ဇာတိချက်မြုပ်ဘိုးဘွားပိုင်မြေကလေးမှာပဲ ခေါင်းချခွင့်ရချင်မိတယ်


ဖခင်တွေဟာ သားသမီးတွေရှေ့မှာ မျက်ရည်မကျမိဖို့့ အမြဲသတိထားတက်ကြပါတယ်။ ဘယ်လိိုအခက်အခဲတွေရှိရှိ အံကြိတ်ပြီး သားသမီးတွေရှေ့မှာ ရင်ကော့ နေကြတဲ့ သူရဲကောင်းတွေ ဖြစ်ပါတယ်။

ဒီလိုဖခင်တစ်ယောက် အိမ်ရှေ့ကွပ်ပျစ်မှာ ငုတ်တုတ်ထိုင်ပြီး သားသမီးတွေအိမ်မှာမရှိခိုက် လမ်းမဖက်ကိုကျောပေး ခြံထဲကို မျက်နှာမူပြီး ငိုင်နေတဲ့ ကျောပြင်တစ်ခုကို ဇနီးဖြစ်သူက  ငေးကြည့်ပြီး တိတ်တိတ်လေးငိိုနေရှာတာပါ။

ဒီမြင်ကွင်းက ရခိုင်ပြည်နယ်ရဲ့ မိန်းမလှကျွန်းလို့တင်စားခေါ်ဝေါ်ကြတဲ့ မာန်အောင်ကျွန်းတစ်နေရာက သစ်ပင်ကြီးတွေအလယ်မှာဆောက်ထားတဲ့ နေအိမ်လေးဘေးက ကွပ်ပျစ်လေးပေါ်မှာ ထိုင်နေသူ ဦးဖြူသီးခိုင်ပဲဖြစ်ပါတယ်။

သားသမီး ၃ ယောက်ရဲ့ဖခင်ဖြစ်သူ အသက်(၆ဝ)အရွယ်၊ ဦးဖြူသီးခိုင် ကို မျက်နှာ မြင်ရုံမျှဖြင့် တောသူတောင်သား တစ်ဦးရဲ့ ရိုးသားတဲ့စရိုက် ကို သိနိုင်ပါတယ်။ ဦးဖြူသီးခိုင်ဟာ အသားညိုညို နှင့် ခန္ဓာကိုယ်က သေးသေးလေးပါ။ အသက်အရွယ်အရ ခန္ဓာ ပိန်လှီနေပေမယ့် ငယ်စဉ်က သန်မာထွားကြိုင်းတဲ့ အမျိုးသားတစ်ဦးဖြစ်ခဲ့မယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။

မာန်အောင်မြို့၊ လေယာဉ်ကွင်းခြံစည်းရိုးနဲ့ကပ်လျက် လမ်းဘေးက သီးပင်၊စားပင်ကြီးတွေဝေဆာနေတဲ့ ခြံဝင်းကျယ်ကြီးထဲမှာ  ဓနိမိုး၊ပျဉ်ခင်း ဆောက်လုပ်ထားတဲ့ တဲအိမ်လေးဟာ  သူ့မိသားစုရဲ့ ပျော်ရွှင်စရာ နိဗ္ဗာန်ဘုံဆိုရင်လည်း မမှားပါဘူး။ အိမ်စျေးဆိုင်လေး နဲ့  မုန့်တီဆိုင်လေး က ရတဲ့ ဝင်ငွေ နဲ့ ရောင့်ရဲ၊တင်းတိန် နေတတ်တဲ့ မိသားစု ကိုလည်း ဦးဖြူသီးခိုင်ပိုင်ဆိုင်ပါတယ်။

စမုံတဲကျေးရွာအုပ်စုမြတ်မရှောင်ရွာမှာ ဘိုးစဉ်ဘောင်ဆက် ကျေးရွာသူကြီး၊ ကျေးရွာကောင်စီဥက္ကဌ ဖြစ်ခဲ့တဲ့ ဦးဖြူသူခိုင် မှာ သူ့ရဲ့ လက်ရှိ ခြံလေးဟာဖြင့် ဘိုးဘွားလက်ထက်က အမွေရခဲ့တာလည်းဖြစ်ပါတယ်။ ဘိုးဘွားပိုင်မြေကြီးပေါ်မှာ အိမ်ဆောက်နေထိုင်ခွင့်ရခဲ့လို့လည်း  ဒီမြေနဲ့ ဒီနေရာလေးဟာ သူ့ဘဝအတွက် အဓိပ္ပာယ်တွေနဲ့ပြည့်နှက်လို့နေပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကလည်း ဒီနေရာဒီခြံလေးထဲမှာပဲ  ခေါင်းချချင်ပြီး သူ့သားသမီး၊ မြေး၊မြစ်အဆက်ဆက် ကိုလည်း အမွေအဖြစ် ပေးခဲ့ချင်ပါတယ်။ ဒီခြံဝင်းလေးထဲမှာပဲ သစ်ပင်လေးတွေစိုက်ပျိုးပြီး မျိုးဆက်အဆက်ဆက် ကို နေစေချင်တာ သူ့ရည်ရွယ်ချက်ပါလို့ဆိုပါတယ်။

“ ဦးလေးတို့ အဘိုးအဘွားလက်ထက်ကတည်းကနေလာတာပါ။ ခြံထဲမှာ မြင်တဲ့အတိုင်းပဲ လူနှစ်ယောက်သုံးယောက်ဖက်မနို်င်တဲ့ သစ်ပင်ကြီးတွေရှိတယ်။ မကျည်းပင်ကြီးကလည်း နှစ်စဉ်မကျည်းသီးရောင်းရငွေက ဦးလေးတို့မိသားစုအတွက် အပိုဝင်ငွေလေးတွေရတယ်။ တခြားအပင်တွေကလည်း အစုံရှိတော့ အသီးလေး၊ အရွက်လေးတွေခူးရောင်းရင်ပိုက်ဆံရတယ်။ ဦးလေးတို့မိသားစုက ဒါလေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်လာကြတာလေ။ အသက်ကြီးလာပြီးရင်လည်း ဒီနေရာမှာပဲ ခေါင်းချချင်တယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် သူ့ရဲ့ ရည်ရွယ်ချက် တွေဟာ သူအသက်ရှင်စဉ်ကာလမှာပဲ ပျက်ပြည်သွားမယ့် အခြေအနေ သို့ ရောက်ရှိလာနေပါတယ်။ သူတို့မိသားစုကို ဒီနေရာကနေထွက်ပေးဖို့ သက်ဆိုင်ရာက သတိပေးစာ အကြိမ်ကြိမ်ပေးလာခဲ့ပါတယ်။

သူတို့မိသားစု ဒီနေရာကထွက်ရရင် ဘာဖြစ်သွားမလဲလို့တွေးရင်း တစ်ချိန်က သားသမီးတွေရဲ့သူရဲကောင်းကြီးဖြစ်ခဲ့သူ ဦးဖြူသီးခိုင် ဟာ သားသမီးတွေရဲ့ ကွယ်ရာမှာ တစ်ယောက်တည်း တွေးရင်း မျက်ရည်အကြိမ်ကြိမ်ကျနေရပါပြီ။ ဒါပေမယ့် သူ့ရဲ့ နီရဲလာတဲ့ မျက်လုံးတွေ ကို သားသမီးတွေမ မြင်စေချင်တာကြောင့် အပြုံးနဲ့ဖုန်းကွယ် ထားရပါတယ်။  ဘယ်ဖခင်ကလည်း ဒီလိုအချိန်အခိုက်အတန့်ကို သားသမီတွေကို မြင်စေချင်မှာ မဟုတ်ပေ။

ဦးဖြူသီးခိုင်တို့နေထိုင်တဲ့နေရာမှာ အများပိုင်ကုမ္ပဏီတစ်ခုကဦးဆောင်ပြီး အစိုးရနဲ့ပူးပေါင်းပြီးတော့ မာန်အောင်မြို့လေယာဉ်ကွင်းတည်ဆောက်ဖို့ လွန်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ်ကစတင်ပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။  လေယာဉ်ပြေးဆင်းနိုင်တဲ့ ပေ ၃ဝဝ လောက်ရှိတဲ့ လေယာဉ်ကွင်းတစ်ခုဖြစ်လာခဲ့ပြီးတော့ ၂ဝ၁၇ ခုနစ် နှစ်ကုန်ပိုင်းမှာ   အလုပ်တွေ ရပ်နားခဲ့ပါတယ်။

သို့ပေမယ့် လေယာဉ်ကွင်းတိုးချဲ့ဖို့စီမံကိန်းတစ်ခုကို ၂ဝ၁၈ ခုနစ်မှာ စလုပ်လာကြပြန်ပါတယ်။ လေယာဉ်ကွင်းတိုးချဲ့ဖို့ မလွတ်ကင်းဘူးလို့ ဆိုပြီး အနီးက ဘုန်းတော်ကြီးကျောင်းတစ်ခုအပါအဝင် နေအိမ် ၃၂ ဆောင်ကို လျော်ကြေးငွေပေး ဖယ်ရှားခိုင်းပါတယ်။ ဦးဖြူသီးခိုင် လက်ထဲကိုလည်း နေအိမ် ဖယ်ရှားဖို့  မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်ရေးထိုးထားတဲ့ အမိန့်စာတစ်စောင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတော့တယ်။

ဦးဖြူသီးခိုင်ပိုင်ဆိုင်တဲ့ ကွင်းအမှတ်(၈၆၄)၊ သိမ်ကုန်းကွင်း၊ ဦးပိုင် အမှတ် (၄၂/၃)၊ လယ်မြေ (၀.၇၀) ဧကနဲ့ ဦးသာနီရဲ့ ကွင်းအမှတ် (၈၆၄)၊ သိမ်ကုန်းကွင်း၊ ဦးပိုင်အမှတ်(၃၂)၊ လယ်မြေ (၀.၃၃) ဧကအပါအဝင် စုစုပေါင်း (၀.၉၅) ဧကကို  အာဏာပိုင်တွေ တစ်ဧက ၂၅ သိန်း ကျပ် နဲ့ စျေးဖြတ်ပါတယ်။ဦးဖြူသီးခိုင်တို့က ဘိုးဘွား ပိုင် မြေကို ဖယ်ပေးတဲ့အတွက် ပေးတဲ့လျော်ကြေးနည်းနည်းလေးကို လက်မခံခဲ့ပါဘူး။  အာဏာပိုင်တွေ အနေနဲ့သူတို့သတ်မှတ်ထားတဲ့ တစ်ဧက ၂၅ သိန်းထက်ပိုပေးဖို့ ဆန္ဒမရှိခဲ့တာကြောင့် ဦးဖြူသီးခိုင်တို့နှစ်ဦးကတော့ နေရာက ဖယ်မပေးခဲ့ကြပါဘူး။

“ ပထမတော့ ဦးလေးတို့အပါအဝင် မိသားစု နှစ်ဆယ်ခြောက်စုလောက်က လျော်ကြေးငွေမယူဘူး။ ဦးလေးတို့ ဒီနေရာက ထွက်မပေးနိုင်ဘူး ဆိုပြီးပေါ့။ ဒါပေမယ့် နောက်ထပ်အမိန့်စာတွေမှာတော့ မဖယ်ပေးရန် လယ်ယာမြေဥပဒေနဲ့ တရားစွဲခံရမယ်ဆိုပြီးပါလာတယ်။ ဒါကြောင့် အိမ်ခြေ၃ဝ လောက်က လျော်ကြေးငွေယူပြီး ထွက်ပေးခဲ့ကြတယ်။ ဦးလေးကတော့ ဒီသီးပင် ၊စားပင်တွေနဲ့ သစ်ပင်တွေကိုလည်း မခုတ်ပစ်ရက်ဘူး။ ဖယ်ပေးရအောင် သူတို့ပေးတဲ့ လျော်ကြေးငွေကလည်း မတန်ဘူးဆိုတော့ မဖယ်ပေးခဲ့ဘူး”လို့ ဦးဖြူသီးခိုင်က ပြောပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလ(၄)ရက်နေ့တွင် မြို့နယ်မြေစာရင်းဦးစီးမှူး ဦးစောရွှေမောင်က ဦးဖြူသီးခိုင်တို့ (၂)ဦးကို လယ်ယာမြေပေါ်မှာ နေအိမ်ဆောက်လုပ်နေထိုင်တဲ့ အတွက် (၂၀၁၂ ခုနှစ်  လယ်ယာမြေဥပဒေအရ လယ်ယာ မြေပုံစံ-၇ ကို လက်ဝယ်ရရှိထားသည့်အတွက်) လယ်ယာမြေဥပဒေပုဒ်မ(၃၅)အရ တရားစွဲဆိုခဲ့ရာ၂ဝ၁၈ ခုနစ် မတ်လ ၂၁ ရက်နေ့မှာ  ထောင်ဒဏ်(၇)လ ကျခံခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ၂ဝ၁၈ ခုနစ်သြဂုတ်လ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်ပြည်နယ်လွတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးမှာ မာန်အောင်မြိို့နယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမောင်ကမေးမြန်းခဲ့တာကို ယင်းအချိန်က စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တော နှင့် သတ္ထူတွင်းဝန်ကြီး ဦးကျော်လွင်က ဦးသာနီနဲ့ ဦဖြူသီးခိုင်တို့နှစ်ယောက်ရဲ့မြေယာတွေကို ကာလပေါက်စျေးအတိုင်း ပေးဖို့အစီစဉ်မရှိကြောင်း၊ ၄င်းတို့အနေနဲ့ မြေယာပါသွားတဲ့လူတွကို တစ်ဧကကို ၂၅ သိန်းကျပ်နှုန်းနဲ့ လျော်ကြေးငွေ ပေးခဲ့တာဖြစ်တယ်လို့ဖြေကြားခဲ့ပါတယ်။

လျော်ကြေးငွေမယူခဲ့တဲ့ နှစ်ဦးရဲ့မြေတွေဟာ လယ်မြေမဟုတ်ဘဲ ဘိုးဘွားပိုင် ဥယာဉ်ခြံမြေဖြစ်ကြောင်း၊ လက်ရှိမှာမြေစျေးဖြင့်တက်နေတဲ့အတွက် လယ်ယာမြေထက်ပိုပြီးလျော်ကြေးငွေပိုပေးသင့်တယ်ဆိုပြီး ဦးသိမ်းမောင်က လွှတ်တော်မှာဝေဖန်ထောက်ပြပြောဆိုခဲ့ပါတယ်။

ဦးသာနီရဲ့သားဖြစ်သူ က “ အစ်ကို့အဖေက အသက်ကလည်း ၆ဝကျော် ရဝ နီးပါးရှိပြီ။ ထောင်ထဲဝင်သွားခဲ့ရတာကို ဘယ်သားသမီးက ခံစားနိုင်မလဲ။ ဘာအပြစ်မှမရှိပါပဲ ကိုယ့်ဘိုုးဘွားပိုင်မြေက ဖယ်လည်းပေးရမယ်။ ထောင်လည်း ကျတယ်။ အစ်ကိုတို့ခြံက အပင်တွေကိုမြင်တဲ့အတိုင်းပဲ ခုတ်စရာ အပင်တစ်ပင်တလေမှတောင်မရှိပါဘူး။ သစ်ပင်တစ်ပင်ဖြစ်ထွန်းဖို့ ဘယ်လောက်အချိန်စောင့်ရလဲ။ ဘယ်လောက်ပြုစုပေးခဲ့ရလဲ။ အခုအဲဒါတွေကို ဘတ်ဟိုးတွေနဲ့လာတူးပစ်မယ်ဆိုတာကို မကြည့်ရဲဘူး။ အဖေက သေရင်လည်း ဒီမြေမှာပဲ သေချင်တယ်လို့ပြောတယ်” လို့ သားတစ်ယောက်ရဲ့ခံစားချက်ကို ဖွင့်ဟပါတယ်။

ဦးဖြူသီးခိုင်တို့နှစ်ယောက်ဆီကို နောက်တစ်ဖန် မြို့နယ်မြေယာစီမံခန့်ခွဲမှုဦစီးဌာနအပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က မြေနေရာ မဖယ်ပေးပါက တရားစွဲဆိုသွားဖို့ကို ၂ဝ၂ဝ သြဂုတ်လ(၁၃) ရက်နေ့ကစာပို့လာခဲ့ပါတယ်။ စာပို့လာပြီးများမကြာခင်မှာပဲ မြေနေရာလာတိုင်းကြ၊ ကြိုးတားကြ လုပ်နေတဲ့ အာဏာပိုင်တွေကို  အားမတန် မာန်လျှော့ ခဲ့ရပါတယ်။ သားသမီးတွေ လက်ကို တင်းတင်း ဆုပ်ကိုင်ရင်း ငေးကြည့်နေခဲ့ရုံမှတစ်ပါး ဦးဖြူသီးခိုင်ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၂ဝ၂၁ ခုနစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်အာဏာသိမ်းပြီးနောက်ပိုင်း နစက ကောင်စီအစိုးရတက်လာခဲ့ပါတယ်။  မေလဆန်းပိုင်း တစ်ရက်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက တစ်ပတ်အတွင်းမြေနေရာဖယ်ရှားပေးဖို့ သတိပေးစာထပ်ပေးလာခဲ့ပါတယ်။ ဒါကြောင့် ဦးသာနီရဲ့သားဖြစ်သူ ကို ခေါ်ပြီး ဦးဖြူသီးခိုင်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ထံကို  အသနားခံစာတင်ဖို့  စစ်တွေမြို့က  ပြည်နယ်ကောင်စီအဖွဲ့ဆီကို အားကိုးတကြီးသွားခဲ့တယ်လို့ပြောပါတယ်။

“ ဦးလေး စစ်တွေက အမျိုးသားရေးလှုပ်ရှားတဲ့ အစ်မကြီး ဒေါ်ညိုအေး အကူအညီနဲ့ ပြည်နယ်ကောင်စီက ဦးသန်းထွန်းကို ဝင်တွေ့ခဲ့ပါတယ်။ စာတွေကို လိပ်မူပြီးသက်ဆိုင်တဲ့ ကောင်စီဝင်တွေဆီအကုန်ပို့ခဲ့ပါတယ်။ ဦးလေးတို့အဖြစ်ကို အလေးထားကြည့်ရှုပေးစေချင်တယ်။ ဦးလေးတို့မှာ သွားစရာနေရာလည်းမရှိဘူး။ ဒီနေရာက ဖယ်ပေးလိုက်ရင် ဦးလေးတို့ဘဝ ပျက်ရပါပြီကွယ်” လို့ဆိုပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြန်စာတစ်စောင်ကို သြဂုတ်လ ဇွန်လရက်(၂) ရက်နေ့ ရက်စွဲနဲ့  ဦးဖြူသီးခိုင်ဆီကိုရောက်လာခဲ့ပါတယ်။ “ခဲလေသမျှ သဲရေကျ” ဆိုသလိုပင် စာမှာပါတာက” မာန်အောင်မြို့နယ်၊ မြတ်မချောင်ကျေးရွာနီ ဦးသာနီပါနှစ်ဦးတို့က သိမ်းဆည်းခံမြေနှင့် ပတ်သက်၍ ဒေသကာလပေါက်စျေးရရှိရန်အတွက် ကူညီဖြေရှင်းပေးနိုင်ပါရန် နို်င်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမန်ငြိမ်းမောင်ထံသို့ ပေးပို့လာသော တင်ပြစာကို လက်ခံရရှိကြောင်း ၊ ယင်းကိစ္စနဲ့စပ်လျဉ်ပြီး စိစစ်ပြီးစီးမှုအခြေအနေကို ပြန်လည်တင်ပြန်ရန် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီတို့ထံ အကြောင်းကြားပြီးဖြစ်ပါကြောင်း ပါရှိတယ်လို့ဆိုပါတယ်။

ဒီစာရောက်ပြီး နောက်တစ်လမှာ သြဂုတ်လ (၁၃) ရက်နေ့မှာတော့ နောက်ထပ် တစ်ပတ်အတွင်း နေရာက ဖယ်ရှားပေးဖို့၊ ဖယ်ရှားခြင်းမရှိပါက လယ်ယာမြေဥပဒေအရ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ တရားစွဲဆိုသွားမှာဖြစ်ကြောင်း စာကို မြို့နယ်အုပ််ချုပ်ရေးမှူးက ပေးပို့လာခဲ့ပါတော့တယ်။

ဒီမြေဟာ သူ့တို့ အဘိုး၊ အဖေနဲ့ သူတို့ရဲ့ချက်မြုပ်ရာမြေပါ။ ဒီမြေဟာ မြေယာပုံစံ(၁၇) သာရှိပေမယ့် ဓားမဦးချ လုပ်ကိုင် စားသောက် နေလာကြတဲ့မြေပါ။ ဒီမြေမှာရင်နစ်သည်းချာ သားသမီးလေးတွေမွေးဖွားကြီးပြင်းခဲ့ကြတယ်။ ဆော့ကစားခဲ့ကြတယ်။

ဒီနေရာလေးဟာ ဘတ်ဟိုးကြီးတွေနဲ့ တူးဆွခံရတော့မယ် ဆိုရင် ရင်ဘတ်ကို တူးဆွတာထက် နာကျင်ခံရက်ခက် မယ်ဆိုတာကို  ဦးဖြူသီးခိုင် ခံစားသိနေရပါပြီ။အနာဂတ်မှာ ခေါင်းချမယ့် အိမ်မရှိဖြစ်မှာကို တွေးမိရင်း ရင်မောရုံကလွဲ ပြီး မတတ်နိုင်ရှာတော့ပါ။

ဦးဖြူသီးခိုင်တစ်ယောက်  ခြံထဲက သူ့မိသားစု သိုက်မြုံ ၊ သူစိုက်ခဲ့တဲ့ သစ်ပင်တွေနဲ့့အတူ သူတို့မိသားစုနှစ်စုရဲ့ဘဝတွေကိုပါ တူးဆွ လာမယ့် အရေးကို တွေးရင်း အံကိုကြိတ်ကာ မျက်ရည်ဝဲနေရှာပါတော့တယ်။

Share: