ဖိနပ်တစ်ရံနှင့် အမျိုးသမီးငယ်နှစ်ယောက်


ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၃ဝ / ၂ဝ၂ဝ

"စစ်ပွဲတွေကို ရပ်တန့်စေချင်တယ်။ ကျမတို့လို့ တခြားလူတွေကို မဖြစ်စေချင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းဘဲ ဖြစ်စေချင်တယ်" ဟု ဖိနပ်တစ်ရံကို တစ်ယောက်တစ်ဖက်စီ ခွဲဝေ စီးနေကြသော ခြေတစ်ဖက်သာ ကိုယ်စီရှိကြတော့သည့် မမိုးမိုးနွယ်နှင့် မနန်းစုတို့က မျက်ဝန်းထဲတွင် မျည်ရည်များပြည့်လျှံကာ လေသံတိုးတိုးလေးဖြင့် အနီးအနားမှ သူမတို့အား သတင်းလာမေးသူများကို ပြောဆိုနေသည်။

သူတို့နှစ်ဦးရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်မှာ အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်နှင့် နုညံ့သော မျက်နှာအနေအထားမျိုးရှိသူ အသက် ၂ဝ ဝန်းကျင် အမျိုးသမီးများဖြစ်ကြသည်။

စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ လေယာဉ်ကွင်းဆင်းလမ်းတွင်တည်ရှိသော အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းကိုဝင်လိုက်သည်နှင့် ရခိုင်ပြည်နယ်၊ နေရာအနှံ့အပြားမှ ထွက်ပြေးလာသော စစ်ဘေးရှောင်များစွာကို တွေ့မြင်ရမည်ဖြစ်သည်။ ကျောင်း၏ မြောက်ဖက်အဆောင်သို့သွားလိုက်သည်နှင့် မမြင်ရဲ၊ မကြည့်ရဲစရာ ခြေပြတ်၊ လက်ပြတ် စစ်ကြောင့် ဒုက္ခိတဖြစ်ခဲ့ရများကို တွေ့မြင်ရပေမည်။

အလိုတော်ပြည့်ကျောင်းတိုက်ကြီး၏ မြောက်ဖက်ကျောင်းဆောင်တွင်၊ စစ်ဘေးဒဏ်ကြောင့် စစ်တွေဆေးရုံသို့ ဆေးကုသရန်ရောက်ရှိလာသော လူနာများကို ကူညီဆောင်ရွက်ပေးနေသော လူမှုရေးအဖွဲ့အစည်းတစ်ခုမှ ဆရာဦးသန်းထွန်းက စစ်တွေဆေးရုံမှ ဆင်းခွင့်ပြုလိုက်သော လူနာများနေရေး၊ ထိုင်ရေးအတွက် ကျောင်းထိုင်ဆရာတော် ဦးပညာဇောတထံ အကူအညီတောင်းပြီး ၄င်းတို့အား နေထိုင်ခွင့် ပေးထားခြင်းဖြစ်သည်။

ယခု လူနာများခိုလှုံနေထိုင်ခဲ့သောအဆောင်တွင် ကျနော်တက္ကသိုလ်တက်တုန်းက ဆရာတော်ထံ ခွင့်တောင်းပြီး ယင်းအဆောင်များတွင် (၂) နှစ်တိုင်တိုင်နေထိုင်ခဲ့ပြီး ကျောင်း၏ အရှေ့ဘက် အဆောင်တွင် (၁) နှစ် စုစုပေါင်း (၃) နှစ်တိုင်တိုင် အလိုတော်ပြည့်ကျောင်းတွင် နေထိုင်ပြီး တက္ကသိုလ်တက်ခဲ့ဖူးသူဖြစ်သည်။  

ကျောင်းတွင်နေထိုင်ရသည်မှာ အေးချမ်းလှပြီး၊ စာကျက်၊ စာဖတ်ဖို့အတွက်လည်း အဆင်ပြေလှပေသည်။ အဆောင်များတွင်ကဲ့သို့ ဆူညံသံများမရှိသဖြင့် တိတ်ဆိတ်ငြိမ်သက်ကာ စိတ်ချမ်းသာစရာကောင်းလှပေသည်။

ယခင်က ကျနော်နေထိုင်ခဲ့သောအဆောင်တွင် စစ်ဘေးရှောင်များ၊ စစ်ကြောင့် အတိဒုက္ခ ရောက်ကြသူများနှင့် ပြည့်နှက်နေပြီး တိတ်ဆိတ်မှု မရှိတော့ဘဲ ဘုန်းတော်ကြီးကျောင်းမှာ ယခု တကယ့်ကယ်ဆယ်ရေး စခန်းတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

ထိုအထဲတွင် စစ်ဘေး၊ စစ်ဒဏ်ကြောင့် ခြေထောက်တစ်ဖက်စီ ဆုံးရှုံးလိုက်ရသည့် မမိုးမိုးနွယ်နှင့် မနန်းစုတို့ပါဝင်သည်။ မမိုးမိုးနွယ်မှာ ဘယ်ခြေထောက် တစ်ဖက်ဆုံးရှုံးလိုက်ရသလို မနန်းစုတို့မှာ ညာဖက်ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရသည်။ သူတို့နှစ်ဦးသည် ဖိနပ်တစ်ရံကို နှစ်ယောက်သား ခွဲဝေပြီး တစ်ယောက်တစ်ဘက်စီ စီးနေရခြင်းဖြစ်သည်။ 

သူတို့နှစ်ဦးမှာ ယခင် ခြေထောက်နှစ်ဖက်ဖြင့် လွတ်လပ်စွာသွားလာ၍ရခဲ့သော်လည်း အခုအခါ ခြေထောက် တစ်ဖက်ဖြင့် ချိုင်ထောက်ကို အဖော်ပြုကာ ခက်ခက်ခဲခဲ သွားလာနေကြသည်မှာ မြင်ရသူတိုင်း ရင်ကို ဆို့သွားစေသည်။ သူမတို့နှစ်ဦးမှာ ဆင်းရဲပင်ပန်းလှသဖြင့် ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ကြိုးစားနေခဲ့ကြရသူများ ဖြစ်ကြသလို ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလို ခြေထောက် ကျည်ဆံ ထိမှန်ပြီး တစ်ဖက်စီ ဖြတ်ပစ်ခဲ့ကြရသည်။ 

မမိုးမိုးနွယ်မှာ အသက် ၁၇ နှစ်သာရှိသေးပြီး  ကျောက်တော်မြို့နယ်၊ သင်္ဘောကွေ့ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၇ မျိုးထဲက ဒိုင်းနက် (ခေါ်) သက္ကမ အမျိုးသမီးတစ်ဦးဖြစ်သည်။ ၄င်းမှာငယ်စဉ်ကတည်းက ဆင်းရဲပင်ပန်းစွာဖြင့် မိသားစု စားဝတ်၊ နေရေးအတွက် ဘဝပင်လယ်ကို အဒေါ်ဖြစ်သူနှင့်အတူ ကူးခတ်လာရသူတစ်ဦးဖြစ်သည်။ သူအသက် ၅ နှစ်အရွယ်တွင် မိခင်ဖြစ်သူဆုံးသွားပြီး၊ အဒေါ်နှင့်အတူနေထိုင်ကာ အဒေါ်ဖြစ်သူကိုပင် မိခင်မှတ်၍  အမေဟုခေါ်သည်ဟု သိရသည်။ 

မမိုးမိုးနွယ်မှာ ဆင်းရဲပင်ပန်းလှသဖြင့် ဒုတိယတန်းအထိသာ ပညာသင်ကြားခွင့် ရရှိခဲ့ပြီး ဆွံ့အနားမကြားသော ဖခင်နှင့် လေးတန်းကျောင်းသား မောင်လေးတစ်ယောက်ရှိသည်။ ၄င်းတို့နှစ်ဦးအား မမိုးမိုးနွယ်မှာ နွေရာသီနှင့်၊ ဆောင်းရာသီတို့တွင်ဆိုလျှင် ပန်းရံလုပ်ငန်းများတွင် အုတ်သယ်၊ ကျောက်သယ်အလုပ်များကို လုပ်ကိုင်ပြီး၊ မိုးရာသီတွင် ကောက်စိုက်၊ ကောက်နုတ်စသည့် အလုပ်များကို အရွယ်နှင့်မမျှအောင်လုပ်ကိုင်ပြီး ဖခင်နှင့် မောင်ဖြစ်သူအား လုပ်ကျွေးနေရသူတစ်ဦးဖြစ်သည်။

၂ဝ၂ဝ ခုနှစ်၊ ဧပြီလတစ်ရက်နေ့တွင်  မမိုးမိုးနွယ် ဘဝမှာ (ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ ဆိုသလိုမျိုး) ထပ်မံ၍ ကံဆိုး၊ မိုးမှောင်ကျခြင်းကိုခံရပေသည်။ ယင်းနေ့တွင် သင်္ဘောကွေ့ရွာအနီး၊ သရက်အုပ်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ကံဆိုးချင်တော့ မထင်မှတ်ဘဲ သူ့မ၏  ဘယ်ဖက်ပေါင်တွင် ကျည်ထိမှန်ခဲ့သည့်အတွက် ဘယ်ဖက်ခြေထောက် တစ်ချောင်းကို ဆုံးရှုံးလိုက်ရသည်။

ဤကဲ့သို့ဆုံးရှုံးလိုက်ရသဖြင့် မမိုးမိုးနွယ်၏ ရင်ထဲတွင် သောကမီးများ လောင်ကျွမ်းရပေသည်။ သူ့မ၏ ရင်ထဲ၌ လောင်ကျွမ်းနေသော သောကမီးမှာ မိမိ၏ ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ခြင်းအတွက် ဝမ်းနည်းပူဆွေးခြင်းမဟုတ်ဘဲ ဖခင်နှင့် မောင်လေးတို့၏ ဘဝရှေ့ရေးအတွက်ပင်ဖြစ်သည်ဟု သူမက ပြောဆိုသည်။

" ငါ့မှာခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရပြီ ငါ့ဖခင်နဲ့ မောင်လေးကို အရင်လို့ ငါ့ရှာမှ ကျွေးနိုင်တော့ပါ့မလား။ ငါဘယ်လို့လုပ်ရမှာလဲ" ဟု တွေးတော နေခြင်းပင်ဖြစ်သည်ဟု သူမ ပြောဆိုသည်။ 

သူမ၏ ခြေထောက်ဖြတ်လိုက်ရခြင်းကို သတိထားဖို့မရဘဲ မိသားစုစားဝတ်နေရေးအတွက် စိတ်ပူနေရသော အရွယ်နှင့် မလိုက်အောင် ပူပင်နေရသော အပူသည်မ မိုးမိုးနွယ်၏ဘဝမှာ ဂရုနာသက်ဖွယ်ကောင်းလှပေသည်။

ယခုအခါတွင် စစ်တွေမြို့အလိုတော်ပြည့်ကျောင်းထိုင်ဆရာတော်၏ ကျေးဇူးတော်ကြောင့် ခြေထောက်တစ်ဖက်တည်းဖြင့် စက်ခြုပ်ပညာကိုသင်ကြားခွင့်ရလိုက်သည့်အတွက် ဝမ်းသာ ပီတီဖြစ်နေသည်ကို သူ့မ၏ မျက်လုံးများက သက်သေပြနေသည်။ 

" အခုကျမ စက်ခြုပ်ပညာကို သင်ကြားခွင့်ရလိုက်ပြီး စက်ချုပ်ပညာဖြင့် အရင်လို့ မောင်လေးနှင့် ဖခင်ကို လုပ်ကျွေးလို့ရပြီ"ဟု ပျော်ရွှင်ဖွယ်မျက်နှာအနေအထားမျိုးနှင့် သူမ ပြောပြနေသည်မှာ ကြားရသူများကို မျက်ရည်စို့စေသည်။ 

မမိုးမိုးနွယ်နည်းတူ နောက်ထပ် ဖိနပ်တစ်ဖက်ပိုင်ရှင် အသက် ၂၁ အရွယ် မနန်းစု၏ ဘဝမှာလည်း သနားစရာကောင်းလှပေသည်။ မနန်းစုမှာ ကရင်အမျိုးသမီးတစ်ဦးဖြစ်ပြီး online ပေါ်တွင် ရခိုင်လူငယ်တစ်ဦးနှင့် မေတ္တာမျှပြီး ချစ်သူဖြစ်ကာ သူတို့နှစ်ဦး အကြင်လင်မယားအဖြစ် လက်ထပ်လိုက်ကြသည်။ မနန်းစုသည် သူချစ်ရသောသူနှင့် လူငယ်ပီပီ မေတ္တာချင်းမျှ၍ လက်ထပ်လိုက်ပြီးနောက် ခင်ပွန်း၏ နေထိုင်ရာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာသို့ ဒီဇင်ဘာလက လိုက်ပါလာခဲ့သည်။ သူ့လိုက်လာချိန်တွင် ရခိုင်ပြည်နယ်အတွင်းတွင် ရခိုင်တပ်တော်(AA) နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေဆဲကာလဖြစ်သည်။ မနန်းစုတို့၏ ဇနီးမောင်နှံမှာ လက်လုပ်၊ လက်စား ဆင်းရဲသားပြည်သူများဖြစ်သဖြင့် ငါးရှာ၊ ဟင်းခူးဘဝဖြင့် အသက်မွေးနေရသူများဖြစ်သည်။

၂ဝ၂ဝ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် မနန်းစုတို့ ဇနီးမောင်နှံ သူတို့၏ ဝမ်းရေအတွက် သူ့တိုလုပ်ကိုင်စားသောက်နေကြဖြစ်သော ငါးရှာ၊ ဟင်းခူရန် မိမိတို့နေထိုင်ရာ စညှင်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသော ဖက်ပေါင်းချောင်းသို့  ဂဏန်းမြှုုံးထောင်ရန်သွားပြီး  အပြန်တွင် ချောင်းကမ်းဘေးတွင်ရှိသော တောင်ပေါ်မှ ဟင်းသီး၊ ဟင်းရွက်များခူးနေစဉ် မိုင်းနင်းမိသဖြင့် သူ့မ၏ ညာဖက်ခြေထောက်တစ်ဖက်ကိုဆုံးရှုံးလိုက်ရလေသည်။

ယခုအခါ မနန်းစုမှာ စစ်တွေဆေးရုံမှဆင်းခွင့်ရ၍ အလိုတော်ပြည့်ကျောင်းတွင် ခိုလှုံပြီး ခြေထောက်ဒဏ်ရာအား ဆေးကုသလျက်ရှိပေသည်။ 

သူ့နှင့်သွားတွေ့စဉ်တုန်းက သူ့ပြောသောစကားများမှာ ကြက်သီးထစရာပင် ကောင်းလှပေသည်။ သူနင်းမိခဲ့သော မိုင်းကိုထောင်ထားသူများကြားလျှင် အကြိမ်ကြိမ်အခါခါ ရှက်၍ လဲသေဖို့ကောင်းလှပေသည်။

မနန်းစု ပြောပြသော စကားလုံးများမှာ "ကျမက ဘယ်သူကြောင့် ကျမခြေထောက်ဖြတ်ရတယ်လို့ မပြောချင်ဘူး။ ကျမခြေထောက်ဖြတ်လိုက်ရတာကို ကျမကျေနပ်တယ်။ ဘယ်ဖြစ်လို့လည်းဆိုတော့ ကျမအခုနင်းမိခဲ့တယ်မိုင်းကို နောက်တစ်ယောက်နင်းမိလို့ရှိလို့ နောက်တစ်ရဲ့ခြေထောက်ကိုဖြတ်ရမှာ သူတို့တွေအစား ကျမခြေထောက်ကိုပေးဆပ်လိုက်ရလို့ ကျမကျေနပ်တယ်" ဟုပြောသည်။

မနန်းစု၏ စကားများကြောင့် ကိုယ့်နားကိုပင် ကိုယ့်မယုံဖြစ်ရလောက်အောင် ကျနော် အံသြသွားခဲ့သည်။ မချီးကျူးဘဲ မနေနိုင်ရအောင် ကျနော်စိတ်လှုပ်ရှားခဲ့ပေသည်။

“မွန်မြတ်လှပတဲ့ စိတ်ဓာတ်၊ သူ့တစ်ပါးကို အကောင်းမြင်လို့သော နှလုံးသားပိုင်ရှင်မ၊ သူတစ်ပါးကို မဖြစ်စေချင်ဘဲ မိမိရဲ့ခြေထက်ကို ပေးဆပ်လိုက်ရလို့ ကျေနပ်နေသော သူရဲကောင်းမကြီး၊ မွန်မြတ်လှသော နှလုံးသားပိုင်ရှင်မကြီး”ဟု ကျနော်စိတ်ထဲတွင် ရေရွတ်နေပြီး သူမ၏ မွန်မြတ်သော စိတ်ဓာတ်ကို လေးစားနေမိသည်။ 

သူမအနေဖြင့် စစ်ပွဲတွေဖြစ်နေသော ကရင်ပြည်နယ်တွင် ကြီးပြင်းခဲ့သူဖြစ်ပြီး ချစ်သူကို ယုံ၍ ဘဝကို ပုံအပ်ပြီး ရခိုင်ကို လိုက်လာခါမှ မိုင်းနင်းမိပြီး ခြေထောက်ဖြတ်ပစ်ခဲ့ရသဖြင့် စစ်ကို သူမရွှံ့မုန်းကြောင်း၊ စစ်ကို သူမ မလိုလားကြောင်း ပြောဆိုသည်။ 

" ကျမတို့က တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်နိုင်ငံတည်းမှာ နေထိုင်ကြသူတွေ ဖြစ်တယ်။ ဒါကြောင့် စစ်ပွဲတွေကိုမဖြစ်စေချင်ဘူး။ အမြန်ဆုံးအေးအေးချမ်းချမ်းနှင့် နေချင်တယ်။ ကျမဒီကျောင်းကို ရောက်လာတဲ့အချိန်က ကျမလို့မျိုးတစ်ခြား ခြေပြတ်၊ လက်ပြတ်လူတွေကို မြင်တွေ့ရလို့ ကျမစိတ်မကောင်းဖြစ်ရတယ်။ ဝမ်းနည်းရတယ်" ဟု လေသံရှိုက်ပြီး မျက်လုံးထဲက မျက်ရည်များတစက်စက်စီးကျလာကာ ဝမ်းနည်းပက်လက် စကားသံများဖြင့် ပြောပြနေသည်မှာ ရင်နှင့်မဆန့်အောင် သနားစရာကောင်းလှပေသည်။

စက်ခြုပ်ပညာကို သင်ကြားခွင့်ရလို့ ဝမ်းသာနေသော မမိုးမိုးနွယ်ကဲ့သို့ မနန်းစုကလည်း သူ့၏ဘဝရှေ့ရေးအတွက် အလုပ်ကြမ်းတွေကို မလုပ်နိုင်သော်လည်း ကွမ်းယာဆိုင်ဖွင့်ပြီး ဘဝကို ရှေ့ဆက်သွားရန်ရည်မှန်းထားသည်ဟု ပြောသည်။

သူတို့နှစ်ဦးရဲ့ ရင်ထဲမှာလာသောစကားလုံးများမှာ "စစ်ပွဲတွေကို ရပ်တန့်စေချင်တယ်။ ကျမတို့လိုမျိုးတစ်ခြားသူတွေကို မဖြစ်စေချင်"ဟုပြောဆိုနေသော ငြိမ်းချမ်းရေး စကားသံများပင်ဖြစ်သည်။


Share: