အရီးဒေါ်လာပပြောပြတဲ့ ဒုံးသိမ်စစ်ဘေးရှောင်စခန်းနဲ့ သူတို့ရဲ့ဘဝဒုက္ခများ



မောင်မေယု(ဘူးသီးတောင်)

 

            တစ်နေ့က သူငယ်ချင်းတွေနဲ့အတူ ဒုံးသိမ်ပုထိုးတော်ကြီးဆီသို့ ရောက်ဖြစ်ခဲ့ပါတယ်။ ဒုံးသိမ်ပုထိုးတော် ကြီးဟာ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်မြို့နယ်ရဲ့ အထင်ကရ သမိုင်းဝင်ပုထိုးတစ်ဆူ ဖြစ်ပါတယ်။ ရခိုင်ဘုရင် မင်းဘာကြီးက တည်ထားကိုးကွယ်ခဲ့တာပါ။ ဒုံးသိမ်ပုထိုးတော်ကြီးကို ရောက်ဖြစ်တဲ့အချိန်မှာ ပထမဆုံး မြင် တွေ့ရတာက စစ်ဘေးဒုက္ခသည်တို့ရဲ့ အိမ်သေးသေးလေးတွေပါ။ ဒီတဲအိမ်လေးတွေဟာ ဒုံးသိမ်ပုထိုးတော်ကြီးရဲ့ ပတ်ပတ်လည်မှာ တည်ရှိနေပါတယ်။

            သူတို့ဟာ ပြီးခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ရက္ခိုင့်တပ်တော်တို့ရဲ့ ပြည်တွင်းစစ်ပွဲမှာ အိုးအိမ်ဥစ္စာဆုံးရှုံးခဲ့ရတဲ့ ရခိုင်မျိုးနွယ်စုဝင် ခမီတိုင်းရင်းသားဒုက္ခသည်တွေဖြစ်ပါတယ်။ သူတို့ရဲ့ရွာဟာ မြောချောင်းလို့ခေါ်တဲ့ တောင်ပေါ် ရွာလေးတစ်ရွာပါ။ ဒုံးသိမ်ပုထိုးကနေ တစ်နာရီလောက် ခြေလျင်လျှောက်ရင် ရောက်ရှိနိုင်ပါတယ်။ အဲဒီရွာမှာ အိမ်ခြေလေးဆယ်ကျော်လောက် ရှိခဲ့ပါတယ်။ အိမ်ခြေလေးဆယ်မှာ သုံးဆယ်လောက်က သံဖြူမိုး ပျဉ်ကာ အိမ် လေးတွေဖြစ်ပါတယ်။ အခုတော့ အဲ့ဒီရွာလေးဟာ စစ်ပွဲထဲပါသွားပြီဖြစ်တဲ့အတွက် ပြာဖြစ်သွားပြီဖြစ်ကြောင်း အရီးဒေါ်လာပ က ဝမ်းနည်းစွာနဲ့ ပြောပြပါတယ်။

ရွာမှာ အိမ်ခြေလေးဆယ်နဲ့သုံးဆောင်လောက် ရှိခဲ့တယ်။ အကုန်လုံး သံဖြူတွေနဲ့။ သံဖြူမိုးလို့ ပျဉ်စီလို့။ သံဖြူမမိုး နိုင်တာဆိုလို့ ဆယ်ဆောင်လောက်သာ ရှိတာပါ။ အခုတော့ အားလုံး စစ်ပွဲထဲ ပါသွားခဲ့ပါပြီ

            ဒီစစ်ဘေးရှောင်စခန်းမှာ အစတုန်းက အိမ်ခြေလေးဆယ်လောက်ရှိခဲ့ပါတယ်။ အခုတော့ နှစ်ဆယ် တောင် မပြည့်တော့ပါ။ အကြောင်းမှာ ဒီစစ်ဘေးရှောင်စခန်းဟာ အလှူရှင်တွေအရောက်နည်းပါးလို့ ဖြစ်ပါ တယ်။ နောက်ပြီး မြို့နဲ့အလှမ်းဝေးတဲ့အပြင် စစ်ပွဲဖြစ်တဲ့နေရာတွေနဲ့လည်း နီးတဲ့အတွက် ဒုက္ခသည်အများစုဟာ ဒီစခန်းကို စွန့်ခွာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တချို့က အစိုးရနေရာချပေးတဲ့ စခန်းတွေကို ပြောင်းသွားကြ ပြီး တချို့ကျတော့ နီစပ်ရာဆွေမျိုးတို့ရှိရာ အရပ်ဒေသသို့ ရောက်ရှိသွားကြတယ်လို့ သိရပါတယ်။ အခုဆိုရင် ဒီဒုံးသိမ်စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ(၁၂)ဆောင်သာရှိပြီး လူဦးရေ(၇၀)လောက်သာ ရှိပြီလို့ စခန်းရဲ့တာဝန်ခံ ဦးအဝင်းချေက ဆိုပါတယ်။

            ဒုက္ခသည်အချို့အဲဒီလို ထွက်သွားကြသော်လည်း အရီးဒေါ်လာပ တို့ကတော့ ဘယ်ကိုမှ ထွက်မသွား ချင်ဘူးလို့ ဆိုပါတယ်။ အကြောင်းက ဒီနေရာကနေ သူတို့ရဲ့ရွာရှိတဲ့အရပ်ကို လှမ်းမြင်နိုင်လို့ ဖြစ်ပါတယ်။  ဒီစခန်းမှာ အလှူရှင်တွေနည်းလို့ စားဝတ်နေရေးခက်ခဲရင်လည်း ကိုယ့်ရွာနဲ့နီးတဲ့ ဒီနေရာမှာပဲ နေချင်ကြောင်း အရီးဒေါ်လာပက ပြောပြပါတယ်။သေရင်လည်း ဒုံးသိမ် ရှင်ရင်လည်း ဒုံးသိမ်။ တစ်ခုကိုမှ မသွား ချင်ဘူး။ ကိုယ့်ရွာနဲ့ နီးတဲ့ ဒီစခန်းမှာပဲ နေမယ်လို့ ဇာတိမြေကိုချစ်တဲ့ အရီးဒေါ်လာပက မျက်ရည်ကလေးဝဲပြီး ပြောပြ ပါတယ်။

            ဒီစစ်ဘေးရှောင်စခန်းဟာ အလှူရှင်တွေအရောက်နည်းတဲ့အတွက် မြို့ပေါ်ရှိစစ်ဘေးရှောင်စခန်းတွေ ထက် ပိုပြီးကျပ်တည်းတာကိုလည်း တွေ့ရပါတယ်။ မြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေမှာဆိုရင် အပြင်ကို ထွက် ပြီး အလုပ် လုပ်ကြတာတို့ ရှိကြပါတယ်။ ဒီမှာတော့ အဲဒီလို့ လုပ်ဖို့ခက်ခဲတဲ့အကြောင်းကိုလည်း အရီးဒေါ်လာပ က ပြောပြပါသေးတယ်။

ဒီမှာက အခြားစစ်ဘေးရှောင်စခန်းတွေလို အလုပ်ထွက် လုပ်လို့မရဘူး။ တောင်တွေနဲ့ဝေးလို့ ဝါးခုတ်ဖို့လည်း မရ။ ထင်းခုတ်ဖို့လည်းခက်။ ခုတ်လာတဲ့ထင်းကို ရောင်းဖို့ နေရာလည်းမရှိ။ အခြားစခန်းတွေနဲ့ နှိုင်းရင် အစစအရာ ရာ ခက်ခဲပါတယ်

            အလှူရှင်တွေနည်းပါးတဲ့အတွက် သူတို့နေထိုင်စားသောက်ရေးကို အထောက်အကူပြုဖို့ အိမ်နောက် ဘက်တွေမှာ ဟင်းခင်းငယ်တို့ ပြုလုပ်ထားကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီဟင်းခင်းလေးတွေက ထွက်တဲ့ အသီးအနှံတို့ဟာလည်း မိမိတို့စားသောက်နိုင်ဖို့တောင် အနိုင်နိုင်ဟု ဆိုပါတယ်။ ရောင်းချစားသောက် နိုင်တဲ့ အထိစိုက်ပျိုးမယ့် မြေနေရာလည်း မရှိချေ။ အစိုးရဆီမှ လစဉ်ပုံမှန်ရတဲ့ ဆန်နဲ့ နိုင်ငံခြားအဖွဲ့အစည်း တစ်ခုက လစဉ်ပေးတဲ့ ဆန် ဆီ ပဲ တွေဟာ သူတို့အတွက် အဓိကမှီခိုအားကိုးရာ ရိက္ခာဖြစ်ပါတယ်။ အဲဒီဟာတွေ သီး သန့်နဲ့ ချက်ပြုတ်စားသောက်လို့မရတဲ့အတွက် ရရှိတဲ့ရက္ခာအချို့ကို ရောင်းချစားသောက်ရကြောင်း အရီး ဒေါ် လာပက ပြောပြပါတယ်။

ပဲရ ဆီရ ရင် အဲဒီဟာတွေထဲက ထက်ဝက်လောက်ကို ရောင်းချပြီး ငါးပိတွေ ဆားတွေ ငါးခြောက်တွေ ဝယ်စားရတယ်။ အဲဒီလို မစားလို့လည်း မရ။ ပဲတစ်ခုတည်း ဆီတစ်ခုတည်း နဲ့ စားလို့ရတာမှ မဟုတ်တာ။ အရီးတို့ အခက်ခဲ ခံရတာက အမျိုးမျိုးပါပဲ

            အဲဒီလို အနေဆင်းရဲ အစားဆင်းရဲ ဘဝတွေကို မလိုချင်တော့ကြောင်း အရီးဒေါ်လာပက ဆိုပါတယ်။ ဘယ်လိုအခြေ နေပဲဖြစ်ဖြစ် ကိုယ့်အိမ် ကိုယ့်ရွာမှာသာ အေးချမ်းစွာနေထိုင်ပြီး လုပ်ကိုင်စားသောက်ချင်နေ ပါတယ်။ ဒါပေမယ့် မိမိတို့ရဲ့ရွာကို သွားလို့တောင်မကြည့်ရဲကြတဲ့ အခြေအနေပါ။ ရခိုင်မှာ စစ်ပွဲတွေဟာ အတိုင်း အတာတစ်ခုထိ ငြိမ်သက်နေခဲ့သော်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ အစောပိုင်းကစလို့ ပြန်ပြီးတင်းမာလာတာကို တွေ့ရပါတယ်။ စစ်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် အိမ်ပြန်ခွင့်သာ ရမယ်ဆိုရင် ရွာမှာ အိမ်တစ်ဆောင်မှမရှိရင်လည်း ပြဿနာမဟုတ်ကြောင်း မိမိတို့ကိုယ်တိုင် ဆောက်လုပ်နေထိုင်လို့ရကြောင်း အရီး ဒေါ်လာပက ဝမ်းနည်းစွာ ဆိုပါသေးတယ်။

            အခုချိန်ထိတော့ သူတို့ရဲ့အိမ်ပြန်ခရီးဟာ မရေရာမသေချာတဲ့ အခြေအနေပါ။ ဒါကြောင့် အခုနေထိုင် နေကြတဲ့ တဲကလေးတွေကို ခိုင်ခံ့အောင် ပြုပြင်ချင်နေကြပါတယ်။ တဲကလေးတွေဟာ သက်နုဝါးကလေးတွေနဲ့ ဆောက်ထားရတဲ့အတွက် ဒီမိုးတွင်းမှာ ယိမ်းယိုင်သွားကြပါပြီ။ အရီးဒေါ်လာပတို့ တဲကလေးက တိုင်ကလေး တွေဆိုရင် ပိုးကျလို့ ကျိုးပဲ့နေကြပါပြီ။ တချို့တဲကလေးတွေဆိုရင် ဝါးကြမ်းခင်းတွေ မြေပြင်နဲ့တောင် ထိနေ ကြပါပြီ။ ဒါကြောင့် အခုချိန်မှာ သူတို့အတွက် အလိုအပ်ဆုံးဟာ တဲကလေးတွေကို ပြုပြင်မယ့် ဝါးတွေ သစ်တွေ ဖြစ်ပါတယ်။

            ဝါးတွေ သစ်တွေဟာ သူတို့စခန်းအတွက် အဓိကလိုအပ်ချက်ဖြစ်နေကြောင်းကို အရီးဒေါ်လာပက  “မနှစ်ကဆိုရင် ဒီတဲကလေးတွေ ဆောက်ဖို့အတွက် ဝါးတွေကို နယ်စည်းမခြားအဖွဲ့က လှူခဲ့ပါတယ်။ ဒီနှစ်တော့ လှူမယ့်သူ မရှိသေးပါဘူး။ ဒီဝါး၊သစ် တွေဟာ အရီးတို့စခန်းအတွက် အဓိက လိုအပ်ချက် ဖြစ်နေပါတယ်လို့ ဆိုပါတယ်။

            ဒုံးသိမ်ပုထိုးမှာ ဘုရားဖူးတွေ မသွားမစည်း အလာမစည်း စည်ကားနေပါတယ်။ ဘုရားဖူးလာသူအချို့က စစ်ဘေးရှောင်ကလေးတွေကို မုန့်ကျွေးတာတို့ လုပ်ကြပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ အိမ်ပြန် ချိန် ကျလာပါတော့တယ်။ အဲဒီချိန်မှာ ကျွန်တော်က အရီးဒေါ်လာပကို နှုတ်ဆက်ဖြစ်ပါတယ်။ ပိုးကျလို့ ကျိုးနေ တဲ့တိုင်ကလေးကိုကိုင်ပြီး စိတ်မကောင်းဖြစ်နေတဲ့ အရီးဒေါ်လာပက ကျွန်တော့်ကို နှုတ်ဆက်စကား ဆိုပါတယ်။ အဲဒီနှုတ်ဆက်စကားမှာ သူတို့ရဲ့ဘဝကို တရားနဲ့ဖြေလိုက်ပါသေးတယ်။ဒီလိုပဲ အငတ်အငတ်အမွတ်မွတ် နေ လေပါတော့မယ်။ဘယ်လောက်နေရမှာမှ မဟုတ်တာ။ တစ်နှစ်ထက် တစ်နှစ် အိုလာတာပဲကို။ ကိုယ့်ရွာကိုယ့် နေရာကိုလည်း တချိန်ချိန်တော့ ပြန်ရပါလိမ့်မယ်။ ပျော်ရာမှာ မနေရ တော်ရာမှာ နေရတယ်လို့ ဆိုကြတယ် မဟုတ်လား

            အရီးရဲ့စကားကြောင့် အိမ်ပြန်ချိန်မှာ ကျွန်တော်စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ အရီးဒေါ်လာပတို့ အစား ဆင်းရဲ အနေဆင်းရဲ ဘဝနဲ့ နေထိုင်လာခဲ့ကြတာ အခုဆိုရင် သုံးနှစ်လောက် ရှိနေပါပြီ။ အခုအချိန်ထိ သူတို့ရဲ့ အိမ်ပြန်ခရီးဟာ ဝေဝါးနေဆဲသာ ဖြစ်ပါတယ်။  ရခိုင်ပြည်နယ်မှာ Rakhine Ethnics Congress (REC) နောက် ဆုံးထုတ်ပြန်ချက်အရ မြို့နယ်(၁၀)ခုမှာ စစ်ဘေးရှောင်ဒုက္ခသည်စခန်း (၁၅၈) ခုရှိပြီး စစ်ဘေးဒုက္ခသည်ပေါင်း (၁၉၄၀၉၄) ဦးထိရှိကြောင်း သိရှိရပါတယ်။ အများစုမှာ အရီးဒေါ်လာပ တို့ကဲ့သို့ အိမ်မပြန်နိုင်ကြရသေးသူ များဖြစ်ကြပြီး စစ်ဘေးရှောင်တဲကလေးတွေထဲ အနေဆင်းရဲ အစားဆင်းရဲနဲ့ ဒုက္ခရောက်နေကြသူများ ဖြစ် ကြပါတယ်။                                                          

မောင်မေယု(ဘူးသီးတောင်)

 

Share: