ကျွန်တော်တို့ရခိုင်ပြည်သည်ချစ်စရာကောင်းသောရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတို့နှင့် ပြည့်နက်နေသည့်ဒေသတစ်ခုဖြစ်သည်။ယဉ်ကျေးပျူငှာသော။ရိုးသားဖြောင့်မှန်သော။အမျိုးနှင့်သီလကိုစောင့်ကြသော သူတို့မွေးဖွားနေထိုင်ရာဌာနေတစ်ခုလည်းဖြစ်သည်။ ထိုဌာနေထိုယဉ်ကျေးမှုတို့အကြားတွင် စာရေးသူ ထပ်၍ဖြည့်စွက်ပေးချင်သည့်ယဉ်ကျေးတစ်ခုရှိနေသည်။ ထိုယဉ်ကျေးမှုသည်ကား “အမှိုက်ကို စနစ်တကျစွန့်ပစ်ကြသည့်ယဉ်ကျေးမှု” ပင်ဖြစ်ပါသည်။
အမှိုက်မပစ်၍ မရ။ပစ်ကြရသည်။ စား၊ဝတ်၊နေ ရေးဆိုသည့် လူတို့၏နေ့စဉ်ဘ၀လှုပ်ရှားမှုကြီးရှိနေသမျှ အမှိုက်ရှိနေကြရဦးမည်။ထိုအမှိုက်များကို ကျွန်တော်တို့ စနစ်တကျ စွန့်ပစ်နိုင်ရန်အရေးကြီးသည်။ကျွန်တော်တို့ ရခိုင်ပြည်သည် ရိုးမ၊ပင်လယ်နှင့် ပြင်ကျယ်သည့် လယ်ကွင်းများကြောင့် သဘာ၀အတိုင်း ဆေးဆိုးပန်းရိုက်မပါဘဲ လှနေသည့်ပြည်တစ်ပြည်ဖြစ်သည်။
သည်ပြည်က ယခုတော့ ကျွန်တော်တို့စွန့်ပစ်လိုက်သည့် အမှိုက်တွေကြောင့် ညစ်ထေး ပေပွနေပြီ။မြို့တိုင်းနယ်တိုင်းတွင်အမှိုက်ပြသနာက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီ။ “အမှိုက်မပစ်၇” ရေးထိုး စိုက်ထူထားသော ဆိုင်းဘော များအောက်တွင်လည်း အမှိုက်တို့နှင့်ပြည့်နေတတ်သည်။ လမ်းဘေးက ရေမြောင်းလေးထဲတွင်လည်း အမှိုက်တို့ကအပြည့်၊ ကျောင်းနား၊ ဈေးနားတွင်လည်း အမှိုက်အပြည့်၊ ကားလမ်းဘေး၊ ချောင်းဘေး တစ်လျှောက် အမှိုက်ကအပြည့်၊ နေရာတိုင်းကို အမြဲပိတ်ဆို့နေရာယူနေတတ်သည်။မြို့အစွန် ရွာအစွန် တိုင်းတွင် ပိုင်ရှင်မဲ့အမှိုက်ပုံတွေက လည်းဒုနဲ့ဒေး။
ရိုးမတောင်ခြေရင်းတွင်လည်းအမှိုက်ပုံ၊လယ်ကွင်းပြင်များတွင်လည်းအမှိုက်နှင့်မကင်း။ပင်လယ်၊ချောင်း ကန်၊အင်း တို့တွင်လည်းအမှိုက်က နေရာယူလာကြတော့ ကျွန်တော်တို့ ဂရုတစိုက်အမှိုက်ပစ်ဖို့ရန် အရေးကြီးလာပြီ ဖြစ်သည်။အမှိုက်ကြောင့် ချောင်းများတိမ်ကောလာသည်။အမှိုက်ကြောင့် ရေနှုတ်မြောင်းများ ပိတ်ဆို့နေတတ်သည်။ အမှိုက်ကြောင့်ပင် မြေဆီလွှာအချို့ပျက်စီးကြ၇ပြန်၏။ အမှိုက်ကြောင့် ရေနေသတ္တဝါတို့ သေဆုံးကြ၇သည်။ အမှိုက်ပုံထဲက ထွက်လာသည့် ဆိုးရွားသည့် အနံ့အသက်များကြောင့် လမ်းသွားလမ်းလာများနှင့် အနီးအနားရှိ ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်ကြ၇သည်။
စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၏ဆိုးကျိုးများကို ကျွန်တော်တို့ ၇ခိုင်ပြည်သူလူထု၏ ၆၀ ရာခိုင်နှုန်း ခန့်ကသိရှိသဘောပေါက် နားလည်ကြသည်။သို့သော် ကျန် ၄၀ ရာခိုင်နှုန်းခန့်သောပြည်သူလူထုက စည်းစနစ်တကျအမှိုက်များကို မပစ်ကြ။
မြို့ပြတွင်အမှိုက်များစည်းမဲ့ကမ်းမဲ့ပစ်မှုကြောင့် ပတ်ဝန်းကျင် ညစ်ပတ်နေသည်ကို တွေ့လျှင် “မြို့နယ်စည်ပင်” ကိုသာအပြစ်ပုံချ၍ပြောကြသည်ကသဘာ၀။မြို့နယ်စည်ပင်သည်လည်းတာဝန်မရှိသည်တော့ မဟုတ်။သူတို့တွင်လည်းအားနည်းချက်ရှိသည်။ သူတို့၏ အမှိုက်သိမ်းဆည်းပုံစနစ်က ညံ့ဖျင်းသည်ဟုမြင်သည်။သို့သော်လည်း ပြည်သူများက စည်ပင်ကို အပြစ်တင်ဖို့ထက် မိမိတို့ကိုယ်တိုင်လည်း အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန်လိုသည်။
အမှိုက်နှင့် ပတ်သက်လာလျှင်ဂျပန်နိုင်ငံကို သဘောကျမိသည်။ဂျပန်နိုင်ငံတွင်အမှိုက်ပုံးများကိုအမျိုးအစားအလိုက်ခွဲခြားထားသည်ကိုတွေ့ရသည်။ ပထမဆုံး(လုပ်ငန်းဆိုင်ရာအမှိုက်နှင့်လူနေအိမ်တို့မှ ထွက်သည့်အမှိုက်)ဟူ၍ အုပ်စုနှစ်စုခွဲခြားကာစီမံစွန့်ပစ်သည်။ လုပ်ငန်းဆိုင်ရာအမှိုက်ကိုလုပ်ငန်းရှင်များက တာဝန်ယူ စွန့်ပစ်ရပြီး၎င်းအတွက်ကုန်ကျစရိတ်ကိုလုပ်ငန်းရှင်များကသာ ကျခံရသည်။ သာမန်လူနေအိမ်များမှထွက်သည့် အမှိုက်များကိုတော့သက်ဆိုင်ရာဒေသ၏ အမှိုက်ဆိုင်ရာ စီရင်ဆောင်ရွက်ရေးဌာနကတာဝန်ယူဆောင်ရွက်ကြသည်။ထိုကုန်ကျစရိတ်များကိုပြည်သူတို့၏ နေထိုင်ခွန်နှင့် အမှိုက်ခွန်များထဲမှသတ်မှတ် ဘတ်ဂျက်ငွေကိုသုံးပြီးကျခံရသည်။ကျွန်တော်တို့တွင်လည်းထိုသို့ အားကောင်းသော စနစ် တစ်ခုရှိရန်လိုအပ်သည်မှာအမှန်ပင်။
ကျွန်တော်တို့တွင် စနစ်ကျသော အမှိုက်စွန်ပစ်မှုပုံစံကိုအစိုး၇က ဖော်ဆောင်ပေးနိုင်မှု အားနည်းနေသည့်တိုင် မိမိတို့ တစ်ဦးချင်းစီတိုင်းက စည်းကမ်းရှိရှိ စနစ်ကျနစွာ အမှိုက်စွန့်ပစ်ခြင်းကိုပြုလုပ်နိုင်သည်။ အိမ်တွင်အမှိုက်ပုံးထားခြင်း။ ရပ်ကွက်ကျေးရွာအတွင်းရှိလမ်းများတွင် နေရာ အနှံ့ အမှိုက်ပုံးများထားရှိခြင်း။အမှိုက်များကို လမ်းဘေးဝဲယာသို့ မလွှင့်ပစ်ဘဲ အမှိုက်ပုံးအတွင်းသို့ ရောက်အောင် ထည့်ခြင်း စသည့် နည်းလမ်းကောင်းများကို စနစ်တကျ အသုံးပြုသင့်သည်။
တချို့၇ခိုင်က မြို့များတွင် တွေ့မိပါလိမ့်မည်။အမှိုက်ပုံးအနားပတ်လည်တွင် ကျနေသည့်အမှိုက်များက ပုံးထဲမှ အမှိုက်ထက်များနေသည်။ထိုသို့ ဖြစ်ရခြင်းအကြောင်းကားအမှိုက်ပစ်သူ တို့၏ ပြီးစလွယ် လုပ်တတ်သောအလေ့အထတို့ကြောင့်ဖြစ်သည်။ လမ်းသွားရင်ရေသန့်ဝယ်သောက်မည်။ မုန့်ဝယ်စားမည်။ ပြီးလျှင် စားကြွင်းစားကျန်များ၊ ပလစ်စတိတ်အိတ်ခွံ၊ ရေသန့်ဘူးခွံတို့ကိုလမ်းသွားရင်း ကြုံသလို လွှင့်ပစ်တတ်ကြသည်။ တချို့က အမှိုက်ပုံးအတွင်းသို့လှမ်း၍ ပစ်ထည့်တတ်ကြသည်။ သို့သော်လည်း အမှိုက်ပုံးထဲသို့မရောက်တော့ဘဲလမ်းဘေးတွင်သာ ဖွာလန်ကျဲကာကျန်ခဲ့ကြသည်။
ကျွန်တော်တို့ရခိုင်ပြည်သည်တစ်ချိန်က ဖွံ့ဖြိုးတိုးတက် စည်ပင်သာခဲ့သည့်တိုင် ယခုလက်ရှိတွင်ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေသော ဒေသတစ်ခုဟု ပြောလျှင် ငြင်းနိုင်မည်မဟုတ်။ လူမျိုးရေးပဠိပက္ခနှင့် စစ်ဘေးစစ်ဒဏ်တို့အောက်တွင် ပိန်လိန်ချိနဲ့နေသော ဒေသတစ်ခု။သို့သော်ကျွန်တော်တို့တွင် အိမ်မက်ကိုယ်စီရှိကြသည်။ ကြိုးစားအား ထုတ်နိုင်မှုအခွင့်အလမ်းတွေရှိနေသေးသည်။ယင်းကြိုးစားအားထုတ်မှုအခွင့်အလမ်းတို့တွင် ယခုစာရေးသူတင်ပြဆွေးနွေးသည့်အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းသည်လည်းမိမိတို့တိုင်းပြည်ကို အလှဆင်နိုင်သည့် ကောင်းမွန်သည့် အခွင့်အလန်းတစ်ခု ဖြစ်သည်။ တိုင်းပြည်တိုးတက်သာယာရေးတွင် အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြရန်နှင့် သိမ်းဆည်းကြမည့် စနစ်သည်လည်းမပါမဖြစ် အကောင်အထည်ဖော်ဆောင်ရွက်၇မည့် ကဏ္ဍတစ်ခုပင်ဖြစ်သည်။ သို့မှသာ ၇ခိုင်ပြည်သည် သဘာ၀ပေးထားသော အလှတရားများလက်ဆောင်များနှင့်အတူ သန့်ရှင်းသာယာလှပသော ဒေသတစ်ခုဖြစ်လာပေမည်။
အချုပ်အားဖြင့် ဆို၇လျှင်တိုးတက်သောနိုင်ငံတိုင်းသည် စည်းကမ်းလိုက်နာမှုနှင့် သန့်ရှင်းသပ်ရပ်မှုရှိကြသည်။ ထို သန့်ရှင်းသပ်ရပ်မှုသည်လည်းစည်းကမ်းကျနသော အမှိုက်စွန့်ပစ်ခြင်းသည်သာ အဓိက။ ထို့ကြောင့်ကျွန်တော်တို့ရခိုင်ပြည်သည်လည်း အနာဂတ်တွင် တိုးတက်သော၊ သပ်ရပ်သော၊ စည်းကမ်းကျနသောပြည်ဖြစ်လာစေရန်အတွက် စည်းကမ်းကျသော အမှိုက်ပစ်ခြင်းဖြင့် စတင်ကြပါစို့ဟုတိုက်တွန်းလိုက်၇ပါတော့သည်။
ဈာန်လှိုင်း(သံတွဲ)