သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

"လမ်းလျှောက်ကျန်းမာ ပျော်စရာ"


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 10.4k

လမ်းလျှောက်ခြင်းသည် အခမဲ့အကျိုးရှိစေသော အားကစားတစ်မျိုးဖြစ်ပါသည်။"စောစောအိပ်လို့ စောစောထလို့ စောစော လမ်းလျှောက်ကြပါစို့" ဆိုသည့် သီချင်းစာသားလေးအား ငယ်ငယ်က အမြဲကြားဖူးကြမည်ဟု ထင်ပါသည်။လမ်းလျှောက်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်မှ အင်အားကို အများအပြား မကုန်ခမ်းစေဘဲ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွ၍ ကျန်းမာနုပျိုစေသည့် အားကစားတစ်မျိုးလည်းဖြစ်၏။နေ့စဥ်လုပ်နေသည့် အလုပ်လည်းဖြစ်သကဲ့သို့ သင်ကြားစရာ  မလိုသော အလွယ်ကူဆုံးနည်းလမ်းပေတည်း။

ဂရိဆရာဝန်ဟစ်ပိုကရေးတီးစ်မှ လမ်းလျှောက်ခြင်း ကိုညွှန်းဆိုခဲ့သည့်ဆိုရိုးစကားတစ်ခုရှိ၏။  ၎င်းမှာ "ကျွန်ပ်၏ဆရာဝန်နှစ်ပါးမှာ ဘယ်ခြေထောက်နှင့်ညာခြေထောက်များဖြစ်ကြသည်"ဟု မှတ်သားဖူးပါသည်။ကျွန်ပ်တို့ကမ္ဘာကြီး၌ ဆေးဝါးပစ္စည်းများဖြင့် ကုသအစားထိုးမှုမရနိုင်သော စိတ်ပိုင်းဆိုင်ရာရောဂါများအား (အများအားဖြင့်)လျှော့ကျလာအောင် စွမ်းဆောင်နိုင်သည်မှာ "လမ်းလျှောက်ခြင်း "အားကစားပင်ဖြစ်လေ၏။ဤအချက်အား မည်သူငြင်းနိုင်မည်နည်း။

 မနက်စောစောထ၍ လမ်းလျှောက်ခြင်းသည် အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်၏။လမ်းလျှောက်လေ့ကျင့်ခန်းလုပ်မည်ဆိုပါလျှင် လေကောင်းလေသန့်ရသော နေရာများတွင် အထူးသင့်လျော်ပါသည်။ပထမဦးစွာ ငါးမိနစ်ခန့်မျှ ဖြေးဖြေးမှန်မှန် လမ်းလျှောက်ခြင်းဖြင့် သွေးပူအောင်ပြုလုပ်မည်။ကိုယ်ဟန်အနေအထားကိုလည်း ဖြောင့်မတ်စွာထား၍ တံတောင်ဆစ်နှင့်ဒူးအား ၆၀ ဒီဂရီခန့် ကွေးထားရမည်။လက်ကို လက်ခုပ်သဏ္ဌာန်ပြုလုပ်ထား၍ ဆုပ် မထားရပေ။တံတောင်ဆစ်ကို ခန္ဓာကိုယ်နှင့် ကပ်လျက် လက်နှစ်ဘက်အား ရှေ့နောက်လွှဲ၍ လျှောက်ရမည်။

သွေးပူလာပြီးနောက် ခြေဖနောင့်ကို မြေကြီးနှင့် စ ထိစေပြီးမှ ခြေချောင်းများကို အားပြု၍ နောက်ထပ်တစ်လှမ်းချင်း သွက်လက်စွာ လှမ်းရပါမည်။ပုံမှန်လမ်းလျှောက်ခြင်းထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင် ပေးသင့်သည်။သို့သော် လမ်းလျှောက်ခြင်းလေ့ကျင့်ခန်း လုပ်နေစဥ်တွင် သင့်၏ကိုယ်ခန္ဓာတုန့်ပြန်မှုကို အထူးအာရုံစိုက်ပေးရပါမည်။အဘယ်ကြောင့်ဆိုသော် ပင်ပန်းလွန်းသည်ဟု ခံစားရပါက "အရှိန်လျော့လိုက်ပါ"သို့မဟုတ် ခဏအနားယူသင့်ပါသည်။အများအားဖြင့် လမ်းလျှောက်ခြင်းသည် ကိုယ်ခန္ဓာအား ဒဏ်မဖြစ်စေသောကြောင့်  အရိုးအဆစ်များနှင့် ကြွက်သားများကို ထိခိုက်နာကျင်မှု နည်းပါးစေပါသည်။အသက်အရွယ်မရွေး လွယ်ကူစွာ လုပ်ဆောင်နိုင်သော အားကစားနည်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် မျိုးရိုးဗီဇအရ သို့မဟုတ် အထိုင်များခြင်းကြောင့် အဝလွန်သူများစွာ ရှိကြပါသည်။အဝလွန်နေသဖြင့် မိမိကိုယ်ကိုယ် စိတ်ပျက်စရာမလို ဟု အကြံပြုစကား နှင့်အားပေးချင်ပါသည်။"စ လုပ်ဖို့သာ လိုသည်။တကယ်လုပ်လျှင် အဟုတ်ဖြစ်ပါ၏။

အဝလွန်နိုင်ခြေများသောသူများသည် တစ်နေ့လျှင် တစ်နာရီခန့် လမ်းလျှောက်လေ့ကျင့်ခန်းကို စနစ်တကျဖြင့် ပြုလုပ်ပေမည်ဆိုပါက မျိုးရိုးဗီဇအရ အဝလွန်ဖြစ်နိုင်သည့် ရာခိုင်နှုန်းကို ထက်ဝက်ခန့် လျှော့ကျသွားနိုင်ပါသည်။ထိုကဲ့သို့ လေ့လာမှုကို ဟားဗက်တက္ကသိုလ်ရှိ ပြည်သူ့ကျန်းမာရေး ဘာသာရပ်လေ့လာချက်အရ တွေ့ရှိထားပြီး ဖြစ်ပါသည်။

ထို့ကြောင့် လမ်းလျှောက်ခြင်း အကျိုးကျေးဇူးများကြောင့် ကယ်လိုရီများစွာလောင်ကျွမ်းသွားစေခြင်း၊ သွေးလည်ပတ်မှု ကောင်းစေခြင်း၊ နှလုံးသွေးကြောများကို ထိခိုက်ပျက်စီးစေတတ်သော ထရိုင်ဂလစ်စရိုက်အဆီကို လျော့ကျစေခြင်း၊ စိတ်ခံစားမှုကောင်းစေသည့် အန်ဖော်ဖင်ဟော်မုန်းဓာတ် အထွက်နှုန်း တိုးလာစေခြင်းကြောင့် စိတ်ကျကုသဆေးထက်ပို၍ အကျိုးအာနိသင်ရှိခြင်း၊ အိပ်စက်မှုကောင်းစေခြင်း၊ မှတ်ဥာဏ်ထက်သန်စေခြင်း၊ အရိုးနှင့်ကြွက်သားသန်မာစေခြင်း၊ အမြင်အာရုံနှင့် ခုခံအားစနစ် ကောင်းမွန်စေခြင်းစသည့် များစွာသောကျန်းမာရေးကို အထောက်အကူဖြစ်စေပါသည်။

လမ်းလျှောက်ခြင်းကြောင့် ဦးနှောက်ထဲမှ ပျော်ရွှင်မှုနှင့်ဆက်စပ်နေသော ဓာတ်များ အထွက်တိုးလာစေပြီး ခန္ဓာကိုယ်အပူရှိန် မြင့်တက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် တည်ငြိမ်ပေါ့ပါးလန်းဆန်းသွားစေသည်။ထို့အပြင် စိတ်ကြည်လင်တက်ကြွစေသောကြောင့် နိစ္စဝူဓ၌ လူမှုဆက်ဆံရေးသည် အဆင်ပြေချောမွေ့စေပြီး မိမိကိုယ့်ကိုယ် ယုံကြည်မှုတိုးလာစေပါသည်။ ကျွန်ပ်တို့ပတ်ဝန်းကျင်၌ စီးပွားရေးကြောင့်သော်လည်းကောင်း၊ စိတ်ထိခိုက်စေသော အဖြစ်အပျက်များကြောင့်သော်လည်းကောင်း စိတ်ကျသော ဝေဒနါခံစားနေရသူအများအပြား ရှိကြသည်ကို တွေ့မြင်ကြလိမ့်မည်။

စိတ်ဓာတ်ကျ၍ အရက်သောက်ခြင်းဖြင့် စိတ်ဖြေသိမ့်နေမည့်အစား လမ်းလျှောက်ခြင်းလေ့ကျင့်ခန်းကို အစားထိုး ပြုလုပ်သင့်သည်ဟု အကြံပြုလိုပါသည်။ထူးခြားမှု တစ်စုံတစ်ရာကြောင့် သင့်၏ ပြဿနာလျော့ပါးသွားစေမှာ အမှန်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လမ်းလျှောက်ခြင်းဖြင့် စိတ်ဓာတ်ကျစေသည့် ရောဂါလက္ခဏာများကို သိသိသာသာလျော့ပါးနိုင်သည် ဆိုသည့် လေ့လာမှု မှတ်တမ်းရလဒ်ကို စိတ်ကျန်းမာရေးဂျာနယ်၌ အတိအလင်း ဖော်ပြထားပြီးသား ဖြစ်ပါသည်။ထို့ကြောင့် ငွေကုန်ကြေးကျမရှိသော ကုစားခြင်းဟုလည်း ဆိုနိုင်ပေ၏။

ထို့နောက် လမ်းလျှောက်ခြင်းသည် စိုက်ထုတ်အား အများအပြားသုံးစွဲရန် မလိုအပ်ပေ။တစ်နေ့လျှင် မိနစ် ၃၀ လမ်းလျှောက်မည် ဆိုပါက ခန္ဓာကိုယ်ထဲရှိ နှလုံးနှင့်သွေးလည်ပတ်မှု အားကောင်းစေပြီး စိတ်ကျရောဂါ၊အရိုးအဆစ်ရောင်/အရိုးပွရောဂါ၊ဆီးချိုသွေးချိုရောဂါ၊အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ခြင်း ၊ကျောက်ကပ်အဆီဖုံးခြင်း၊သွေးထဲ၌ မလိုအပ်သော ကိုလက်စထရောနှင့်ကယ်လိုများကိုလျော့ကျစေခြင်း အစရှိသော လက္ခဏာရပ်များကို ကာကွယ်နိုင်သောအစွမ်းသတ္တိရှိ၏။

ကျန်းမာရေးရှုထောင့်အရ ကြည့်မည်ဆိုပါလျှင် ကျန်းမာရေးအခြေအနေမရွေး၊အသက်အရွယ်မရွေး၊လူသားတိုင်းပြုလုပ်နိုင်ခြင်းမှာ ထိုလေ့ကျင့်ခန်း၏ ကောင်းကွက်ဟု ဆိုနိုင်ပေသည်။ထို့ကြောင့် "လမ်းလျှောက်ကျန်းမာ ပျော်စရာ"ဘဝများကို ပိုင်ဆိုင်ကြပါစေဟု ဆန္ဒပြုရင်း တင်ပြလိုက်ရပါတော့သည်။

မင်းသူရိန်(သာကီနွယ်)   

ဆက်စပ် သတင်းများ