ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

အကြွေစောခဲ့ရတဲ့ မင်းဂံသူမိန်းကလေးငယ်အတွက် တရားမျှတမှု မပျောက်ဆုံးစေလို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

(ကံ့ကော် ရေးသားသည်)


ပူပြင်းလှသည့် နွေနေ့လယ်ခင်းတစ်ခုထဲတွင် စစ်တွေဆေးရုံကြီး၊ လူနာဆောင်ထဲမှ မိခင်ဖခင်များ၏ ရှိုက်ကြီးတငင်ငိုကြွေးသံများအား တစ်ယောက်သော မိန်းခလေးငယ်မကြားနိုင်တော့သည်မှာ သေချာခဲ့လေပြီ။

ဦးခေါင်းနှင့် မျက်နှာတို့တွင် သေလုနီးပါးရိုက်နှက်ခံထားရသည့်ဒဏ်ရာတို့၏ နာကျင်ပြင်းထန်လှသော ဝေဒနာရပ်များကိုလည်း သူမ မသိရှိနိုင်တော့ပြီဖြစ်သည်။ မတ်လ ၁၇ ရက်၊ နေ့လယ် ၂ နာရီ ၂၂ မိနစ်အချိန်တွင် စစ်တွေဆေးရုံကြီး အဖြူရောင် အိပ်ကုတင်တစ်လုံးပေါ်ဝယ် ထိုနာကျင်မှုဝေဒနာရပ်နှင့်အတူ ရတောင့်ရခဲသောလူ့ဘ၀အား သူမအပြီးအပိုင် ချန်ထားရစ်ကာ ကျောခိုင်းသွားခဲ့လေပြီဖြစ်သည်။

မတ်လ ၁၆ ရက်က မင်းဂံအကွက် (၁၃)ရထားလမ်းဘေးတွင် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများနှင့် သတိလစ်မေ့မြောလျက် တွေ့ရှိခဲ့သည့ အသက် ၁၁ နှစ်အရွယ် မိန်းခလေးငယ်မှာ ယင်းနေ့၊ နေ့လယ်ပိုင်းက စစ်တွေဆေးရုံကြီးတွင် သေဆုံးသွားပြီဟု ကူညီပေးနေသည့် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။


"
ကလေးမလေး အသက်မရှိတော့ပါဘူး။ ဆုံးပါးသွားပါပြီ" ဟု ပြောသည်။

မတ်လ ၁၆ ရက်၊ နံနက်ပိုင်းတွင် မင်းဂံရပ်ကွက် အကွက် (၁၃)ရှိ ရထားသံလမ်းအောက်၌ ခေါင်းတွင်ဒဏ်ရာများစွာရပြီး အဝတ်ဗလာဖြင့် သတိမေ့နေသည့်သူမကို  လမ်းသွားလမ်းလာများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

မီးရထားသံလမ်းဘေး ဆောက်လက်စအဆောက်အဦတစ်ခုရှေ့ မြေကွက်လပ်တွင် ကျိုးကြေနေသည့် အရုပ်ကလေးတစ်ရုပ်ပမာ မလှုပ်မယှက် သူမ ခွေလဲနေသည်။ ဦးခေါင်းနှင့် မျက်နှာတစ်ခုလုံးတွင် သွေးခဲများနှင့် ဖုန်မှုန့်များ အလိမ်းလိမ်း ပေကျံနေပြီး သတိလစ်မေ့မြောနေသည်။ ၄င်း၏သေးကွေးလွန်းသော ခန္ဓာပေါ်တွင် ချည်ထဘီအပွင့်ရိုက် အစိမ်းနုရောင်တစ်ထည်ကို မလုံ့တလုံဖုံးအုပ်ထားသည်ကိုလည်း ဓာတ်ပုံထဲတွင် တွေ့ရသည်။

"
သမီးလေးအခုလို ဖြစ်သွားတာ ဘယ်လိုမှမပြောပြတတ်တော့ဘူး" ဟု ရက်စက်စွာရိုက်နှက်သတ်ဖြတ်ခံရ၍ သေဆုံးခဲ့သည့် သူမ၏ ဖခင်ဖြစ်သူက ပူဆွေးဝမ်းနည်းစွာ ပြောသည်။

သူမမှာ တစ်ရပ်ကွက်တည်းနေ အဘွားဖြစ်သူနေအိမ်တွင် သွားအိပ်လေ့ရှိပြီး မတ်လ ၁၅ ရက်ညပိုင်းက သူမ နေအိမ်တွင်မရှိ၍ ယင်းအိမ်တွင်သွားအိပ်သည်ဟု မိဘကထင်ကာ အမှုမဲ့အမှတ်မဲ့နေခဲ့မိရာမှ မတ်လ ၁၆ ရက်၊ မနက်ပိုင်းတွင် ရိုက်နှက်ဒဏ်ရာများနှင့် သတိလစ်မေ့မြောနေသည်ကို လမ်းသွားလမ်းလာများက တွေ့ခဲ့ရခြင်းဖြစ်သည်။

"
သူက ခါတိုင်း အဘွားအိမ်မှာသွားအိပ်နေကျပါ။ အဲဒီနေ့က ည ၇ နာရီခွဲလောက်ကပဲ အိမ်မှာမရှိဘူး။ ကျနော်တို့လည်း ခါတိုင်းလိုပဲ အဘွားအိမ်သွားအိပ်တယ်လို့ထင်ပြီးနေခဲ့မိတာ။ မိုးလင်းကျတော့ အခုလိုဖြစ်နေပြီ" ဟု ဖခင်ဖြစ်သူက တုန်ရီဆို့နင့်နေသည့်အသံဖြင့် ပြောသည်။

သူမကို ရထားသံလမ်းဘေးတွင် စတင်တွေ့ရှိခဲ့သည့်အချိန်တွင် အဝတ်ဗလာနှင့်ဖြစ်ပြီး မျက်နှာနှင့် ဦးခေါင်းတို့မှာ မာကျောသည့် အရာဝတ္ထုတစ်ခုနှင့် ထုခွဲရိုက်နှက်ခံထားရသည့် ညိုမဲပေါက်ပြဲဒဏ်ရာ အများအပြားတွေ့ရကြောင်း သူမ၏ ဆွေမျိုးနီးစပ် အမျိုးသမီးတစ်ဦးက ပြောသည်။

"
စတွေ့တော့ မျက်နှာတစ်ခုလုံး ရောင်ရမ်းနေတော့ ကိုယ့်ရပ်ကွက်က ကလေးဆိုတာ မမှတ်မိဘူး။ သူ့ကိုအသေဆိုပြီး တစ်ခုခုနဲ့ ထုသတ်ခဲ့ပုံရတယ်။ အဝတ်လည်း မပါဘူး။ အဲဒီအနားက မိန်းမတစ်ယောက်က ထဘီတထည်နဲ့ ဖုံးပေးထားရတယ်" ဟု အဆိုပါအမျိုးသမီးက မိန်းခလေးငယ်အား ရထားလမ်းဘေးတွင် တွေ့ရသည့်အခြေအနေကို ပြောပြသည်။

သူမမှာ မိသားစုတွင် အကြီးဆုံးသမီးတစ်ဦးဖြစ်ပြီး ၄င်း၏မိဘများမှာ မင်းဂံရပ်ကွက် အကွက် ၁၃ တွင်နေထိုင်ပြီး ဝင်ငွေနည်းပါးလွန်းသည့် ကြုံရာအလုပ်အကိုင်များဖြင့် ခက်ခဲပင်ပန်းစွာ အသက်မွေးကျောင်းပြုနေသူများဖြစ်ကြောင်း သိရသည်။

ထိုသို့ရက်စက်စွာ ရိုက်နှက်သတ်ဖြတ်ခံခဲ့ရသည့်အမှုတွင် ဓာတ်မှန်အဖြေအရ သက်ငယ်မုဒိမ်းမှုဖြစ်နေသည်ဟု ဆရာဝန်နှင့်၊ စစ်တွေအမှတ်(၁)မှ တာဝန်ရှိသူများက ပြောဆိုကြောင်း  မိသားစုဝင်များက ပြောသည်။

အဆိုပါဓာတ်မှန်ချပ်ကို သူမသေဆုံးပြီးချိန် ရဲတာဝန်ရှိသူများက မိသားစုကို ပြခဲ့သည်ဟု မိန်းခလေး၏ အဘွားဖြစ်သူ ဒေါ်အီးယောင်ကြီး(ရပ်ကွက်ခေါ်နာမည်)က ပြောသည်။

"
ကျွန်မတို့ကို ဓာတ်မှန်တွေပြပါတယ်။ အဓမ္မပြုကျင့်ခံရတာလို့ ပြောတယ်" ဟု ဒေါ်အီးယောင်ကြီးက ပြောသည်။

သူမကို မတ် ၁၆ ရက်တွင် စစ်တွေဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှုပြုလုပ်သော်လည်း ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသည့်အတွက် သတိပင်တချက်ပြန်မလည်ခဲ့ဘဲ ဆုံးပါးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍  တရပ်ကွက်တည်းနေ သံသယရှိသူအမျိုးသား ၂ ဦးကို စစ်တွေအမှတ်(၁)ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

သံသယရှိသူ ၂ ဦးမှာ အသက် ၁၈ နှစ်အရွယ်ခန့်ရှိပြီး ကိုခိုင်ကျော်လင်းနှင့် ကိုအောင်ခန့်ကျော်အမည်ရှိကြသည်ဟု သိရသည်။

၄င်းတို့ ၂ ဦးသည် သေဆုံးသူ မိန်းခလေးငယ်နှင့် အိမ်နီးနားချင်းဖြစ်သည်ဟုလည်း သိရသည်။

၄င်းတို့ ၂ ဦးမှာ သူမအား  ရေခဲမုန့်ဝယ်ပေးမည်ဟုပြောဆိုကာ မတ်လ ၁၅ ရက်၊ ညနေ ၇ နာရီခန့်က ခေါ်ဆောင်သွားခဲ့သည်ကို အိမ်နီးနားချင်းများက မြင်လိုက်ကြသည်ဟု ဖခင်ဖြစ်သူက  နိရဥ္စရာကို ပြောသည်။

"
သူတို့က ရေခဲမုန့်ဝယ်ပေးမယ်ဆိုပြီးတော့ ခေါ်သွားကြတယ်လို့ သိရတယ်။ အရင်လည်း အမြဲတမ်း ဝယ်ပေးကျဖြစ်ပါတယ်" ဟု ဖခင်ဖြစ်သူက ပြောသည်။

သူမ၏ အမှုနှင့်ပတ်သက်ပြီး လက်ရှိစစ်တွေအမှတ်(၁)စခန်းတွင် ဖမ်းဆီးထားသူ ၂ ကိုစစ်ဆေးနေမှုအခြေအနေကိုသိရှိနိုင်ရန် စခန်းမှူးအား နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ

ယခုဖြစ်စဉ်မှာ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုဖြစ်သည့်အတွက် ကျူးလွန်သူများကို ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ပေးဖို့ လိုအပ်ကြောင်း ရခိုင်လူ့အခွင့်ရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက နိရဥ္စရာသို့ပြောသည်။

"
ဒီအမှုက ကလေးသူငယ်တွေကို အကြမ်းဖက်မှုဖြစ်သလို သက်ငယ်မုဒိမ်းမှုလည်းဖြစ်နိုင်တဲ့အတွက် အင်မတန်ကြောက်စရာကောင်းတဲ့အမှုတစ်ခုဖြစ်တယ်။ အာဏာပိုင်တွေအနေနဲ့ ဒီအမှုနဲ့ပတ်သက်ပြီး တရားခံတွေကိုဖော်ထုတ်ပြီး ထိထိရောက်ရောက်ပြစ်ဒဏ်ချမှတ်ပေးဖို့ လိုတယ်" ဟု ဦးမြတ်ထွန်းက တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် ပုဒ်မခွဲ (၃) အဖြစ် ဖြည့်စွက်ထားပြီး အဆိုပါ ပုဒ်မခွဲတွင် မည်သူမဆို မသန်စွမ်းသူ မိန်းမကို ဖြစ်စေ၊ အသက် ၁၂ အောက် မိန်းကလေးကို ဖြစ်စေ၊ မုဒိမ်းမှု ကျူးလွန်လျှင် ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ၊ ထောင်ဒဏ် တသက်ဖြစ်စေ ချမှတ်ခြင်းခံရမည်  ဖြည့်စွက်ပြင်ဆင်ထားသည်။

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းဖြစ်ပွားမှု ရာခိုင်နှုန်းမှာ ၂၀၁၆ ခုနှစ်တွင် ၆၁ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ဧပြီလအထိ ၆၈ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ရာ နှစ်အလိုက် မုဒိမ်းမှုဖြစ်ပွားမှုအရေအတွက် များပြားလာရာ သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှုမှာ မြင့်မားလာကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ၂၀၁၈ ခုနှစ်၊ ဇွန်လအတွင်းက ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားဖူးသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ သက်ငယ်မုဒိမ်းဖြစ်ပွားမှုတွင် ကျူးလွန်ခံရသူများအနက် ၂ နှစ်မှ ၅ နှစ် အကြား ကလေး သူငယ်များပင်ပါရှိပြီး အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြား ကလေးသူငယ်များတွင် အများဆုံး ကျူးလွန်ခံရကြောင်းနှင့် ကျူးလွန်သူအများစုမှာ အသက် ၁၉ နှစ်မှ အသက် ၅၀ နှစ်ကြား အများဆုံး ဖြစ်ကြောင်း၊ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များပင်လျှင် ကျူးလွန်မှုရှိကြောင်း သိရှိရသည်။

သက်ငယ်မုဒိမ်းမှုအတွက် ချမှတ်သည့်ပြစ်ဒဏ်မှာ ပြစ်မှုနှင့်မညီမျှသည့်အတွက် သက်ငယ်မုဒိန်းမှုကျူး လွန်သူများကို သေဒဏ်ချမှတ်ပေးရန်လည်း နိုင်ငံတဝှမ်းမှ ကလေးသူငယ်အရေးလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ဆက်တိုက်တောင်းဆိုလာကြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း သက်ငယ်မုဒိမ်းမှုများအား စုံစမ်းစစ်ဆေးပြီး တရားရုံးများသို့ တရားစွဲဆို တင်ပို့ခဲ့ရာ ၂၀၁၆ ခုနှစ် တွင် ၉၆.၇၂ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ် ၉၇.၉၉ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီလမှ ဧပြီလအထိ ၆၇.၁၇ ရာခိုင်နှုန်း တရားစွဲ တင်နိုင်ခဲ့ကြောင်း၊ သက်ငယ် မုဒိမ်းမှု ကျူးလွန်သူများအား ၂၀၁၆ ခုနှစ်တွင် ထောင်ဒဏ် ၂၀ နှစ်အထက် ၁၈ ဦး အမိန့်ချမှတ်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၂၅ ဦးအထိ အမိန့်ချမှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် သေဒဏ်တဦး ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တွေမြို့အပါအဝင် မြို့နယ်တချို့တွင် ခိုးဆိုးလုယက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး ယင်းသို့ခိုးဆိုးလုယက် သတ်ဖြတ်မှုဖြစ်စဉ်များတွင် အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် ကလေးသူငယ်များကို ပစ်မှတ်ထားကျူးလွန်လာကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့တွင် ထိုသို့ခိုးဆိုး လုယက်သတ်ဖြတ်မှုများကို နေ့ခင်းကြောင် တောင်ကျူးလွန်နေကြပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်အရေးယူမှုအားနည်းနေကြောင်းလည်း ထောက်ပြပြောဆိုကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်၊ ည ၇ နာရီကျော်အချိန်တွင် စစ်တွေမြို့၊ အနောက်စံပြ ဘာဆာရာကျေးရွာမှ စွန့်ပစ်ပစ္စည်းကောက်ယူအသက်မွေးနေသည့်မွတ်စလင်ကလေးငယ်တစ်ဦးကို အုပ်စုဖွဲ့လုယက်ရိုက်နှက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကလေးငယ်မှာ ဒဏ်ရာပြင်းထန်ဖြင့် ဆေးရုံတင်ခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်ကလည်း ရခိုင်ပြည်နယ်အစိုးရဖွဲ့ရုံးအနီ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်မှ အရောင်းဝန်ထမ်း မနွယ်သန္တာဝင်းသည်လည်း ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေပြီး ဆေးစစ်ချက်အရ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကလည်း မုန့်လက်ကောက်ရောင်းနေသည့် အမျိုးသမီးငယ်တစ်ဦးသည် စစ်တွေမြို့၊ မင်းဘာကြီးလမ်းတွင် ဆောက်လက်အဆောက်အအုံတစ်ခု၌ ရက်စက်စွာ အသတ်ခံခဲ့ရသည်။

"
အဓိကတရားဥပဒေစိုးမိုးမှုအားနည်းလို့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အခုလိုဖြစ်ရပ်တွေဖြစ်နေတာပဲ" ဟု ရခိုင်ရှေ့ဆောင် အမျိုးသမီးများအဖွဲ့မှ ဒေါ်စောစံငြိမ်းသူက ပြောသည်။

ယင်းသို့ အဓမ္မပြုကျင့်ခံသတ်ဖြတ်ခံရ၍ သေဆုံးခဲ့သူ သူမအား မတ်လ ၁၈ ရက် နွေနေ့လယ်ခင်းအချိန်တွင် စစ်တွေမြို့ အာဂျိတ်တော်ကုန်း သုသာန်တွင် သဂြိုလ်ခဲ့သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဥပဒေကြောင်းအရ အမှုဖွင့်အရေးယူနိုင်ရေးအတွက် ရခိုင်အမျိုးသမီးအဖွဲ့အစည်းများနှင့် ဥပဒေအထောက်အကူပြုအဖွဲ့များကစီစဉ်နေကြောင်း ပြောဆိုသည်။

သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီးငယ်၏ ဖခင်ဖြစ်သူကတော့ " ဒီကိစ္စကျူးလွန်သူတွေကို ဖော်ထုတ်ပြီး အရေးယူပေးပါ" ဟုသာ တောင်းဆိုလေသည်။

ယနေ့ မတ်လ ၁၈ ရက် နွေနေ့လယ်ခင်းတွင် အာဂျိတ်တော်ကုန်းသုသာန်မှ ထွက်ရှိလာမည့်မီးခိုးလုံးများနှင့်အတူ သူမ၏ ဘဝရှင်သန်မှု ချုပ်ငြိမ်းသွားခဲ့ပေပြီ။

သို့ရာတွင် အပြစ်မဲ့ဖြူစင်လွန်းသည့် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးအား ရက်စက်စွာ အဓမ္မပြုကျင့်သတ်ဖြတ်မှုအတွက် ကျူးလွန်သူများကို ဖော်ထုတ်ပြီး ပြစ်မှုနှင့်ညီမျှသည့်ပြစ်ဒဏ်များချမှတ်ပေးရန်တော့ လိုအပ်လျက်ရှိနေသည်။ (ပြီး)

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၂ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး