Preview

မြောက်ဦး တိန်ညိုစစ်ရှောင်စခန်းက မီးဘေးသင့် သူတွေ ရဲ့ နွေဦးပုံပြင်

မတ် ၂၂/ ၂၀၂၁ | ကြည့်ရှုသူ :8367
ဆောင်းပါး

            မိုးခိုးငွေ့ငွေ့လူးလင့်နေသည့် ပြာပုံအကြွင်းကျန်နေရာမှာ ဦးမောင်ထွန်းမြတစ်ယောက် ရတတ်ရာနိုးနိုး မြေဆွထိုးကာ ဆွေးမြေ့စွာဖြင့်လိုက်ရှာကြည့်နေသည်။သို့ရာတွင် သူတွ့ရှိထားသည် များက မီးလောင်ကျွမ်းထားသည့်  အိုးခွက်ပန်းကန်ပျက်များသာဖြစ်ပြီး ပြန်လည်သုံးစွဲလို့မ၇နိုင်တော့ချေ။

 

ယမန်နေ့ညကမီးလောင်စဉ်ထွက်ပြေးယင်းမီးဟပ်သွားသည့်လက်ချောင်းရောင်ရမ်းနေသော်လည်းကျန်လက်တစ်ဖက်ဖြင့်အားပြုနေခြင်းဖြစ်သည်။ ထိုစဉ်  အနီးအနားမီးဘေးသင့် သူများလည်း ဦးမောင်ထွန်းမြကဲ့သို့ ပင် ယမန်နေ့ညက မိမိတို့ ယာယီခိုနားနေသည့်တဲ အိမ်လေး မီးထဲပါသွားလို့ ခံစားချက် မျော်လင့်ချက် များလောင်ကျွမ်းရာ နွေဉီးမှာကြုံတွေ့၇သည့်ဝေဒနာများအလားတူဖြစ်နေလိမ့်မည်။

 

“ မီးကဘယ်အိမ်ကစလောင်သလဲဆိုတာပြောရခက်တယ်။အခုဟာက နေအိမ်တစ်ခုက ဖယောင်းတိုင် မီး စွဲလောင်ရာကနေစွဲပြီးလောင်ကျွမ်းခဲတာလို့လည်းပြောကြတယ်။ ပေါ့ဆမီးဆိုရမှာပေါ့။ မိနစ်နှစ်ဆယ်လောက်ပဲကြာတဲ့အသည် မီးက ကျွန်တော်တို့ တိန်ညို စစ်ဘေးရှောင်စခန်းက ယာယီတဲခြောက်ရာကျော်ကို တစ်ခါတည်း ပြာကျသွားစေတာပဲ” ဟု တိန်ညို စစ်ဘေးရှောင်စခန်းက မတ်လ(၁ရ) ရက်နေ့ မီးဘေးသင့် ဒုက္ခသည် ၂၅၆၅ ထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ဦးမောင်ထွန်းမြကကြွေကွဲစွာဖြင့်ပြောကြားသည်။

 

           မြောက်ဦးမြို့နယ်တိန်ညို စစ်ဘေးရှောင်စခန်းသည် မြောက်ဦးမြို့ ၏ မြောက်ဖက် (၁၈)ကီလိုမီတာအကွာကျောက်တော် မဟာမြတ်မုနိဘုရား၏ တောင်ဖက် ( ၁၉ ကီလိုမီတာ) အကွာကြားတည့်တည့် တွင်တိန်ညို တိုက်နယ် ရှိရာ ရန်ကုန်-စစ်တွေကားလမ်း နံဘေးတွင် တည်ရှိသည်။

 

၂၀၁၈ ခုနှစ်ကပင်  ရက္ခိုင့်လက်နက်ကိုင် တပ်တော်အေအေ နှင့်မြန်မာတပ်မတော် တို့အကြား ဖြစ်ပွါးခဲ့သည့် ပြည်တွင်းစစ်ကြောင့် စစ်ဘေးသင့်သည့်ကျေးရွာပေါင်း (၁၀) ရွာခန့်မှ ဒေသခံ (၃၃၅၅) ၊ အိမ်ထောင်စု ( ၈၇၅  ) လာရောက်ကြာ နှစ် နှစ်ကျော်ကြာယာယီတည်းခိုနေကြည်ခြင်းဖြစ်သည်။ ရခိုင်ပြည်တွင်းစစ်မီးဟုန်းဟုန်း တောက်ရာ မြောက်ဦး- ကျောက်တော် ကားလမ်းနံဘေးကျေးရွာများမှ တပ်မတော်စစ်ကြောရေးဖြစ်စဉ်များ၊လက်နက်ကြီးကျသည့်ဖြစ်စဉ်များ၊ ရွာလုံးကျွတ်မီးရှီုးခံရသည့် ဖြစ်စဉ်များတွင်နဖူးတွေ့ ဒူးတွေ့ ခံစားခဲ့ရသည့် ရွာပေါင်း (၁၀) ရွာခန့် မှ ရခိုင်တိုင်းရင်းသားဒုက္ခသည်များ လာရောက်စုစည်းခိုနေကြသည့် နေရာတစ်ခုလည်းဖြစ်သည်။

 

“ ဒီစခန်းကိုအရင်တုန်းကအစိုးရအသိမှတ်ပြုတာမျိုးမရှိခဲ့ဘူး။ နောက်ပိုင်း မှာ တဖြည်းဖြည်းနဲ လူပေါင်း  သုံးထောင့်သုံးရာငါးဆယ့်ငါး အိမ်ထောင်စုပေါင်းရှစ်ရာကျော်များလာခဲ့ပါတယ်။ အိုင်စီအာရ်စီကတော့ လစဉ် စားသုံးဖို့ ဆန်နဲ့ဆီတော့ထောက်ပံ့ပါတယ်။ ဒီနေ့လည်း တိုက်တိုက်ဆိုင်ဆိုင် အိုင်စီအာရ်စီက ဆန်လာဝေ တဲ့နေ့နဲ့ တိုက်ဆိုင်လို့မီးဘေးသင့်သူတွေ စားစရာဆန်ပူဖို့မလိုလိုက်တာပါ။ ဒါပေမယ့် ချက်ပြုတ်စရာအိုးခွက်ပန်းကန်တွေနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေအကုန်လုံးလဲ မီးထဲပါသွားတော့ဘာနဲ့ချက်ပြုတ်ရမလဲမသိဘူး။ လောလောဆယ် စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း တာဝန်ခံတွေကအလူငွေတွေလက်ခံပြီး ရွာသားတွေက ချက်ပြုတ်ပေးနေတယ်။ ယာယီအနေနဲ့ ဘုန်းကြီးကျောင်းမှာပဲခေတ္တယာယီ တည်းခိုနေကြတယ်” ဟုတိန်ညိုစစ်ရှောင်စခန်းမှ တာဝန်ခံတစ်ဦးဖြစ်သည့် ဦးစိုးနိုင်က ပြောပြသည်။

 

 စစ်ဘေးရှောင်မီးဘေးသင့်သည့် မိသားစုဝင်များမှာတိန်ညို ရွာဦးဘုန်းကြီးကျောင်းတွင် ယာယီနားခိုနေကြသော်လည်း နေထိုင်ရန်အခင်း၊အမိုးအကာများ အခက်အခဲလည်းရှိပြီး ဒုက္ခသည်အများစုမှာ မီးလောင်ကျွမ်းမှုကြောင့်အသုံးဆောင်ပစ္စည်းများ လည်းဆုံးရှုံးခဲ့ရသည်ဟု လက္ကာကျေးရွာမှပြောင်းရွှေ့နေထိုင်လာသူ ဒေါ်သိန်းမေကြီးက ပြောသည်။

 

ကျွန်မတို့ မိသားစု နေထိုင်တဲ့ ယာယီတဲက မီးစလောင်ရာနေရာနဲ့ကိုက်တစ်ရာလောက်ပဲ ကွာတယ်။ လူတွေအသက်ဘေးလွတ်လာတာပဲ ကံကောင်းတယ်လို့ပြောရမယ်။ဘာဆိုဘာပိုင်ဆိုင်မှုတစ်ခုမှ ယူမလာနိုင်ခဲ့ဘူး။ မီးအားကလည်းတအားပြင်းတယ်။အခုကျွန်မတို့ မိသားစု ငါးယောက်စလုံး တာပေါ်လိန် နဲ့ ဝါးတိုင်ချည်ပြီး ဘုန်းကြီး ကျောင်းထဲယာယီနေကြတယ်။ရွာပြန်ဖို့လည်း မဖြစ်နိုင်သေးဘူး။ ရွာကအိမ်ကလည်း မီးထဲပါသွားတာကြောင့် အိမ်တောင်မဆောက်နိုင်သေးဘူး။သွားစရာမြေလဲမရှိ ခိုစရာအိမ်လဲ မရှိတော့ ဘယ်လိုဖြတ်သန်းရမလဲ မပြောနိုင်တော့ဘူး။မနေ့ညက ကားလမ်းနံဘေး မီးပြာပုံကို ကြည့်ယင်း ညလုံးပေါက်မိုးလင်းခဲ့တယ်” ဟု အသက်ငါးဆယ်အရွယ် လက္ကာကျေးရွာသူ ဒေါ် သိန်းမေကြီးက ဆက်လက်ပြောကြားခဲ့သည်။

 

                   ယင်းကဲ့သို့ရွာလုံးကျွတ်မီးရှိုးခံရသည့် လက္ကာကျေးရွာမှ စစ်ဘေးရှောင်များကဲ့သို့ပင်စစ်ပွဲနှင့် စစ်ကြောရေးများကြောင့် ထွက်ပြေးတိမ်းရှောင်ခိုလုံလာခဲ့ကြသည့် အနီးအနား ကျေးရွာများ ဖြစ်ကြသောအောက်သားကန်၊ သပြေကန်၊ အိုးဖောက်၊ ဘူးရွက်မညိုး၊ တောင်ဦး စသဖြင့် ကျေးရွာသူ ရွာသားများသည်တိန်ညို စစ်ရှောင်စခန်းတွင် နေထိုင်နေယင်း ယခုကဲ့သို့ မီးဘေးသင့်ကြုံတွေ့ခဲ့၇ခြင်း ဖြစ်သည်။ အဆိုပါ ကျေးရွာများမှ စစ်ရှောင်ဒုက္ခသည်များမှာ မီးဘေးဆက်လက် ကြုံတွေ့သည်မှာတစ်ပူပေါ်နှစ်ပူဆင့်ပြီး လက်ရှိအနေအထားမှာ အရေးပေါ် စားဝတ်နေရေး၊ အသုံးဆောင်ပစ္စည်းများ၊သောက်သုံးရေများ၊ ယင်လုံအိမ်သာများ၊ အမိုးအကာများ ကျန်းမာရေး စောင့်ရှောက်မှု နှင့်ယာယီနေထိုင်ရန်နေအိမ်များ အားလိုအပ်လျှက်ရှိကြောင်းပြောသည်။

 

“ မနေ့ညက မီးလောင်သွားတော့ အိမ်မှာမရှိဘူး။နေမကောင်းလို့ ရွာထဲက ဆေးဆိုင်မှာ သွားဝယ် နေခဲ့တာ။ မီးလောင်တယ်လို့ကြားကြားချင်းအိမ်ဖက်ပြေးတော့ မီးအားပြင်းလို့ ဝင်လို့တောင် မရတော့ဘူး။ ဘာဆိုဘာမှလဲမရလိုက်ဘူး။ ကလေးတွေတော့ဘေးကင်းလိုက်လိုက်တော်သေးတယ်။ ကျွန်မယောကျားလည်း မနှစ်က စစ်ပွဲမှာ အဖမ်းခံရလို့စစ်တွေအကျဉ်းထောင်ထဲ ရောက်နေတယ်” ဟု ကလေးနှစ်ယောက်မိခင် အိုးဖောက်ကျေးရွာမှဒေါ်ခင်မေစန်း ပြောပြသည်။

 

 ဒေါ်ခင်မေစန်းနေထိုင်ရာ အိုးဖောက်ကျေးရွာမှာလည်းပြီးခဲ့သည့် တစ်နှစ် ကျော်ခန့်က စစ်တပ် စစ်ကြောရေး ဝင်စဉ်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဒေသခံအရပ်သားသေဆုံးမှုနှင့် ဖမ်းဆီးခံရသည့်ဖြစ်စဉ်များရှိခဲ့သည်။ လတ်တလောတွင် စားဝတ်နေရေးအကျပ်အတည်းနှင့် ဘေးကင်းလုံခြုံမှုပြသနာများကြောင့် ရွာသို့ပြန်ရန်လည်းမဖြစ်နိုင်သေးဘဲ တိန်ညိုစခန်းတွင်နေထိုင်နေစဉ်မီးဘေးသင့်ကြုံတွေ့ ခဲ့ရသည်မှာ နူရာဝဲစဲ ဆိုသည့်အတိုင်း ဒုက္ခများစွာအဆုံးမသတ်နိုင်သေးဘဲ မီးဘေးအပူက ပိုဆိုးနေကြခြင်းဖြစ်သည်။

 

          မတ်လ (၁၈) ရက်နေ့က၇ခိုင်ပြည်နယ်     ကစ က္ကဌအပါအဝင် ပြည်နယ်တိုင်းမှုး ဗိုလ်မှုးကြီးတို့ အဖွဲ့ သည် မီးဘေးသင့်စစ်ဘေးရှောင်များယာယီခိုနားရာ တိန်ညို ရွာဦး ဘုန်းကြီးကျောင်းသို့ရောက်ရှိလာခဲ့ကြပြီး ကယ်ဆယ်ရေးစခန်းတာဝန်ခံများ၊ မီးဘေးသင့်စစ်ရှောင်ပြည်သူများနှင့် တွေ့ဆုံကာ နေရပ်ပြန်ကိစ္စရပ်များအတွက်ဆွေးနွေးခဲ့ကြကြောင်းသိ၇သည်။ 

 

ပြည်နယ်စကစ အတွင်းရေးမှုး ဦးသန်းထွန်းကမီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများအား လတ်တလလောတွင် အစိုးရအပါအဝင် အလူရှင်တွေနဲ့ ပြည်သူလူထုများကလည်း ကိုဗစ်ဘေး၊ စစ်ဘေး ၊ ရန်ကုန်ဖက်နိုင်ငံရေးအခြေအနေများအပါအဝင်အလုပ်အကိုင်စီးပွါးရေးအကျပ်တည်းများကြောင့် အဆင်မပြေဘဲနေရပ်ပြန်များပြားနေခိုက် ယာယီနေအိမ်များဆောက်ပေးရန်မဖြစ်နိုင်ကြောင်းပြောပြခဲ့ပြီးမီးဘေးသင့်သူများအနေဖြင့် သုံးလေးရက်ခန့် ယာယီနေထိုင်စေပြီး မိမိတို့နေရပ်ကိုပြန်ဖို့ပြောဆိုခဲ့ကြောင်း စခန်းတာဝန်ခံများကပြောသည်။

                    တစ်ဖက်မှာစစ်ဘေးရှောင်မီးဘေးသင့်ပြည်သူများကလည်း မူလနေရာ ပြန်နိုင်ရေးနှင့် ပတ်သက်၍ စခန်းတွင်းယာယီနေထိုင်သူတစ်ဦးက ‘လတ်တလောမှာ ပြန်မယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ကျွန်တော်တို့ပြန်မယ်ဆိုရင် ရွာထဲမှာ အိမ်ဆောက်ဖို့လိုသေးတယ်။ စားနပ်ရိက္ခာ နဲ့လုံခြုံရေးပြသနာတွေရှိတယ်။ အခုရှေးမှာ ဘာတိုက်ပွဲများမဖြစ်တော့လို့ ဘယ်သူမှအာမမခံနိုင်ဘူး။ စစ်ကြောရေးတွေကိုလည်းစိုးရိမ်တယ်။ အကယ်၍ ရွာအနီးမှာတပ်စွဲထားတဲ့တပ်တွေရုတ်သိမ်းပေးမယ် ဆိုရင်တော့ နေရပ်ပြန်နိုင်ပါတယ်’ ဟုပြောကြားသည်။

 

                  သို့သော် ပြည်နယ်စကစအဖွဲ့ မှတပ်မတော်အရာရှိပြောကြားချက်အရ တပ်စွဲထားသည်များကို ပြန်ရုပ်သေးပေးဖို့လတ်တလောမှာမဖြစ်နိုင်သေးကြောင်းနှင့် မည်သည့်ပြသနာများမဆိုတစ်စုံတစ်ရာကိုစစ်တပ်ဖက်မှ အနှောင့်အယှက်ပေးခဲ့ပါက ရွာသားများ တိုင်တန်းနိုင်သလို အာမခံကြောင်းကို ပြည်နယ်စကစ မှ ဗိုလ်မှုးကြီးမင်းသန့်မှ ထည့်သွင်း ပြောကြားခဲ့ကြောင်း သိ၇သည်။

 

  ကျွန်တော်တို့မီးဘေးသင့် ဒုက္ခသည်တွေကို ယာယီအကူညီပေးနိုင်ဖို့က အင်မတန်အရေးကြီးတယ်။ မီးဘေးသင့်ဒုက္ခသည်တွေက နေရပ်ပြန်မယ်ဆိုရင်တောင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမလုံခြုံတဲ့အနေအထားမှာရှိနေတယ်။ ဒါကိုအစိုးရတာဝန်ရှိသူတွေက အမြင်နဲ့ ကွဲလွဲမှုတွေရှိနေတယ်။တာဝန်ရှိသူတွေက နေရပ် ပြန်စေချင်တယ်။ မီးဘေးသင့် ဒုက္ခသည်တွေကတော့ သိရသလောက်မပြန်စေချင်ဘဲ လုံခြုံရေးအာမခံချက်နဲ့ စားဝတ်နေရေးအာမခံချက်ရှိမှ အိမ်ပြန်ဖို့ စီစဉ်ထားကြသလိုမျိုး ကြားနေ၇တယ်။ ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) မှ ကိုဇော်ဇော်ထွန်းက ပြောကြားခဲ့သည်။

 

          အဆိုပါတိန်ညိုစစ်ဘေးရှောင်စခန်းမှ မီးဘေးသင့် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးထက်ယာယီအခြေချနိုင်ရေးကို အားပြုနေရပြီး အစိုးရအပါအဝင်၊ ယူအန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အရပ်သားအလူရှင်စေတနာရှင်များပေးအပ်လူဒါန်းရန် အရေးပါနေကြောင်းစခန်းတာဝန်ခံ ကိုစိုးနိုင်က ဆက်လက်ပြောပြသွားသည်။

 

လူပေါင်း၂၅၆၅ အတွက် ထမင်းစရိတ် တစ်နပ်ကို ငွေကျပ် ၈သိန်းလောက်ကုန်ကျတယ်။အခုရွာသားတွေနဲ့ အလူရှင်တွေပေးတဲ့ ဆန်ကို ဝိုင်းဝန်းကူညီပေးနေကြတယ်။မီးဘေးသင့်သူတွေ အတွက် အရေးပေါ် စားဝတ်နေရေး ကူညီဖို့ နဲ့ကျန်းမာရေးအစောင့်အရှောက်ရဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဟုပြောပြခဲ့သည်။

 

        ၇ခိုင်ပြည်နယ်တွင် ၂၀၁၈ခုနှစ်ကုန်ပိုင်းကပင်ပြင်းထန်လာခဲ့သည့် ရက္ခိုင့်တပ်တော်(AA) နှင့် တပ်မတော်တို့ အကြား  ပြည်တွင်းစစ်ဘေး၊ ကိုဗစ်၁၉ ရောဂါကပ်ဘေး သဘာ၀ဘေးနှင့် နိုင်ငံရေး အကျပ်အတည်း စီးပွါးရေးအလုပ်ကိုင်အဆင်မပြေမှုများပြားလာခဲ့ခြင်းလည်းဖြစ်သည်။

 

တစ်ပြည်နယ်လုံးတွင် ဒုက္ခသည်စခန်းပေါင်း (၁၄၈)ခုရှိပြီး စစ်ဘေးဒုက္ခသည်ပေါင်း ၂ သိန်းနီးပါးရှိကာ မြောက်ဉီးမြို့နယ်တိန်ညိုတိုက်နယ်အနီး တိန်ညို စစ်ရှောင်ဒုက္ခသည်စခန်းသည် လူဦးရေ (၃၃၅၅) ဦးဖြင့် အများဆုံးခိုလုံနေကြသည့်စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။

 

အကန့်အသန့်ဖြင့်သာကူညီပေးနေကြသည့်နိုင်ငံတကာအလူရှင်များအဖွဲ့ ၊ လူမှုအဖွဲ့စည်းများ၏ အကူအညီကို အလေးထားနေ၇ခြင်းဖြစ်သည်။

 

         နေအိမ်မပြန်နိုင်သေးခင် ယခု မီးဘေးဒဏ်ထပ်သင့်ပြန်၍ တိန်ညိုဘုန်းကြီးကျောင်း ဝင်းထဲ တာပေါ်လိန်တဲ ယာယီခိုနေ့သည့် ဒုက္ခသည်ပေါင်း (၂၅၆၅)ထဲတွင်ဉီးမောင်ထွန်းမြ တစ်ယောက် လည်းအပါအဝင်ပင်ဖြစ်သည်။ ယမန်နေ့ညက မီးဟပ်သွားသည့်လက်ချောင်းဒဏ်ရာ အနာကျစပြုနေပေမယ့်  ဉီးမောင်ထွန်းမြတစ်ယောက်စိတ်ဓာတ် အနာကျဖို့ ဆိုသည်ကိုတော့……..

 

အောင်လင်းဟိန်းSKY

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.