ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

သျှင်ဥတ္တမ ဟု ခေါ်သည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.2k

ရက္ခ

    “ ဘုရင်သမ္မတ အလီလီစနစ် အပြိုင်ပြိုင်လှစ်ချွေလို့စွန်းခဲ့တဲ့။ ဓညဝတီပြည်တော်ခရိုင်စစ်တွေ တွန်းဆီ အား စနစ်အခြေညွှန်းရမှာဖြင့် ပေါ်ထွန်းတမင်္ဂလာအဖြစ် ထွန်းတောက်ပါရဲ့ မော်ကွန်းတင်စရာ။  ကမ္ဘာကို တဖြေး ဖြေးလျှောက်ကာလျှောက်ကာ ကြွပါလို့။ မြန်မာတွေ အောက်မှာ နောက်မှာ မကျအောင်တဲ့။ အလျှောက်သဘာ ဝဓမ္မတာ နှလုံးလှသို့ သဘောသွေးနှင့် ရောက်ရာဘာသာ ဆုံးရလို့တော့ပေတဲ့။ ………။”   
                သခင်ကိုယ်တော်မှိုင်း (ဦးဥတ္တမ သို့ လျှောက်ထားရန် လေးချိုးကြီးမှ )
(တစ်)
    ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ-၂၈ ရက်နေ့က ဖြစ်သည်။ ရခိုင်တိုင်း၊ စစ်တွေမြိုု့၊ ရူပရပ်မြောက်ရပ်ကွက်၊ ချောင်းနားတန်းလမ်းနှင့် ငပိန်လမ်းထောင့်၌နေထိုင်ကြသော ဦးမြသာနှင့် ဒေါ်အောင်ကြွဖြူတို့တွင် သားငယ် လေးတစ်ဦး မီးရှူးသန့်စင်ဖွားမြင်ခဲ့သည်။ ထိုကလေးငယ်၏ အမည်ကို မောင်ပေါ်ထွန်းအောင် ဟု ကင်ပွန်း တပ်ကြသည်။ စင်စစ် မောင်ပေါ်ထွန်းအောင်သည် သာမန်မိသားစုကလေးတစ်စုနှင့် သာမန်အရပ်ဒေသတစ်ခုမှ  ဆင်းသက်လာသူတစ်ဦးပင် ဖြစ်၏။ သို့သော် ထိုမောင်ပေါ်ထွန်းအောင်ကလေးသည် နောင်တချိန်တွင် ကိုလို နီလက်အောက်သို့ကျရောက်နေရသော မြန်မာတစ်မျိုးသားလုံးကို သူ့ကျွန်ဘဝမှလွတ်မြောက်စေရန် အစော ဆုံး ရှေ့ဆောင်လမ်းပြခဲ့သူ၊ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံရေးအကျဉ်းသား ရဟန်းတော်၊ မြန်မာပြည် ဖွားညီနောင်တိုင်းရင်းသားအားလုံး၏ ပြည်ထောင်စုစိတ်ဓါတ်ကို အစောဆုံး မျိုးစေ့ချပေးခဲ့သူ၊ အာရှနှင့် ကမ္ဘာ့ နိုင်ငံများစွာမှ ဗဟုသုတများကို မြန်မာပြည်သူပြည်သားများထံ ပြန်လည်မျှဝေပေးခဲ့သူ၊ ကမ္ဘာ့ခေါင်းဆောင်များ ၏ လေးစားဦးထိုက်ရသူ၊ ဗုဒ္ဓဘာသာ၏အကျိုးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အကျိုးအတွက် အဆုံးစွန် အထိ ပေးဆပ်သွားခဲ့သူ ဆရာတော် ဦးဥတ္တမ အဖြစ် သမိုင်းတွင်ခဲ့သည်။      
(နှစ်)
    ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ- ၉ ရက်နေ့သည် ရခိုင်အမျိုးသား မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင်၊ အာရှနေဝန်းဆရာတော်အသျှင် ဦးဥတ္တမ ပျံလွန်တော်မူခြင်း နှစ်(၈ဝ) ပြည့်နေ့ပင် ဖြစ်သည်။ ပျံလွန်တော်မူခြင်း နှစ်(၈ဝ) ပြည့်ခဲ့သော်လည်း ဆရာတော် ဦးဥတ္တမ၏ သမိုင်းဝင်ခဲ့သောဂုဏ်သတင်းများက လက်ရှိအချိန်တိုင် အောင် လန်းဆန်းမွှေးပျံ့နေဆဲပင်ဖြစ်၏။
    ဆရာတော်ဦးဥတ္တမ ၏ဘဝဇာတ်ကြောင်းသည် အနိမ့်အမြင့် အတက်အကျပေါင်းစုံဖြင့် လူသားဆန်လှ သည်။ ဆရာတော်သည် ငယ်စဉ်အချိန်မှပင် ပညာဗဟုသုတကို လိုလားသူတစ်ဦးဖြစ်သည်။ ပညာဗဟုသုတနှင့် ပတ်သက်လျှင် အလွန် လောဘကြီးသူဟု ဆိုနိုင်သည်။ နောင်တချိန်တွင် ဦးဥတ္တမ ဖြစ်လာမည့် မောင်ပေါ်ထွန်း အောင်သည် အသက်(၉) နှစ်ခန့်အရွယ်တွင် အင်္ဂလိပ်စာသင်ကြားလိုသဖြင့် မိဘများထံ ခွင့်တောင်းခဲ့ဖူးသည်။. မိဘများက ခွင့်မပြုသဖြင့် ညီဖြစ်သူ မောင်ကျော်ထွန်းအောင်နှင့်အတူ နေအိမ်မှ (၁၅) ရက်ခန့်ထွက်ပြေးကာ အင်္ဂလိပ်စာသင်ကြားခွင့်အတွက် ဆန္ဒပြခဲ့သည်။ သည်နောက်တွင် မိဘများက လက်လျှော့ကာ မောင်ပေါ်ထွန်း အောင် ကို အင်္ဂလိပ်စာ သင်ကြားခွင့်ပေးလိုက်ရသည်။ မောင်ပေါ်ထွန်းအောင် (၁၁) နှစ်သားခန့်အရွယ်၊ ၁၉၈ဝ ခုနှစ်တွင် ရခိုင်တိုင်းမင်းကြီးကိုယ်တိုင်ချီးမြှင့်ပေးသော ပညာရည်ချွန်ဆုပေးပွဲတွင် ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့ သည်။ သို့သော် မောင်ပေါ်ထွန်းအောင်က ဒုတိယဆုလက်မှတ်ကို မနှစ်မြို့သဖြင့် ကစ္ဆပနဒီမြစ်ပြင်သို့သွားကာ လွှင့်ချပစ်ခဲ့သည်။ သူ၏ ဘဝတွင် ပထမဆုကိုသာတပ်မက်စွာလိုလားကြောင်းဆိုသည်။ မောင်ပေါ်ထွန်းအောင် ငယ်စဉ်က ခရစ္စယျာန်ဘုန်းတော်ကြီးတစ်ပါးက ကာလကတ္တားသို့ခေါ်ယူကာ ပညာသင်ပေးလိုသဖြင့် မိဘများ ထံခွင့်တောင်းခဲ့ဖူးသော်လည်း မိဘများက ခွင့်မပြုခဲ့ချေ။ ထိုစဉ်အချိန်မှစတင်ကာ မောင်ပေါ် ထွန်းအောင်သည် တနေ့နေ့တွင် ကာလကတ္တားသို့ သွားရမည်ဟု စိတ်ထဲတွင် တေးမှတ်ထားခဲ့၏။ မောင်ပေါ်ထွန်းအောင် အ သက် (၁၅) နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေပြုပေးခဲ့သည်။ ထိုစဉ်အချိန်မှစတင်ကာ အရှင်ဥတ္တမ ဘွဲ့ တော်ကို ရရှိခဲ့သည်။
(သုံး)
    ဆရာတော် ဦးဥတ္တမအကြောင်းကို သူ့ခေတ်သူ့အခါက နယ်ပယ်အသီးသီးမှ မြန်မာ့အထင်ကရ ပုဂ္ဂိုလ် များ၊ သတင်းစာ ဂျာနယ်နှင့် စာစောင်များက မှတ်တမ်းတင်ခဲ့ကြသည်များကို တွေ့ရ၏။ ၁၉၂ဝ ခုနှစ်၊ မတ်လ-၂၃ ရက်နေ့တွင် ဒေးဒရဲမြို့၊ ဆုကလပ်တရားပွဲ၌ လယ်ခွန်မြေခွန် မပေးရေးဟောပြောချက်များနှင့် ၁၉၂ဝ ခုနှစ်၊ မတ်လ-၃ဝ ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်တို့၌ ဟောပြောခဲ့သော တရားပွဲများကြောင့် ဆရာတော် ဦးဥတ္တ မကို ထောင်ဒဏ်တစ်နှစ်နှင့် ၈ လ ချမှတ်ခံခဲ့ရသည်။ ဆရာတော်ဦးဥတ္တမအကျဉ်းစံရခြင်းနှင့်ပတ်သက်၍ ၁၉၂၁ ခုနှစ်၊ ဇူလိုင်လ-၁၃ ရက်နေ့ထုတ် သူရိယသတင်းစာတွင် သရော်ဆောင်းပါးတစ်ပုဒ်ပါလာခဲ့သည်။ ထိုဆောင်းပါး သည် ရွှေတိဂုံစေတီကုန်းတော်ပေါ်တွင် ဆူးလေနတ်ကြီး၊ မှော်ဘီနတ်ကြီးနှင့် ဗိုလ်တထောင်နတ်ကြီး သုံးဦး တို့ဆုံတွေ့ကာ ထွေရာလေးပါးစကားပြောကြဟန်ုရေးသားထားသော သရော်ဆောင်းပါး ဖြစ်၏။ ဆောင်းပါးအ ဖွင့်တွင် ဆူးလေနတ်ကြီးက “ ဘုရား… ဘုရား… အရှင်ဦးဥတ္တမကိုယ်တော်အပေါ်မှာ တိုင်းပြည်က မေတ္တာရှိ ကြောင်း အင်မတန်ပင် ရှားပါပေတယ်။ တနင်္လာနေ့က တစ်ပြည်လုံးဘဲ အလုပ်ရပ်ကြတာ များသဗျ။ ရန်ကုန် မှာလေ အတော်ပင် ထင်ထင်ရှားရှား ဖြစ်ပေတယ်။ ဒါတောင် ရန်ကုန်တိုင်းဆိုတဲ့ အင်္ဂလိပ်သတင်းစာက မလိမ့်တ ပတ်နဲ့ ဟန်မကျသလို ရေးသေးတယ်….” ဟု အပြောကလေးဖြင့် ချီထားပြီး နတ်ကြီးသုံးပါးလုံး ဦးဥတ္တမပေါ် တွင် အပြန်အလှန် ချီးမွှန်းခန်းဖွင့်ကြပုံနှင့် နိုင်ငံရေးသရော်ထားပုံ ရေးသားထားသည်။
    သခင်ကိုယ်တော်မှိုင်းကလည်း ဆရာတော် ဦးဥတ္တမကို တမ်းတဂုဏ်ပြုသော လေးချိုးကြီးထဲတွင် “ အင်္ဂလိပ်မင်းများသည်  ကျူပ်တို့ကိုးကွယ်တဲ့ သာသနာဝန်ထမ်း ရဟန်းတော် အရှင်ဥိးဥတ္တမကို ဒုက္ခထောင်ဒဏ် ပေးတာ ရှေ့ခါ ကျုပ်တို့မြန်မာပြည် အင်းဝနန်းကို ရှမ်းရှင်ဘုရင်တည်းဟူသော ဒါးပြသူခိုးတို့လွှမ်းမိုးအုပ်ချုပ်စဉ် အရှင်သံဃာတော်မြတ်တွေကို သတ်တောင်ပစ်ဖူးသေးတာနဲ့နှိုင်းကြည့်တော့ မချိပါသော်လည်း ခံသာသေးရဲ့လို့ တွေးထင်ယုံကြည်ဘွယ်လည်း ရှိ၏ ” ဟု ရေးဖွဲ့ထား၏၊ ဆရာတော်ဦးဥတ္တမအပေါ်တွင် နယ်ပယ်ပေါင်းစုံပြည်သူ ပြည်သားများမှ တန်ဖိုးထားချစ်မြတ်နိုးကြခြင်းကို အတိုင်းသားတွေ့မြင်ရလေသည်။
(လေး)
    ၂၄.၁ဝ.၁၉၃၄ ခုနှစ်တွင်ပုံနှိပ်ခဲ့သည်ဟုဆိုထားသော ဆောင်းပါးတစ်ပုဒ်ထဲတွင် ဆရာတော် ဦးဥတ္တမ ကို အင်္ဂလိပ်အစိုးရတို့၏ “ရန်သူတော်အမှတ်-၃၇” ဟု မှတ်တမ်းတင်ထားကြောင်း တွေ့ရှိရသည်။ ထိုမှတ်တမ်း ထဲတွင် ဆရာတော်၏ ရုပ်ရည်ရူပကာ၊ အပြူုအမူ အပြောအဆို အနေအထိုင်နှင့် စိတ်ဓါတ်ခံယူချက်စသည်တို့ ကို အတိုကောက် ဖော်ပြထားသည်။ ထိုရန်သူတော်အမှတ် -၃၇ ထဲတွင် မိဘအမည်၊ မွေးသက္ကရာဇ် တို့ပါရှိပြီး လက်ရှိနေရပ်နေရာတွင်- ကာလကတ္တားမြို့၊ ၄ အေ၊၊ ကောလိပ်စကွဲ(College Square)၊ မဟာဗောဓိအသင်း  (Maha Bodhi Society)  ဟု ဖော်ပြသည်။ အလုပ်အကိုင်ကို ဘုန်းကြီး၊ ဝါဒဖြန့်ချိရေးသမား ဟုဖော်ပြ၏။
အရပ် အမောင်းကို ၅ ပေ နှင့် ၄-လက်မ။ ကိုယ်လုံးကိုယ်ထည်-တောင့်တင်း။ ဆံပင်- ပြောင်အောင် ရိတ်ထား။ မျက်ခုံးများ- ပါး၍ တောက်သည်။ နဖူး- ကျယ်၍ မြင့်သည်။ မျက်လုံး-နက်ပြောင်သည်။ မျက်စိအမြင် မျက်မှန်တပ်ရသည်။ နှာခေါင်း- ကြီးသည်။ ပါးစပ်- စေ့စေ့ ပိတ်သည်။ လက်ချောင်းများ- တို၍ တုတ်သည်။ နားရွက်များ- အနေတော်၊ ဦးခေါင်းနှင့် ကပ်နေသည်၊ နားပေါက် ဖောက်ထားသည်။ မျက်နှာ- ဝိုင်းသည်။ အ သားအရောင်- အဝါရောင်ဖျော့ဖျော့။ အမှတ်အသားများ- အပေါ်နှုတ်ခမ်းလက်ဝဲဖက်တွင် ဒါးပြတ်ရာစောင်း စောင်း တစ်ခုရှိသည်။ ကုပ်ပိုးတွင် မှည့်တစ်လုံး ရှိသည်။ နဖူး၏ လက်ဝဲဖက်တွင် အမာရွတ်တစ်ခု ရှိသည် ုဟု ဖော်ပြထားသည်။ ဆရာတော်၏ ထူးခြားချက်ကို ဖော်ပြရာတွင် မတ်မတ် လမ်းလျှောက်သည်။ စကားပြောလျှင် ရခိုင်သံဝဲ၍ ကျယ်ကျယ်နှင့် မြန်မြန်ပြောသည်။ အိန္ဒိယအမျိုးသားတစ်ဦးကဲ့သို့ ပြုံးရွှင်သောအမူအရာရှိပြီး ပွဲကျ အောင် စကားပြောတတ်သူု ဟုဖော်ပြပြန်သည်။ အထူးခြားဆုံးအချက်မှာ ဆရာတော်ဦးဥတ္တမ၏ မိတ်ဆွေများ ဆိုသောနေရာတွင် မြန်မာတစ်ပြည်လုံးရှိ ထင်ရှားသော နိုင်ငံရေးသမားများဟု ဖော်ပြထားခြင်းပင် ဖြစ်သည်။
(ငါး)
    ဆရာတော် ဦးဥတ္တမ သည် သူ၏ ရှင်သန်ခဲ့ရာဘဝတလျှောက်လုံးတွင် ပညာဗဟုသုတရှာမှီးခြင်းအ လုပ်၊ သာသနာပြုခြင်းအလုပ်နှင့် အင်္ဂလိပ်တို့၏ ဖိနှိပ်ခံကိုလိုနီကျွန်ဘဝမှ မြန်မာတစ်ပြည်လုံး လွတ်မြောက် ရေးအတွက်ကိုသာ အစွမ်းကုန် ဆောင်ရွက်သွားခဲ့သူ ဖြစ်သည်။ ဆရာတော် ဦးဥတ္တမသည် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်းများစွာ(အနည်းဆုံး-နိုင်ငံပေါင်း-၃ဝ ခန့်) သို့ လှည့်လည်ရောက်ရှိခဲ့သူဖြစ်ပြီး အင်္ဂလိပ်၊ အီတလီ၊ ပြင်သစ်၊ ပါဌိ၊ သင်္ကရိုက်၊ တိဗက်၊ ဟိန္ဒူ၊ ဂျပန်၊ နာဂရီနှင့် ဘင်္ဂလီစသော ဘာသာစကား (၁ဝ) မျိုးခန့်ကို ကျွမ်း ကျင်သည်။ ၁၉၂ဝ ခုနှစ်တွင် ကာလကတ္တားမြို့ရှိ၊ အမျိုးသားတက္ကသိုလ်တွင် အဘိဓမ္မာပါမောက္ခ၊ ၁၉၃၅ ခုနှစ် တွင် အိန္ဒိနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူမဟာဆဗ္ဗအသင်းဥက္ကဌ၊ ၁၉ဝ၇-၁၉ဝ၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ တိုကျို ဗုဒ္ဓတက္က သိုလ်၏ အဘိဓမ္မာပါမေက္ခ စသော အထင်ကရ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ကမ္ဘာ့နိုင်ငံတစ်နိုင်ငံသို့ရောက်တိုင်းတွင် ရောက်ရှိရာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုအကျင့်စရိုက် စသည်တို့ကို ခရီးသွားစာပေ (ပေးစာ) များ ရေးသားခဲ့သည်။ ထို့အပြင် ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည် အထုတ္တုပ္ပတ္တိ (၁၉၁၄)၊ ဟုမ်းရူးမဂ္ဂဒီပနီ(-ပ-တွဲ(၁၂၈၅)၊ ဟုမ်းရူးမဂ္ဂဒီပနီ(-ဒု-တွဲ(၁၂၈၆)၊ ဒိန်းတလိန်းနတ်ဝတ္ထု (၁၉၃၇)၊ တရုတ်နှင့် ဂျပန်(၁၉၃၈)၊ အာရေဂျနယဒီပနီ၊ ဘုန်းဘုန်းကိုယ်တွေ့ ဘုံဓလေ့(၁၂၉၉)၊ အိန္ဒိယပြည်က ရှေးောင်းဗုဒ္ဓတက္ကသိုလ်များ(၁၉၃၄)၊ ခုဒ္ဒကနိကာယပါဌ (၁၉၃၇)၊ ဘုရားသခင်နှင့်စစ်ကြီး(ဘာသာပြန်)၊ ဘဂဝန် ဂေါဓမ္မဗုဒ္ဓ (၁၉၃၇)၊ အသျှင်ဥတ္တမနှင့် နိုင်ငံခြားမှ ပေးစာများ၊ ဂျပန်ပြည် ယောကျ်ားများနှင့်မိန်းမများအကြောင်း၊ မင်းတိုင်ပင်ကောင်စီ(ရေးပြီးမထုတ်ခဲ့ရ) စသော လုံးချင်းစာအုပ် ၁၄ အုပ်ကိုလည်း ရေးသားပြုစုခဲ့သူ ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအသိုင်းအဝိုင်းအသီးသီးတို့တွင်လည်း ဆရာတော်သည် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ရှေ့ဆောင်လမ်းပြပြုခဲ့သူ ဖြစ်သည်။ ဆရာတော်သည် လောကီ၊ လောကုတ္တရာနှစ်ဖြာကောင်းကျိုးကို သယ်ပိုး ဆောင်ရွက်ရင်း ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။
သမိုင်းဆိုသည်မှာ လူသာမန်များအတွက် နေရာမရှိသော မှတ်တမ်းစာအုပ်ကြီးတစ်အုပ်ပင် ဖြစ်သည်။ သို့သော် ထိုမှတ်တမ်းစာအုပ်ကြီးထဲတွင် မည်သို့သောပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကမျှ ကိုယ်တိုင်ကိုယ်ကျ မှတ် တမ်းရေးထိုးခွင့်မရှိပဲ ထိုက်တန်သူကို နှောင်းလူတို့က သတ်မှတ်ထည့်သွင်းကြလိမ့်မည်သာ ဖြစ်သည်။ မျက် မှောက်ကာလတွင်လည်း ဆရာတော် ဦးဥတ္တမကဲ့သို့ စွန့်လွှတ်အနစ်နာခံဝံ့သူ၊ သမိုင်းတင်ထိုက်သောသူများ ရှိ ကောင်း ရှိနိုင်ပါလိမ့်မည်။ သို့သော် မည်သည့်နေရာတွင် မည်သည့်ပုံမျိုးဖြင့် သမိုင်းဝင်သွားကြမည်ကိုတော့ နှောင်းလူများကသာ ဆုံးဖြတ်ပေးနိုင်ကြပါလိမ့်မည်။ ရခိုင်လူမျိုး၊ မြန်မာနိုင်ငံသားတစ်ဦးဖြစ်သော မောင်ပေါ် ထွန်းအောင်တစ်ဦးကတော့ ပြည်ထောင်စုမြန်မာနိုင်ငံတွင်သာမက အာရှနှင့် ကမ္ဘာကို စံတင်နိုင်လောက်သော သူတစ်ဦးအဖြစ် သမိုင်းဝင်ခဲ့သည်။ ထိုသူကို အသျှင်ဥတ္တမဟု ခေါ်လေသည်။ ။ 
ရက္ခ    


(ဤ ဦးဥတ္တမ စာမူ၊ စောင့်ကြည့်သတင်းဂျာနယ်၊ အတွဲ.၁၄၊ အမှတ်.၂၅၊ ၇.၉.၂ဝ၁၉ တွင် ဖော်ပြပြီးဖြစ်ပါသည်။ )

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၁ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး