ရခိုင်တွင် တစ်ကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်လာမလား


မာန်ယုကျော် (ရွှေဝမြေ)
၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်။
မြန်မာနိုင်ငံ၏အနောက်တံခါးဖြစ်သည့် ရခိုင်ပြည်နယ်မောင်တောဒေသတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့၏ တစ်ကျော့ပြန်တိုက်ပွဲများကို ဖေဖော်ဝါရီလအစောပိုင်းမှစတင်ကြားလာရသည်။ နှစ်ဘက်အထိအခိုက်အကျအဆုံးများလည်း ရှိခဲ့သည်။ နှစ်ဘက် စစ်ရေးတင်းမာခဲ့ကြပြီး တစ်ဘက်နှင့်တစ်ဘက် အလျှော့မပေးလျှင် တိုက်ပွဲများ ယခုထက်ပိုပြင်းထန်လာနိုင်သည့်အခြေအနေတွင်ရှိနေသည်။
ရခိုင်တွင် တိုက်ပွဲများရပ်တန့်နေသည်မှာ ၁ နှစ်ကျော်ကြာမြင့်လာပြီးနောက် ယခုလို ပြန်လည်ဖြစ်ပွားလာခြင်းလည်းဖြစ်သည်။ တိတိကျကျပြောရလျှင် ယခုဖြစ်ပွားသည့်တစ်ကျော့ပြန်တိုက်ပွဲများသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာ၏ အရှေ့မြောက်ဘက် လက်ပံတောင်ကြားတွင် ဖေဖော်ဝါရီလ ၄ ရက်မှစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်တပ်၏ ခမရ ၃၅၂ မှ စစ်ကြောင်း(၁)သည် AA ထိန်းချုပ်နယ်မြေကိုဝင်လာပြီး AA ကင်းသမားကို လက်ဦးမှုရယူပစ်ခတ်ခဲ့သည့်အတွက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောထားသည်။
ယင်းနောက် ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လယ်ကလည်း မောင်တောမြို့နယ် မီးတိုက်ကျေးရွာ၏ အရှေ့မြောက်ဘက် လက်ပံတောင်ကြောတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ အလားတူ ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီခွဲခန့်တွင်လည်း မောင်တောမြောက်ပိုင်းဖြစ်သည့် ဖားဝပ်ချောင်းရွာနှင့် ငန်းချောင်းမူဆလင်ရွာကြားတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။ ယင်းနေ့ညတိုက်ပွဲအတွင်း လူနာတင်ရန် စစ််တပ်၏ခေါ်ဆောင်ခြင်းခံရသည့် သစ်၊ ဝါးသယ်သောကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ၍ အသက် ၅ဝ ခန့်အရွယ် ကားပိုင်ရှင်အမျိုးသမီးတစ်ဦးနှင့် အသက် ၂၅ နှစ်အရွယ် ကားသမား ၁ ဦးတို့ သေဆုံးသွားခဲ့သည်။ ယင်းနေ့ညတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့သည်ဟု ဖေဖော်ဝါရီလ ၁ဝ ရက်နံနက်ပိုင်းက အွန်လိုင်းတွင်ပျံ့နှံ့လာသည့် ရုပ်သံဖိုင်တစ်ခုအရ သိရသည်။
ယင်းနောက်ပိုင်း ဖေဖော်ဝါရီလ ၈ ရက်မှစတင်ကာ မောင်တောဒေသတွင် နှစ်ဘက်တိုက်ပွဲများ ထပ်ဖြစ်မှုမရှိတော့ပေ။ နှစ်ဘက်ခေါင်းဆောင်များ ညှိနှိုင်းမှုပြေလည်သွား၍ဟု AA နှင့်နီးစပ်သူများအပြောအရ သိရသည်။ ဆိုရလျှင် မောင်တောဒေသတွင် ၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲများအတွင်း AA ဘက်မှ ကင်းသမား ၁ ဦး၊ စစ်တပ်ဘက်မှ ၇ ဦးနှင့် အရပ်သား ၂ ဦးတို့ သေဆုံးသွားခဲ့ရသည်။ မောင်တောဒေသတွင်း တိုက်ပွဲများအရှိန်ကြောင့် စစ်ရေးတင်းမာမှုရှိခဲ့သလို စစ်အင်အားတိုးမြှင့်ချထားမှုများလည်းရှိခဲ့သည်။ လုံခြုံရေးလည်း တင်းကျပ်ထားခဲ့ပြီး သွားလာလှုပ်ရှားနေကြသည့် ဒေသခံများကိုလည်း စစ်ဆေးမေးမြန်းမှုများ ရှိခဲ့သည်။
AA နှင့် စစ်တပ်တို့သည် ရခိုင်တွင် ၂ဝ၁၈ နိုဝင်ဘာလမှ ၂ဝ၂ဝ နိုဝင်ဘာအထိ ၂ နှစ်အတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။ ၂ဝ၂ဝ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ ရုတ်တရက်ဆိုသလို အပစ်အခတ်ရပ်စဲခဲ့ကြသည်။ နှစ်ဘက်နားလည်မှုယူပြီး တိုက်ပွဲများရပ်စဲခဲ့ကြခြင်းဖြစ်ပြီး ဘယ်အချိန်ထိ ရပ်စဲထားမည်ဆိုသည်ကို နှစ်ဘက်စလုံးက ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။
AA နှင့် စစ်တပ်တို့ အပစ်ရပ်ထားသည်ဆိုသော်လည်း ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ ရခိုင်တွင် စစ်ရေးလှုပ်ရှားမှုများကို ခပ်စိပ်စိပ်တွေ့လာခဲ့ရသည်။ တိတိကျကျပြောရလျှင် ၂ဝ၂၁ ခုနှစ်၊ သြဂုတ်လမှစတင်ကာ စစ်ရေးစစ်ရောင်များကို တွေ့လာရခြင်းဖြစ်သည်။ လက်နက်အပြည့်ကိုင်ဆောင်ထားသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့က မြို့ပေါ်ရပ်ကွက်အချို့တွင် ညအချိန်မတော် နေအိမ်များသို့ဝင်ရောက်ကာ ဧည့်စာရင်းစစ်ဆေးခြင်း၊ လက်နက်ကိုင်စစ်သားများက လူစည်ကားရာ လမ်းဆုံလမ်းခွတွင် ကားများဖြင့် နေရာအပြည့် ယူထားခြင်း၊ လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်ဘောက်စ်များနှင့် ဖုန်းများကို ဖွင့်ဖောက်စစ်ဆေးခြင်း၊ စစ်ကားများဖြင့် ဒေသတစ်ခုနှင့်တစ်ခုသို့ ရိက္ခာများသယ်ပို့ခြင်း၊ မြို့ရွာအချို့တို့တွင် သေနတ်သံလိုလို၊ လက်နက်ကြီးသံလိုလို၊ မိုုင်းပေါက်သံလိုလို ပေါက်ကွဲသံများ ခဏခဏ ကြားနေရခြင်း၊ ရခိုင့်ပင်လယ်ပြင်နေရာအချို့တွင် လက်နက်ကြီးများပစ်ခတ်လေ့ကျင့်ခြင်း စသည်တို့ဖြစ်ပေါ်ခဲ့သည်။
ပြီးလျှင် ရခိုင်ရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ အမ်းစသည့်မြို့များတွင် လမ်းသွားလမ်းလာဒေသခံများကို စစ်သားများက စစ်ဆေးမေးမြန်းမှုများလည်း တင်းကျပ်ခဲ့သည်။ ယင်းအပြင် စစ်ကြောင်းများက တစ်ရွာဝင်တစ်ရွာ သွားလာလှုပ်ရှားပြီး အရပ်သားများကို ခေါ်ယူစစ်ဆေးမေးမြန်းမှုများလည်း ရှိခဲ့သည်။ ကျောက်ဖြူ၊ ကျောက်တော်နှင့် မင်းပြား စသည့်မြို့နယ်များတွင် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများကို စစ်တပ်က ခေါ်ယူကာ AA နှင့်အဆက်အသွယ်မလုပ်ကြဖို့၊ AA ၏လှုပ်ရှားမှုများကို သတင်းပေးကြဖို့ ပြောဆိုခဲ့သည်များလည်း ရှိခဲ့သည်။ တိုက်ပွဲများရပ်စဲပြီး တည်ငြိမ်အေးချမ်းနေသည့် ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ လုပ်ရပ်များက မလိုလားအပ်သောပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်ဟုလည်း ဒေသခံများက မှတ်ချက်ပြုခဲ့ကြသည်။
တစ်ဘက်တွင်လည်း တိုက်ပွဲများရပ်စဲထားချိန် ရက္ခိုင့်တပ်တော်(AA)က ရခိုင်ပြည်နယ်အတွင်း နယ်မြေပိုင်နက်အများအပြားကို ခြေကုပ်ယူနိုင်နေပြီဖြစ်သည်။ AA သည် ရခိုင်လူထုကြားထဲတွင် စိမ့်ဝင်နေပြီဖြစ်သည်။ ရခိုင်လူထုကလည်း လက်ရှိနိုင်ငံရေးအခြေအနေအရ ပါတီနိုင်ငံရေးထက် လက်နက်ကိုင်တော်လှန်ရေးကို အားသန်နေကြသည်။ ယင်းကြောင့် AA မှ AA ဖြစ်နေကြပြီ။ AA ကလည်း ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ဟုဖွဲ့စည်းကာ ရခိုင်လူထုအကျိုးကို နိုင်သည့်ဘက်မှ တာဝန်ယူနေသည်ကို တွေ့ရသည်။ AA သည် ရခိုင်လူထုအတွင်း အရှိန်အဟုန်ဖြင့် ထိုးဖောက်နေရာယူနေနိုင်ပြီဖြစ်သည်။ AA ၏သြဇာကြီးမားမှုနှင့် အုပ်ချုပ်ရေးယန္တရားတို့ကို ရခိုင်လူထုကြားထဲတွင် ခိုင်ခိုင်မာမာ တည်ဆောက်နေနိုင်ပြီဖြစ်သည်။ အချိန်တိုအတွင်း ရခိုင်လူထု၏အားပေးထောက်ခံမှုကိုလည်း ပြည့်ပြည့်ဝဝ ရလာနေပြီဖြစ်သည်။ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရနေသည်တော့ မဟုတ်သေးပေ။ နားလည်မှုဖြင့်၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လှုပ်ရှားနေကြခြင်းသာဖြစ်သည်။ ဤသည်ကို စစ်တပ်က မလိုလား၍ အထက်တွင် ပြောခဲ့သလိုမျိုး အမျိုးမျိုး နှောင့်ယှက်နေခြင်းဖြစ်နိုင်ပေသည်။
ပြန်ကောက်ရလျှင် ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ရခိုင်ပြည်အခြေစိုက်အရပ်ဘက်အဖွဲ့အစည်းများ၏စာရင်းအရ ရခိုင်တွင် ၂ နှစ်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အရပ်သား ၃ဝဝ ကျော်သေဆုံးပြီး ၇ဝဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ AA နှင့်ဆက်စပ်သံသယဖြင့် အရပ်သား ၂ဝဝ ကျော်ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသည်။ AA သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေသူများလည်း ယခုထက်တိုင်ရှိနေသေးသည်။ စစ်ကြောရေးအတွင်းရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးသွားကြသူများလည်းရှိသည်။ တိုက်ပွဲအတွင်း နေအိမ် ၁ ထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်အထိရှိခဲ့သည်။ စစ်၏အနိဋ္ဌာရုံများကို ရခိုင်ပြည်သူများ နဖူးတွေ့ ဒူးတွေ့ ဆိုးဆိုးဝါးဝါးခံစားခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် ရခိုင်၌ စစ်တပ်နှင့် AA တို့ နားလည်မှုယူ၍ တစ်ဘက်နှင့်တစ်ဘက် အပစ်ရပ်စဲထားကြသည်။ ယင်းသို့ အပစ်ရပ်စဲထားချိန်မှာပင် ယခုနှစ်၊ ဖေဖော်ဝါရီလအစောပိုင်းတွင် မောင်တောဒေသ၌ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့သည်။ မောင်တောတိုက်ပွဲမှသည် နောက်ထပ်မြို့နယ်များသို့လည်းကူးစက်ကာ တစ်ကျော့ပြန်တိုက်ပွဲများ ပြန်ဖြစ်လာနိုင်မလားဟုလည်း ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်ခဲ့ရသည်။ ကိုဗစ်ကတစ်မျိုး၊ အာဏာသိမ်းမှုကြောင့် တိုင်းပြည်ကမောက်ကဖြစ်နေသည်က တစ်မျိုး၊ ကုန်စျေးနှုန်းများအဆမတန်မြင့်တက်၍ စားဝတ်နေရေး ကျပ်တည်းနေမှုက တစ်မျိုး၊ သည်လို အကျပ်အတည်းကာလတွင် ရခိုင်၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာ မည်ဆိုပါက အပြစ်မဲ့အရပ်သားများအနေဖြင့် အလွန်တရာဒုက္ခကျရောက်သွားမည်ဖြစ်သည်။
လေ့လာဆန်းစစ်သုံးသပ်ကြည့်မည်ဆိုလျှင် ရခိုင်တွင် လတ်တလောအနေအထား၌ တိုက်ပွဲများ ကြီးကြီးမားမားဖြစ်လာနိုင်စရာအကြောင်းမရှိပေ။ အကြောင်းကတော့ စစ်တပ်ဘက်က ရခိုင်တွင် တိုက်ပွဲဖြစ်ခွင့် မပေးလို၍ပင်ဖြစ်သည်။ တိုက်ပွဲဖြစ်ခွင့်မပေးလိုသည့်အကြောင်းပြချက်ကလည်း ရှိနေပြန်သေးသည်။ ယင်းက ၂ဝ၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည့် မူဆလင် ၇ သိန်းကျော်ကို ပြန်လည်လက်ခံရေးကိစ္စကြောင့်ပင်ဖြစ်သည်။
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်က မောင်တောဒေသရှိ ရဲကင်းစခန်းအချို့ကို ARSA အဖွဲ့က တိုက်ခိုက်ခဲ့မှုကို စစ်တပ်က လက်တု့ံပြန်ရာတွင် ယင်းဒေသက မူဆလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ရသည်။ ယင်းအပြင် စစ်တပ်သည် ယင်းအချိန်က မူဆလင်များအပေါ် လူမျိုးတုံး သတ်ဖြတ်မှုကိုကျူးလွန်သည်ဟုဆိုကာ နယ်သာလန်နိုင်ငံ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် ဂမ်ဘီယာနိုင်ငံ၏ တရားလိုလုပ်ပြီး တရားစွဲခြင်းကို ခံထားရသည်။ အလားတူ စစ်တပ်သည် လူမျိုးတုံးသတ်ဖြတ်သည်ဟုဆိုကာ အာဂျင်တီးနားနိုင်ငံရှိ ဖက်ဒရယ်တရားရုံးတွင်လည်း တရားစွဲခံနေရသေးသည်။
ICJ အကြောင်းနှင့်ဆက်စပ်ပြောရမည်ဆိုလျှင် ICJ အမှုနှင့်ပတ်သက်ပြီး ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံကိုယ်စား ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့က နယ်သာလန်နိုင်ငံ သဟိဂ်မြို့ကို ကိုယ်တိုင်သွားရောက်ကာ အမှုရင်ဆိုင်ခဲ့ကြသည်။
ယခု ဒုတိယအကြိမ် ကြားနာမှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ သဟိဂ်မြို့ရှိ ICJ တရားရုံးတွင် ပြုလုပ်ခဲ့သည်။ ယင်းကြားနာပွဲသို့ မြန်မာစစ်ကောင်စီဘက်မှ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က တက်ရောက်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၂၁ ရက်နှင့် ၂၅ ရက်တို့တွင် မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ICJ တရားရုံး၌ လျှောက်လဲခဲ့ကြသည်။
ယင်းသို့လျှောက်လဲရာတွင် ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့သည့်အမှုအပေါ် တရားရုံးကစီရင်ပိုင်ခွင့် မရှိကြောင်း၊ သို့မဟုတ် ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးရန် ဖေဖော်ဝါရီ ၂၅ ရက်ရုံးချိန်းတွင် မြန်မာဘက်က ICJ တရားရုံးကို တောင်းဆိုခဲ့သည်။ ယင်းနောက် ဂမ်ဘီယာဘက်က လိုက်ပါဆောင်ရွက်ပေးနေသည့် နိုင်ငံတကာရှေ့နေ ပေါလ်ရီချလာက လျှောက်လဲရာတွင် ယခုအမှုကို ICJ တွင် ဂမ်ဘီယာကတရားစွဲရန် OIC က ထောက်ပံ့ပေးသည်ဆိုခြင်းမှာ လုံးဝမဟုတ်ဘဲ ယခုကဲ့သို့ တရားစွဲရန်ဆုံးဖြတ်ချက်သည် မည်သူကအကြံပြုသည်ဆိုခြင်းမှာ အဓိကမကျဟု ချေပခဲ့သည်။
ယင်းအပြင် မြန်မာကို တရားလိုလုပ်ကာ တရားစွဲထားသည့် ဂမ်ဘီယာနိုင်ငံ၏ကိုယ်စားလှယ် ရှေ့နေချုပ် တရားရေးဝန်ကြီး ဒေါဒါဂျဲလိုးကလည်း မြန်မာဘက်က တင်သွင်းထားခဲ့သည့် ကနဦးကန့်ကွက်ချက်များအားလုံးကို ပယ်ချပေးဖို့နှင့် မူလပင်မအမှုအဖြစ်သည့် ဂျီနိုဆိုက်စာချုပ်ဖောက်ဖျက်မှုကို ဆက်လက်ကြားနာစစ်ဆေးရန် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ICJ တရားရုံးကို တိုက်တွန်းတောင်းဆိုခဲ့သည်။
မြန်မာနှင့် ဂမ်ဘီယာ နှစ်နိုင်ငံဘက်က တရားရုံးတွင် နှစ်ကျော့စီလျှောက်လဲအပြီးတွင် လိုအပ်သည့် အချက်အလက်များကို တရားရုံးကတောင်းခံလာပါက ပို့ပေးရန်နှင့် ယခုကြားနာပွဲနှင့်ပတ်သက်သည့်အဆုံးအဖြတ်ကို နှစ်နိုင်ငံကိုယ်စားလှယ်များအား သတ်မှတ်ရက်တွင် အသိပေးမည်ဟုလည်း ICJ တရားသူကြီးက ကြားနာပွဲအဆုံးသတ်တွင်ပြောဆိုသွားခဲ့သည်။
ပြန်ကောက်ရလျှင် အာဏာသိမ်းမှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် သိက္ခာမဲ့နေရသည့် စစ်တပ်၏အဖြစ်ကို မူဆလင်များအား ပြန်လည်လက်ခံရေးကိစ္စဆောင်ရွက်ပြီး နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းကိုခံလာရအောင် စစ်တပ်က ကြိုးပမ်းနေခြင်းပင်ဖြစ်ဟန်တူသည်။
ယင်းသို့ကြိုးပမ်းနိုင်ရန်လည်း ရခိုင်တွင် ဒေသတည်ငြိမ်အေးချမ်းနေဖို့လိုသည်။ ဒေသတည်ငြိမ်းအေးချမ်းမှ ပြန်လည်လက်ခံရေးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ယင်းကြောင့် ရခိုင်တွင် AA နှင့် နားလည်မှုယူကာ အပစ်ရပ်စဲထားခြင်းဖြစ်နိုင်ပေသည်။ စစ်တပ်အနေဖြင့် သူ့ကိုယ်ကျိုးအတွက် ရခိုင်တွင် AA နှင့် ဖြစ်သည့်နည်းနှင့် အပစ်ရပ်စဲထားနိုင်ဖွယ်ရှိနေသည်ဟု ခန့်မှန်းရသည်။ စစ်တပ်၏ ယခုကဲ့သို့ အကွက်ကျကျစီမံပြီး အကွက်ရွှေ့ကစားနေသည်ကို AA ကလည်း သိသည်။ သို့သော် ရခိုင်ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုကို ငဲ့ညှာသည့်အတွက် AA ကလည်း စစ်တပ်၏အပစ်ရပ်စဲထားရန်ကမ်းလှမ်းချက်ကို သဘောတူလက်ခံထားခြင်းဖြစ်နိုင်ပေသည်။
ယင်းသို့ နှစ်ဘက်အပစ်ရပ်ထားပြီးနောက် ရခိုင်တွင် ထူးခြားသည့် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လာခဲ့သည်။ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အာဏာသိမ်းမှုဖြစ်ပြီးနောက် ယင်းလ ၁၂ ရက်တွင်ကျရောက်သည့် ၇၄ နှစ်မြောက်ပြည်ထောင်စုနေ့တွင် ရခိုင်ပြည်နယ်မှ အကျဉ်းသား ၁ ထောင်ကျော်ကို နစကကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်ပေးခဲ့သည်။
AA နှင့်ဆက်စပ်၍ အကြမ်းဖက်ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲခံထားရသူများ ပါဝင်မှုတော့ မရှိခဲ့ပေ။ အကျဉ်းသား ၁ ထောင်ကျော်လွှတ်ပေးရာတွင် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်၌ ထောင်ဒဏ်နှစ် ၂ဝ စီချမှတ်ခံထားရသည့် ရခိုင့်နိုင်ငံရေးသမား ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့လို ရခိုင့်နိုင်ငံရေးလောကတွင် သြဇာကြီးမားသူအချို့ပါဝင်လာခဲ့သည်။ သူတို့နှစ်ဦးသည် ရသေ့တောင်မြို့တွင် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်းကျင်းပခဲ့သည့် ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲတွင်ဟောပြောခဲ့မှုဖြင့် ၂ဝ၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်အသီးသီးချမှတ်ခံခဲ့ရသူများဖြစ်ပြီး အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရများဖြစ်သည်။
မတ်လ ၁၁ ရက်သို့အရောက်တွင် နစကကောင်စီဘက်က AA ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးခဲ့သည်။ AA ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ၂ဝ၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ မတရားအသင်းအဖြစ်ကြေညာထားကို ပယ်ဖျက်ခြင်းမရှိသေးပေ။
နစကကောင်စီက AA နှင့်ဆက်စပ်၍ အကြမ်းဖက်ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲခံထားရသူများကို စတင်လွှတ်ပေးခဲ့သည်က မေလအတွင်းဖြစ်သည်။ AA နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မများဖြင့်တရားစွဲခံထားရသည့် ၁၈ အောက်ကလေး ၂၆ ဦး၏အမှုကို စတင်ရုပ်သိမ်းပြီး လွှတ်ပေးခဲ့သည်။ သူတို့သည် ၂ဝ၁၉ ခုနှစ်နှင့် ၂ဝ၂ဝ ပြည့်နှစ်အတွင်း AA သံသယဖြင့် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။
ယင်းနောက် ဇွန်လ ၉ ရက်တွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့် ညီမဖြစ်သူ မယမင်းမြတ်(ခေါ်) မမိုးနှင်းဖြူအပါအဝင် ၁ဝ ဦးကို ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ တရားသေလွှတ်ပေးခဲ့သည်။
AA ကလည်း သူတို့ဖမ်းဆီးထားသည့် စစ်သုဉ့်ပန်း ၂၃ ဦးကို ဇွန်လ ၁၆ ရက်နှင့် ၁၇ တို့မှစတင်ကာ လွှတ်ပေးခဲ့သည်။ ယင်းအထဲတွင် တပ်မတော်သား စစ်သုဉ့်ပန်း ၉ ဦးပါဝင်သလို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက ရွှေနဒီ အမြန်ယာဉ်ပေါ်မှ ဖမ်းဆီးခံရသူ ၁၄ ဦးလည်း ပါဝင်ခဲ့သည်။
ဇွန်လမှ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာအတွင်းတွင်လည်း AA နှင့်ပတ်သက်ပြီး အကြမ်းဖက်မှုပုဒ်မများဖြင့်တရားစွဲခံထားရသူများအနက် အချို့ကို ရခိုင်ပြည်နယ်ကောင်စီက လွှတ်ပေးခဲ့မှုများလည်း ရှိခဲ့သည်။
အလားတူ အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ရှေးရှု၍ဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆက်စပ်သူ ၁၁၄ ဦး၏အမှုအား နစကကောင်စီက ပိတ်သိမ်းပေးခဲ့သည်။ ယင်းအထဲတွင် AA နှင့် ဆက်စပ်ပြီး အကြမ်းဖက်မှုပုဒ်မများဖြင့်တရားစွဲခံထားရသူ ၆၁ ဦးလည်း ပါဝင်ခဲ့သည်။
ယင်းနောက် AA နှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးတရားစွဲထားသူများကို ပြန်လွှတ်ပေးစေလိုသည်ဟုဆိုကာ AA ဘက်ကဖမ်းဆီးထားသည့် စစ်သုဉ့်ပန်းများထဲမှ ဆေးဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သားနှင့် ရဲတပ်သားအချို့ပါဝင်သည့် စစ်သုဉ့်ပန်း ၁၅ ဦးကို နိုဝင်ဘာလ ၁၅ ရက်တွင် ထပ်မံလွှတ်ပေးခဲ့သည်။ သူတို့သည် ၂ဝ၂ဝ ပြည့်နှစ်၊ မေလခန့်က ဖြစ်ပွားခဲ့သည့် ကျောက်တော်မီးဝတိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသည့်စစ်သုဉ့်ပန်းများဖြစ်ကြသည်။
ယခု ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်ကကျရောက်ခဲ့သည့် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်လည်း နစကကောင်စီက တစ်နိုင်ငံလုံးရှိ အကျဉ်းသား ၈၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ယင်းအထဲတွင် AA နှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးတရားစွဲခံထားရသူ ၄၆ ဦးလည်း ပါဝင်ခဲ့သည်ကိုတွေ့ရသည်။
တစ်ချိန်တည်းမှာပင် ရက္ခိုင့်တပ်တော်(AA)၏ အရပ်ဘက်အဖွဲ့အစည်းဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)မှ ဦးဦးလှစောဦးဆောင်သော ကိုယ်စားလှယ်အချို့သည်လည်း နေပြည်တော်တွင် နစကကောင်စီကကျင်းပသော ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။ ယင်းသို့တက်ရောက်ခဲ့မှုအပေါ် ရခိုင်အရေးလေ့လာစောင့်ကြည့်နေသူတို့အကြား ဝေဖန်မှုအမျိုးမျိုးလည်း မြင့်တက်ခဲ့သည်။ အချို့က စစ်ကောင်စီကျင်းပသည့်ပွဲကို ULA အနေဖြင့် မတက်သင့်၊ အချို့ကလည်း အပြန်အလှန်ယုံကြည်မှုတည်ဆောက်သည့်အနေဖြင့် တက်သင့်သည်စသည်ဖြင့်။
ပြောရမည်ဆိုလျှင် ယခုကဲ့သို့ တစ်ဘက်နှင့်တစ်ဘက် နားလည်မှုဖြင့် အပစ်ရပ်စဲထားကြချိန်တွင် နှစ်ဘက်စလုံးက ဖမ်းဆီးထားသူများကို အပြန်အလှန် လွှတ်ပေးခြင်း၊ နိုင်ငံတော်အခမ်းအနားသို့ ULA က အလေးထားတက်ရောက်ခြင်းတို့ကိုမြင်တွေ့လာရသည်။ အချင်းချင်း နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ကာ အပြုသဘောဆောင်သည့်လက္ခဏာများဟုပင် ဆိုရပေမည်။
မည်သို့ပင်ဆိုစေကာမူ စစ်တပ်နှင့် AA က တရားဝင်စာချုပ်စာတမ်းဖြင့် အပစ်ရပ်စဲထားကြသည်တော့ မဟုတ်ပေ။ နားလည်မှုဖြင့် အပစ် ရပ်စဲ ထားကြခြင်းဖြစ်ရာ အချိန်မရွေး နားလည်မှုပြေပျက်ကာ ပြန်လည်ပေါက်ကွဲလာနိုင်ပေသည်။ တစ်ချိန်ချိန်တွင် တစ်ဘက်နှင့်တစ်ဘက် အပေးအယူ မမျှတော့ဘဲ ရှေ့ဆက်တိုက်ပွဲများဆက်ဖြစ်မည်ဆိုပါက ရခိုင်ပြည်သူတို့အနေဖြင့် စစ်မီးလျှံကြားထဲတွင် ထပ်မံ စတေးခံကြရပေဦးမည်။

Share: