Preview

နှစ် (၇၀) ပြည့် ကိုရီးယားစစ်ပွဲနှင့် မြန်မာ့ပြည်တွင်းစစ် စပ်ဆက်မှု

ဇွန် ၂၆/ ၂၀၂၀ | ကြည့်ရှုသူ :7093
ဆောင်းပါး

မောင်ဝင်းမော်

Bertil Lintner ၏ Asia Times သတင်းစာပါ ဆောင်းပါး

မော်စီတုန်းသည် အမေရိကန်ကို တိုက်ခိုက်ပြီး မြောက်ကိုရီးယားနိုင်ငံအား ကာကွယ်ခဲ့ရုံသာမက မြန်မာနိုင်ငံတွင်ရှိနေခဲ့သည့်

ကူမင်တန်တပ်များကိုလည်း ချေမှုန်းနိုင်ခဲ့သည်။

တရုတ်ပြည့်သူ့သမ္မတနိုင်ငံထူထောင်သည့် ၁၉၄၉ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့တွင် “တရုတ်နိုင်ငံသားများအား နောက်ထပ်ကျွန်ပြုခံရခြင်းမရှိစေရ” ဟု ခေါင်းဆောင်ကြီး မော်စီတုန်းက ပြည်သူသိန်းပေါင်းများစွာရှေ့တွင် ကြွေးကြော်ခဲ့သည်။ ထိုနေ့က ဘေဂျင်းနန်းတော် ငြိမ်းချမ်းရေး ဂိတ်တံခါး အပြင်ဖက်တွင် သိန်းနှင့်ချီရှိသည့်ပရိတ်သတ်များစုဝေးခဲ့ကြသည်။ နောက် တစ်နှစ်အကြာတွင်မူ တရုတ်နိုင်ငံသည် စစ်ဖြစ်ပွားလျက်ရှိသည်။ ၁၉၅၀ မှ ၁၉၅၃ အထိဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲတွင် “ဗော်လန်တီယာ”တရုတ်စစ်သည် တစ်သန်းကျော် ပါဝင်တိုက်ခိုက်ခဲ့သည်။

၎င်းစစ်သည်များမှာ အပြင်ပန်းအားဖြင့် မြောက်ကိုရီးယား ရဲဘော်များအား ကူညီအားဖြည့်ပေးရန်ဖြစ်သည်။ သို့သော်လည်း မြောက်ကိုရီးယားပြည်သူ့တပ်မတော်အရေးနိမ့်နေချိန် ၁၉၅၀ စက်တင်ဘာတွင် အမေရိကန်ဦးဆောင်သည့် ကုလသမဂ္ဂတပ်များအား အပစ်ခတ်ရပ်စဲခဲ့သည့် ၁၉၅၃ ဇူလိုင် ၂၇ အထိ အဓိက တိုက်ခိုက်ခဲ့သည်မှာ တရုတ်တပ်ဖွဲ့ဝင်များဖြစ်သည်။

ကိုရီးယားစစ်ပွဲသည် တရုတ်ကွန်မြူနစ် တပ်သားများ၏ နိုင်ငံနယ်နမိတ်ပြင်ပတွင် ပထမဆုံး တိုက်ပွဲဝင်မှု ဖြစ်သည်။ တပ်ဖွဲ့ဝင်အများစုအား မန်ချူးရီးယားဒေသရှိ လူနည်းစုကိုရီးယားလူမျိုးများမှ စုဆောင်းခဲ့သည်။ တရုတ်ကွန်မြူနစ်တပ်ဖွဲ့ဝင်များ၏ ခေါင်းဆောင်မှုစွမ်းရည်မှာလည်း ဂျပန် နှင့် ကူမင်တန်တရုတ်တို့၏ ထိုးစစ်များကို ခုခံတိုက်ခိုက်ခဲ့သည့်အတွေ့အကြုံများကြောင့် တိုက်ရည်ခိုက်ရည် ပြည့်၀လျက်ရှိသည်။

ကိုရီးယားစစ်ပွဲတွင် ပါဝင်ရန် မော်က ၎င်း၏အကြီးဆုံးသားဖြစ်သူ အန်ယင်း (Anying) အားတာဝန်ပေးခဲ့သည်။ အန်ယင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့ပြီး တရုတ်တပ်ဖွဲ့ဝင်များ ပထမဆုံးကျဆုံးမှုများတွင်အပါအဝင်ဖြစ်ခဲ့သည်။

ကိုရီးယားကျွန်းဆွယ်အား ကွန်မြူနစ်အုပ်ချုပ်သည့် မြောက်ပိုင်းနှင့် အနောက်အုပ်စုနှင့် နီးစပ်သည့် တောင်ပိုင်းအဖြစ် နယ်နမိတ်ပိုင်းခြားမှုဖြင့်သာ အပစ်အခတ်ရပ်စဲခဲ့ပြီး အနိုင်အရှုံးအဖြေမထွက်ပဲ စစ်ပွဲကိုအဆုံးသတ်ခဲ့သည်။ သို့သော်လည်း ၁၉၅၀ ခုနှစ်မတိုင်မီ ဆယ်စုနှစ်များအတွင်းက စစ်ရေးအင်အားချိနဲ့ခဲ့သည့်နိုင်ငံတစ်ခုမှ လက်နက်အင်အားမပြည့်စုံလှသည့် စစ်တပ်တစ်ခုအတွက် စစ်ပွဲ၇လဒ်မှာ တစ်နည်းတစ်ဖုံအားဖြင့် နိုင်ပွဲဟုဆိုနိုင်သည်။

မော်၏ လယ်သမားတပ်သားများက ရန်သူတပ်များနှင့် အကြိတ်အနယ်တိုက်ပွဲဝင်ခဲ့ပြီး မဟာမိတ် မြောက်ကိုရီးယားနိုင်ငံအား ကြားခံနိုင်ငံအဖြစ် ထိန်းသိမ်းထားနိုင်ခဲ့သည်။ အဆိုပါစစ်မှာ အမေရိကန်တို့ အနိုင်မတိုက်နိုင်သည့် ပထမဆုံးစစ်ပွဲဖြစ်သည်။ ကွန်မြူနစ်တရုတ်ပြည်သစ်အနေနှင့်မူ ယုံကြည်ကိုးစားထိုက်သည့် ပါဝါနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာကို ပြသနိုင်ခဲ့သည်။

ကုလသမဂ္ဂတပ်များရင်ဆိုင်နေရသည့် အခြေအနေများ ဆိုးရွားလာသည့်အချိန်၊ ၁၉၅၀ ဒီဇင်ဘာ ၉ ရက်နေ့တွင် အမေရိကန်ဗိုလ်ချုပ် ဒေါက်ဂလပ်မက်အာသာက တရုတ်တပ်များအားရပ်တန့်နိုင်ရေးအတွက် အနုမြူဗုံးအသုံးပြုတိုက်ခိုက်ရန် ပစ်မှတ် ၂၆ ခု စာရင်းကိုတင်ပြခဲ့သည်။

ပို၍လူသိနည်းသည့် မဟာအစီအစဉ်ကြီးတစ်ခုမှာ တရုတ်ပြည်တွင်းစစ်တွင်အရေးနိမ့်ခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်းသို့ဆုတ်ခွာ ထွက်ပြေးခဲ့ရသည့် ကူမင်တန်တပ်များဖြင့် ပြန်လည်ခြေကုပ်ရယူပြီး တရုတ်ပြည်တောင်ပိုင်းတွင် ဒုတိယစစ်မျက်နှာဖွင့်လှစ်ရန်အစီအစဉ်ဖြစ်သည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းက ဝေးလံခေါင်ဖျားဒေသများရှိ လေယာဉ်ကွင်းဟောင်းများအား ပြန်လည် တည်ဆောက်ပြီး ထိုင်ဝမ်မှ စစ်လက်နက်ပစ္စည်းများနှင့် တပ်ကူများ လေကြောင်းမှတဆင့် ဝင်ရောက်လာခဲ့သည်။ အဆိုပါ စစ်ရေးတည်ဆောက်မှုများမှာ ပီကင်းအခြေစိုက် မော်စီတုန်းအစိုးရ၏ ရန်သူတော်ဖြစ်သူ ချန်ကေရှိတ်၏ ထိုင်ဝမ်အခြေစိုက်အစိုးရနှင့် အမေရိကန် လုံခြုံရေးအာဏာပိုင်များ၏ တရုတ်ပြည်မအား ဝိုင်းပတ်ပိတ်ဆို့ပြီး ပြန်လည်သိမ်းပိုက်ရေး ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

မက်အာသာ၏ ပိုမိုကျယ်ပြန့်သည့်စစ်ဆင်ရေးအစီအစဉ်များချမှတ်ထားရှိမှုကို တိုကျိုမှ ထုတ်ပြန်သည့် ၁၉၅၁ ခုနှစ် မတ်လ ၂၄ ရက် ထုတ်ပြန်ချက်တွင် ရှင်းလင်းစွာတွေ့မြင်နိုင်သည်။ အဆိုပါထုတ်ပြန်ချက်တွင် စစ်ရေးလုပ်ဆောင်မှုများအား ကိုရီးယားစစ်မျက်နှာတွင်သာကန့်သတ်ထိန်းချုပ်ထားရန်သာရည်ရွယ်သည့် ကုလသမဂ္ဂ၏ ပျော့ပြောင်းသည့်မူမှ သွေဖယ်ပြီး ကမ်းရိုးတမ်းဒေသများနှင့် တရုတ်အတွင်းပိုင်းဒေသများအထိ စစ်ဆင်ရေးဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရန် မက်အာသာက နှိုးဆော်ခဲ့သည်။

ချန်ကေရှိတ်သည် ကိုရီးယားသို့ တပ်မကြီး သုံးခုစေလွှတ်ရန် ကမ်းလှမ်းခဲ့သော်လည်း မက်အာသာက ငြင်းဆိုခဲ့သည်။ ထိုအချိန်က ထိုင်ဝမ်အခြေစိုက် တရုတ်သမ္မတနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်သည်။ ချန်ကေရှိတ်အတွက် တရုတ်တောင်ပိုင်းမှလုပ်ဆောင်ရမည့် မက်အာသာ၏ လျှို့ဝှက်အစီအစဉ်တစ်ခုအပေါ် အာရုံစိုက်ခြင်းကပိုမိုသင့်တော်သည်။

ကိုရီးယားစစ်ပွဲအတွင်း ချန်ကေရှိတ်အား မက်အာသာ၏အကြံပေးတိုက်တွန်းချက်များနှင့်ပတ်သတ်ပြီး အတည်ပြုနိုင်သည့် တရားဝင်မှတ်တမ်းများမရှိပါ။ သို့သော်လည်း မြန်မာနိုင်ငံတွင်ခြေကုပ်ယူပြီး တရုတ်နိုင်ငံအား ကျယ်ပြန့်သည့်စစ်ဆင်နွဲလိုသည့် မက်အာသာ၏စိတ်ကူးကို အကောင်အထည်ဖော်မည့် အစီစဉ်တစ်ရပ်ရှိခဲ့ကြောင်း တရုတ်ပြည်တွင်းစစ်အတွင်း ချန်ကေရှိတ်၏ အဓိကအကြံပေးအဖြင့်ဆောင်ရွက်ခဲ့သူ၊ ဒုတိယကမ္ဘာစစ်တွင် ပါဝင်ခဲ့သည့် အမေရိကန်ဗိုချုပ်ဟောင်း Claire Chennault က နောက်ပိုင်းတွင်လူသိရှင်ကြားဝန်ခံပြောဆိုခဲ့သည်။

“ဒါဟာ နှစ်ဖက်ဝိုင်းပတ်ပိတ်ဆို့မှုစစ်ဆင်ရေးဖြစ်တယ်။ ကိုရီးယားမှာ ကုလသမဂ္ဂတပ်တွေကတစ်ဖက်၊ တောင်ပိုင်းနယ်မြေတွေမှာ တရုတ်ဖြူအမျိုးသားတပ်တွေကတစ်ဖက်နှင့် နှစ်ဖက်ညှပ်မိစေနိုင်တယ်၊ ဒါဟာ ကြီးမားတဲ့အခွင့်အလမ်းပဲ၊ တရုတ်ဖြူအမျိုးသားတပ်တွေကို ကိုရီးယားမှာမထားပဲ တောင်ပိုင်းကနေတိုက်ခိုင်းဖို့ဖြစ်တယ်” ဟု သူက ၁၉၅၈ ခုနှစ်အမေရိကန်ကွန်ဂရက် ကြားနာစစ်ဆေးမှုတွင် ထွက်ဆိုခဲ့သည်။

၎င်းစစ်ဆင်ရေးမှာ စီအိုင်အေ၏ ပထမဆုံးလျှို့ဝှက်စစ်ပွဲဖြစ်ပြီး လုံး၀ ရှုံးနိမ့်ခဲ့ရသည့်စစ်ပွဲလည်းဖြစ်သည်။ မြန်မာအစိုးရသည် အဆိုပါအရေးကိစ္စနှင့်ပတ်သတ်ပြီး ကုလသမဂ္ဂထံတိုင်ကြားခဲ့ပြီး အထွေထွေညီလာခံမှ ကူမင်တန်တပ်များမြန်မာပြည်မှထွက်ခွာရန်တောင်းဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

အမေရိကန်နှင့် ထိုင်ဝမ်တို့က ၎င်းတို့၏တပ်များပြန်လည်ရုတ်သိမ်းရန် သဘောတူညီခဲ့ပြီး ၁၉၅၄ မေလတွင် ကူမင်တန်တပ်ဖွဲ့ဝင် ၆၀၀၀ ခန့်အား လေကြောင်းမှတဆင့်ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ သို့တိုင်အောင် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကျန်ရှိနေသေးသည့်အတွက် မြန်မာက ပီကင်းအခြေစိုက် တရုတ်ပြည်မအစိုးရထံ မျက်နှာမူခဲ့သည်။

(အရှေ့တောင်အာရှဒေသမှ ကူမင်တန်အား ချေမှုန်းခြင်း)

ကိုရီးယားစစ်ပွဲအပြီး ဆယ်စုနှစ်တစ်ခုခန့်အကြာ၊ တရုတ်-မြန်မာနှစ်နိုင်ငံနယ်နမိတ်မျဉ်းသတ်မှတ်မှုပြီးစီးသည့် ၁၉၆၁ ခုနှစ်တွင် တရုတ်တပ်သား နှစ်သောင်းခန့်သည် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနယ်ခြားအား ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်။

“မဲခေါင်မြစ်” ဟု လျှို့ဝှက်အမည်ပေးထားသည့် အဆိုပါစစ်ဆေးရေးတွင် “လူလှိုင်း” စစ်ဆင်ရေးနည်းဖြင့် ယခုနောက်ပိုင်း ရွှေတြိဂံဒေသဟု ခေါ်သည့်တောင်တန်းဒေသသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြသည်။ လူသူအင်အား အမြောက်အများဖြင့် ထိပ်တိုက် ထိုးဖောက်တိုက်ခိုက်သည့် လူလှိုင်း စစ်ဆင်ရေးနည်းလမ်းမှာ ကိုရီးယားစစ်ပွဲတွင်အသုံးပြခဲ့သည့် နည်းဗျူဟာဖြစ်သည်။

ထိုစစ်ဆင်ရေးအတွင်း ကူမင်တန်တပ်များ၏ နောက်တန်းအထိ ထိုးဖောက်ဖြိုဖျက်နိုင်ခဲ့ပြီး ရှုံးနိမ့်သွားသည့် ကူမင်တန်တပ်ဖွဲ့ဝင်များသည် ထိုင်းနယ်စပ်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ ကူမင်တန်တပ်ဖွဲ့ဝင်အကြွင်းအကျန်အချို့နှင့် ၎င်းတို့၏ မျိုးဆက်များမှာ ယနေ့တိုင် ယင်းဒေသတွင်ရှိနေသေးသည်။

ဤ စစ်ဆင်ရေးမှာလည်း လျှို့ဝှက်စစ်ဆင်ရေးဖြစ်သည်။ မြန်မာနိုင်ငံအစိုး၇၏မှတ်တမ်းများတွင် ၁၉၆၁ စစ်ဆင်ရေးအတွင်းက တရုတ်တပ်သားများပါဝင်မှုကို ဖော်ပြထားခြင်းမရှိသကဲ့သို့ တရုတ်ဘက်ကလည်း ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါ။ အဆိုပါစစ်ဆင်ရေးမှာ ကိုရီးယားစစ်ပြီးဆုံးချိန်မှ ၁၉၆၂ တရုတ်-အိန္ဒိယစစ် နှင့် ဗီယနမ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံအားဝင်ရောက်တိုက်ခိုက်မှုအပြီးတွင် ဗီယနမ်နိုင်ငံအား “အပြစ်ပေးသည့်” ၁၉၇၉ ခုနှစ်စစ်ပွဲများ မဖြစ်မီအချိန်အထိ တရုတ်နိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် ကြီးမားသည့် နယ်စပ်ဖြတ်ကျော် အင်အားသုံးတိုက်ခိုက်မှုဖြစ်သည်။

စာရေးသူကိုယ်တိုင် ၁၉၈၇ ခုနှစ်တွင် တရုတ်-မြန်မာနယ်စပ်တစ်လျှောက် သွားရောက်ခဲ့စဉ်က အသက်ကြီးပိုင်းဒေသခံများက ကျေးရွားများအတွင်း လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် တရုတ်တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပုံနှင့် ကူမင်တန် အခြေစိုက်စခန်းများအားပစ်ခတ်စဉ် တုန်ဟည်းစွာပေါ်ထွက်လာသည့် စက်သေနတ်ပစ်ခတ်သံများအားကြားခဲ့၇ပုံတို့ကို ပြန်ပြောင်းပြောပြခဲ့ကြသည်။

၎င်းဖြစ်ရပ်များနောက်ပိုင်း ရွှေတြိဂံဒေသတွင်ကျန်ရှိခဲ့သည့် ကူမင်တန်အကြွင်းအကျန်များမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအား စစ်ရေးအရ စိန်ခေါ်နိုင်သည့်စွမ်းရည်မရှိတော့ပါ။ နယ်စပ်ဒေသတွင် ထိုတပ်ဖွဲ့ဝင်ဟောင်းများက ရာဇဝတ်ဂိုဏ်းများနှင့် မူးယစ်မှောင်ခိုဂိုဏ်များအဖြစ် ပြောင်းလဲသွားခဲ့ခြင်းသည် ကိုရီးယားစစ်ပွဲ၏ ခါးသီးသည့်ဆိုးမွေများပင်ဖြစ်သည်။

ထိုဖြစ်ရပ်များ၏ နောက်ပိုင်းကာလသက်ရောက်မှုများဖြစ်သည့် ကူမင်တန်များဆက်လက်ကျန်ရှိနေခြင်းနှင့် ၎င်းတို့၏လက်နက်များ ဌာနေတိုင်းရင်းသားလူမျိုးစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ ရောက်ရှိသွားခြင်းက မြန်မာ့ပြည်တွင်းစစ်အား မီးစာထိုးပေးနေခဲ့သည်။

တရုတ်အကြောင်းကို ပြန်ကောက်ရလျှင် မော်၏ တရုတ်ပြည်သူ့ဗောလန်တီယာ တပ်များသည် “အရှက်ရဖွယ်ရာစု” အပြီး တရုတ်တို့၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူနိုင်ခဲ့သည်။ ၎င်းအပြင် “ခေါင်းဆောင်ကြီး” လက်ထက်ကာလအတွင်း တရုတ်သည် တတိယကမ္ဘာ့နိုင်ငံများမှ တော်လှန်ရေးလှုပ်ရှားမှုများ၏ ခံတပ်ကြီးသဖွယ်ဖြစ်ခဲ့သည်။

ယနေ့အချိန်တွင် တရုတ်သည် တော်လှန်ရေးကို တင်ပို့ခြင်းမလုပ်ဆောင်တော့ပဲ စက်မှုထုတ်ကုန်များကိုသာ အများအပြားတင်ပို့လျက်ရှိသည်။ တရုတ်သည် စီးပွားရေးအင်အားတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး နိုင်ငံတစ်ခုဖြစ်လာပြီး စစ်ရေးအင်အားတွင်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြန့်ကျက်နိုင်သည့် အင်အားကြီး နိုင်ငံတစ်ခုဖြစ်လာပြီဖြစ်သည်။

အဆိုပါ အောင်မြင်မှုများအတွက် မျိုးစေ့များအား ကိုရီးယားစစ်ပွဲတွင်ပါဝင်ခဲ့သည့် လယ်သမားစစ်သည်တပ်များက စိုက်ပျိုးခဲ့ကြသည်။ မှန်ကန်သည့် နည်းနာနှင့် စိတ်အားထက်သန်မှုသာရှိလျှင် လက်နက်နှင့်နည်းပညာမြင့်မားပြီး အင်အားကြီးမားသည့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအား တိုက်ခိုက်ဟန့်တားနိုင်ကြောင်း တရုတ် “ပြည်သူ့ဗော်လန်တီယာ” တပ်ဖွဲ့ဝင်များက ပြသခဲ့သည်။

------------------------------------------- 

Unicode: 
































မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.