မြန်မာပြည်က ဝ တို့ ဘာကြောင့် သူတို့လိုချင်တာအမြဲတမ်းရသလဲ


မောင်ဝင်းမော်
၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၁၈ ရက် Bertil Lintner ရဲ့ Asia Times သတင်းစာပါ
Why Myanmar’s Wa always get what they want ကို ပြန်ဆိုသည်။


မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းက ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ) ထိမ်းချုပ်နယ်မြေရဲ့ မြို့တော် ပန်ဆန်းမြို့က ဈေးဆိုင်တွေ၊ ဟိုတယ်တွေ နှင့် စားသောက်ဆိုင်တွေမှာ ဝ ဘာသာ၊ တရုတ်ဘာသာ၊ ဗမာ ဘာသာ စကားတွေ နှင့်ဆိုင်းဘုတ်တွေ တပ်ဆင်ထားပါတယ်။

ဝဒေသမှာ ဝ၊ တရုတ် နှင့် အခြားတိုင်းရင်းသား ဘာသာစကားတွေ ကျယ်ပြန့်ပြန့် သုံးစွဲကြပေမယ့် ယင်းဒေသမှာ နေထိုင်သူအနည်းငယ်သာ ဗမာစကားကို ပြောနိုင် ဖတ်နိုင်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံရဲ့ လူမှုရေးအရ၊ နိုင်ငံရေးအရ လွှမ်းမိုးသက်ရောက်မှု လည်းမရှိသလောက်ပါပဲ။

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့ ၎င်းရဲ့နိုင်ငံရေးအဖွဲ့(UWSP) မှာ နိုင်ငံတွင်းက အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မက်မက်မောမာ လိုချင်တဲ့အရာ ရရှိ ပိုင်ဆိုင်ထားပါတယ်။ ဒါတွေကတော့ ဗဟိုအစိုးရအာဏာပိုင်တွေရဲ့ စွက်ဖက်မှုကင်းတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ၊ အဆင့်မြင့်ရှုပ်ထွေးတဲ့ လက်နက်တွေ တက်ဆင်ထားတဲ့ တပ်ဖွဲ့နဲ့ အရေးအကြီးဆုံး တစ်ခုဖြစ်တဲ့ မြန်မာ့တပ်မတော်နှင့် နှစ်ဖက်အပစ်ရပ် သဘောတူညီမှု ရရှိထားခြင်းတို့ပဲဖြစ်ပါတယ်။
ဒီအပစ်ရပ် သဘောတူညီချက်ဟာ ဆယ်စုနှစ် သုံးခု ကြာသည့်တိုင် အသက်ဝင်ခိုင်မြဲလျက်ရှိပါတယ်။

သို့သော်လည်း အခုချိန်မှာတော့ UWSA အနေနှင့် အစိုးရရဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ဖိအားတွေရင်ဆိုင်နေရပါတယ်။ နိုင်ငံတော်ကို အနာဂတ်မှာ တစ်ပြည်ထောင်စနစ် သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စု အဖြစ် ဘယ်လို ပုံစံ ထူထောင်ကြမလဲဆိုတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေမှာ ပါဝင်နိုင်ဖို့ အတွက် NCA ကို တင်ကူးအခြေအနေ တစ်ရပ်အနေနှင့် သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

“အစိုးရက ကျွန်တော်တိုကို လက်နက်စွန့်စေချင်တယ်၊ ဒါပေမယ့် ကျနော်တို့က နိုင်ငံရေး သဘောတူညီချက်ရပြီး၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိပီးမှာ သာလုပ်နိုင်မယ်၊ အခုတော့မဖြစ်နိုင်သေးဘူး” လို့ UWSP ရဲ့ ပေါလစ်ဗျူရိုအမြဲတမ်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ နိုင်ငံခြားရေးရာ တာဝန်ရှိပုဂ္ဂိုလ် Zhao Guoan က Asia Times နှင့်အင်တာဗျူးမှာပြောပါတယ်။

“ကျွန်တော်တို့ရဲ့ နှစ် (၃ဝ) ငြိမ်းချမ်းရေးအတွေ့အကြုံက ညွှန်ပြနေတာက ကျွန်တော်တို့မှာ လက်နက်မရှိရင်၊ ကျွန်တော်တို့မှာ ဘာမှရှိမှာမဟုတ်ဘူးဆိုတာပါပဲ” လို့ ၎င်းက ဆက်ပြောပါတယ်။

ဝ ဟာမြန်မာ့တပ်မတော်နှင့် ဆယ်စုနှစ် သုံးခုကြာ ငြိမ်းချမ်းရေးကို ရရှိခံစားခဲ့ရတာမှန်ပေမယ့် ၎င်းဟာ အစိုးရနဲ့ စစ်ပွဲတွေ ဆက်လက်တိုက်ခိုက်နေတဲ့ တခြားသောတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လည်း နီးနီးကပ်ကပ်မဟာမိတ်ပြုထားပါတယ်။

အဲဒီအဖွဲ့တွေကတော့ ရက္ခိုင့်တပ်မတော် AA, တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA, ကချင်လွတ်လပ်ရေးတပ်မတော် KIA, ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း SSA-North, ဝပြည် မြောက်ဘက်မှာရှိတဲ့ ကိုးကန့် အခြေစိုက်တပ်နဲ့ ကျိုင်းတုံမြောက်ဘက်ပိုင်းက အပစ်ရပ်ထားတဲ့ လက်နက်ကိုင်တပ်တွေဖြစ်ပါတယ်။

ဒီအဖွဲ့တွေပေါင်းစုပြီး ဝ ဦးဆောင်တဲ့ ဖက်ဒရယ်နိုင်ငံရေးဆွေးနွေးညှိနိင်းရေးကော်မတီ (FPNCC) ကိုဖွဲ့စည်းထားပါတယ်။ FPNCC ဟာ နိုင်ငံတွင်းမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကို င် အင်အားရဲ့ (၈ဝ%) ကျော်ခန့်ရှိပါတယ်။
FPNCC ရဲ့လက်နက်အင်အားဟာ လက်နက်မထိုးရသေးတဲ့ လက်တစ်ဆုပ်စာအဖွဲ့တစ်ချို့သာ NCA မှာ မပါဝင်သေးတာပါ ဆိုတဲ့ အစိုးရရဲ့ ပြောဆိုချက်ကို ပြက်ရယ်ပြုစရာဖြစ်စေပါတယ်။

အစိုးရက NCA ဟာ ရှေ့ဆက်ရမယ့်တစ်ခုတည်းသော လမ်းကြောင်းအဖြစ်ရှုမြင်ထားပြီး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ NCA မှာပါဝင်တဲ့အချက်အလက်တွေနှင့်ပတ်သတ်ပြီး အစိုးရရဲ့ အလျော့အတင်းမလုပ်လိုမှုကို ပြစ်တင်ပြောဆိုကြပါတယ်။

တိုင်းရင်းသားအဖွဲ့တော်တော်များများက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ် ဆိုတဲ့ ကတိကဝတ်နဲ့ ပဋိပက္ခနယ်မြေတွေကနေ အစိုးရတပ်တွေ ရုပ်သိမ်းရမယ်ဆိုတဲ့ အချက်တွေကို NCA စာချုပ်မှာ ထည့်သွင်းလိုကြတယ်လို့ ၎င်းကဆိုပါတယ်။

Zhao က UWSA ဟာ အခုလို လေးစားအားကျဖွယ် လက်နက်တွေ တပ်ဆင်ထားတာဟာ စစ်မက် လိုလားလို့မဟုတ်ပဲ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ UWSA ထိန်းချုပ်နယ်မြေလုံခြုံရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က စပြီး သေနတ်တစ်ချက်ဖောက်မှာ မဟုတ်ပါဘူး၊ မြန်မာ့တပ်မတော်က ကျွန်တော်တို့ကို တိုက်ခိုက်မှုတွေ လုပ်လာအောင် ရန်စတာလည်း လုပ်မှာမဟုတ်ပါဘူး” လို့ Zhao ကပြောပါတယ်။

တကယ်လို့သာ နောက်ဆုံးအပြီးသတ် ငြိမ်းချမ်းရေး သဘောတူညီချက်ရခဲ့ပီဆိုရင် ရှိထားတဲ့ လက်နက်တွေအားလုံးကို ဘာဆက်လုပ်မှာလဲလို့ မေးရာမှာတော့ Zhao က ရယ်လျက် “ဒါကတော့ နောက်မှမေးရမယ့်မေးခွန်းပါ၊ ကျွန်တော်တို့ တစ်သက်တာအတွင်းမှာ ဒီမေးခွန်းရဲ့ အဖြေကို မသိလိုက်ပဲလည်း ဖြစ်နိုင်ပါတယ်” လို့ ဖြေပါတယ်။

ဝ ဟာ လက်ရှိအနေအထား ကို သိသိသာသာ အတော်လေးကျေနပ်မှု ရှိနေပြီး၊ ၎င်းတို့အနေနဲ့  တပ်မတော်ရဲ့ တောင်းဆို ချက်ဖြစ်တဲ့ (DDR) လို့ အတိုကောက်ခေါ်တဲ့ “လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေး” ကို လိုက်နာဖို့ အလျင်စလိုလုပ်မှာမဟုတ်ပါဘူး။

UWSA ရဲ့ တရုတ်နဲက ဆက်ဆံရေးဟာ ၎င်းရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်မှာ မဏ္ဍိုင်တစ်ခုဖြစ်ပါတယ်။ သို့နဲ့တိုင်၊ ဝ ဟာ တရုတ်ပြည် တစ်ဖက်ကမ်းနယ်စပ်မှာ နီးကပ်စွာ တည်ရှိပြီး၊ တရုတ် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့  နီးကပ်တဲ့ ဆက်ဆံရေး ထူထောင် ထားနိုင်ပေမယ့် ၎င်းတို့ကို တရုတ်ရဲ့ ကြိုးဆွဲရာကမယ့် ရုပ်သေးရုပ်တွေ အဖြစ် တံဆိပ်ကပ် ရင်တော့ မှားပါလိမ့်မယ်။
“ပထဝီ အနေအထားနဲ့ သမိုင်းဆိုင်ရာ အကြောင်းအချက်တွေကြောင့် ကျွန်တော်တို့ဟာ တရုတ်နဲ့  နီးကပ်တဲ့ ဆက်ဆံရေးရှိပါတယ်” လို့ Zhao ကပြောပီး ရှည်ရှည်ဝေးဝေးတော့ မရှင်းပြပါဘူး။

တရုတ်ဟာ ဝ ကတစ်ဆင့်မြန်မာပြည်မှာ ခြေကုတ်ရယူထားဖို့ ဆိုတဲ့ မဟာဗျူဟာ အကျိုးစီးပွားရှိတဲ့အပြင်၊ ဝ ဒေသကနေ တရုတ်ပြည်ကိုတင်ပို့နေတဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေကနေ စီးပွားရေး အကျိုးအမြတ်လည်း ရရှိနေတာဖြစ်ပါတယ်။

Zhao က ထုတ်မပြောပေမယ့် UWSA ရဲ့ စစ်သည်အင်အား ၂ဝဝဝဝ ကနေ ၃ဝဝဝဝ လောက်ထိရှိတဲ့စစ်တပ်မှာ တပ်ဆင်ထားတဲ့ ပုခုံးတင်ဒုံးကျည်၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်၊ အကြီးစားလက်နက်တွေနဲ့ သံချပ်ကာတိုက်ခိုက်ရေးယာဉ် တွေအားလုံးဟာ တရုတ်ဆီက လာတာဖြစ်ပါတယ်။

ဒါတွေဟာ ထရပ်ကား နောက်က မတော်တဆ ပြုတ်ကျ ကျန်ရစ်နိုင်ခဲ့တဲ့ လက်နက်မျိုးတွေမဟုတ်ပါဘူး။ ယူနန်ပြည်နယ် မှောင်ခိုစျေးကွက်၊ သို့မဟုတ် “အညိုရောင်” ဈေးကွက်ကနေ ဒေသခံ လက်နက်ရောင်းဝယ်သူ တစ်ယောက်ယောက် ကလည်း ဒီလောက် အဆင့်မြင့်ရှုပ်ထွေးတဲ့ လက်နက်တွေ ရောင်းချတာလည်း မဖြစ်နိုင်ပါဘူး။

မြန်မာစစ်တပ်နဲ့ စစ်ဖြစ်မနေတဲ့၊ လက်နက်အခိုင်အမာတက်ဆင်ထားတဲ့ UWSA ဟာ တရုတ်ရဲ့ အဟာဗျူဟာ အကျိုးစီးပွားကို အထောက်အပံ့ဖြစ်ပါတယ်။

ဒါဟာ တရုတ်အတွက် မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့  ဆိပ်ကမ်းဖော်ဆောင် ရေးတွေကတဆင့် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ရရှိရေး ကိစ္စတွေ ဆွေးနွေးရာမှာ နိုင်ဖဲတစ်ချက်အနေနဲ့  အသုံးချနိုင်ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းလုပ်ဆောင်နေတဲ့ တရုတ်ကုမ္ပဏီကို ကန့်ကွက် ဆန္ဒပြကြတဲ့ ဒေသခံလူထုနဲ့  တွေ့ဆုံရာမှာ အဲ့ဒီအချိန်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက “ကျနော်တို့  တရုတ်ကိုလည်း ကြောက်ရပါတယ်၊ သူတို့နဲ့ ထိပ်တိုက်တိုးလို့ မဖြစ်ပါဘူး၊ သူတို့စီမံကိန်းတွေကို ပိတ်ပီး သူတို့ကို စိတ်ဆိုးအောင်လုပ်ရင် သူတို့က ကွန်မြူနစ်တွေထောက်ပံ့ကူညီတာတွေ ပြန်လုပ်လာနိုင်ပါတယ်၊ နယ်စပ်ဒေသ စီးပွားရေးလည်း ထိခိုက်နိုင်ပါတယ်” လို့ဆိုခဲ့ပါတယ်။

“ကွန်မြူနစ်” လို့ ပြောရာမှာ UWSA ကို သူဆိုလိုတာဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်ဟာ ဝ တွေကို လက်နက်တပ်ဆင် နေတာတင်မကပါဘူး။ အထူးကိုယ်စားလှယ် ဆူကော့ရှန် (Sun Guoxiang) ခန့်အပ်ထားပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ပါဝင် ပတ်သတ်နေပါတယ်။ စစ်မှုထမ်း ဟောင်းဖြစ်တဲ့ ဆူကော့ရှန်ဟာ မြန်မာအစိုးရနဲ့ ရော တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပါ နီးကပ်တဲ့ ဆက်ဆံရေးရှိပါတယ်။

စင်္ကာပူသုတေသီ Andrew Ong မေလက မြန်မာသတင်းစာ ဧရာဝတီ သတင်းစားမျက်နှာမှာ ရေးခဲ့သလို “ဗဟိုက မြန်မာအာဏာပိုင်တွေဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ပူးပေါင်းလုပ်ဆောင်မှု တစ်ချို့ကလွဲလို့ UWSA ကို ပြည်ထောင်စုအတွင်း ပေါင်းစည်းလာအောင် လုပ်ဆောင်တာ မရှိသလောက်ပါပဲ” လို့လည်း ဆိုပါတယ်။

တစ်ဖက်မှာလည်း UWSA ရဲ့ နိုင်ငံရေး တောင်းဆိုချက်တွေကလည်း အတော့်ကိုရှင်းပါတယ်။ Zhao အလေးအနက်ပြောတာက ဝ မြန်မာနိုင်ငံကနေ ခွဲမထွက်ချင်ဘူး၊ သူတို့လိုချင်တာက (ရှမ်းပြည်နယ်တွင်းက အထူးဒေသအဆင့်မဟုတ်ပဲ) ကိုယ်ပိုင်အုပ်ချုပ်ခွင်ရ ပြည်နယ်အဆင့် ရချင်တာဖြစ်ပါတယ်။

Zhao နှင့် အခြား ဝ ခေါင်းဆောင်တွေက အနာဂတ် ဝ ပြည်နယ်မှာ “မြောက်ပိုင်းဒေသ” လို့ခေါ်တဲ့ တရုတ်နဲ့ကပ်လျက် အရင်ကဗမာပြည်ကွန်မြူနစ်ပါတီ ထိန်းချုပ်နယ်မြေတွေနှင့် “တောင်ပိုင်းဒေသ” လို့ခေါ်တဲ့ ထိုင်းနယ်စပ်က နယ်မြေတွေ ပါဝင်ရမယ်လို့ ဆိုပါတယ်။

တောင်ပိုင်းဒေသဟာ ၁၉၉ဝ ပြည့်နှစ်အစောပိုင်းကာလတွေမှာ ထူထောင်ခဲ့တာဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော ဝ လူမျိုးတွေကို ထိုင်းနယ်စပ်တစ်လျှောက်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ဒီလို အတင်းအကြပ်ပြောင်းရွှေ့မှုတွေကြောင့် အရင် ရှိရင်းစွဲဒေသခံတွေ (အထူးသဖြင့်ရှမ်းတွေ) ထိုင်းဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။

၎င်းနယ်မြေကို နာမည်ဆိုးနှင့်ကျော်ကြားလှတဲ့ ဘိန်းဘုရင် ခွန်ဆာရဲ့စစ်တပ်တွေကို တိုက်ခိုက်ပေးတဲ့အတွက် မြန်မာစစ်တပ်က ဝ ကို ပေးခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြေအတွင်းက ဝ ပြည်ဖြစ် ပိုင်းခြားပေးလိုက်ဖို့ ရှမ်းတော်တော်များများက ဆန့်ကျင်ကောင်း ဆန့်ကျင်ပါလိမ့်မယ်။ ဒီလိုလုပ်လိုက်ရင် ပအို့ဝ်၊ ပလောင်၊ ကိုးကန့်နဲ့  ပြည်နယ်အတွင်းက တခြားသော လူနည်းစု တိုင်းရင်းသား တွေအနေနဲ့ အလားတူ တောင်းဆိုမှုမျိုးတွေ လုပ်လာနိုင်တာကြောင့်ဖြစ်ပါတယ်။

ဗဟိုအစိုးရရော၊ ရှမ်းတွေကပါ ဝ တွေကို ဒီတောင်းပိုင်းနဲ့ မြောက်ပိုင်းနယ်မြေနှစ်ခုကို ရာသက်ပန် ထိန်းချုပ်ခွင့် ပေးချင်မှာမဟုတ်ပါဘူး။ ဒီနယ်မြေနှစ်ခုကြားမှာ (၁၅ဝ-၂ဝဝ) စတုရန်းကီလိုမီတာ လောက်ရှိတဲ့ အစိုးရထိန်းချုပ်နယ်မြေ ပိုင်းခြားနေတာဖြစ်ပါတယ်။

တနည်းပြောရရင်တော့ အမြစ်တွယ်နေတဲ့ မြန်မာ့တိုင်းရင်းသားပြဿနာတွေကို နိုင်ငံရေးအဖြေရှာဖို့က အတော့်ကို ခက်ခဲတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို NCA လက်မှတ်ရေးထိုးပီး နိုင်ငံရေးအာမခံချက်တွေ မရှိသေးပဲ လက်နက်ဖြုတ်သိမ်းဖို့ တောင်းဆိုတာထက် ပိုလုပ်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။

၂ဝ၁၅ အောက်တိုဘာ ၁၅ ရက်နေ့က ခမ်းခမ်းနားနားကျင်းပခဲ့တဲ့ NCA လက်မှတ်ရေးထိုးပွဲကို နောက်ကြောင်းပြန်ကြည့်ရင် အဲ့ဒီတုန်းက သမ္မတ ဦးသိန်းစိန်နှင့် ၎င်းရဲ့ အသေမွေး “ငြိမ်းချမ်းရေးအစီအစဉ်” အတွက် ငွေကြေးထောက်ပံ့ပေးတဲ့ နိုင်ငံခြားအလှူရှင်တွေအတွက် မျက်နှာပန်းလှ ရုံသက်သက် လုပ်ရပ်တစ်ခုအဖြစ် ရှင်းရှင်းလင်းလင်းမြင်လာရပါတယ်။

နှစ်တွေကြာလာတဲ့ အဆုံးမသတ်နိုင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့  ပြင်းထန်ဆဲ တိုက်ပွဲတွေ မြင်တွေ့လာရချိန်မှာ အခြေအနေက ပိုလို့ စိတ်မသက်သာဖွယ် ဖြစ်လာပါတယ်။ တချိန်တည်းမှာပဲ တရုတ်က အနောက်နိုင်ငံတွေကို အစွန်ထုတ်ပစ်နိုင်ခဲ့ပြီး တုန့်ဆိုင်းနေတဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးကြီးဆုံး ပြည်ပ ပလေယာအဖြစ် နေရာယူနိုင်ခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်းမှာ အရပ်ဖက်ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA မထိုးခင် သေသေချာချာ စဉ်းစားကြဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တိုက်တွန်းခဲ့ကြောင်း Zhao က ထောက်ပြပါတယ်။

အဲ့ဒီနှစ်ရွေးကောက်ပွဲနိုင်အပြီးမှာ သူမဟာ ခဏချင်းလေသံပြောင်းသွားခဲ့ပီး အရင် အစိုးရရဲ့ မအောင်မြင်တဲ့ မူဝါဒ လမ်းကြောင်းအတိုင်းလိုက်ခဲ့ပါတယ်။ “ဘာကို ယုံရမှန်းသိဖို့ အတော်ခက်ပါတယ်” လို့ Zhao က ပြောပါတယ်။

ယုံကြည်ှမှုုတွေ ကင်းမဲ့နေသရွေ့၊ အစိုးရက NCA လမ်းကြောင်းကို မမှိတ်မသုန် ဆုပ်ကိုင်ထားသရွေ့ တော့ မြန်မာ့ နယ်ခြားဒေသတွေမှာ တိုက်ပွဲတွေ လျော့ဖို့ထက် တိုးလို့ သာလာလိမ့်မယ်ဆိုတာ ရှင်းရှင်းပဲ မြင်နိုင်ပါတယ်။

FPNCC မှာ ဝ ဟာ ဦးဆောင်တဲ့အခန်းကဏ္ဍက ပါဝင်နေတာ၊ တရုတ်နှင့် နီးကပ်တဲ့ ဆက်ဆံရေးရှိနေတာ တွေကို ထောက်ရှုရင် ဝ ဟာ တနေ့မှာ ၎င်းတို့ လိုချင်တာရဖို့ အားလုံးထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ အနေအထားတစ်ခုမှာ ရှိနေပါတယ်။

(မောင်ဝင်းမော်)

Share: