မောင်မေယု(ဘူးသီးတောင်)
လွန်ခဲ့သည့်လက အင်တာနတ်လူမှုကွန်ရက်တွင်သရုပ်ဖော်ပန်းချီဆရာတစ်ဦးနှင့် ရင်းနှီးခဲ့ပါသည်။ သူသည် ငယ်ရွယ်သူတစ်ဦးဖြစ်ပြီး မြန်မာပြည်ထုတ်မဂ္ဂဇင်းကြီးများတွင်သရုပ်ဖော်ပန်းချီများရေးဆွဲခြင်း ၊စာအုပ်မျက်နှာဖုံးများရေးဆွဲခြင်းဖြင့် အောင်မြင်နေသူလည်းဖြစ်ပါသည်။သူ၏ လက်ရာများသည်ဆွဲဆောင်မှု ရှိပြီးကြည့်ရှုခံစား၍ကောင်းပါသည်။ထို့ကြောင့် လူကြိုက်များပြီးအောင်မြင်ကျော်ကြားနေခြင်းဖြစ်ပါမည်။
သူ၏အမည်ရင်းမှာဇော်သန်းဖြစ်ပြီးအနုပညာအမည်မှာ ဈာန်ရဲ ဖြစ်ပါသည်။ သူ့ကို သက္ကရာဇ် (၂၀၀၀) ပြည့်နှစ်မှာဖခင်ဦးမောင်အောင်သာ နှင့် မိခင်ဒေါ်မနုသာ တို့ကရခိုင်ပြည်၊မြောက်ဦးမြို့နယ်၊ မောင်ညိုကျွန်း ကျေးရွာတွင် မွေးဖွားခဲ့ပါသည်။ မွေးချင်းနှစ်ဦးအနက် အငယ်ဆုံးသားလည်းဖြစ်သည်။ယခုဆိုလျှင် အသက်(၂၁) သာရှိသေးပြီးအောင်မြင်မှုပြေးလမ်းပေါ်ရောက်ရှိနေသောမျိုးဆက်သစ်၇ခိုင့်ကြယ်တစ်ပွင့် ဆိုလည်း မမှားပေ။
သူသည်ပန်းချီဝါသနာအား ငယ်စဉ်ကတည်းကစွဲမက်ခုံမင်ခဲ့ပါသည်။ အနာဂတ်မှာပန်းချီဆရာတစ်ဦး ဖြစ်ချင်ခြင်းသည် သူ၏ငယ်ဘ၀ ရည်မှန်းချက်ဖြစ်သည်။ပန်းချီဆရာဖြစ်ချင်၍ ငယ်စဉ်ကတည်းက ထမင်းမဲ့ ဟင်းမဲ့ ပန်းချီဆွဲဖြစ်ခဲ့သည်ဟုလည်း ဆိုပါသည်။ “ကလေးဘ၀ကတည်းက ပန်းချီဆွဲ၇တာကို နှစ်သက်ပါတယ် ၊ ထမင်းမေ့ဟင်းမေ့ ဆွဲလွန်းလို့အမေ့ဆီမှာ အမြဲတမ်းအဆူခံခဲ့၇တာကိုသတိ၇ နေပါသေးတယ်။ကျောင်းစာ ကြည့်တိုက်က ရုပ်ပြစာအုပ်တွေကို ငှါးဖတ်ပြီး ကူးရေးကြည့်ပါတယ်။ ကိုယ်တိုင်လည်းဇာတ်လမ်းတွေရေးပြီး ရုပ်ပြဝတ္တုအဖြစ် အပျော်တမ်း ရေးဆွဲခဲ့ပါသေးတယ်။ ကြီးလာရင် ပန်းချီဆရာလုပ်မှာလို့ အမြဲတမ်း ပြောနေ ခဲ့သူပါ”ဟု သူ၏ ငယ်ဘ၀အကြောင်းကို ပြောပြပါသည်။
သူသည်ငယ်စဉ်ကတည်းကပန်းချီအနုပညာအပြင်စာဖတ်ခြင်းကိုနှစ်သက်ပြီးစာရေးချင်စိတ် ရှိသူ လည်း ဖြစ်ပါသည်။ သူ့ရည်မှန်းချက်များအားအကောင်ထည်ဖော်လို၍ ၂၀၁၆ ခုနှစ်လောက်တွင် ကျောင်းမှထွက် ပြီး ရန်ကုန်သို့ တက်လာခဲ့သည်။ရန်ကုန်သို့ရောက်သောအခါ စာပေလောကသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ပါ သည်။ ထင်သလောက်မလွယ်ကူသောကြောင့်အခက်အခဲများစွာကိုကြုံတွေ့ခဲ့ရသည်ဟု ဆိုပါသည်။ အလုပ်အဆင်မပြေ၍ ယောင်လည်လည် ဖြစ်နေချိန်တွင် သူနှင့်ရင်းနှီးသော ဆရာမတစ်ဦး၏ ကျေးဇူးကြောင့် ပထမ ဆုံးအနေဖြင့်သရုပ်ဖော်ပန်းချီရေးဆွဲခွင့်ရရှိခဲ့ပါသည်။ ထိုဆရာမသည် သူ့အားစာအုပ်တိုက်တစ်ခုတွင် သရုပ် ဖော်ပန်းချီရေးဆွဲရန် ဆက်သွယ်ပေးခဲ့ခြင်းကြောင့်သရုပ်ဖော်ပန်းချီလောကသို့ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။
သူပန်းချီဆွဲသောအခါ ဆီဆေးပန်းချီများကို အဆွဲများပြီးမဂ္ဂဇင်းသရုပ်ဖော်ရေးဆွဲသောအခါ ဒီဂျစ်တယ် အက်ဒ်အမျိုးအစားကိုအဓိကဆွဲဖြစ်ကြောင်း ဆိုပါသည်။ သရုပ်ဖော်ပန်းချီဒီဇိုင်းများကို ရေးဆွဲဖြစ်ခြင်းမှာ လည်း စာပေကိုချစ်မြတ်နိုးစိတ်ရှိခြင်းကြောင့်ဟု ဆိုပါသည်။
“သရုပ်ဖော်ပန်းချီရေးဆွဲဖြစ်တာကစာပေကို ချစ်မြတ်နိုးတဲ့ စိတ်ကြောင့်ပါ။ ကလေးဘ၀တုန်းကစာရေးရတာကို သဘောကျလို့ စာရေးဆရာလည်း ဖြစ်ချင် ခဲ့သူပါ။ လုံးချင်းဝတ္ထုတွေကို ငှါးဖတ်ရင်းဝတ္ထုမျက်နှာဖုံးတွေကို သဘောကျခဲ့ပါတယ်။ ကိုယ်တိုင်လည်းစာတို ပေစတွေ ရေးဖြစ်လာတဲ့အခါ အဖုံးအဖြစ် ၊ သရုပ်ဖော်အဖြစ် ရေးကြည့်ရင်း သရုပ်ဖော်ဒီဇိုင်းဆွဲခြင်းကိုစိတ်ဝင် စားလာခဲ့တာပါ” ဟု ပြောပြပါသည်။ စာပေကိုချစ်မြတ်နိုးသူ ဖြစ်ခြင်းကြောင့်စာရေးဆရာတို့၏အာဘော်ကို သဘောပေါက်၍သရုပ်ဖော်ပုံကောင်းများကိုဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ပေမည်။
သို့သော်လည်းသရုပ်ဖော်ပန်းချီလောက ၊စာပေလောကကို နဖူးတွေ့ဒူးတွေ့ကြုံတွေ့လာရသောအခါ စိတ်ဓါတ်ကျမှုများရှိလာခဲ့၍ ခဏတာစွန့်လွှတ်ဖြစ်ခဲ့သည်ဟု ဆိုပါသည်။သူဤလောကထဲသို့ ရောက်စတွင် အဖြူအမဲ ၊ တူးကာလ ၊ ဝမ်းကာလသရုပ်ဖော်ပန်းချီများကိုသာ စတင် ရေးဆွဲခဲ့ရသည်။ ထိုချိန်က သူရေးဆွဲခဲ့ သော စာစောင် ၊ မဂ္ဂဇင်းများမှာ ရွှေမိုးငွေမိုး ဂျာနယ် ၊ ဂန္ဘီ၇မဂ္ဂဇင်း ၊လပြည့်ဝန်းမဂ္ဂဇင်း နှင့်မြို့နယ်မဂ္ဂဇင်း များတွင် ရေးဆွဲဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း ထိုချိန်အခါကပန်းချီဝမ်းစာအားနည်းခဲ့ခြင်းကြောင့် အဆင်မပြေမှုများရှိခဲ့ပါသည်။နယ်ကလာသူဖြစ်၍ စားဝတ်နေရေးလည်း အဆင်မပြေခဲ့ချေ။ ထိုသို့ စိတ်ဓါတ် ကျစရာ အခက်အခဲများကြောင့်ဤလောကအား ခဏတာစွန့်လွှတ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်းဆိုပါသည်။
ထို့ကြောင့်သူသည် ၂၀၁၉ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာရန် ဆုံးဖြတ်ဖြစ်ခဲ့ပါသည်။ သို့သော်လည်းကံဆိုးသည်ဟုဆို၇မည်။သူရောက်ရှိသွားချိန်သည်ကိုဗစ်ရောဂါစဖြစ်ချိန် ဖြစ်ပါသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင်လည်း အဆင်မပြေချေ။ထိုချိန်တွင် ပန်းချီပြန်ဆွဲရန်အကြောင်းဖန်လာခဲ့ပါ သည်။အောင်မြင်မှုရရှိမည့်အချိန်သို့ ရောက်ရှိလာပြီဟုလည်း ဆို၇မည်။
မလေးရှားနိုင်ငံ၌အလုပ်လုပ်နေစဉ် ၂၀၂၀ပြည့်နှစ်အစောပိုင်းကာလတွင် ကောင်းဆုသာစာပေမှအဖုံးပန်းချီရေးဆွဲရန် ကမ်းလှမ်းလာခဲ့ပါသည်။ ဤပန်းချီဆွဲခြင်းသည် သူ၏ဝါသနာဗီဇဖြစ်သည့်အတွက် အကြာကြီးမစွန့်လွှတ်နိုင်ခဲ့ပေ။ထို့ကြောင့် ပြန်လည်ဆွဲဖြစ်လာခဲ့ပါသည်။ ထိုတစ်နှစ်လုံးတွင် စာအုပ်အဖုံးပေါင်း (၂၀) ကျော်နှင့် မဂ္ဂဇင်းသရုပ်ဖော်ပုံပေါင်း(၃၀၀) နီးပါး ရေးဆွဲဖြစ်ခဲ့ကြောင်းဆိုပါသည်။ ထိုအထဲမှ ထင်ရှားသောစာရေးဆရာများ၏ စာအုပ်မျက်နှာဖုံးများမှာဆရာနွမ်ဂျာသိုင်း ၏ “တစ်ပင်တည်း ရင်ထဲကနွယ်” “နွေ၏ အလွန်” “မိုက်မဲလွန်းသော မိန်းမတစ်ယောက်” တို့ဖြစ်သည်။ ပြီးလျှင် ဆရာမောင်လှမျိုး(ချင်းချောင်းခြံ) ၏ အချစ်ကဗျာ အတွဲ(၁)(၂) နှင့် ဝတ္ထုတို ၁၀၀ (၁)(၂) တို့လည်းပါဝင်ခဲ့ပါသည်။
သူဆွဲဖြစ်ခဲ့သောမဂ္ဂဇင်းများမှာလည်းမြန်မာပြည်၏ နာမည်ကြီးမဂ္ဂဇင်းများဖြစ်ပါသည်။ “မြ၀တီ မဂ္ဂဇင်း ၊ ငွေတာရီမဂ္ဂဇင်း ၊ မဟေသီမဂ္ဂဇင်း ၊ Face မဂ္ဂဇင်းတွေမှာ လစဉ်ရေးဖြစ်ခဲ့ပါတယ်။ နောက်ပြီးစာရေး ဆရာအသစ်တို့ရဲ့ဝတ္ထုတိုစုစည်းမှုတွေ၊ပြန်လည်တူးဖော်တဲ့ လုံးချင်းဝတ္ထုတွေ ၊ ဒု/တ အကြိမ်အဖြစ် ပြန်လည် ပုံနှိပ်တဲ့ စာအုပ်တွေမှာ အဖုံးနဲ့အတွင်းအပြင်ကာလာစုံတွေ ရေးခဲ့ပါတယ်။ဇလပ်နီစာပေတိုက်ထုတ် အမှတ်စဉ်တွေမှာလည်း အတွင်းသရုပ်ဖော်ပုံတွေ ရေးဖြစ်ခဲ့ပါတယ်။ ယခုလည်း ဆက်လက်ရေးနေတုန်းပါ” ဟု သူရေး ဆွဲဖြစ်သည့် မဂ္ဂဇင်း၊စာအုပ်များကို ပြောပြပါသည်။
ယခုအချိန်တွင်သူသည် အသက်ငယ်ငယ်နှင့်အောင်မြင်သည့် သရုပ်ဖော်ပန်းချီဆရာတစ်ဦး ဖြစ်နေပါပြီ။သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာမြို့နယ်မဂ္ဂဇင်းများ အများဆုံး ထုတ်ဖြစ်ကြသောသူ၏မွေးရပ်မြေ ရခိုင်ဒေသတွင်သရုပ်ဖော်ပန်းချီများ မဆွဲဖူးခြင်းပင် ဖြစ်သည်။ ရခိုင်လူမျိုးတစ်ဦးဖြစ်သည့်အတွက် ၇ခိုင်မှထုတ်သော မဂ္ဂဇင်းများတွင်ဆွဲကြည့်ချင်နေပါသည်။ကမ်းလှမ်းလာခဲ့ပါက တတ်အားသရွေ့ပံ့ပိုးကူညီမည့် အကြောင်းကို “ကျွန်တော် ကိုယ်ပြည်ထုတ် မဂ္ဂဇင်းတွေအတွက်တတ်အားသရွေ့ ပံ့ပိုးကူညီလိုစိတ်ရှိပါတယ်” ဟုဆိုပါသည်။
သူ့အနေဖြင့်မလေးရှားနိုင်ငံတွင်အလုပ်အဆင်မပြေသော်လည်းသရုပ်ဖော်ပန်းချီများကို မပြတ်တမ်း ရေးဆွဲနေ၇သည့်အတွက် အဆင်ပြေနေခဲ့ပါသည်။ ထို့ကြောင့် အိမ်ပြန်၍သရုပ်ဖော်ပန်းချီဆွဲခြင်းဖြင့် အသက်မွေးရန် ဆုံးဖြတ်ဖြစ်ခဲ့ဖူးပါသည်။သို့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ၊ ဗိုင်းရပ်စ်ရောဂါ အခြေ အနေများကြောင့်သူရေးဆွဲနေသော မဂ္ဂဇင်း ၊ စာအုပ်အချို့မှာ ရပ်နားခဲ့၍အိမ်မပြန်ဖြစ်ခဲ့ပါချေ။ နိုင်ငံရေး နှင့် ဗိုင်းရပ်စ်ရောဂါအခြေအနေတို့ပြန်လည်တည်ငြိမ်လာပြီး စာအုပ်များပုံမှန် ထွက်ဖြစ်လာပါက မိမိ၏ဇာတိ မြေသို့ပြန်ပြီးပုံဆွဲခြင်းဖြင့်အသက်မွေးချင်ခြင်းသည် သူ၏လက်ရှိဆန္ဒပင်ဖြစ်ပါသည်။“လက်ရှိမလေးရှားမှာ ကိုဗစ်နဲ့ အဆင်မပြေလို့ မလေးကို တက်လာတဲ့ငွေကို ပုံဆွဲပြီး ပြန်ရှာနေရပါတယ်။ မလေးရှားဟာ ကျွန်တော့်ကိုကောင်းကျိုးမပေးဟု ဆို၇ပါမယ်။ဒီမှာမပျော်ပါ။ ကိုယ့်အိမ်ကိုပြန်ပြီး ကိုယ့်ဝါသနာနဲ့အသက်မွေးဝမ်းကျောင်း ပြုချင်ပါတယ်။ အဖုံး ၊ အတွင်းဒီဇိုင်းတွေတောင်မကပန်းချီကားတွေ ကိုပါ အိမ်ပြန်ပြီး ရေးဆွဲချင်စိတ် ပြင်းပြ နေပါတယ်” ဟုသူ၏ဖြစ်ချင်ခြင်း ဆန္ဒကိုပြောပြပါသည်။
ယခုအချိန်တွင်သူသည် မလေးရှားနိုင်ငံ၌နေထိုင်ပြီးမြန်မာပြည်မှ မဂ္ဂဇင်း ၊ စာအုပ်များအတွက် သရုပ် ဖော်ပန်းချီများ ရေးဆွဲပေးလျက်ရှိပါသည်။ ပန်းချီဈာန်ရဲ သည် ပန်းချီဒီဇိုင်းဖန်တီးခြင်းကိုစွဲမက်ခုံမက်ပြီးအမြဲတမ်းကြိုးစားသင်ယူနေသောလူငယ်တစ်ဦးဖြစ်သည့်အတွက် အနာဂတ်တွင်လည်း အောင်မြင်မှု များစွာကို ရရှိလိမ့်မည်ဟု ယုံကြည်နေမိပါသည်။
မောင်မေယု(ဘူးသီးတောင်)