သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

လူမျိုးရေးခွဲခြားမှု ပပျောက်ရေး နိုင်ငံတကာနေ့ (မတ်လ ၂၁ ရက်) အကြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

မတ်လ ၂၁ ရက်နေ့ဟာ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး နိုင်ငံတကာနေ့ (International Day for the Elimination of Racial Segregation) ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ တောင်အာဖရိကနိုင်ငံ၊ Transvaal ပြည်နယ်ရဲ့Sharpeville လို့ခေါ်တဲ့ လူမည်းတွေနေထိုင်ရာ မြို့တစ်မြို့မှာ  ငြိမ်းငြိမ်းချမ်းချမ်းစုဝေးဆန္ဒပြနေတဲ့ လူအုပ်စုတစ်ခုကို ရဲအရာရှိတွေက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာချီတဲ့လူတွေ ဒဏ်ရာရကာ လူ ၆၉ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ၁၉၆၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဲဒီအစုလိုက် အပြုံလိုက်လူသတ်မှုဖြစ်ပေါ်ခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကို နှစ်စဉ်နှစ်တိုင်း သတိပြုဆင်ခြင်နိုင်ဖို့အတွက် လူမျိုးရေးခွဲခြားမှုပပျောက်ရေး နိုင်ငံတကာနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒါကြောင့်ပဲ မတ်လ ၂၁ ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအတော်များများမှာအဲဒီအဖြစ်အပျက်ကို အမှတ်ရကြကြောင်းအပါအဝင် လူမျိုးရေးခွဲခြားမှုပပျောက်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ ဟောပြောပွဲတွေကို လုပ်ဆောင်လာခဲ့ကြဟာ အခုဆိုရင် နှစ် ၅၀ ဝန်းကျင်ရှိလာခဲ့ပြီဖြစ်ပါတယ်။

 

 

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ပေါ်ပေါက်လာပုံ

 

၁၉၆၀ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ  Sharpeville မြို့ရဲ့လူအုပ်စုဟာ  Apartheid (အာဖရိကလို ခွဲခြားထားခြင်းလို့ အဓိပ္ပါယ်ရတဲ့) စနစ်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြရင်း အသတ်ခံခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီစနစ်ကို ၁၉၄၈ခုနှစ်မှာ လူဖြူလူနည်းစု မဲဆန္ဒရှင်တွေက ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ အမျိုးသားပါတီ (National Party)က ပြဌာန်းတရားဝင်ဖြစ်စေခဲ့တာ ဖြစ်ပါတယ် Apartheid စနစ်အောက်မှာတော့ တောင်အာဖရိကမှာ နေထိုင်ကြသူတွေကို လူဖြူ/ ဥရောပ လူမျိုး ဒေသခံ/ လူမည်းလူမျိုး သွေးနှောလူမျိုးနဲ့  အိန္ဒိယ/အာရှလူမျိုးဆိုပြီး လူမျိုးတန်းစား ၄ ခုခွဲခြားထားပါတယ်။ အဲအချိန်ခါက အာဖရိကလူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဟာ လူဖြူ/ ဥရောပလူမျိုးတွေ ဖြစ်ကြပြီး သူတို့တွေက အာဏာနဲ့ချမ်းသာကြွယ်ဝမှုကို လက်ဝယ်ပိုင်ဆိုင်ထားသူတွေ ဖြစ်ကြပါတယ်။ ၈၀ ရာခိုင်နှုန်းသောလူဦးရေက လူမည်းတွေဖြစ်ကြပြီး နင်းပြားတွေအဖြစ် ဆက်ဆံခံနေခဲ့ကြရပါတယ်။

 

Apartheid (အသားအရောင်ကို အခြေခံပြီး ခွဲခြားတဲ့) စနစ်အောက်မှာ လူမျိုးရေးခွဲခြား အဆက်ဆံဆုံး ဥပဒေတွေကတော့ pass laws လို့ခေါ်တဲ့ လူမည်းအာဖရိက လူမျိုးတွေကို အချိန်တိုင်း စိစစ်ရေးကဒ် ကိုင်ဆောင်ခိုင်းထားတဲ့ ဥပဒေတွေပဲ ဖြစ်ပါတယ်။ အဲဥပဒေတွေဟာ Apartheid စနစ်မတိုင်မီကတည်းက တည်ရှိလာခဲ့တာဖြစ်ပေမယ့်လည်း Apartheid စနစ်အောက်မှာ ပိုမိုဆိုးရွားလာခဲ့တာပါ။ အစိုးရအနေနဲ့ကလည်း တောင်အာဖရိကလူမည်းတွေ ဘယ်နေရာမှာ အလုပ် လုပ်ရမယ်၊ နေထိုင်ရမယ် စတဲ့ ကဏ္ဍတွေမှာ pass laws ကို အသုံးပြုပြီး ထိမ်းချုပ်မှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။

 

Apartheid  စနစ်ရဲ့ ပဲ့ကိုင်ရှင်တွေ

 

Apartheid စနစ်ဟာ တောင်အာဖရိကနိုင်ငံအတွက် ကိုလိုနီသမိုင်းရဲ့ ဆိုးမွေးခံ အမွေတစ်ခုပဲ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံနဲ့ အခြားကိုလိုနီအပြုခံဒေသတွေမှာလိုပဲ ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းတွေဟာ တဖြည်းဖြည်းနဲ့ မိမိတို့ရဲ့လယ်ယာမြေတွေကို သိမ်းယူခံလာခဲ့ကြရပါတယ်။ အမျိုးသားပါတီ (the National Party/NP) အာဏာရလာချိန်မှာတော့လူဖြူလူနည်းစုက တစ်နိုင်ငံလုံးရဲ့ လယ်ယာမြေ ၉၂ ရာခိုင်နှုန်းကို လက်ဝယ်ပိုင်ဆိုင်လာခဲ့ကြပါတယ်။

 

အမျိုးသားပါတီဆိုတာက ဒတ်ချ်၊ ဗြိတိသျှ ကိုလိုနီပြုသူတွေနဲ့ ဌာနေတိုင်းရင်းသားတွေကြား ရာစုနှစ်များစွာကြာမြင့်တဲ့ ပဋိပက္ခတွေကနေ ပေါ်ပေါက်လာခဲ့တာပါ။ အာဖရိကမှာ လူဖြူ အုပ်စိုးမှု တစ်ခုကို ထူထောင်ဖို့ ဘုရားသခင်က တာဝန်ပေးထားတယ်လို့ ယုံကြည်ကြတဲ့ ဒတ်ချ်ကိုလိုနီတွေရဲ့ သားမြေးဖြစ်သူ အာဖရိကန်သားတွေ(Afrikaners)က အဲပါတီကို အဓိကပါဝင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားပါတီအနေနဲ့ ရွေးကောက်တင်မြှောက်ခံရပြီးနောက်မှာ အရင်ကတည်းက တည်ရှိထားတဲ့ခွဲခြားဆက်ဆံမှုနှင့် လူမျိုးရေးအရဖိနှိပ်မှုတွေကို ပိုမိုခိုင်မာရှည်ကြာစေမယ့် ဥပဒေတွေကို အဆော့တလျင် အတည်ပြု ပြဌာန်းခဲ့ပါတယ်။

 

မတ် ၂၁ ရက်၊ Sharpeville မြို့ပေါ်က အဖြစ်အပျက်

နှစ်ပေါင်းများစွာ ကြာရှည်တဲ့အထိ တောင်အာဖရိကသားအများအပြားဟာ pass laws အပါအဝင် Apartheid စနစ်ထဲက ဥပဒေတွေကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ၁၉၆၀ မတ်လမှာ Pan African Congress (PAC)လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ လူမည်းတွေ နေထိုင်ရာ Sharpeville မြို့မှာ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်သူတွေဟာ စိစစ်ရေးကဒ်ပြားတွေ လုံးဝမကိုင်ဆောင်ဘဲ နယ်မြေရဲစခန်းထိ ချီတက်ပြီး ရဲတွေလက်ထဲမှာ အဖမ်းခံဖို့ စီစဉ်ထားခဲ့ကြပါတယ်။



သတ်ဖြတ်မှု မစတင်မီ  လူအုပ်ကြီးရဲ့ တေးသီသံတွေကို ဖြတ်ကျော်မောင်းနှင်လာတဲ့ သံချပ်ကာယာဉ်/ ဓါတ်ပုံ: Africa Media Online


အဲဒီအစီအစဉ်အတိုင်းပဲ မတ်လ ၂၁ ရက်နေ့မှာ ထောင်ပေါင်းများစွာသော တောင်အဖရိကသားတွေဟာ Sharpeville မြို့ရဲစခန်းထိ ချီတက်ခဲ့ကြပြီး စိစစ်ရေးစာအုပ်တွေ ကိုင်ဆောင်ဖို့ကို ငြင်းဆန်ရင်း ငြိမ်းချမ်းစွာ စုရုံးဆန္ဒထုတ်ဖော်နေခဲ့ကြပါတယ်။ လွတ်မြောက်မှုနဲ့ သက်ဆိုင်တဲ့ တေးသီးချင်းတွေ သီဆိုကာ လွတ်မြောက်ခွင့်ပေးဖို့ တောင်းဆိုနေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အချိန်ကြာလာတဲ့အခါ အဲအနီးတဝိုက်ကို သံချပ်ကာယာဉ်တွေ တဖွဲဖွဲရောက်လာပြီး ရဲအင်အားတွေလည်း တဖြည်းဖြည်း တိုးလာခဲ့ပါတယ်။ စစ်ဘက်သုံး ဂျက်လေယာဉ်တွေလည်း ဆန္ဒထုတ်ဖော်နေသူတွေရဲ့ ခေါင်းထက်မှာ ပျံဝဲလာခဲ့ပါတယ်။ အဲလိုရောက်လာပြီး မကြာမီမှာပဲ သတိပေးချက် အလျဉ်းမရှိဘဲ လက်နက်ဗလာနဲ့ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြနေတဲ့ လူအုပ်ကို ရဲသားတွေက ပစ်ခတ်မှု စတင်ခဲ့ပါတော့တယ်။



ပစ်ခတ်မှုဖြစ်ပွားမှု ထွက်ပြေးနေကြရတဲ့ လူတွေ/ ဓါတ်ပုံ: Africa Media Online, APN36369


အဲအဖြစ်အပျက်မှာ စုစုပေါင်း လူ ၆၉ ဦး သေဆုံးပြီး လူပေါင်း ၁၈၀ ကျော် အနာတရဖြစ်ခဲ့ကြပါတယ်။ လူအများစုကတော့ ရုန်းရင့်ဆန်ခတ်မှုကနေ လွတ်မြောက်ဖို့ထွက်ပြေးရင်း နောက်ကျောကို ပစ်ခတ်ခံခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဖြစ်စဉ်ဖြစ်ပြီးနောက် ထွက်လာတဲ့ အစီရင်ခံစာ တစ်စောင်ထဲမှာ အဲနေ့က ရဲတပ်ဖွဲ့ဝင်တွေဟာ ကျည်ဆံ ၇၀၀ ကျော်ကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။ လူစုကွဲသွားချိန်မှာတော့ ရဲတွေက သေဆုံးသွားကြသူတွေရဲ့ လက်ထဲမှာသေနတ်တွေနဲ့ ဓါးတွေကို သွားထည့်ကြပြီး ဆန္ဒပြသူတွေကို လက်နက်ကိုင်၊ အကြမ်းဖက်တဲ့ဟန် ပုံပေါ်အောင် အကွက်ဆင်ခဲ့တယ်လို့ မျက်မြင်သက်သေတချို့က ဖွင့်ဟခဲ့ကြပါတယ်။ အသက်ရှင်ပေမယ့် ထွက်မပြေးနိုင်သူတွေကိုတောင် ရဲတပ်ဖွဲ့ဝင်တွေက လှောင်ပြောင်ရယ်မောခဲ့ကြတယ်လို့ တချို့က ဆိုကြပါတယ်။ ဒဏ်ရာရထားလို့ ထွက်မပြေးနိုင်ဘဲ မြေကြီးပေါ်လဲနေကြတဲ့သူတွေကိုတောင် ရဲတပ်ဖွဲ့ဝင်တွေက သေအောင်ထပ်သတ်ခဲ့ကြောင်း တချို့က အခိုင်အမာ ပြောဆိုကြပါတယ်။ အဲနောက်မှ လူနာတင်ယာဉ်တွေ ရောက်လာပြီး သေဆုံး၊ ဒဏ်ရာရသူတွေကို ဆေးရုံကိုယူဆောင်သွားခဲ့ကြပါတယ်။ ဒါပေမယ့် ရဲတွေက ဆေးရုံထိ လိုက်သွားပြီး ဒဏ်ရာရသူတချို့ကို ဝင်ရောက်ဖမ်းဆီး၊ ထောင်ကိုယူသွားတဲ့ ကိစ္စတချို့လည်း ရှိခဲ့ပါတယ်။ ချို့သောကိစ္စတွေမှာ ရဲတွေက ဒဏ်ရာရထားသူတွေ ပြန်သက်သာလာတဲ့အချိန်ထိ စောင့်ဆိုင်းပေးပြီး သက်သာလာချိန် ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါသေးတယ်။

 

အဖြစ်အပျက်နောက်ပိုင်းက ရက် တစ်ရက်

 

အဲနောက်မှာတော့ လူတိုင်းဟာ အဲကြေကွဲစရာကောင်းတဲ့ဖြစ်ရပ်အကြောင်း ပြောဖို့ ဝန်လေး လာကြပါတော့တယ်။ အကြောင်းရင်းက အဲအကြောင်းကို ဖွင့်ပြောမိရင် ရဲတွေက လိုက်လံဖမ်းဆီခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

 

ဒါပေမယ့် Sharpeville မြို့နဲ့ဝေးရာ တောင်အာဖရိကနိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပရဲ့ နေရာတွေမှာတော့ အဲကိစ္စအပေါ် လူအမြောက်အများက မိမိတို့ရဲ့ မခံမရပ်နိုင်ဖြစ်မှုကို ဖော်ထုတ်ပြသခဲ့ကြပါတယ်။ အဲအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့အနေနဲ့ အာဖရိကန်အမျိုးသားကွန်ဂရက် (the African National Congress/ANC)ရဲ့ ဥက္ကဌချုပ်ဖြစ်သူ Albert Luthuli က သူရဲ့ စိစစ်ရေးကဒ်ပြားကို မီးရှို့ခဲ့ပါတယ် Nelson Mandela နဲ့ တခြားသော အာဖရိကန်အမျိုးသားကွန်ဂရက် အဖွဲ့ဝင်တွေကလည်း တညီတညွတ်တည်းပဲ မိမိတို့ရဲ့ စိစစ်ရေးကဒ်ပြားတွေကို မီးရှို့ ခဲ့ကြပါတယ်။ အဲဖြစ်ရပ်တွေ ဖြစ်ပွားပြီး မရှေးမနှောင်းအချိန် မတ်လ ၃၀ ရက်နေ့မှာ ဆန္ဒပြသူ ၃၀၀၀၀ ခန့်က ပစ်ခတ်မှုကို ဆန့်ကျင်ဆန္ဒပြဖို့အတွက် Cape မြို့ကို ချီတက်ခဲ့ကြပါတယ်။




အဲအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအပေါ် နိုင်ငံတကာကလည်း အဆော့တလျင် တညီတညွတ်တည်း တုံ့ပြန်ခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များကလည်း အဲရက်စက်ကြမ်းကြုတ်မှုကို ရှုတ်ချကန့်ကွက်ခဲ့ကြပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (the United Nations Security Council/UNSC) က ထိုသတ်ဖြတ်မှုကို ရှုတ်ချကြောင်းနဲ့ တောင်အဖရိက အစိုးရအနေနဲ့ Aapartheid (အသားအရောင်ကို အခြေခံပြီး ခွဲခြားတဲ့) မူဝါဒကို စွန့်လွှတ်ဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ၁ လခန့် ကြာပြီးနောက်မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံ (the United Nations General Assembly) မှ Aapartheid (အသားအရောင်ကို အခြေခံပြီး ခွဲခြားတဲ့) စနစ်ကကုလသမဂ္ဂ ပဋိညာဉ်စာတမ်း (UN Charter) ကို ချိုးဖောက်ကြောင်း ကြေညာခဲ့ပါတယ်။ ၆ နှစ်အကြာ ၁၉၆၆ ခုနှစ် အောင်တိုဘာ ၂၆ ရက်နေ့မှာ Sharpeville အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အမှတ်ရပြီး သတိပြုဆင်ခြင်နိုင်ဖို့အတွက် ကုလသမဂ္ဂကနေ မတ်လ ၂၁ ရက်နေ့ကို လူမျိုးရေးခွဲခြားမှု ပပျောက်ရေး နိုင်ငံတကာနေ့အဖြစ် သတ်မှတ်ကြေငြာခဲ့ပြီး လူမျိုးရေးခွဲခြားမှုပပျောက်စေရေးအတွက် နိုင်ငံတကာနေ့ တစ်နေ့ကို ဖွင့်လှစ်ခဲ့ပါတော့တယ်။

 

နောက်ဆက်တွဲဖြစ်ရပ်တွေ

 

Sharpeville ဖြစ်စဉ်နောက်ပိုင်းမှာ တောင်အာဖရိကအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းကျဉ်လာခဲ့ပေမယ့် အစိုးရက အသားရောင်ခွဲခြားမှုနဲ့ လူမျိုးရေးခွဲခြားမှုဆိုင်ရာ မူဝါဒတွေကို စွန့်လွှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ရှေးဦးစွာ အစိုးရက အရေးပေါ်အခြေအနေကြေညာပြီး လူပေါင်း ၂၀၀၀ ခန့်ကို ထိန်းသိမ်းဖမ်းဆီးခဲ့ပါတယ်။ အဲနောက် ၁၉၆၀ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့မှာ အာဖရိကန် အမျိုးသား ကွန်ဂရက် (the African National Congress/ANC)နဲ့ ပန်-အာဖရိကန် ကွန်ဂရက် (Pan African Congress/PAC) နှစ်ခုလုံးကို တားမြစ်ပိတ်ပင်လိုက်ပြီး အဲအဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်ဖြစ်ခြင်းကို တရားမဝင်အောင် လုပ်ဆောင်လိုက်ပါတော့တယ်။

 

အကျိုးဆက်အနေနဲ့ အဖွဲ့အစည်း နှစ်ခုစလုံးက အဖွဲ့ဝင် အများအပြားဟာ တောခိုဖို့ ဆုံးဖြတ်ခဲ့ပြီး တောပုန်းဖြစ်ဖို့ရွေးချယ်ခဲ့ကြသူတွေထဲမှာ Nelson Mandela လည်း ပါဝင်လာခဲ့ပါတယ် လူ့အခွင့်အရေး ကြေညာစာတမ်းပါ စကားတွေကို ကျနော်တို့က ယုံကြည်တယ်။ အစိုးရရဲ့ အခွင့်အာဏာအတွက် ပြည်သူ့ဆန္ဒကိုပဲ အခြေခံရမှာ ဖြစ်ပြီးတော့ ကျနော်တို့အတွက် ဒီပိတ်ပင်တားမြစ်မှုကို လက်ခံလိုက်တာက အာဖရိကလူမျိုးတွေကို တချိန်လုံး တိတ်တိတ်လေးနေဖို့ တွန်းအားပေးနေတာကို လက်ခံလိုက်တာနဲ့ အတူတူပဲလို့ နောက်ပိုင်းမှာ သူက ဖွင့်ဟခဲ့ပါတယ်။

 

Mandela နဲ့ အခြားသူတွေက အသားအရောင်ကို အခြေခံကာ ခွဲခြားတဲ့  Aapartheid စနစ်ကို ငြိမ်းချမ်းစွာ တိုက်ယူလို့မှာ မဟုတ်ဘူးဆိုပြီး ခံစားလာခဲ့ကြတဲ့နောက်ပိုင်းမှာ PAC ကော၊ ANC ပါ လက်နက်ကိုင် တပ်တွေ ဖွဲ့စည်းခဲ့ကြပြီး အစိုးရကို ဆန့်ကျင်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စတင်ခဲ့ကြပါတော့တယ်။ နှစ်ပေါင်း အမြောက်အမြား ကြာရှည်အောင် ဆင်းရဲဒုက္ခခံ၊ ရုန်းကန်ခဲ့ကြရမယ့် ခရီးက ဒီနေရာကနေ စတင်ခဲ့ကြပြီး Aapartheid စနစ်ရဲ့ နိဂုံးကိုလည်း Sharpeville မြို့က နိဒါန်းပျိုး ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ရဲတွေရဲ့ လုပ်ရပ်ကို တစ်ကမ္ဘာလုံးက ဒေါသဆောင်းဆောင်း ထွက်ခဲ့ကြတာလေ။ ၁၉၆၀ မတ်လ ၂၁ ကနေ စပြီး တောင်အာဖရိကဟာ အထီးကျန်ဆန်လာတာပဲလို့ တောင်အာဖရိကန် လူ့အခွင့်အရေး ရှေ့နေ Prakash Diar က ဆိုပါတယ်။

 

နောင်နှစ်များအကြာမှာ Sharpeville မြို့ဟာ ကမ္ဘာကြီးရဲ့ မျက်လုံးတွေအတွက် ပြန်အာရုံထား စိုက်ကြည့်စရာနေရာ ဖြစ်လာခဲ့ပြန်ပါတယ်။ ၁၉၈၀ ခုနှစ်တွေအတွင်းမှာ အသားအရောင်အခြေခံခွဲခြားမှုကို ကျင့်သုံးတဲ့ အစိုးရရဲ့ လူသတ်မှုနဲ့ မတရား တရားစွဲဆိုခံရသူ ၆ ဦးကို ရှေ့နေ Prakash Diar က ခုခံကာကွယ်ပေးခဲ့ပါတယ်။ ယောက်ျား ၅ ဦိး၊ အမျိုးသမီး ၁ ဦး ပါဝင်တဲ့ အဲဒီလူ ၆ ဦးဟာ Sharpeville Six လို့ လူသိ များလာခဲ့ပြီး သူတို့ရင်ဆိုင်ရတဲ့မှုက နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ဖမ်းဆုပ်ယူပြီး Sharpeville မြို့အား ကမ္ဘာ့ဇာတ်ခုံပေါ်သို့ တစ်ဖန်ပြန်တင်လျက် အသားအရောင်အခြေခံခွဲခြားမှုကိုကျင့်သုံးတဲ့အစိုးရရဲ့ လူမဆန်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

 

ဒီလိုနဲ့ အသားအရောင်ခွဲခြားတဲ့စနစ် အဆုံးသတ်ခဲ့ပြီး ၁၉၉၆ ခုနှစ် ဒီဇင်ဘာမှာ လူမျိုးအားလုံးရဲ့ အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေကို အမြူတည်ထားတဲ့ ဖွဲ့စည်းပုံ အသစ် တစ်ရပ်ကို တောင်အာဖရိကနိုင်ငံမှ ပြဌာန်းခဲ့ပါတယ် Sharpeville မြို့ပေါ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့နေရာနဲ့ အလွန်နီးကပ်တဲ့ နေရာတစ်ခုမှာသမ္မတ Nelson Mandela က အဲဒီဖွဲ့စည်းပုံကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအပြင် Sharpeville မြို့ပေါ်က အဖြစ်အပျက်ကို အစွဲပြုလို့ တောင်အာဖရိကနိုင်ငံမှာလည်း ဒီမိုကရေစီရရှိရေးအတွက် ရုန်းကန်ပေးဆပ်ခဲ့ကြသူတွေကို အောက်မေ့ဂုဏ်ပြုဖို့အပါအဝင် လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးတို့ကို ပိုမို လုပ်ဆောင်နိုင်ဖို့ရည်ရွယ်ပြီး မတ်လ ၂၁ ရက်နေ့ကို လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားကာ အဲနှစ်ပတ်လည်နေ့ ရောက်တိုင်းမှာအခမ်းအနားတွေ၊ လှုပ်ရှားမှုတွေ၊ ဟောပြောပွဲတွေကို လုပ်ဆောင်လျက် ရှိနေကြပါတယ်။

 

 Canadian Museum for Human Rights Website မှာ Matthew McRae ရေးသားတဲ့ The Sharpeville Massacre: A violent turning point in the history of South African apartheid ကို ဆိန်နိုနင်က ဆီလျော်အောင် ဘာသာပြန်ဆိုထားတာပါ။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!