ဘ၀ကိုအရှုံးမပေးတဲ့ မရှုံးတရားဟောခဲ့သူ


အလင်းအမှောင်၊အရောင်အရိပ်

မိုးကမ္ဗလာ

နက်မှောင်လာလေ

ကြယ်တွေပြိုးပြက် လက်လေလေ။

 

         ဆရာ ရွှေရ(တောင်ကုတ်)ရဲ့မရှုံးတရားဆိုတဲ့ ကဗျာလေးပါ။ တိုပေမယ့် ထိတဲ့ကဗျာလေးပေါ့။ ဒီကဗျာ ကိုကြားဖူးတာကြာပြီ။ ရင်ထဲမှာ တငြိငြိနဲ့စွဲလန်းနေဆဲ။ ကဗျာကိုတော့ အထွေအထူးဘာသာပြန်စရာမလိုပါ။ နောက်ခံကားချပ် (Background)ရဲ့ တောက်ပမှုကြောင့် ရှေ့ကမှိန်နေတဲ့အရောင် ထင်ရှားပေါ်လွင်လာတဲ့သဘော ပေါ့။

         ဇူဇကာပုဏ္ဏားအဖြစ် သရုပ်ဆောင်သူရဲ့ ပီပြင်တဲ့ လှုပ်ရှားမှုကြောင့် ဂဏှာနဲ့ဇာလီ တို့ကို ပရိသတ်ပိုပြီး ကရုဏာ သက်ကြပါတယ်။ ဂဏှာ၊ဇာလီ မောင်နှမကို ဘယ်လောက်ထိ သနားကရုဏာပွားသလဲဆို ဇူဇကာကြီး ခမျာ ပြောင်းဖူးရိုးတွေ၊ဝါးကျည်တောက်တွေ လက်ဆောင်ရတဲ့အထိပါပဲ။ လူကြမ်းကရက်စက်လေလေ ဇာတ်လိုက် တွေ မေတ္တာရလေလေ.ပေါ့။


**********************

         ဆရာအောင်လင်းရဲ့ ဂန္ထဝင်ဝတ္ထုဖြစ်တဲ့အရိုင်းစံပယ်ကို ဒီရက်ပိုင်း ဒုတိယအကြိမ် ဖတ်ဖြစ်ပါတယ်။အရိုင်းစံပယ်မှာ မွန်၊မ၊မော် ဆိုတဲ့ သူဌေးသမီးညီအစ်မ သုံးယောက်ရှိကြတယ်။

         ညီအစ်မ သုံးယောက်ထဲက အလတ်မဖြစ်တဲ့က တစ်ပုံစံ၊အကြီးမ မွန် နဲ့အငယ်မ မော် ကတစ်ပုံစံ ဖြစ် နေပါတယ်။

         ကနေရာတကာမှာ အတွေးနက်တတ်ပါတယ်။ အသွားအလာ၊အနေအထိုင် ဆင်ခြင်တယ်။ဘဝမှာ ရသမျှနဲ့ရောင့်ရဲဖို့ လောဘသတ်ထားတယ်။မိမိနေနိုင်မယ့် အနိမ့်ဆုံးနေရာကို မှန်းဆတယ်။အမြင့်ဆုံး ဘယ်အထိ ရောက်နေရမယ်လို့ မမျှော်မှန်း။ အနိမ့်ဆုံးနေရာမှာ စိတ်ချမ်းသာစွာနေရရင် ပြီးပြီလို့ ခံယူထားတယ်။ငယ်စဉ်ကပဲ လူကြီးဆန်ဆန် ဗိုင်းကောင်းကျောက်ဖိ နေလာခဲ့တယ်။

         အစ်မကြီး မွန် ကတော့ ဘဝမှာ သူလိုချင်သလောက် အတိုင်းအတာကို ဖြန့်ခင်းထားတယ်။ သူဖြန့်ခင်းထား သလောက် ရအောင်ယူတယ်။ ရောက်အောင်သွားတယ်။ မာနကြီးတယ်။သူ့အလုပ်ကလွဲပြီး အခြားအလုပ်ကို အထင် သေးတတ်တယ်။ သူ့ယုံကြည်ချက်ကလွဲပြီး တခြားသူရဲ့ ယုံကြည်ချက်ကို စိတ်မဝင်စား။ပြီးတော့ အထက်တန်းလွှာ တွေရဲ့ အယောင်ဆောင်ယဉ်ကျေးမှုကို အထင်ကြီးတယ်။

         ညီမငယ် မော် ကတော့ ဘာကိုမှ ဆင်ခြင်စဉ်းစားမနေ။ပြောချင်ရာပြောပြီး လုပ်ချင်ရာကိုလုပ်တယ်။ ရည် မှန်းချက်နည်းတယ်။ ဒါပေမယ့် ရောင့်ရဲစိတ်နည်းတယ်။ စိတ်အလိုလိုက်တယ်။အပျော်အပါးမက်တယ်။

         အစ်မကြီး မွန် နဲ့ ညီမငယ် မော် တို့ရဲ့ ယေဘုယျတူညီချက်ကတော့ ရာထူးဂုဏ်သိန်စည်းစိမ်ဥစ္စာရှိသူကို အထက်တန်းစားအဖြစ် အထင်ကြီးပြီး ဆင်းရဲနွမ်းပါးသူတွေကို တန်ဖိုးမထားတတ်ခြင်းတွေပါပဲ။ မွန် နဲ့ မော် တို့ရဲ့ စရိုက်နှစ်ခုကြောင့်ရဲ့ တည်ငြိမ်ခြင်း၊ရိုးသားခြင်း၊နှိမ့်ချခြင်း၊ရောင့်ရဲခြင်း ဆိုတဲ့ အေးချမ်းတဲ့စရိုက်တွေက ပိုပြီးပေါ်လွင်လာပါတော့ တယ်။

         ပူလောင်မှုထက်အေးချမ်းမှုကပိုပြီး တောက်ပလင်းထိန်ပါတယ်။အလှုပ်တွေကြားမှာအငြိမ်ကပိုပြီး အသက် ဝင်သွားတတ်ပါတယ်။


**********************

--

         ရွာဦးဘုန်းကြီးကျောင်းက ရေတွင်းမှာ မိန်းမကြီးသုံးယောက် ရေခပ်နေကြတဲ့ တစ်ညနေခင်းပေါ့။ သူတို့ သုံးယောက်နဲ့ မနီးမဝေးကကျောက်တုံးတစ်ခုပေါ်မှာ အဖိုးအို တစ်ယောက်အပန်းဖြေအနားယူနေတယ်။ မိန်းမကြီး သုံးယောက်ထဲက နှစ်ယောက်ဟာ သူတို့ရဲ့သားတွေအကြောင်းကို ပြောနေကြတယ်။

         မိန်းမကြီးတစ်ယောက်က သူ့သားအပြေးမြန်ကြောင်း၊သူ့သားကို ဘယ်သူမှ လိုက်မမီကြောင်း ပြောပါ တယ်။နောက်တစ်ယောက်ကလည်း သူ့သား သီချင်းဆို အလွန်ကောင်းကြောင်း၊သူ့သားရဲ့ သီချင်းဆိုသံကို ကြား စေချင်ကြောင်း အားကျမခံ ပြောပြန်ပါတယ်။ကျန်တဲ့ မိန်းမကြီးကတော့ ဘာမှမပြောဘဲ ဆိတ်ဆိတ်နေတယ်။

         မိခင်သုံးဦးဟာ ရေခပ်ပြီးတဲ့အခါ ရေအိုးကိုယ်စီရွက်ပြီး အိမ်ပြန်လာကြတယ်။ အဖိုးအိုကလည်း မလှမ်း မကမ်း ကနေလိုက်လာတယ်။ဒီလို လျှောက်လာကြရင်း လက်မှာဆွဲတဲ့ရေပုံး၊ခေါင်းမှာရွက်တဲ့ ရေအိုးတွေကြောင့် လက်ညောင်း၊ ခေါင်းလေးလာကြတဲ့အတွက် ခေတ္တနားကြတယ်။

         အဲဒီအချိန်မှာ ရွာဘက်က ကလေးသုံးယောက် ထွက်လာကြတယ်။တစ်ယောက်က သံဂွေကို လှိမ့်လို့။ နောက်တစ်ယောက်က သီချင်းတစ်ပုဒ်ကိုဆိုလို့ပေါ့။တတိယကလေးကတော့ မိန်းမသုံးယောက်ထဲက ရေခပ်ရာမှာ ဆိတ်ဆိတ်နေခဲ့တဲ့ မိန်းမကြီးဆီသွားပြီး ရေပုံးနဲ့ရေအိုး ကိုယူတယ်။ပြီးတော့ ရွာဘက်ကို ပြန်သွားလိုက်တယ်။

         ပထမမိန်းမနဲ့ဒုတိယမိန်းမတို့ဟာ သူတို့အနားကိုရောက်လာတဲ့ အဖိုးအိုဘက်ကိုလှည့်ပြီး မေးလိုက်ကြ တယ်။

         ကျုပ်တို့ သားများ မြင်လိုက်ပါရဲ့လား

         အဖိုးအိုက မဆိုင်းမတွ ပြန်ဖြေတယ်။

         ရှင်မတို့သားတွေက ဘယ်မှာလဲ၊ကျုပ်ဖြင့် သားတစ်ယောက်ကိုပဲ မြင်လိုက်တယ်

         သားနဲ့တူတဲ့လူ၊သားပီသသူ တစ်ယောက်ကိုပဲ မြင်လိုက်ရတယ်ဆိုတဲ့ သဘောပေါ့။ ဒီနေရာမှာ သားနဲ့တူသူ၊ သားပီသသူ၊သားလိမ္မာအဖြစ် ပေါ်လွင်စေဖို့အတွက် ဟိုမိန်းမကြီး နှစ်ယောက်ရဲ့သားတွေဖြစ်တဲ့ အပြေးသမားနဲ့ အဆိုတော်တို့က တတပ်တအား ပါဝင်ပြီး အထောက်အကူ ပြုလိုက်ကြတယ်။


*******************

         ကဗျာဆရာရွှေရ(တောင်ကုတ်)ကို တောင်ကုတ်သားတိုင်း သိချင်မှသိကြမှာပါ။ ဒါပေမယ့် မြန်မာပြည် တစ်နံတစ်လျားက စာပေသမားတိုင်း သိကြတယ်။ လေးစားကြတယ်။ ဘယ်ကိုသွားသွား တောင်ကုတ်ကဆိုရင်ဆရာရွှေရတို့မြို့ကပဲလို့ ဆရာရွှေရကိုဗဟိုပြုပြီး အထင်တကြီး နှုတ်ဆက်ခြင်းကို ခံကြရတယ်။

         တောင်ကုတ်သားဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် အထက်တန်းကျောင်းသားဘဝ၊စာ၊ကဗျာတွေကို ဖတ်ရှု ရေးသားစပြုခါမှ ရွှေရ(တောင်ကုတ်)ဆိုတာကို ပြောသံကြားဖူးပါတယ်။ဒါပေမယ့် ရွှေရ ကထားဝယ်ဘက်၊မော် လမြိုင်ဘက်မှာ ဝန်ထမ်းဘဝနဲ့ရောက်သွားပြီး အိမ်ထောင်ကျနေတယ်လို့ ကြားရတယ်။၁၉၇၄-၇၅ လောက်မှာတူနှက်သံကဗျာစာအုပ်ကြောင့် မော်လမြိုင်ထောင်မှာ အကျဉ်းကျ၊လ ူငယ်တွေစုပေါင်းထုတ်တဲ့မျှော်လင့်ခြင်း တေးသံကဗျာစာအုပ်မှာ စာရေးမိလို့ နရသိန်ကို ထပ်မံဝင်ရောက်ရကြောင်း ကြားသိရပါတယ်။

         ၁၉၈၂ အလွန်လောက်မှာ ဆရာရွှေရ ဟာတောင်ကုတ်က မိဘအိမ်ကို တစ်ကိုယ်တည်း ပြန်ရောက်လာမှ ဆရာ့ကိုအရှင်လတ်လတ်တွေ့ခွင့်ရပါတော့တယ်။ဒါပေမယ့် လူချင်း နဖူးတွေ့၊ ဒူးတွေ့ မဆုံဖြစ်သေး။တောင်ကုတ်က လူငယ်တစ်စု စုပေါင်းထုတ်ဝေတဲ့ကြေကွဲနေသော ရင်ခုန်သံများလက်ကမ်းစာစောင်လေးမှာ ကျွန်တော်ရဲ့ကျားကန်တဲ့မောင်ကဗျာကို ဆရာရွှေရကဒါကဗျာပဲလို့ချီးကျူးကြောင်း၊ဆရာမောင်နေပူ(တောင်ကုတ်)က တဆင့်ကြားသိရပြီးနောက်မှ ဆရာရွှေရ(တောင်ကုတ်)နဲ့ လူချင်းဆုံဖြစ်ပါတယ်။ ကျွန်တော့်ထက် ၁၈ နှစ်နီးပါးကြီး ပေမယ့် ကျွန်တော့်ကို လေးလေးစားစားကိုတပ်ခေါ်ပြောလေ့ရှိပါတယ်။

--

         တောင်ကုတ်မြို့နယ်ရဲ့ ပထမဆုံး ထုတ်ဝေဖြစ်တဲ့ ရိုးမလှိုင်းမဂ္ဂဇင်း အမှတ်()ကို ဆရာရွှေရတို့နဲ့အတူ လက်တွဲပြီး ထုတ်ဝေဖြစ်ခဲ့တာဟာ ဆရာရွှေရ အမှတ်တရပေါ့။

         ဆရာရွှေရ ဆုံးတော့ ၄-၁၀-၁၉၉၈။ပဲခူး-ဇောင်းတူကသမီးအိမ်မှာ။ကျွန်တော်တို့ သင်္ဂြိုဟ်ခွင့်မရခဲ့။သတင်း စာနာရေးကြော်ငြာမှာတွေ့မှသိရတယ်။ဆရာဆုံးတော့၆၁ နှစ်။အသေစောလို့ နှမြောမိပါတယ်။ဆရာဟာ တစ်သက် လုံး ကဗျာနဲ့ပဲ ပေါင်းဖက်သွားခဲ့သူပါ။

         ဆရာက ပယင်းရောင်ကို ကြိုက်တယ်။ထွေးညိုကိုလည်းချစ်တယ်။ ဆေးပြင်းလိပ်ခဲတယ်။ နှုတ်ခမ်းမွှေး တကားကားနဲ့တဟားဟား ရယ်မောလေ့ရှိတယ်။သူ့ကို နောက်တီးနောက်တောက်သွားပြောရင်ကဲမနေနဲ့ဆိုတဲ့ လက်သုံးစကားနဲ့အတူ ပေါ့ပေါ့ပါးပါး တဟားဟားပေါ့။

************************

         အမြန်နှုန်းနဲ့သွားနေတဲ့ ကား၊ရထားပေါ်ကနေကြည့်ရင် လမ်းဘေးက သစ်ပင်တွေ၊တောတောင်တွေ၊တိုက် တာအဆောက်အဦတွေဟာ ဆန့်ကျင်ဘက်အရပ်ကို ပြေးနေသလို မြင်ရပါတယ်။အရှိန်တစ်ခုရဲ့လှည့်စားမှုပေါ့။

         အင်္ဂုလိမာလတစ်ဖြစ်လဲအဟိံသကက ဘုရားရှင်ကိုသတ်ဖို့အတွက် ဘုရားရှင်ရှိရာကို လျင်မြန်တဲ့အဟုန်နဲ့ ပြေးပြီးလိုက်တယ်။ဘုရားရှင်က မပြေးဘဲရပ်တော်မူနေတယ်။ဒါပေမယ့် အင်္ဂုလိမာလက လိုက်မမီဘူး။ ဆိုတော့ အင်္ဂုလိမာလက အော်လိုက်တယ်။

         တိတ္ထသမဏ(ကိုယ်တော်ရပ်)”

         ဘုရားရှင်ကအင်္ဂုလိမာလငါဘုရားကရပ်နေတာ၊မရပ်တာကသင်ပဲလို့ မိန့်တော်မူပါတယ်။အဲဒီတော့ အင်္ဂုလိမာလက-

         အရှင်ဘုရားအရှင်ဘုရားကရပ်နေတယ်လို့ပြောပြီးပြေးနေတယ်၊တပည့်တော်ကိုတော့ ပြေးနေတယ်လို့ ပြောတယ်။အကြောင်းလေးသိချင်ပါတယ်လို့မေးလျှောက်ပြန်တယ်။

         အင်္ဂုလိမာလငါဘုရားဟာ လေး၊မြား၊ဓားတွေကို အပြီးတိုင်ပစ်ချခဲ့ကာ လူအများကိုမသတ်တဲ့အတွက်ရပ်နေသူလို့ခေါ်တယ်။သင်ကား လေးမြားလက်နက်စတာတွေကို ကိုင်ဆောင်ကာ လိုက်လံပြေးလွှား သတ်ဖြတ် နေသူဖြစ်တဲ့အတွက်ပြေးနေသူလို့ခေါ်တယ် အင်္ဂုလိမာလ

         မြတ်စွာဘုရားရဲ့ မိန့်ကြားချက်ကြောင့် အင်္ဂုလိမာလလည်း သံဝေဂအကြီးအကျယ် ရသွားပါတော့တယ်။

         လောကကြီးမှာ ရပ်နေသူကို လိုက်မမီတဲ့ အပြေးချန်ပီယံတွေလည်းရှိကြပါတယ်။ ကိုယ်ပြေးလို့ပြေးမှန်း မသိဘဲ ရပ်နေသူကို အပြေးသမားထင်နေတဲ့ လေးမြားလက်နက်ကိုင်ဆောင်ထားသူတွေပေါ့။အင်း.ဘုရားချွတ် တောင်ကျွတ်ပါ့မလားမသိ။


*********************

  ဆရာရွှေရဟာ ဆိတ်ဖလူးနံ့သင်းတဲ့နရသိန်ကို()ခေါက်ဝင်ပြီးတဲ့အခါ သူ့မိဘအိမ်ရှိတဲ့ တောင်ကုတ်ကို တစ်ကိုယ်တည်းပြန်ရောက်လာတယ်။ဘာကြောင့် ဇနီးမယား၊သမီးသားနဲ့အတူတူမနေတာလဲ ဆရာရဲ့ဧဝရက် တောင်ထိပ်မှာ အိပ်မက်မက်နေပါကဗျာကို ဖတ်ကြည့်ရင် အဖြေကိုသိနိုင်ပါတယ်။

            ()       နေခြည်ဖိတ်ကြဲ၊အရိပ်ထဲမှာ၊အချစ်သိပ်ကဲခဲ့တဲ့ခင်။လှိုင်းလေအေးငြိမ်၊နွေးထွေးချိန်က၊ ချစ်ရှိန်သိပ် ကဲခဲ့တဲ့ခင်။လှေရွက်လည်းလုံ၊တက်လည်းစုံခိုက်၊ချစ်ဟုန်သိပ်ပြင်းခဲ့တဲ့ခင်။တိမ်မြူယွန်းခွာ၊လဝန်းသာစဉ်၊မုန်းတာ မကြားချင်ခဲ့တဲ့ခင်။ပန်းတမွှေးမွှေး၊လမ်းဖွေးဖွေးဝယ်၊အနမ်းပေးမဝခဲ့တဲ့ခင်။ရေကန်အသင့်၊ကြာအသင့်နှင့်၊ရေလည်း မြင့်တုန်း၊ကြာမြင့်တုန်းကို၊ချစ်ပြုံးဝေဝေ ပန်ခဲ့တဲ့ခင်။


*********************

--

            ()        အရိပ်လည်းခွာ၊လသာမရွှန်း၊ပန်းလည်းမမွှေး၊ရေမအေးဘု၊မြက်မနုပြီ၊ခုလတ်လမ်းထက်၊တက်ရွက် ကျိုးစုတ်၊လေကလှုပ်ပြန်၊ကန်ကောသဖြင့်၊ကြာမပွင့်ဘူး၊လှိုင်းနှင့်လေနှင့်၊မုန်တိုင်းနှင့်လွှမ်း၊ဆူးနှင့်ငုတ်နှင့်၊ခလုတ် နှင့်ပြွမ်း၊ဘဝကြမ်းထဲ၊ဘယ်လိုလဲခင်၊ခင် ဘယ်လိုလဲ၊အိပ်မက်ထဲက၊အိပ်မက်ထဲမှာ၊အိပ်မက် မက်နေပြီလား ခင်။

            ကောင်းစားစဉ်က ချစ်မဝ၊ဒုက္ခရောက်တော့ နောက်ကောက်ချလိုက်တာပေါ့။ဒီအကြောင်းတွေကြောင့် ဆရာ ရွှေရ တစ်ယောက် မိဘအိမ်ကို ပြည်တော်ပြန်ခဲ့ရခြင်းဖြစ်ပါတယ်။

            ဆရာရွှေရဟာ သူမြတ်နိုးရာကဗျာ၊သူယုံကြည်ရာအယူအဆတွေကို မျက်ခြည်မပြတ်၊တစိုက်မတ်မတ် စွဲကိုင်ခဲ့လို့ ဘဝမှာ ကိုယ်ဒဏ်ရာ၊စိတ်ဒဏ်ရာတွေအများကြီး ရခဲ့ပါတယ်။

            ဆရာရဲ့ဗဟိဒ္ဓကိုကြည့်ရင်လေးစားစရာ၊အထင်ကြီးစရာတစ်ကွက်မျှမရှိ။သာမန်သူလိုကိုယ်လိုထက်အဆင့် ကိုနှိမ့်ပြီး ရိုးရိုးရှင်းရှင်းနေထိုင်ခဲ့တယ်။သူ့နေထိုင်မှုပုံစံနဲ့ပတ်သက်လို့ လူအထင်ကြီးခြင်း၊မကြီးခြင်း၊လူရာဝင်ခြင်း၊ မဝင်ခြင်းတွေကိုလည်း ဆရာက စိတ်မဝင်စား၊ဂရုမစိုက်။လူရာဝင်တယ်ဆိုတဲ့ လူတိုင်းကိုလည်း ဆရာက အထင် မကြီး။

            ဆရာကမုသားမပါ၊လင်္ကာမချောဆိုတဲ့ ပရိယာယ်မာယာများတဲ့စကားကိုလည်း မကြိုက်ပါ။မုသားကို ဆရာမလိုချင်။မုန်းတယ်။မုသားမပါ၊လင်္ကာချောမွေ့တဲ့။

            ပြီးတော့ ဆရာရဲ့စောင့်ငံ့ခြင်းကိုစောင့်ငံ့ခြင်းဆိုတဲ့ ကဗျာနဲ့သူ့အမြင်၊သူ့ဆန္ဒကိုဖော်ပြခဲ့ပါသေးတယ်။ ဆရာဟာ သူဖြတ်သန်းနေတဲ့ ကာလကိုမကြိုက်။ခံတွင်းမတွေ့။အားမရ။အနာဂတ်ကာလတစ်ခုကို မျှော်လင့်ခဲ့တယ်။ စောင့်စားခဲ့တယ်။စောင့်ငံ့ခြင်းကိုစောင့်ငံ့ခြင်း၌၊ရင်တွင်းမွန်းကျပ်၊ဆင်းရဲပြွတ်သိပ်၊အနာဂတ်ခြေလှမ်းနှေးလွန်းစွဆိုတဲ့ အားမရတဲ့လေသံနဲ့ သူ့ကဗျာကို နိဂုံးချုပ်ထားပါတယ်။

            ဟုတ်ပါတယ်။ဆရာဟာ အမှောင်ထဲကအလင်းကိုရှာခဲ့တယ်။ အပူထဲကအအေး၊ အလှုပ်ထဲကအငြိမ်ကို ညွှန် ပြခဲ့သူပါ။ဘဝကို အရှုံးမပေးတဲ့ မရှုံးတရားကို ဟောခဲ့သူပါ။

 

ခိုင်မောင်(ပညာရေး)


Share: