တနင်္လာ၊ ဧပြီလ ၂၂ရက်၊ ၂၀၂၄

ကိုယ့်လူနဲ့ကိုယ်ပြိုင် စစ်ကောင်စီတို့ အာဏာဆက်ထိန်းမယ့်အတုအယောင်ရွေးကောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 843

ဗဟိန်းကျော်

စစ်ကောင်စီဥက္ကဋ္ဌဟာ အရင်စစ်အစိုးရကရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်တွေကို ဆန့်ကျင်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ နိုင်ငံ့အာဏာကို နောက်ထပ်ခြောက်လ သက်တမ်း တိုးထားသလို ရွေးကောက်ပွဲကျင်းပပြီး အာဏာဆက်လက်တည်မြဲရေးကို နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတယ်လို့ စစ်ကောင်စီကို ဆန့်ကျင်နေကြတဲ့ နိုင်ငံရေး လေ့လာသူတွေ၊ နိုင်ငံရေးပါတီဝင်တွေက သုံးသပ်ကြပါတယ်။

အခုလို အခြေအနေမျိုးမှာ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC မှာ ရွေးကောက်ပွဲယှဉ်ပြိုင်ကြဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်းကလည်း မတ် ၁၄ ရက်ထိဆိုရင် ၁ ပါတီရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။

ယခင်က နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိခဲ့ပြီး လက်ရှိ UEC က ကြေညာထားတဲ့ နိုင်ငံရေးပါတီများ မှတ် ပုံတင်ခြင်းဥပဒေအသစ်မှာပါဝင်တဲ့ ကန့်သတ်ချက်တွေကို လိုက်နာကြမယ့် ပါတီ ၁ ခုတို့နဲ့ စစ်ကောင်စီ က ရွေးကောက်ပွဲကိုဆက်လုပ်သွားမှာပဲလို့ သုံးသပ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေကို ကန့်သတ်ချက်တွေ တစ်ပုံတပင်နဲ့ စစ်ကောင်စီကထုတ်ပြန်ထားတာမို့ နိုင်ငံရေးပါတီတွေဟာ ရပ်တည်ရေးအတွက် အတော်ကို ခက်ခဲစေ ကြောင်း နိုင်ငံရေးပါတီတွေက ထောက်ပြကြပါတယ်။

ခုလိုထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ စစ်အုပ်စုနဲ့အပေါင်းအပါ ပါတီတွေပဲရပ်တည်နိုင်မယ့် အခင်းအကျင်း မျိုးပဲလို့ နိုင်ငံရေးပါတီတွေက ပြောကြပါတယ်။ ပြည်ထောင်စုအဆင့် ယှဉ်ပြိုင်မယ့်ပါတီကြီးက ၅ ခုပဲရှိ သလို စစ်ကောင်စီအလိုကျ ပါတီတွေချည်းပဲဖြစ်တာမို့ ရွေးကောက်ပွဲကို စိတ်ကြိုက်ဖန်တီးနေတာ ပေါ် လွင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

‘’ရွေးကောက်ပွဲဥပဒေထွက်လာတဲ့အခါကျတော့ ကိုယ့်ပြည်နယ်ထဲမှာတင်လုပ်မယ့် နိုင်ငံရေးပါတီက သိန်းတစ်ရာထည့်ရမယ်ဆိုတာ ဘယ်ဒီပါတီတွေကထည့်နိုင်မလဲ၊ လားဟူပါတီတို့ဆိုတာ စုစုစည်းစည်း နဲ့ရှိတာမှမဟုတ်တာ၊ လူအင်အားတစ်ထောင်တို့ဆိုတာ တစ်ချို့လူမျိုးစုဆိုတာ ထောင်ဂဏာန်းတောင် ရှိ တာမဟုတ်ဘူး၊ တကယ်လက်တွေ့ကတော့ သူ့ကိုအကျိုးပြုမယ့် ထောက်ခံမယ့် ပါတီကြီးတွေလုပ်ခွင့်ရ အောင် လမ်းဖွင့်ပေးတာပေါ့၊ ကျန်တဲ့ပါတီတွေ ပါဝင်မလာအောင် ရွေးကောက်ပွဲဥပဒေကို နားလှည့်ပါး ရိုက်ထားတာပဲ၊ PR စနစ်ကျင့်သုံးဖို့အတွက် ဖွဲ့စည်းပုံပြင်လိုက်တယ်ဆိုပေမယ့် တကယ်လက်တွေ့က ဒီ အဖွဲ့ငယ်တွေ ရွေးကောက်ပွဲမဝင်နိုင်အောင် အမျိုးမျိုးကန့်သတ်ထားတာ၊ ပြည်သူလူထုစည်းရုံးဖို့ကျ တော့ရော လွတ်လွတ်လပ်လပ်နဲ့ စည်းရုံးလို့မရဘူး တိုင်းပြည်မှာ ဝရုန်းသုန်းကားနဲ့’’

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ် တွေက မြို့နယ်ပေါင်း ၃၇ ခုမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားရတဲ့ အဆင့်ဖြစ်တာမို့ အုပ်ချုပ်ရေးယန္တယားကို မထိန်းနိုင်သေးပါဘူး။

အဲဒီဒေသတွေကို စစ်ကြောင်းထိုးကာ ရွာတွေမီးရှို့၊ ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေလည်း ကျူးလွန်နေကြတာတွေဟာ နိုင်ငံတကာအထိ သတင်းမီဒီယာတွေမှာ ဖော်ပြ နေတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားပေမယ့်လည်း ခုလိုစစ်အုပ်ချုပ်ရေးဒေသတွေဖြစ်နေရတာ ဟာ စစ်ကောင်စီအနေနဲ့ သူ့ရဲ့အုပ်ချုပ်ရေးမအောင်မြင်တာကို တွေ့ရတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှုး ဒေါ်နှင်းနှင်းမွှေး က သုံးသပ်ပြောပါတယ်။

‘’စကစ က ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီး တစ်ပြိုင်နက်တည်းဆိုသလိုပဲ မြို့နယ်ပေါင်း ၄၀ လောက်မှာ စစ်အုပ်ချုပ်ရေးကြေညာထားတာတွေ့ရပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ဒေသတွေ အပြင် မြန်မာပြည်အနှံ့အပြားမှာ စစ်အုပ်စုက စစ်ကြောင်းတွေထိုး၊ လူမဆန်စွာနဲ့ ရွာတွေမီးရှို့၊ လူတွေကို သတ်နေတယ်၊ လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေတာ တွေ့ရပါတယ်၊ ဒါဟာ သူတို့ရဲ့အုပ်ချုပ် ရေး မအောင်မြင်ဘူး သွေးရူးသွေးတန်းနဲ့ ဒီလိုကိစ္စတွေ လုပ်နေတယ်ဆိုတာ ထင်ရှားပါတယ်။’’

နိုင်ငံရေးပါတီများမှတ်ပုံတင်ရေးဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် လျှောက်ထားရမှာ ဖြစ်ပြီး အသစ်လျှောက်ထားခြင်းမရှိရင် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ကြောင်း ကြေငြာ ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ စည်းရုံးရေးဆင်းမယ့်ပါတီတွေဟာ မှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကနေ ရက်ပေါင်း (၉၀) အတွင်း ပါတီဝင်ဦးရေ (၁) သိန်း စည်းရုံးနိုင်ဖို့၊ ပါတီရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) မြန်မာ့စီးပွားရေး ဘဏ်မှာ ငွေစာရင်းဖွင့်ထားဖို့၊ ရက်ပေါင်း (၁၈၀) အတွင်း ပြည်ထောင်စုတစ်ဝှမ်းလုံးက မြို့နယ်တစ်ဝက် ခန့် မှာလည်း ပါတီရုံးခန်းတွေ ဖွင့်လှစ်နိုင်ဖို့ဆိုပြီး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်နယ်/တိုင်း စည်းရုံးရေးဆင်းမယ့် ပါတီတွေကလည်း မှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကနေ ပြည်နယ်/တိုင်း အတွင်း ပါတီဝင်ဦးရေ (၁) သောင်း စည်းရုံးနိုင်ဖို့၊ ပါတီရန်ပုံငွေ ကျပ်သိန်း (၁၀၀) မြန်မာ့စီးပွားရေး ဘဏ်မှာ ငွေစာရင်းဖွင့်ထားဖို့၊ ရက်ပေါင်း (၁၈၀) အတွင်း မြို့နယ် (၅) ခုမှာ ရုံးခန်းဖွင့်လှစ်နိုင်ဖို့ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲမှာ အသုံးပြု ဖို့ ဖန်တီးစီစဉ်ထားတဲ့ အီလက်ထရွန်နစ် မဲပေးစနစ်အသုံးပြုပုံတွေကို ချပြခဲ့ပါတယ်။

စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေကြောင့် သူတို့စိတ်ကြိုက် ပါတီတွေ သာ ရှိလာသလို ရွေးကောက်ပွဲကို ကမ္ဘာမှာမလုပ်ဖူးသေးတဲ့ အွန်လိုင်းရွေးကောက်ပွဲမျိုး လုပ်ဖို့စီစဉ်နေ ကြတာပါ။

စစ်ကောင်စီဟာ အာဏာဆက်လက်မြဲနိုင်ဖို့အတွက် ခုလိုနည်းလမ်းတွေသုံးနေတာဟာ ရွေးကောက်ပွဲ လှုပ်ရှားမှုအတွက် အဓိပ္ပါယ်မဲ့တဲ့လုပ်ရပ်တွေပဲလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန် ထားပါတယ်။

‘’ လူစုလို့မရဘူး၊ မဲဆွယ်စည်းရုံးလို့မရဘူးဆိုရင် အွန်လိုင်းကနေလုပ်ကြရုံပေါ့၊ အွန်လိုင်းကနေ မဲဆွယ် စည်းရုံးလို့ရတယ်၊ မြန်မာ့အသံကနေ မဲဆွယ်စည်းရုံးလို့ရတယ်၊ ရေဒီယိုကနေလုပ်လို့ရတယ်၊ အဲလိုလုပ် ခိုင်းမှာပေါ့၊ ဒါပေမယ့် အဲဒါတွေက ရွေးကောက်ပွဲလှုပ်ရှားမှုအတွက် အဓိပ္ပါယ်ရှိတာတွေတော့မဟုတ်ဘူး၊  မဲစာရင်းဆိုတာလည်း သူတို့ခန့်ထားတဲ့ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှုးတွေကနေ လုပ်ကြမှာဆိုတော့ ဘယ်လိုမှ ယုံကြည်စိတ်ချလို့ရတဲ့မဲစာရင်းတွေ မဟုတ်ဘူး၊ မြို့ကြီးပြကြီးတွေမှာတော့ ကားတွေဘာတွေ နဲ့ မဲဆွယ်ကြတာပေါ့၊ နယ်မြို့တွေမှာတော့ ခုနကလို မြန်မာ့အသံကနေ လုပ်ပေါ့၊ စသည်အားဖြင့် အသွင် သဏ္ဍာန်တစ်မျိုးမဟုတ် တစ်မျိုးနဲ့တော့ လုပ်ကြမှာပါပဲ ’’

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကာ နိုင်ငံ့အာဏာကိုတရားမဲ့စွာသိမ်းထားတဲ့ စစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချထားပြီး ပါတီဝင်တွေကိုပါ နိုင်ငံရေး နယ်ပယ်ထဲကနေ ပျောက်သွားစေဖို့ ဖိနှိပ်နေတာတွေ့ရတယ်လို့ NLD ပါတီဝင်တွေက ပြောကြ ပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ ကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲဟာ တရားမျှတမှာမဟုတ်သလို NLD ပါ တီဟာလည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားတယ်လို့ စမ်းချောင်းမြို့နယ် NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးဘိုဘိုဦးကပြောပါတယ်။

‘’အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ရွေး ကောက်ပွဲတစ်ရပ်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲ ပြီးတော့ ဆက်လက်တိုက်ပွဲဝင်သွားမှာပဲ ဖြစ်ပါတယ် စစ်ကောင်စီအလိုကျလုပ်မယ့် ရွေးကောက်ပွဲ အတု အယောင်နဲ့ ပတ်သက်ပြီးတော့ အဲဒီရွေးကောက်ပွဲကိုဝင်မယ့်ဆိုတဲ့သူတွေအတွက် ကျွန်တော်တို့ သဘော ထားကတော့ မည်သူမျှ ရွေးကောက်ပွဲမဝင်စေချင်ပါဘူးခင်ဗျာ။’’

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်အမတ်တွေကတော့ စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲကို လုံးဝ လက်ခံမှာမဟုတ်သလို နိုင်ငံရေးဂုဏ်သိက္ခာအရ ပါတီကိုလည်း မှတ်ပုံပြန်တင်မှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။

အတုအယောင်ရွေးကောက်ပွဲလို့ သတ်မှတ်ထားကြပြီး စစ်အာဏာရှင်စနစ် မတည်မြဲရေးအတွက် နိုင်ငံ ရေးပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေက ပြည်တွင်းမှာရော ပြည်ပရောက်နေတဲ့ တော်လှန်ရေးအင်အား စုတွေကပါ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေကြပါတယ်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီမှတ်ပုံတင်လျှောက်ထားပြီးဖြစ်တဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ ရဲ့ရပ်တည်ချက်ကတော့ နိုင်ငံရေးပြဿနာ အဝဝကိုဖြေရှင်းရန်မှာ ဒီမိုကရေစီအရေး ဖယ်ဒရယ်အရေး အပေါ်တွင် တစိုက်မတ်မတ်ခိုင်ခိုင်မာမာရပ်တည်မယ့် နိုင်ငံတော်အဆင့်နိုင်ငံရေးပါတီတစ်ရပ်ရှိဖို့ လို အပ်တယ်လို့ ဆိုထားပါတယ်။ ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ကြပါဆိုပြီး ထုတ်ပြန် ကြေညာထားပါ တယ်။

မြန်မာပြည်သူတွေအနေနဲ့ ဓမ္မနဲ့ အဓမ္မကို ခွဲခြားသိနိုင်ကြပြီး နိုင်ငံရေးရေချိန်မြင့်ကြသူတွေဖြစ်တာမို့ စစ်ကောင်စီက လုပ်မယ့်အတုအယောင်ရွေးကောက်ပွဲအပေါ် ပူးပေါင်းပါဝင်မှာမဟုတ်ဘူးလို့ နိုင်ငံရေး လေ့လာသူတွေက ဆိုပါတယ်။

သံပုံးတီးတာ၊ အိမ်အပြင်မထွက်ဘဲ အသံတိတ်သပိတ်ဆင်နွှဲတာ စတဲ့ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကို ပြည်သူတွေဖက်က ရတဲ့နည်းနဲ့တော်လှန်ကြတာမို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုလည်း ပြည်သူတွေ က ဆက်လက်ဆန့်ကျင်တော်လှန်ကြမှာ မလွှဲမသွေပါပဲလို့ နိုင်ငံရေးလေ့လာသူတွေနဲ့ တော်လှန်ရေးလှုပ်ရှားနေသူ တွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၁ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး