ဒေါ်နယ်ထရမ့် အီရန်ကို မတိုက်တဲ့ အကြောင်းအရင်းမှန်


၁၈.၉.၂ဝ၁၉ ရက် Foreign Policy သတင်းပါ Emily Meierding ၏ The Real Reason Trump Won’t Attack Iran အားပြန်ဆိုသည်။

ပီးခဲ့တဲ့သတင်းပတ်က ဆော်ဒီအာရေးဗျ ရေနံထုတ်လုပ်ရေးစက်ရုံအဆောက်အဦးတွေကို ဒရုန်းတွေ၊ မစ်ဆိုင်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်တာဟာ အီရန် နိုင်ငံ ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူထားကြပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဆော်ဒီနိုင်ငံရဲ့ ရေနံထုတ်လုပ်မှုမှာ တစ်ရက်လျှင် ရေနံစည်ပေါင်း (၅.၇) သန်းခန့် လျော့ကျသွားခဲ့ပြီး ကမ္ဘာ့ရေနံတင်ပို့ရောင်းချမှုမှာလည်း (၅) ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်။ အကယ်၍ ထရမ့် အစိုးရသာ အီရန်နိင်ငံကို စစ်ရေးအရ လက်တုန့်ပြန်ဖို့ ဆုံးဖြတ်ခဲ့ရင် ဖြစ်လာမယ့် နောက်ဆက်တွက် ထိပ်တိုက်ရင်ဆိုင်မှုတွေကို အမေရိကရဲ့ နောက်ထပ် ရေနံစစ်ပွဲတစ်ခုအဖြစ် ခေါ်ဆိုကြမှာဖြစ်ပါတယ်။


ဒါပေမယ့် ဒီလိုတွက်ဆထားတာဟာ အတော်လေးလွဲမှားတဲ့ ယော်ရမ်းမှန်းဆချက်ဖြစ်ပါလိမ့်မယ်။ ဒီတစ်ကြိမ်မှာတော့ ရေနံအကျိုးစီးပွား ဟာ စစ်ဖြစ်မယ့်အကြောင်းအရင်းထက် စစ်ကို ကာကွယ်တားဆီးမဲ့ အကြောင်းအရင်း ဖြစ်နိုင်ခြေများပါတယ်။
ပါရှန်းပင်လယ်ကွေ့မှာ စစ်ပွဲဖြစ်ခဲ့ရင် ကမ္ဘာ့ရေနံလည်ပတ်စီးဆင်းမှုမှာ အတော်လေး မတည်မငြိမ်ဖြစ်လာစရာရှိပါတယ်။ ထရမ့်အစိုးရက ဆော်ဒီအာရေးဗျနှင့် ပေါင်းပီးဖြစ်ဖြစ်၊ တစ်နိုင်ငံတည်းတစ်ကိုယ်တော်ဖြစ်ဖြစ် အီရန်နိုင်ငံကို တိုက်ခိုက်မှုပြုလုပ်ပြီး အီရန်နိုင်ငံရဲ့ ရေနံထုတ်လုပ်ရာနေရာတွေကို ဖျက်ဆီးလိုက်ရင် ကမ္ဘာ့ရေနံထုတ်လုပ်မှုကို နောက်ထပ် ထိခိုက်စေမှာဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ်က ချမှတ်ခဲ့တဲ့ အမေရိကန်ရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကြောင့် အီရန်နိုင်ငံရဲ့ ရေနံထုတ်လုပ်မှုဟာ ကျဆင်းသွားခဲ့ပေမယ့် အီရန်ဟာ တစ်ရက်လျှင် ရေနံစည်ပေါင်း ၂ သန်းကျော်ခန့် ဆက်လက်ထုတ်လုပ်နိုင်နေဆဲဖြစ်ပြီး ကမ္ဘာ့ရေနံစျေးကွက်ကို တစ်ရက်လျှင် ရေနံစည် သန်း တစ်ဝက်ခန့် တင်ပို့နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လိုက်ရင် ဈေးကွက်ထဲကနေ ဒီပမာဏရှိတဲ့ ရေနံရောင်းအားတွေ ထပ်မံ လျော့ကျသွားမှာဖြစ်ပါတယ်။

ဆော်ဒီရေနံထုတ်လုပ်ရာ နေရာတွေမှာကျရောက်ခဲ့တဲ့ ကနဦးတိုက်ခိုက်မှုတွေဟာ ကျွမ်းကျင်သူတွေ ရဲ့ ခန့်မှန်း တွက်ချက်မှုတွေထက် ပိုမိုထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပြီး၊ ဓါတ်ငွေ့နှင့် ဆီသိုလှောင်ကန်တွေကို တိတိကျကျ ထိမှန်ခဲ့ပါတယ်။


ဒီတိုက်ခိုက်မှုကို အီရန်တိုက်ရိုက်လုပ်ဆောင်တာမဟုတ်ရင်တောင် တိုက်ခိုက်မှုပြုလုပ်သူတွေဟာ အီရန်လက်နက်တွေ အသုံးပြုခဲ့တယ်ဆိုတာ ဆော်ဒီတာဝန်ရှိသူတွေ တွေ့ရှိထားပြီးဖြစ်ပါတယ်။ ဒီပြောဆိုချက်တွေသာမှန်ခဲ့ရင် အီရန်ဟာ ဆော်ဒီရေနံထုတ်လုပ်ရာနေရာတွေမှာ နောက်ထပ် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်အောင်လုပ်နိုင်တယ်ဆိုတာ ပြသနေပါတယ်။ တိုက်ခိုက်ခံရအပြီးမှာ ဆော်ဒီအနေနဲ့ ၎င်းတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်ကို တိုးမြှင့် တပ်ဆင် ထာပြီးပြီလို့ ယူဆရပေမယ့် နိုင်ငံရဲ့ အရေးကြီးတဲ့ ရေနံထုတ်လုပ်ရေးစက်ရုံအဆောက်အဦးတွေကို အနိမ့်ပျံ မစ်ဆိုင်းဒုန်းတွေ၊ ဒရုံးတွေရဲ့ ရန်ကနေကာကွယ်နိုင်စွမ်းကတော့ မသေချာမရေရာမှုတွေ ကြုံတွေ့နေရပါတယ်။


ဆော်ဒီနှင့် အမေရိကန်တို့ က တိုက်ခိုက်မှုတွေလုပ်လာခဲ့ရင် အီရန်ဟာ ရေနံသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ပီး တုန့်ပြန်လာနိုင်ဖွယ်ရှိပါတယ်။ အီရန်ရေတပ် ဟာ ပါရှန်းပင်လယ်ကွေ့မှာ သွားလာနေတဲ့ နိုင်ငံခြားရေနံတင် သေင်္ဘာ တွေကိုဖမ်းဆီးသိမ်းယူလိုမှုကို ပြသထားပြီးဖြစ်ပါတယ်။

အီရန်ရေတပ်ဟာ ရေနံတင် သေင်္ဘာတွေကို မိုင်းတွေ၊ တခြားဖောက်ခွဲရေး ပစ္စည်းတွေ အသုံးပြုပြီး တိုက်ခိုက် တာတွေလည်းပြုလုပ်လာနိုင်ပါတယ်။ နောက်ဆုံးလုပ်နိုင်တာတစ်ခုကတော့ အီရန်ဟာ ဟောမက်ရေလက်ကြားကို ပိတ်ဆို့ဖိုကြိုးစားနိုင်ပါတယ်။ လပေါင်းအတော်ကြာကတည်းက ဒီလိုပိတ်ဆို့ဖို့ ခြိမ်းခြောက်နေတာလည်းဖြစ်ပါတယ်။

အီရန်ရေတပ်ဟာ ရေလက်ကြားအတွင်း သွားလာမှုကို အချိန်ကြာကြာပိတ်ဆို့ မထားနိုင်မှာမဟုတ်ပေမယ့် ဒီလိုပိတ်ဆို့ဖို့ ကြိုးစားမှုကပင် ကမ္ဘာ့ရေနံဈေးကွက်ကို အတော်လေး ကမောက်ကမ ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ ရေနံတင် သေင်္ဘာတွေရဲ့ အာမခံပရီမီယံကြေးတွေက မေလကနေ စက်တင်ဘာလ အတွင်းမှာပင် ဆယ်ဆလောက်ထိ မြင့်တက်သွားပြီဖြစ်ပါတယ်။ ရေကြောင်းပိတ်ဆို့မှုပြုလုပ်ဖို့ ကြိုးပမ်းလာရင် ဒီထက် သိသိသာသာ မြင့်တက်လာဖို့ရှိပါတယ်။ ရေနံဈေးဟာလည်း ပထီဝီနိုင်ငံရေး အန္တရာယ်အနေအထားကြောင့် တဟုန်ထိုး မြင့်တက်သွားနိုင်ပါတယ်။

ပါရှန်ပင်လယ်ကွေ့မှာ ပဋိပက္ခပြင်းထန်လာမှုဟာ နိုင်ငံအတော်များများရဲ့ စွမ်းအင်အကျိုးစီးပွားကို ခြိမ်းခြောက်နေပါတယ်။ ပဋိပက္ခပြင်းထန်လာရင် ဆော်ဒီအာရေးဗျဟာ ဘက်ပေါင်းစုံမှာ တိုက်ခိုက် ခံရပါလိမ့်မယ်။ ရေနံထုတ်လုပ်ရာနေရာတွေမှာ နောက်ထပ် ထိခိုက်ပျက်စီးမှုတွေ ကြုံရပါလိမ့်မယ်။ ရေနံထုတ်လုပ်မှုရပ်တန့်နေရင် ရေနံကရမယ့်နိုင်ငံ့ဘဏ္ဍာငွေတွေ ထပ်ပီးဆုံးရှုံးရပါလိမ့်မယ်။ ဒီထက်ပိုအရေးကြီးတာကတော့ နိုင်ငံပိုင်ရေနံကုမ္ပဏီဖြစ်တဲ့ Saudi Aramco ရဲ့ ကမ္ဘာမှာ ယုံကြည် စိတ်ချရတဲ့ ရေနံပေးသွင်းသူအဖြစ်ရပ်တည်မှုကို ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်က တိုက်ခိုက်ခံရမှုအပြီးမှာ နိုင်င်ပိုင်ရေနံကုမ္ပဏီအပေါ် ယုံကြည်မှုပြန်လည်ရရှိဖို့  ဆော်ဒီတာဝန်ရှိသူတွေ ကြိုးစားနေရပါတယ်။ Saudi Aramco ရဲ့ စီအီးအို Amin Nasser က ဒီလအကုန်မှာ ရေနံထုတ်လုပ်မှု ပုံမှန်အတိုင်းပြန်လည် ထုတ်လုပ်နိုင်မှာဖြစ်ပြီး အချိန်အတော်ကြာကတည်းက စီစဉ်ထားတဲ့ အများပြည်သူထံ ကုမ္ပဏီ ရှယ်ယာ တွေထုတ်ရောင်းမယ့် အစီအစဉ်ကိုလည်း ဆက်လက် လုပ်ဆောင်မယ်လို့ဆိုပါတယ်။ သို့သော်လည်း ဒီပြောဆိုမှုအပေါ် သံသယတွေ တိုးပွားလျက် ရှိနေပြီး နောက်ထပ် အဖျက်အမှောင့်တွေကြုံတွေ့လာခဲ့ရင် ကုမ္ပဏီရဲ့ တန်ဖိုးသာမက ဆော်ဒီခေါင်းဆောင် မိုဟာမက် ဘင်ဆလမ် ရဲ့ နိုင်ငံစီးပွားရေးအခြေခံကို စုံလင်ကွဲပြားအောင် ကြိုးစားမှုကိုပါ ထိခိုက်ပျက်စီးစေမှာဖြစ်ပါတယ်။

နောက်ထပ်မတည်ငြိမ်မှုတွေဖြစ်ပေါ်လာမှာကို စိုးရိမ်မှုက ဆောဒီရဲ့တုန့်ပြန်ဆောင်ရွက်နိုင်မှုကို ကန့်သတ်ထားပါတယ်။ Qamar Energy ရဲ့ အမှုဆောင်အရာရှိ Robin Mills က “နောက်ထပ် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာခဲ့ရင်တော့ Saudi Aramco ရဲ့အများပိုင်ကုမ္ပဏီအဖြစ်ပြုပြင်ပြောင်းလဲမှုဟာ မဖြစ်နိုင်တော့ပါဘူး” လို့ ဆိုပါတယ်။

ပါရှန်ပင်လယ်ကွေ့မှာ တင်းမာမှုမြင့်တက်လာခြင်းက တရုတ်နှင့် ဥရောပ နိုင်ငံတွေရဲ့ စွမ်းအင် လုံခြုံရေးကိုလည်း ခြိမ်းခြောက်နေပါတယ်။ ဆော်ဒီအာရေးဗျဟာ တရုတ်နိုင်ငံကို ရေနံအဓိက တင်ပို့ သူရောင်းချသူဖြစ်ပြီး တရုတ်ရေနံစိမ်းတင်သွင်းမှုစုစုပေါင်းရဲ့(၁၇) ရာခိုင်နှုန်းရှိပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေရှိနေတဲ့ကြားကပဲ တရုတ်ဝယ်ယူသူတွေဟာ အီရန်ဆီကလည်း ရေနံစိမ်း နှင့် တခြားရေနံထုတ်ကုန် အနည်းငယ်ကို ဝယ်ယူပါတယ်။

ဥရောပနိုင်ငံတွေကတော့ အီရန်နိုင်ငံကနေ ရေနံဝယ်ယူမှုကို ရပ်တန့်ထားပီး ဆော်ဒီရေနံအပေါ်မှာလည်း မှီခိုမှု သိပ်မရှိပါဘူး။ သို့သော်လည်း အီးယူအဖွဲ့ဝင် နိုင်ငံတွေဟာ ၎င်းတို့ရဲ့ရေနံတင်သွင်းမှု (၁၃) ရာခိုင်နှုန်းကို ပင်လယ်ကွေ့ နိုင်ငံတွေဆီကနေ တင်သွင်းနေတာဖြစ်ပါတယ်။ ပင်လယ်ကွေ့ဒေသတွင်း စစ်ရေးတင်းမာမှုတွေဟာ ဥရောပနိုင်ငံတွေရဲ့ ရေနံထောက်ပံ့ရေး လမ်းကြောင်းကို ခြိမ်းခြောက်နေမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် ရေနံကို ဈေးကြီးပေးပြီးဝယ်ယူရတော့မှာဖြစ်ပြီး အီရန်ရေနံကို ကမ္ဘာ့ဈေးကွက်ထဲ ပြန်လည်ရောက်ရှိလာနိုင်အောင် ဒီပလိုမေစီနည်းလမ်းနှင့် ကြိုးပမ်းနေမှုကို ထိခိုက်စေမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ တရုတ်နှင့် အီးယူက ဒီအကြပ်အတည်းအပေါ်မရုတ်မလွန် သဘောထားမျိုး ချမှတ်ထားဟာ သိပ်တော့ အံ့ဩစရာမရှိပါဘူး။ ဒီတိုက်ခိုက်မှုအပေါ်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချထားပေမယ့် ပြောရေးဆိုခွင့်ရှိသူ Hua Chunying က “ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာစေနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားကြဖို” အကြံပြု တိုက်တွန်းထားပါတယ်။

သူမဟာ တိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး ဘယ်သူဘယ်ဝါ မှာတာဝန်ရှိတယ်ဆိုတာမျိုး ထည့်သွင်း ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ဂျာမန်ခေါင်းဆောင် အန်ဂျာ်လာမာကယ် (Angela Merkel) နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) တို့ကတော့ တိုက်ခိုက်မှုအပေါ် နိုင်ငံတကာပူးပေါင်းတုန့်ပြန်မှုမျိုးလုပ်ဖို့ ဆော်ဩထားပါတယ်။

သို့သော်လည်း ၎င်းတို့ က “ဒေသတွင်း နောက်ထပ် တင်းမာမှုမြင့်တက်လာအောင်လုပ်ဆောင်မှုကို ရှောင်ရှားဖို့ အရေးကြီးကြောင်း” အလေးပေး ပြောဆိုခဲ့ပါတယ်။ အခုလို ပေယျာလကန် အခြေအနေကြောင့် အမေရိကန်အနေနှင့် အီရန်ကို တိုက်ခိုက်ချင်ရင် တစ်ကိုယ်တော် တိုက်ခိုက်မှုသာ လုပ်ရပါလိမ့်မယ်။

သို့သော်လည်း ထရမ့်အစိုးရမှာလည်း ပဋိပက္ခအရှိန်မြှင့်တင်မှုကိုရှောင်ရှားဖို့ အကြောင်းတွေ ခိုင်ခိုင်မာမာရှိနေပါတယ်။ အမေရိကန် နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ရေနံထုတ်လုပ်သူဖြစ်သော်လည်း ရေနံဈေးကွက်မတည်ငြိမ်မှုရဲ့သက်ရောက်မှုကနေ ကင်းလွတ်နိုင်တဲ့ ခံနိုင်ရည်မရှိပါဘူး။ ရေနံဈေးကွက်ဟာ ကမ္ဘာလုံးချီဈေးကွက်ဖြစ်ပြီး အမေရိကန်နိုင်ငံဟာ အသားတင်ရေနံ တင်ပို့တဲ့နိုင်ငံ ဖြစ်လာခဲ့ရင်တောင် ကမ္ဘာ့ရေနံဈေးမြင့်တက်မှုရဲ့ သက်ရောက်မှုကိုခံရဦးမှာဖြစ်ပါတယ်။

အမေရိကန်ရေနံချက်စက်ရုံတွေဟာ ရေနံစိမ်းကို ဘယ်ကပဲလာသည်ဖြစ်စေ ဈေးကြီးပေးပြီးဝယ်ရပါလိမ့်မယ်။ ဒီစက်ရုံတွေက ဈေးနှုန်းမြင့်တက်မှုကို ဝယ်ယူသုံးစွဲသူတွေထံ ပခုံးပြောင်းလိုက်တဲ့အခါ အမေရိကန်ပြည်သူတွေအနေနှင့် လောင်စာဆီအတွက် ပိုမိုကုန်ကျမှာဖြစ်ပါတယ်။

လောင်စာဆီဈေးမြင့်တက်မှုဟာ လူကြိုက်များတဲအရာတော့မဟုတ်ပါဘူး။ ရွေးကောက်ပွဲရှိတဲ့ နှစ်မှာပိုလို့တောင် အန္တရာယ် ရှိပါတယ်။ အမေရိကန်တွေရဲ့ ပိုက်ဆံအိတ်ကို ထိခိုက်မှုဟာ ထရမ့်ရဲ့ နောက်သက်တမ်းပြန်လည် ရွေးကောက်ခံရနိုင်ခြေကို ထိခိုက်နိုင်ပါတယ်။ လောင်စာဆီဈေး ကြာရှည်စွာ ကြီးမြင့်နေခဲ့ရင် နိုင်ငံရဲ့စီးပွားရေး ကျဆင်းမှုနှင့်ကြုံရနိုင်ပီး အနာဂတ် အလားအလာတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဒေါ်နယ်ထရမ့်အနေနဲ့ ပါရှန်းပင်လယ်ကွေ့ရဲ့ရေနံစီးဆင်းမှုကိုကာကွယ်တာဟာ အမေရိကန် အမျိုးသားလုံခြုံရေး အကျိုးစီးပွားအတွက် အရေးပါတဲ့အကြောင်း မဲဆန္ဒရှင်တွေကို နားချစည်းရုံးနိုင်ရင်တော့ ဒီအန္တရာယ်က လျော့ပါး သက်သာစရာရှိပါတယ်။ သို့နှင့်တိုင် ဒါဟာ အတော့်ကိုခက်ခဲမယ့် ကိစ္စတစ်ခုပါပဲ။ ယနေ့အချိန်အခါမှာ အမေရိကန် နိုင်ငံသားတွေအနေနှင့် အရှေ့အလယ်ပိုင်းနိုင်ငံအစိုးရတွေကို ကျားကန် ထောက်ပံ့ထားရေးအတွက် ငွေဖြုန်းဖို့ စိတ်ဝင်စားမှုသိပ်မရှိလှပါဘူး။ အထူးသဖြင့်တော့ ဆော်ဒီအစိုးရဟာ အမေရိကန်လူထုရဲ့ထောက်ခံမှုရဖို့ ဖြစ်နိုင်ခြေနည်းပါတယ်။

နာမည်ကျော် ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုမှာ ဆော်ဒီနိုင်ငံသားတွေပါဝင်မှု၊ ဆော်ဒီနိုင်ငံမှာ အမျိုးသမီးတွေ အပေါ်နှိမ့်ချဆက်ဆံမှုနဲ့  မကြာသေးခင်က ဆော်ဒီ ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ Jamal Khashoggi သတ်ဖြတ်ခံရမှုတွေက အမေရိကန်ပြည်သူတွေအတွက် မနှစ်မြို့ဖွယ်ကိစ္စတွေဖြစ်ပါတယ်။

အခြေအနေကို ရိပ်စားမိတဲ့ နိုင်ငံရေးပါးဝတဲ့ ထရမ့်ရဲ့ ပြိုင်ဘက်တွေဟာ အမေရိကန်ရဲ့ စစ်ရေးနည်းလမ်းနဲက တုန့်ပြန်မှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားထားကြပါတယ်။ ၎င်းတို့ထဲကတစ်ဦးဖြစ်တဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Tim Kaine က ဆော်ဒီရေနံတွေကိုကာကွယ်ဖို့ စစ်တိုက်တာဟာ မဟာအမှား ဖြစ်လိမ့်မယ်လို့ ပြောထားပါတယ်။

ပဋိပက္ခအရှိန်မြှင့်တင်ခြင်းအတွက် ပေးဆပ်ရမယ့် “နိုင်ငံရေးစရိတ်” ကို ထရမ့်အစိုးရအနေနဲ့  သိရှိ နားလည်ထားပုံရပါတယ်။ ဆော်ဒီအာရေးဗျ နိုင်ငံတိုက်ခိုက်ခံရမှုနဲ့ ပတ်သတ်ပြီး သမ္မတထရမ့်က ကနဦးတုန်းက စစ်ရေးတိုက်ခိုက်မှုတွေပြုလုပ်ဖို့ "မောင်းတင်” ထားပြီးဖြစ်တယ်လို့ တွစ်တာ မှာ “တွိ” ခဲ့ပေမယ့် တိုက်ခိုက်မှုအတွက် အီရန်မှာ တာဝန်ရှိတယ်လို့ အတိအကျ ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ထရမ့်က သူ့အနေနဲ့ နောက်ထပ် စစ်ပွဲတွေမဖြစ်ချင်ဘူးလို့ သတင်းထောက်တွေကိုပြောခဲ့ပြီး၊ ဆော်ဒီအနေနဲ့  အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုလိုချင်ရင် အဲဒီအတွက်တန်ရာတန်ကြေးပေးဖို့ပြင်ဆင်ထားသင့်တယ်လို့လည်း ပြောခဲ့ပါတယ်။ ပိုပြီးပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေလုပ်ဖို့ ဒီနေ့ပြောဆိုမှုဟာ အီရန်ကို အပြစ်ပေး ဒဏ်ခတ်တာမှန်ပေမယ့် စစ်ရေးအရ အရေးယူဆောင်ရွက်မှုနဲ့တော့ အတော်လေး ကွာခြားပါတယ်။

အီရန်အပေါ် လက်တုန့်ပြန်ဖို့ အမေရိကန်၊ အီးယူ၊ တရုတ် နှင့် ဆော်ဒီအာရေးဗျ နိုင်ငံတွေအားလုံးက တုန့်ဆိုင်း နေတာဟာ Abqaiq နှင့် Khurais ကို ဘယ်သူက တိုက်ခိုက်ခဲ့တာပဲဖြစ်ဖြစ် ပေယျာလကန် သာပြုတော့မယ်လို့ ဆိုလိုရာရောက်ပါတယ်။ လက်ရှိပဋိပက္ခမှာ တင်းမာမှုတွေမြင့်တက်လာခဲ့ရင် သူတို့ရဲ့ အဓိကကျတဲ့ စွမ်းအင်အကျိုးစီးပွားတွေကို ခြိမ်းခြောက် လာနိုင်တာကြောင့် နိုင်ငံတွေရဲ့ ရေနံသယံဇာတ အပေါ်မှီခိုမ့က သူတို့ရဲ့လက်တွေကို တုပ်နှောင်ထားသလိုဖြစ်နေပါတယ်။

ဒီလိုအကန့်အသတ်တွေဟာ အီရန်ကို အတော်လေးလွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တဲ့ ဂွင် ကိုဖန်တီးပေးပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်က တိုက်ခိုက်မှုတွေကို အီရန် လုပ်ခဲ့တာမဟုတ်ခဲ့ရင်တောင် ဒီတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ အကျိုးစီးပွား တော်တော်များများကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပထမ တစ်ခုကတော့ ယီမင် နှင့် ပင်လယ်ကွေ့‌ဒေသမှာ အီရန်ရဲ့ ရန်သူတော် ဆော်ဒီအာရေးဗျ ကို အထိနာစေခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုက ဆော်ဒီ ရေနံလုပ်ငန်းတွေရဲ့ အားနည်းချိနဲ့မှုကို လှစ်ဟ ပြလိုက်ပြီး Saudi Aramco ရဲ့ ကြာတောင့်ကြာရှည် စီစဉ်နေတဲ့ အစီအစဉ်တွေကိုလည်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒုတိယ အချက်ကတော့ တကယ်လို့ ထရမ့်အစိုးရက တကိုယ်တော်ဖြစ်ဖြစ်၊ ဆော်ဒီနှင့် ပေါင်းပြီးဖြစ်ဖြစ် လက်တုန့်ပြန်တိုက်ခိုက်လာရင် အမေရိကန်ရဲ့ သံခင်းတမန်ခင်း အထီးကျန်မှုကို ပိုမိုဆိုးရွားစေမှာ ဖြစ်ပါတယ်။ တတိယအနေနှင့် ပထီဝီ နိုင်ငံရေး အန္တရာယ် ပရီမီယံ ကြောင့် ကမ္ဘာ့ ရေနံစျေး ပိုမိုမြင့်တက်လာရင် လောင်စာဆီသုံးစွဲသူတွေကို အီရန်အပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားတာက ပိုလွယ်တဲ့ အဖြေဖြစ်တယ်ဆိုတာ နားချပေးနိုင်ပါလိမ့်မယ်။ ဒီနည်းအားဖြင့် အီရန်ရေနံတွေ နိုင်ငံတကာဈေးကွက်ကို ပြန်ရောက်လာနိုင်တာအပြင် အီရန်အနေနဲ့ တခြားနိုင်ငံက ရေနံထုတ်လုပ်မှု အဆောက်အဦးတွေကို တိုက်ခိုက်စရာ မလိုတော့ဘူးဆိုတာကို နားချပေးသလိုဖြစ်နိုင်ပါတယ်။

အမေရိကန်အနေနဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ဝေးစွ လက်တုန့်ပြန်တိုက်ခိုက်မှုကို ရှောင်ရှားဖို့တောင် အတော်လေး ချီတုန်ချတုန် ရှိပါလိမ့်မယ်။ ဒီလိုအလျှော့ပေးလိုက်လျောမှုက နိုင်ငံတကာ ရန်လိုမှုကို ဆုနှင်းသလိုဖြစ်ပါလိမ့်မယ်။ သို့နှင့်တိုင် အီရန်ကို တိုက်ခိုက်တာ သို့မဟုတ် အရေးယူပိတ်မှု သံပတ်တင်းတာ တွေဟာ ပြဿနာကို ပြေလည်စေမှာမဟုတ်ပါဘူး။ ဒဏ်ခတ် ပိတ်ဆို့မှုတွေရှိနေသရွေ့ အီရန်ဟာ စီးပွားရေးအကြပ်အတည်းကို ဆက်လက် ရင်ဆိုင်နေရဦးမှာ ဖြစ်ပါတယ်။ အခြေအနေတေ ပိုမိုကြပ်တည်းလာရင် အီရန်ဟာ ပိုပီးထွက်ပေါက်မဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ တခြားနိုင်ငံတွေအပေါ် ဂရုတစိုက်ချိန်ရွယ်ပစ်ခတ်တဲ့ ကန့်သတ်တိုက်ခိုက်မှုအစား တင်းပြည့်စစ်ပွဲတွေထိ လုပ်ဆောင်လာနိုင်ပါတယ်။

ဒီလို မနှီးရိုးစွဲအခြေအနေမျိုး ကျွန်တော်တို့ ကြုံခဲ့ရပြီးဖြစ်ပါတယ်။ ၁၉၉ဝ မှာ အီရတ်ရဲ့ စီးပွားရေး အကြပ်အတည်းဟာ နိုင်ငံရဲ့ရေနံဝင်ငွေကျဆင်းမှုကြောင့် ပိုမိုဆိုးဝါးလာခဲ့ပြီး ဆဒန်ဟူစိန်ရဲ့ ကူဝိတ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါဟာ လူများစု လက်ခံထားကြသလို အီရတ် သမ္မတက အမေရိကန်လက်တုန့်ပြန်တိုက်ခိုက်မှု လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်လို့ မဟုတ်ပါဘူး။ ၎င်းအနေနဲ့ George H.W. Bush အစိုးရအနေနှင့် စီးပွားရေးအရ၊ စစ်ရေးအရ ပြန်ပီးတိုက်ခိုက်လာနိုင်တယ်ဆိုတာ တွက်ဆထပြီးဖြစ်ပါတယ်။ Saddam Hussein ကူဝိတ်ကို ဝင်တိုက်တာဟာ ကူဝိတ်ရေနံတွေကို ဝင်ရောက်သိမ်းယူတာကသာ ၎င်းရဲ့ တစ်ခုတည်းသော ထွက်ပေါက်အနေနဲ့ တွေးခဲ့လို့ ဖြစ်ပါတယ်။

အီရန်အစိုးရကို ချောင်ပိတ်ထားရင် ဒီလို ဆင်ဆင်တူတဲ့ ဆုံးဖြတ်ချက်မျိုးချမှတ်လုပ်ဆောင်လာနိုင်ပါတယ်။ အမေရိကန်ရဲ့ အစဉ်အဆက် ရန်လိုမုန်းထားမှုကို ခံနေရတယ်လို့ သဘောပိုက်ပြီး ရှင်သန်ရပ်တည်ဖို့ ရုံးကန်နေရတဲ့ အီရန်အနေနဲ့ နိုင်ငံကို နိုင်ငံရေးအရ စီးပွားရေးအရ တိုးတက်လာအောင်လုပ်ဖို့ အလားအလာတချို့ရှိနေသေးသည့်တိုင် တခြားနိုင်ငံတွေအပေါ် ကျူးကျော်ရန်စမှုလမ်းကြောင်းကို ရွေးလာစရာရှိပါတယ်။

ဒီလိုစိတ်ပျက်လက်ပျက် ဖြစ်နေချိန်မှာဖြစ်လာမယ့်တိုက်ခိုက်မှုဟာ ပီးခဲ့တဲ့သတင်းပတ်က တိုက်ခိုက်မှုထက် ထိခိုက်ပျက်စီးမှုကြီးမားနိုင်ပြီး နေရာလည်း ရွေးမှာမဟုတ်ပါဘူး။ ထရမ့်အစိုးရဟာ ကျူးကျော်ရန်စသူအဖြစ် သံသယ ရှိတဲ့ အီရန်ကို လက်တုန့်ပြန်ဖို့ ဆင်ခြင်တွက်ဆနေပေမယ့် တခြားရွေးချယ်စရာလည်း သိပ်မရှိလှပါဘူး။ တခြားနိုင်ငံတွေ ရေနံသယံဇာတအပေါ် မီခိုနေမှုလျော့ကျမလာသေးခင်အထိတော့ အီရန်ဟာ ၎င်းနိုင်ငံအပေါ် တနည်းတဖုံ ထိန်းချုပ်ထားနိုင်ဦးမှာဖြစ်ပါတယ်။

.
မောင်ဝင်းမော်

Share: