတွေသွားတယ်။ မင်းပြား ရာမောင်တံထားဖွင့်ပွဲတွေမှာ သွားပြီးဆိုကြပါတယ်။ အဆိုတော် စမဖြစ်ခင် “တေးသံသာ”တီးဝိုင်းနဲ့ သီချင်းတွေအများကြီးလိုက်ဆိုဖြစ်ခဲ့ပါသေးတယ်။ ၇နှစ်သမီး ကတည်းက ဦးဥတ္တမ ပန်းခြံမှာ ကျင်းပလုပ်တဲ့ “ပဒေသာကပွဲ”မှာ “ဇီသျှင်ခိုးမေ ဝတ်ပြုမေ”ဆိုတဲ့ သီချင်းကို သီဆိုခဲ့ပါတယ်။ အဲဒီသီချင်းမှာ ကိုယ့်နာမည်နဲ့တူတဲ့ စာသား “ညာစိမ်းနှင်းတံ ရွယ်တူထိုး ပန်းအိုးဘုရားတင်” ပါလို့ အဖေက ဒီသီချင်းလေးကို ရွေးပေးခဲ့ပါတယ်။ အဲဒီသီချင်းလေးဆိုပြီး ခိုင်ကို ပုခက်လွဲသိပ်ခဲ့တဲ့ သီချင်းမို့လို့ ဖေဖေက ဆိုလို့ပြောတော့ ခိုင်ဆိုခဲ့ပါတယ်။ ဂီတမှူးကတော့ ဆရာသန်းထိုက်ပါ။

မေး- မခိုင်ဘဝမှာ အခက်ခဲဆုံး အချိန်ကဘာလဲ။
ဖြေ- ပညာရေးမှာတော့ သိပ်ပြီးမခက်ခဲ ခဲ့ပါဘူး။ ဒါပေမဲ့ ၁ဝတန်းတုန်းက ဂုဏ်ထူးပါချင်ခဲ့တယ်။ ကျန်းမာရေးအခြေကြောင့် ကိုယ်ကလည်း အတန်းတိုင်းမှာ ဆုမလွတ်ခဲ့ဖူးဘူးဆိုတော့ အဖေအမေဖြစ်စေချင်တဲ့ ဆန္ဒကို ဖြစ်အောင်မလုပ်နိုင်ခဲ့လို့ ၁ဝတန်းနှစ်တုန်းကတော့ ကိုယ့်ကိုကိုယ် အားမလို အားမရဖြစ်ခဲ့တယ်။ အနုပညာနဲ့ ပတ်သက်ပြီးတော့ အခက်အခဲကတော့ မရှိပါဘူး။ ခိုင်ရဲ့ နောက်မှာ အဖေနဲ့အမေက ပံ့ပိုးမှုကောင်းနေတော့ ရှိုးပွဲတွေဆိုလည်း ဖေဖေနဲ့မေမေလိုက်ဖြစ်နေတော့ အခက်အခဲမရှိပါဘူး။ မေမေနေမကောင်းဖြစ်သွားတော့ တပည့်မလေးတွေနဲ့သွားဖြစ်တဲ့ ပွဲလေးတွေရှိတယ်။ အဖော်မပါဘဲ သွားလို့တော့ အဆင်မပြေဘူးလေ။ နယ်ကိုသွားရင်တော့ အခက်အခဲတွေရှိပါတယ်။ အဆိုစဖြစ်တုန်းကဆိုရင် ဘယ်နယ်ကပဲ ခေါ်ခေါ်သွားတယ်။ ကိုယ့်ရခိုင်လူမျိုးတွေအတွက်ဆိုရင် ချောင်းလေးကပဲ သွားရသွားရ နေကောင်းသရွေ့တော့ သွားလို့ အဖေကပြောတယ်။ အဖေက ပွဲငြင်းတာ မကြိုက်ဘူး။ တစ်ပွဲကိုမှ မငြင်းရဘူး။ ခိုင်က မသွားချင်ဘူး။ နေမကောင်း ဗိုက်နည်းနည်းအောင့်နေတယ် ဆိုရင်တောင်မှ ဖေဖေက ကိုယ့်ရခိုင်လူမျိုးတွေအတွက်ဆိုရင် ဆိုရမယ်လို့ပြောတယ်။ ကိုယ်က ရခိုင်လူမျိုးအတွက် ရပ်တည်နေတဲ့လူတစ်ယောက် ရခိုင်လူမျိုးတွေအတွက်ဆိုရင် လုပ်ပေးရမယ် ဆိုတော့  ငယ်ငယ်ကတည်းက ပွဲတိုင်းကို သွားဖြစ်တယ်။ ရေကြီး မိုးကြီး လှိုင်းကြီးနေရင်လည်း သွားဖြစ်တယ်။ အသက်ကိုတောင်မှ ပဓာနမထားဘဲ သွားကြတယ်။ တစ်ခါကသွားတဲ့ မှတ်မှတ်ရရ ပွဲတစ်ခုသွားတုန်း ကအဖေနဲ့အမေလည်းပါတယ်။ ချောင်းလေးထဲမှာ ဘုတ်စီးပြီး သွားကြရတယ်။ ဒီရေကျသွားတော့ ကမ်းနားကို ကပ်လို့မရတော့ဘူး။ ရွံ့လည်း ပေါင်နားလောက် ထိရတယ်။ ဒီကနေ ဆင်းပြီးသွားရမယ်လို့ပြောတယ်။ ပြန်လှည့်လို့လည်း မရတော့ဘူး။ အဲဒီတုန်းက အဆိုတော်တွေလည်း အများကြီးပါတယ်။ အဆိုတော် မိန်းကလေးတွေလည်း စုံသလောက်ပါတယ်။ ဘယ်တတ်နိုင်မလဲ ဆင်းရတော့မယ်။ ဝါသနာအရ သီချင်းဆိုနေတာ။ ဆရာတော်တစ်ပါးခေါ်ထားတဲ့ပွဲတော့ ဆင်းကြတယ်ပေါ့။ ရွံ့တွေက ပေါင်နားလောက်ထိရောက်တော့ လူကစက်ရုပ်လိုသွားရတယ်။ သွားနေတဲ့ ကြားထဲက အမေက လဲကျသွားတယ်။ တစ်ယောက်လက် တစ်ယောက်ကိုင်ပြီးတော့ သွားကြရတယ်။ ရွံ့ပေါင်နားထိ ရောက်တဲ့နေရာမှာ တစ်ခါမှ မသွားဖူးတော့ အမှတ်တရတစ်ခုတော့ ဖြစ်သွားတာပေါ့။ အများဆုံး ခြေမျက်စိနားထိပဲ သွားဖူးတာဆိုတော့ နောက်ထပ်အပြန်မှာ လှိုင်းတစ်လုံး ဘုတ်ကို ကျော်တက်သွားသလို တွေ့လိုက်တာပေါ့။ လှိုင်းကကြမ်းတော့ အကုန်လုံးက သေကြတော့မယ်လို့ ထင်နေကြတာ။ ဒီလောက်ကြမ်းတဲ့ရေလမ်းခရီးကိုတောင်မှ ဖြတ်ပြီးတော့ ဆိုခဲ့တာပေါ့နော်။ အဲတာတွေက ကိုယ့်ရခိုင်လူမျိုးတွေအတွက် လုပ်ခဲ့ကြတာပေါ့နော်။ အဲဒီဘုတ်က မောင်တောကနေ ဘင်္ဂလာဒေ့ရှ်ကို သွားတဲ့ ဘုတ်အကြီးစားမိုလို့ လှိုင်းဒဏ်ခံနိုင်လိုက်တာပေါ့နော်။ ဘုတ်က လှိုင်းဒဏ်ကြောင့် လူးနေတော့ သေရတော့မယ်ဆိုပြီး ငိုချင်စိတ်တွေပေါက်သွားခဲ့တယ်။ ဘုရားတရား အာရုံမှာ မှတ်ထားကြတာပေါ့။ အဲတာလေးတွေက အမှတ်တရလေးတွေဖြစ်တာပေါ့နော်။

မေး- အနုပညာလောကထဲမှာ ကိုယ်ကိုတိုင်ပြောချင်ပေမယ့် မပြောဖြစ်ခဲ့တာလေးတွေကို ဒီနေရာက ပြောခွင့်ရမယ်ဆိုရင် ဘာပြောချင်ပါသလဲ။
ဖြေ- ပြောရမယ်ဆိုရင်တော့ သည်းခံခြင်းနဲ့ နေလိုက်တာကတော့ အကောင်းဆုံးပါပဲ။ လူတစ်ယောက် အောင်မြင်လာသည်နှင့်အမျှ ပရိတ်သတ်တွေကတော့ ခိုင်ကိုချစ်တဲ့သူတွေများပါတယ်။ ပရိတ်သတ်ထဲက ပရိတ်တွေနည်းနည်း ရှိကြမယ်ထင်ပါတယ်။ ကိုယ့်ကို ဘယ်လောက်ပဲ မချစ်ဘဲနေပါစေ မနာလို လို့မုန်းနေတဲ့သူတွေကို မေတ္တာပို့ပါမယ်။ လုံးဝ တိုက်ခိုက်နေတဲ့သူတွေကိုလည်း မေတ္တာပို့ပါတယ်။ ကိုယ်ကအဲဒီလူတွေနဲ့ လိုက်ပြီးဖြစ်လိုက်ရင်လည်း  ကိုယ်ပဲ သိက္ခာကျတယ်။ အဲဒါကြောင့် သူတို့တွေကို ခွင့်လွတ်လိုက်ပါတယ်။ အားလုံးကို ဘုရားတရားနဲ့ပဲ အနိုင်ယူလိုက်ပါတယ်။

မေး- နောက်ဆုံး မခိုင်ရဲ့ ချစ်ပရိသတ်တွေကို ဘာပြောချင်လဲ။
ဖြေ- မခိုင်ကို အသက် ၇နှစ် ကတည်းကအာပေးကြတဲ့ ရခိုင်တေးချစ် ပရိတ်တွေအားလုံးကို အရမ်းလေးစားပါတယ်။ အရမ်းချစ်ပါတယ်။ အမြဲတမ်းဂါဝရပြုပြီးတော့ အမြဲချစ်သွားပါမယ်။ ဆက်လက်ပြီးတော့ ခိုင်မှာထွက်ရှိလာမယ့် သီချင်းတွေကို အားပေးကြပါနော်။ ကျေးဇူးအများကြီးတင်ပါတယ်။

(ပြီး)

-----------------------------------

Share: