သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရေခဲဖုံးလွမ်းနေသည့် ဖုန်ကန်ရာဇီတောင်ပေါ် ပထမဦးဆုံး ရခိုင်အလံလွှင့်ထူနိုင်ခဲ့သူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8k

အောင်ကြည်မိုး(သင်းပုန်းတန်း)

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေခဲတောင်များတည်ရှိရာ ပူတာအိုမြို့လေးရှိ ဖုန်ကန်ရာဇီတောင် ထိပ်ပေါ်သို့တက်ရောက်ဖို့ သူမ အာသီသ ပြင်းပြနေခဲ့သည်။ ဖုန်ကန်ရာဇီတောင်သည် ကချင်ပြည်နယ် ထက်ပိုင်း ပူတာအိုမြို့၊ မချမ်းဘောမြို့နှင့် နောင်မွန်း မြို့ကြားမှာ တည်ရှိသည်။ အမြင့်ပေ ၁၁,၉၂၀ ရှိပြီး အောက်တိုဘာလပိုင်းကနေ မေလအထိ  ရေခဲဖုံးလွမ်းသည့်ဒေသလည်း ဖြစ်နေသည်။ သို့ဖြစ်၍ ဖုန်ကန်ရာဇီ တောင်ထိပ်ပေါ် မတက်ရောက်ခင် သူမအနေနှင့် နှစ်လခန့်က စပြီး ကျန်းမာရေးကို ဂရုစိုက်ပြီး နေ့တိုင်းလိုလို ရန်ကုန်မြို့၌ လမ်းလျှောက်၊ အပြေး လေ့ကျင့်နေခဲ့သလို  တစ်နေ့ ထိုင်ထအကြိမ် ၃၀ မှ ၄၀ ကြား ထိုင်ထ လုပ် ခြင်း၊ စက်ဘီးစီးခြင်း ကြိုးခုန်ခြင်း၊  ကာယလေ့ကျင့်ခန်း များကို  ပုံမှန်လေ့ကျင့်ထားခဲ့သည်။ ဘယ်အရာမဆို ကြိုတင်ပြင်ဆင် အောင်ပွဲဝင်စကားအတိုင်း ခရီးသွား ဘလောဂါ ကျောက်ဖြူသူ မအေးသဒ္ဓါလှိုင်သည် ၂၀၂၃ ခုနှစ်၊ မတ်လ () ရက်နေ့တွင် အမြင့်ပေ ၁၁၉၀၀ ကျော်ရှိသည့် ဖုန်ကန်ရာဇီတောင်ထိပ်ပေါ်တွင် ရခိုင်အလံကို ပထမဦးဆုံး လွှင့်ထူပေးနိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

မအေးသဒ္ဓါလှိုင်ကို အဖ ဦးလှိုင်မိုး အမိဒေါ်တင်ရီတို့ထံမှ ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်၊(အာဇာနည်နေ့) တနင်္ဂနွေနေ့တွင် ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့၊ပြည်သူ့ဆေးရုံကြီးတွင် မွေးဖွားခဲ့သည်။ သူမ အသက်() နှစ်အရွယ်တွင် မိသားစုသည် ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ ပြောင်းရွေ့နေထိုင်ခဲ့ကြ၍ ..က (ဒဂုံ)မှ ၂၀၀၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သည်။ ညာအရည်ချင်းမှာ - Diploma of Business Administration UK (WEBS College) Hospitality & Tourism Management (Local Tour Guide License)  ကိုရရှိထားသူဖြစ်သည်။

တောင်တက်သမားအများစုသည် အသက်အန္တရာယ် မရှိဘဲ၊  သွားလာရအဆင်အပြေဆုံးဖြစ်သည့် ဖုန်ကန် ရာဇီ ရေခဲတောင်ကို အများဆုံး သွားရောက်ကြသည်။ ရေခဲတောင်များတည်ရှိရာ ပူတာအိုမြို့လေးရှိ ဖန်ခရမ် ရာဇီက အမြင့်ပေ ၁၄၂၀၀၊ ဖုန်ရင်ရာဇီမှာ ၁၄၀၀၀ ပေ၊ ဖုန်ကန်ရာဇီမှာ ၁၁၉၂၀ ပေ ရှိသည်။ ၎င်းရေခဲ တောင်များကို ပူတာမြို့ကနေ သွားရောက်မည်ဆိုလျင်  ဖုန်ခရမ်ရာဇီကို  ၁၄ရက်ခရီး၊ ဖုန်ရင်ရာဇီကိုလည်း ၁၃ ရက်၊ ညအိပ်၁၄ ရက် ခရီးသွားကြရသည်။ ဖုန်ကန်ရာဇီကတော့ ၁၀ ရက် ခရီးစသဖြင့် ဖြစ်သည်။ ဖုန် ရင်ရာဇီနှင့် ဖန်ခရမ်ရာဇီတောင်တို့သည် ဖုန်ကန်ရာဇီထက် သွားလာရပိုခက်ခဲပြီး ရက်လည်းပိုကြာသည်။ ဖုန် ကန်ရာဇီသို့ တက်ရောက်ရန် အကောင်း ဆုံးအချိန်မှာ နိုဝင်ဘာမှ ဧပြီလအကုန်အထိသာ ဖြစ်သည်။ 

မအေးသဒ္ဓါလှိုင်က’’ ရေခဲတောင်တွေကိုတက်မယ်ဆိုရင် အကြိမ်များစွာ သွားဖူးတဲ့ လမ်းပြတွေရှိတယ်၊ လမ်းခရီးမှာ ဆောင်ရန်၊ရှောင်ရန်၊မှတ်သားရန် စသည်တို့ကို သူတို့က ပြောပြပေးတယ်။ အခုမှ စပြီး ရေခဲ တောင်တက်မဲ့ အပျော်တမ်းတောင်တက်သမားတွေ အနေနဲ့ကတော့ အမြင့်ပေ ၁၁၉၂၀ ရှိတဲ့ ဖုန်ကန်ရာဇီက ပို ပြီးသင့်တော်တယ်လို့ ထင်မိတယ်။ ကြိုးစားမှူ၊ ကြံ့ခိုင်မှူသာရှိမယ်ဆိုရင် ဘယ်သူမဆို တောင်ကြီးဖဝါး အောက်ပါပဲ’’ ဟု ပြောဆိုထားသည်။

၂၀၂၃ ခုနှစ်၊ မတ်လ() ရက်နေ့တွင် ခရီးသွားဘလောဂါ အေးသဒ္ဓါလှိုင်အပါအဝင် (၁၇) ဦးတို့အဖွဲ့သည် ပူတာအိုမြို့လေးရှိ ဖုန်ကန်ရာဇီတောင်ထိပ်ပေါ်သို့ တက်ရောက်ရန် ရန်ကုန်မြို့မှ ပူတာအိုမြို့ကို လေယာဉ်ဖြင့် သွားရောက်ခဲ့ကြသည်။ မအေးသဒ္ဓါလှိုင် အပါအဝင် (၁၇)ဦး အဖွဲ့သည် ဖုန်ကန်ရာဇီ ရေခဲတောင်  လမ်းခရီး၏ ညအိပ် ရက် ခရီးစဉ်ဖြစ်သော်လည်း သူမတို့အဖွဲ့အနေဖြင့် () ရက်သာကြာမြင့်ခဲ့ရသည်။   မတ်လ() ရက်နေ့၊ သူမတို့ရောက်သွားချိန် ပူတာအိုမြို့လေးကတော့  အေးချမ်းမြဲ၊ တိတ်ဆိတ်မြဲ၊ စိမ်းစိုမြဲ၊ ရှိနေသည်။ ဘူတာအိုမြို့၏ နေ့အပူချိန် ၂၉ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်လောက် ရှိနေပြီဖြစ်သည်။

ပူတာအိုမြို့ရှိ  ဖုန် ကန်ရာဇီရေခဲတောင်သည်  နှစ်စဉ် ဒီဇင်ဘာလကနေ မေလကုန်လောက်အထိ  ရေခဲများ ဖုံးနေတတ်ပြီး ခါ ကာဘိုရာဇီ နှင့်  ဂန်လန်ရာဇီရေခဲတောင်များသည် တစ်နှစ်ပတ်လုံး ရေခဲ ဖုံးလွမ်းနေတတ်သည်။ ပူတာအို မြို့ ပေါ်မှ ဖုန်ကန်ရာဇီ တောင်ထိပ်ပေါ်အထိ ၅၃ မိုင်ခန့် ကွာဝေးသည်။ ပူတာအိုမှ အထက်ဆန်ဂေါင် အထိ (၁၀) မိုင်ကွာဝေးပြီး ယင်းကျေးရွာအထိကို  ကားနှင့်  သူမတို့ သွားကြသည်။ အထက်ဆန်ဂေါင်မှ ဝန်ဆန်ဒမ်း အထိ က ၁၂ မိုင်၊ ဝန်ဆန်ဒမ်းကနေ ဇီယာဒမ်းကျေးရွာအထိ မိုင်ကွာဝေးပြီး ဇီယာဒမ်းကျေးရွာမှ ဖုန်ကန်ရာဇီ ရေခဲတောင်ထိကို ကျေးရွာများမရှိတော့ပဲ တောစခန်းများကို သူမတို့အဖွဲ့ ဖြတ်ကျော်ကြရသည်။ အထက် ဆန်ဂေါင်ကစပြီး ခြေလျင်ခရီး စနှင်သည်။ မတ်လ() ရက်နေ့တွင် ဇီယာဒမ်းကျေးရွာသို့ ရောက်ရှိသည်။ ဇီယာဒမ်းကျေးရွာမှ ရေခဲတောင်အထိကို ၂၂ မိုင်လောက် ဝေးကွာပြီး ၎င်းကျေးရွာမှ ဖုန်ကန်ရာဇီ ရေခဲတောင် ထိကို ကျေးရွာများမရှိတော့ဘဲ ရေခဲတောင်ကို လှမ်းမြင်နေရပြီဖြစ်သည်။ မတ်လ() ရက်နေ့တွင် ရေခဲ တောင်ကို စတင်တက်ရောက်ကြသည်။

ဇီယာဒမ်းမှ ရေခဲတောင် ခရီးတွင်   တောလမ်းခရီး၊ တောင်အတက်ဖြစ်ပြီး ချောင်းဆုံ၊ အထက်သစ်ပင်ကြီး စခန်း၊ အောက်သစ်ပင်ကြီး၊ ခမ်းတောက်မြစ်စခန်း၊ အထက်ရေခဲစပ်၊ အောက်ရေခဲစပ် စခန်းများ၌ အနား ယူ ရရှိသည်။  ဇီယာဒမ်းကျေးရွာ မှ  အောက်သစ်ပင်ကြီးတောစခန်းတွင် မိုးကာတဲထိုးပြီး သူမတို့ () ည၊ အထက်ရေခဲစပ်စခန်းတွင် () ညအိပ်ခဲ့ကြသည်။ မတ်လ() ရက်နေ့တွင် အထက်ရေခဲစပ်စခန်းကနေ စပြီး ရေခဲတွေ စပြီး မြင်တွေ့ရသလို အအေးဓာတ်ကလည်း တဖြည်းဖြည်း ပိုပြီး တိုးလာသည်။ အထက်ရေခဲစပ် စခန်းကနေ  နှစ်နာရီလောက် တောင်ပေါ်သို့ ထပ်တက်ပြီး ချိန်တွင် ဖုန်ကန်ရာဇီတောင်ထိပ်ပေါ်သို့ သူမတို့အဖွဲ့ ရောက်ရှိပါတော့သည်။ ဖုန်ကန်ရာဇီတောင်ထပ်ပေါ်ဝယ် ဓာတ်ပုံ ရိုက်ဖို့ အလွန်လှပသည့် နေရာတစ်ခုဖြစ်ပြီး  ဖုန်ရင်ရာဇီနဲ့ ဖန်ခရမ်ရာဇီ၊ မဒွယ်ရာဇီ စသည့် ရေခဲတောင်များကိုလည်း သူမတို့ မြင်တွေ့ကြရသည်။

၂၀၂၃ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့ ဖုန်ကန်ရာဇီကနေ အပြန်လမ်းမှာ ကုန်းဆင်းများ၍ အဆင်းလမ်းက ပိုပြီး မြန်ဆန်နေရသည်။ သို့ဖြစ်၍ ချောင်းဆုံ၊ အထက်သစ်ပင်ကြီး စခန်း၊ အောက်သစ်ပင်ကြီး၊ ခမ်းတောက်မြစ် စခန်း၊ အထက် ရေခဲစပ်၊ အောက်ရေခဲစပ် စခန်း များ၌ အနားမယူခဲ့တော့ဘဲ စခန်း() ခုကို တစ်ရက်တည်းနှင့် ဖြတ်ကျော်ခဲ့ကြသည်။ ၎င်းတောင်တက်၊တောင်ဆင်း လမ်းခရီးမှာ လှပသည့် တောတောင်များ၊ မြစ်ချောင်း များနှင့် အအေးပိုင်းမှာသာ ပေါက်ရောက်လေ့ရှိသည့် သစ်ပင်ပန်းမန်မျိုးစုံကို တွေ့မြင်ခဲ့ကြရသည်။ ရှားပါး ကျေးငှက် တိရစ္ဆာန်နှင့် ဇီ၀မျိုးကွဲ ရေခဲများပျော်ကျ စီးဆင်း နေသောချောင်းများက သူမကို ဆွဲဆောင်နေခဲ့ပါ သည်။ သူမတို့အဖွဲ့ ဖုန်ကန်ရာဇီ တောင်တက်ခရီးတွင် တောင်စဉ်တန်းတွေတစ်လျှောက် ခက်ခက်ခဲခဲ ပင်ပင် ပန်းပန်း ဖြတ်သန်းခဲ့ရသော်လည်း အေးမြသည့် နှင်းရည်စက်များကြောင့် လန်းဆန်းစေခဲ့ သည်။ ထင်းရှူးပင် ရနံ့လေးများ၊ သင်းပျံ့ အုံ့ဆိုင်းဆိုင်း တောအုပ်ငယ်များ၊ တချို့နေရာများ၌ သူမတို့ဖြတ် သန်းခဲ့ရသည်က   ကျောက်ဆောင်ကျောက်သား ကျောက်ခါးပန်းတွေကြား ခဲခဲယဉ်းယဉ်း ရင်တ ဖိုဖို ကျော် ဖြတ်ခဲ့ရသလို၊ တချို့နေရာများတွင်  ဝေါခနဲ တောင်အောက်ကို အမှတ်မထင် ပြုတ်ကျသလိုမျိုး ရှိခဲ့ဖူးသည်။ ပြောင်ချောနေသည့် ရေခဲပြင်၊ ချော်ကျသွားလျင် လှမ်းဆွဲစရာ ချုံပုတ်၊ သစ်ပင်၊သစ်ကိုင်း မရှိသည့် ရေခဲ တောင်စောင်းများဖြစ်နေရသည်။ တောင်ထိပ်ရောက်ဖို့ နာရီဝက်လောက်အလိုမှာ ရေခဲများကျလာ၍ ပတ် ဝန်းကျင်ကို ကောင်းကောင်းမမြင်ရချိန် သို့သော် သူမဘေးနားမှာ ပါရမီဖြည့်ပေးတတ်သည့်ချစ်သူက ချစ် ရည်ရွှန်းလဲ့နေသည့် မျက်ဝန်းအစုံနှင့် အားပေးနေတတ်၍  ဖုန်ကန်ရာဇီတောင်ထိပ်ပေါ်သို့ သူမ  တစိုက်မတ် မတ် တက်လှမ်းနိုင်ခဲ့သည်။ ပြည့်စုံလျက်လှပနေသည့် ရေခဲတောင်တန်း ဖုန်ကန်ရာဇီ တောင်ထိပ်ပေါ်မှာ ရခိုင် အလံကို သူမ ပထမဦးဆုံး စိုက်ထူနိုင်ခဲ့ပြီလည်းဖြစ်သည်။

"ကိုယ့်အမျိုးသားအလံကို စိုက်ထူချင်တယ်။ ဒါမျိုးခရီးစဉ်ကရှားပါးတယ်။ သွားဖို့မလွယ်ဘူး။ ပြီးတော့ ဒီလို ရေခဲတောင်တက်ပြီ ရခိုင်အလံ စိုက်ထူတယ်ဆိုတာ သိပ်မကြားဖူးဘူး။ ကိုယ်လည်း ရခိုင်လူမျိုး ဖြစ်နေတော့ ကိုယ့်အလံတော့ ဒီလိုဒေသမျိုးမှာ စိုက်ထူချင်လို့ပါ။ ဒူအရွက်မှာ ဒဏ်ရာရခဲ့တယ်။ တောင် အဆင်း၊အတက် တွေက အရမ်းမတ်စောက်တော့ ဒူးထိခဲ့တယ်။ ဒါပေမဲ့ အခုလို ရခိုင်အလံကို တောင်ထိပ်မှာ စိုက်ထူခွင့် ရရှိ အောင် လုပ်ဆောင်နိုင်ခဲ့တယ်။  ရခိုင်လူမျိုးတစ်ယောက်အနေနဲ့ တောင်ထိပ်ရောက်တော့ ရခိုင်အလံလွင့်ထူ နိုင်တော့ တော်တော်လေးကို ပျော်ခဲ့ရတယ်’’ ဆိုပြီး မအေးသဒ္ဓါလှိုင်မှ စာရေးသူ အင်တာဗျူး မေးမြန်းစဉ်က ဖြေဆိုထားခဲ့ပါသည်။

မအေးသဒ္ဓါလှိုင်သည် ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူ ခရီးသွား Blogger တစ်ဦးဖြစ်နေ၍ သူမ၏ ဘဝ တွင်  ကျောပိုးအိတ် တစ်လုံးလွယ်ပြီး လျှောက်သွားနေရသည့် အချိန်က အပျော်ဆုံးအချိန်ဖြစ်နေသည်။ သို့ ဖြစ်၍လည်း  Travel Blogger ဖြစ်လာခြင်း ဆိုလျင်မမှား။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မွေးဖွားခဲ့သူ ဖြစ်၍ သူမ၏ ဇာတိမြေ ကျောက်ဖြူမြို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာအောင် အဓိက Promote လုပ် ဆောင်ပေးနေသူတစ်ဦးလည်းဖြစ်သည်။  သူမသည် ခရီးသွားဘလောဂါတစ်ဦးဖြစ်နေ၍ ကျောက်ဖြူမြို့နှင့် ပတ်သက်၍ သူမ၏ TD’s Travel Notes page တွင် ခရီးသွား Blog Review  အဖြစ် "တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ ရခိုင်ပြည်တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာ ဝတီ)’’ ဤသို့ ရေးဖွဲ့ထားသည်ကို ဖတ်ရှုနေရပါသည်။

ဒီတစ်ခေါက်တော့ ခရီးအသွားအလာနည်းပြီး ပုန်းကွယ်ငုပ်လျှိုးနေတဲ့ အလှတရားတွေအပြည့်နဲ့ ကျောက်ဖြူမြိူ့လေးကို သဒ္ဓါနဲ့အတူ ခြေဆန့်ကြမယ်လေ။ရခိုင်ပြည်ကြီးက အလှတရားတွေ ပေါများသ လောက် ခရီးအသွားအလာနည်းတဲ့နေရာတစ်ခုပါ။ အဲ့ထဲမှာ ကျောက်ဖြူမြို့လဲအပါအဝင်ပေါ့။ ကျောက်ဖြူ မြို့ကြီး ဘယ်လောက်လှသလဲဆိုတာ သဒ္ဓါကတော့ စာဖွဲ့ပြလို့ ကုန်မယ်မထင်ပါဘူး။ ရခိုင်ပြည်ကြီးမှာ လေး ဝတီ ဆိုပြီး ရှိတဲ့အထဲမှာ ကျောက်ဖြူမြိ့ကို ရမ္မာဝတီလို့ခေါ်ဆိုကြပါတယ်။ ကျောက်ဖြူ တောင်ခြေရင်းနား မှာတွေ့ရတဲ့  အဖြူရောင်ကျောက်တုံးကြီးကို အစွဲပြုပြီး ကျောက်ဖြူရယ်လို့ ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။

ရခိုင်ပြည်ရှိ အကြီး ဆုံးရမ်းဗြဲကျွန်းပေါ်မှာ တည်ရှိပြီးသာယာလွန်းလှတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးတစ်မြို့ ဖြစ်ပါတယ်။ ကျေးရွာအုပ်စုပေါင်း ၅၄ အုပ်စု၊ရွာပေါင်း ၂၆၀ ကျော်၊ ကျွန်းပေါင်း ၇၀ ကျော်ခန့်ရှိသည်ဟုလည်း မှတ်သားခဲ့ရ ပါတယ်။ ကျောက်ဖြူမြို့ရေနက်ဆိပ်ကမ်းက မြန်မာနိုင်ငံတွင် အကြီးဆုံးရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်ပါတယ်။ ကဲ -- ကျောက်ဖြူမြို့အကြောင်းကတော့ နောက်မှ အရှည်ကြီး သက်သက်ရေးပေးမယ်နော်။ ခုတော့ ကျောက်ဖြူမှာ ဘယ်နေရာတွေ လည်လို့ရမလဲ သဒ္ဓါနဲ့အတူ သွားကြည့်လိုက်ရအောင်။ ကျောက် ဖြူမြို့ကို သွားလည်မယ်ဆိုရင် အနည်းဆုံး အချိန် () ရက်လောက်တော့ပေးဖို့လိုမယ်နော်။ သွားလည်ပြီးရင် လည်း မပြန်ချင်တော့လောက်အောင် အလှအပတွေက သင့်ကိုဆွဲဆောင်နေပါလိမ့်မယ်။ ကျောက်ဖြူ ရောက် ရင် ပထမဆုံးသွား ရောက်ဦးခိုက်သင့်တာကတော့ ရှေးဟောင်းသမိုင်းဝင် ပေါ်တော်မူ ကံ့ကော်တောဘုရား နှစ်ဆူပဲ ဖြစ်ပါတယ်။

() ပေါ်တော်မူကံ့ကော်တောဘုရား

ကျောက်ဖြူရောက်တာနဲ့ မသွားမဖြစ်သွားသင့်တဲ့နေရာထဲမှာ ကံ့ကော်တောဘုရားကအပါအဝင်ပါ။ မန်းလေးရောက်ရင် မဟာမြတ်မုနိကို ဦးတိုက်ကြသလိုပေါ့။ အံ့သြဖွယ်ရာတန်ခိုးတော်များနှင့် ကံ့ကော်တော် ဘုရားနှစ်ဆူဟာ ကျောက်ဖြူမြို့ကနေ မိုင်ခန့်ကွာဝေးတဲ့ ဂုံးချွိန်ရွာမှာ တည်ရှိပါတယ်။

() ကျောက်တစ်လုံးဂူဘုရား

ကျောက်တစ်လုံးလှိုဏ်ဂူဘုရားကတော့ ခုနက ကံ့ကော်တောသွားတဲ့လမ်းနဲ့တစ်ကြောင်းထဲပါပဲ။ ကျောက်ဖြုမြို့ရဲ့ အနောက်ဘက် မိုင်ခန့်အကွာ ရမ်းဗြဲ- ကျောက်ဖြူ ကားလမ်းမကြီးဘေးမှာ တည်ရှိပါ တယ်။ ပင်လယ်ကမ်းခြေအနီးမှာ လောင်းတစ်ပေါက်တောင်တန်းလို့ခေါ်တဲ့ တောင်ရဲ့အစွန်ဆုံးမှာ ကျောက် သားလှိုဏ်ဂူများအဖြစ်သဘာဝအတိုင်းတည်ရှိနေတဲ့ အံ့သြဖွယ်ရာ တစ်ခုပဲဖြစ်ပါတယ်။ လှိုဏ်ဂူများ အတွင်း မှာတော့ ဆင်းတုတော်များကိုဖူးတွေ့ရမှာဖြစ်ပါတယ်။ ဘုရားရဲ့ လမ်းတစ်ဖက်ခြမ်းမှာတော့ ပင်လယ်ပြာပြာ ကြီးပေါ့။

() နတ်ကျောက်ကမ်းခြေ

နတ်ကျောက်ကမ်းခြေကတော့ သဒ္ဓါ့အကြိုက်ဆုံးနေရာလေးပေါ့။ အပြင်မှာရှုခင်းကတော့ တကယ်ရူးခါ သွားခဲ့ပါတယ် ရေကျတဲ့အချိန်ဆို ကျောက်ဂူထဲဝင်လို့ရတယ်။ သဒ္ဓါတို့ကရေတက်ချိန်နဲ့ တိုးသွားတော့ ပေါ်ကိုပဲတက်ခဲ့ရတယ်။ ဒါပေမယ့်လဲတန်ပါတယ်။ဆက်သွားရင် ကျောက်ဆောင်၊ ကျောက်တန်းတွေနဲ့ ပြည့်နှက်နေတဲ့ ကမ်းခြေကြီးရှိပါတယ် ရှုခင်းကတော့ တကယ့် အမေးဇင်းပဲ။ အော် ကျောက်ဖြူမြို့လေးရဲ့ အရိုင်းဆန်တဲ့အလှအပတွေကို တစ်ကမ္ဘာလုံးကို သိစေချင်လိုက်တာဆိုပြီး အတွေးပေါ်လာပါတယ်။ နတ် ကျောက်ကမ်းခြေမှာ အခုဆို အမုန်းတရားကင်းမဲ့ဇုန်ဆိုတဲ့ chill လို့ရတဲ့နေရာလေးတစ်ခု လုပ်ထားပေးတာ ဖြစ်တဲ့အတွက် အရမ်းအရမ်းကို အဆင်ပြေပြီး Sunset ကိုသေချာကြည့်လို့ပြီပေါ့။ အရင်ကဆို အဲ့လိုဆိုင် တွေမရှိတော့ ဧည့်သည်တွေစိတ်ဝင်စားမှုလည်းနည်းတယ်လို့ ထင်ရပါတယ်။ ညနေဆို နတ်ကျောက်မှာ သွား Chill လို့ရပြီလေ။

() အမုန်းတရားကင်းမဲ့ဇုန်

နတ်ကျောက်ကမ်းခြေမှာရှိနေတဲ့ အမုန်းတရားကင်းမဲ့ဇုန်ဆိုတဲ့ Chill လို့ကောင်းတဲ့နေရာသစ်လေးတစ်ခု ရှိပါ တယ်။ ညနေဆို အုန်းရေသောက်ရင်း Sunset ကြည့်မလား? အတွဲတွေအပန်းဖြေမလား? မိသားစုလိုက် စားသောက်ကြမလား? ရှယ်ပဲလေ။ ခုံတွေကအစ သေချာလုပ်ပေးထားတယ်။ ဆိုင်ထဲမှာမထိုက်ချင်ရင် ကမ်း စပ်က ခုံတန်းတွေမှာ အိပ်ပြီး ဆွေးလို့လဲရသေးတယ်နော် My fav place ever ပါပဲ။ ရောက်ရင် သွား ဖြစ် အောင်သွားကြည့်ပါ။ ကျောက်တစ်လုံးဘုရားရဲ့ လမ်းတစ်ဖက်ခြမ်းမှာပဲရှိတာပါ။ လမ်းကူးလိုက်ရင် ရောက် ပါပြီ။

() စေတီယျဓာတ်ပေါင်းစုစေတီတော်

ကျောက်ဖြူကမ်းနားလမ်းဘေးမှာပဲတည်ရှိနေတာပါ။ စေတီယျတောင်ပေါ်မှာတည်ထားတဲ့ စေတီယျ ဓာတ်ပေါင်းစုစေတီတော်ပဲဖြစ်ပါတယ်။တောင်ပေါ်က်ုတက်ဖို့ လှေကားထစ်လေးတွေရှိပါတယ်။ တောင်ပေါ် ကကြည့်ရင်လဲ ရှေ့ကပင်လယ်ပြင်ကြီးကို မျက်စိတစ်ဆုံးမြင်တွေ့ရမှာဖြစ်ပါတယ်။

() လွမ်းစေတီ

စေတီယျတောင်ကနေ တောင်ပေါ်တောလမ်းလေးအတိုင်းဆက်သွားရင်တော့ လွမ်းစေတီကိုတွေ့ရမှာပါ။ အောက်ကနေ လမ်းမကြီးအတိုင်းသွားလဲရပါတယ်။သဒ္ဓါတို့က အောက်ပြန်မဆင်းချင်တော့လို့ အပေါ်က တောလမ်းလေးအတိုင်း နောက်ဘုရားတစ်ဆူကိုဆက်သွားပါတယ်။ ဘေးတစ်ဖက်မှာ ပင်လယ်ပြာပြာကြီးက လဲကိုယ်နဲ့အတူရှိနေပါတယ်နော်

() ဂျပန်မဆိပ်

ကဲ-- ကျောက်ဖြူရဲ့ Attraction နေရာတစ်ခုဖြစ်တဲ့ ဂျပန်မဆိပ် အဲ့ဆိပ်ကမ်းလေးက ငါးဒိုင် ပု စွန်ဒိုင်တွေအပြည့်နဲ့ ရန်ကုန်ဆူးလေလိုမျိုး လှုပ်ရှားမှုတွေအပြည့်နဲ့နေရာတစ်ခုပေါ့။ ကျွန်းရွာတွေက လူတွေ ၊ငါးဖမ်းထွက်လာတဲ့ ငါးရှာသမားတွေ အကုန်လုံး ဂျပန်မဆိပ်က ဒိုင်တွေမှာ ငါး၊ ပုစွန်တွေကို ပြန်ပြီး လာ သွင်း ကြတာပေါ့။ ကျွန်းတွေက လာသမျှစက်လှေတွေက ဒီဆိပ်ကမ်းမှာပဲကပ်ကြပြီး ကျောက်ဖြူမြို့ပေါ်ကို စျေးလာဝယ်ကြတဲ့လူတွေများပါတယ်။ ကမ်းပေါ်မှာပဲ ကျောက်ဖြူစျေးကလဲ ရှိနေတယ်လေ။ နောက်တစ် ခုစိတ်ဝင်စားဖို့ကောင်းတာကတော့ နွားလှည်းတွေပါ။ အော် နွားလှည်းဆိုလို့ မြို့ပေါ်မှာသွားတယ် မထင်လိုက် နဲ့နော် ရေထဲမှာသွားတဲ့ နွားလှည်းတွေပါ။ စက်လှေတွေ ကမ်းကို မကပ်နိုင်တဲ့အချိန်မှာဆို လူတွေက နွား လှည်းပေါ်တက်ပြီး ကိုယ်စီးမယ့်စက်လှေဆီကိုသွားရပါတယ်။ အဲ့လိုမျိုး ဘယ်မှာစီးဖူးကြလဲပြော--

() ကျောက်ဖြူမြို့မစျေး

ရန်ကုန်ကလူတွေအကြိုက် လတ်လတ်ဆတ်ဆတ် ငါးပုစွန်၊ ဂုံး၊ ဂဏန်းစတဲ့ပင်လယ်စာမျိုးစုံကို ရှယ်ဝယ် ပြီးစားလို့ရတယ်နော်။ ပင်လယ်ကမ်းနားဘောင်ပေါ်မှာပဲစျေးရှိတော့ ပင်လယ်ကလာသမျှ စျေးပေါ် ချက် ချင်းတင်၊ ချက်ချင်းဝယ်စား။ ကဲ ဒီလောက်ထိလက်ဆက်ဦးမလားကွယ်။ ပြီးတော့ရခိုင် လက်ညှစ်မုန့်တီ စစ် စစ်ကိုစားလို့ရသေးတယ်နော်။ သဒ္ဓါဆို တစ်ခါစားရင် ပွဲပဲ။ မယုံမရှိနဲ့ ဆွေမျိူးမေ့သွားမယ်။ ကိုယ် အရင်  စားခဲ့တဲ့မုန့်တီတွေနဲ့ မတူတာတော့အမှန်ပဲရ ကိုယ်ရှေ့မှာပဲ မုန့်နှစ်ကို လက်လက်ဆတ်ဆတ်ညှစ်ပေး ပြီး အာပူလျှာပူလေး။ အမလေးရေးရင်တောင် သရေကျလာပြီ စျေးထဲမှာ ရခိုင်အထည်တွေ၊ ငါးမုန့် စတဲ့ လက်ဆောင်ပစ္စည်းတွေလဲအကုန်ဝယ်လို့ရပါတယ်။

() ကျောက်ဖြူ View Point နဲ့ ဂေါက်ကွင်း

ကျောက်ဖြူကမ်းနားရောက်ရင် View point ကိုလဲတက်ဖြစ်အောင် တက်ကြည့်သင့်ပါတယ်နော်။ အပေါ် စီးကနေ ပင်လယ်ပြင်ကိုကြည့်ရတဲ့အရသာက ဘယ်လိုပြောရမလဲ။စိတ်ထဲမယ် ငွေဆောင်၊ ချောင်းသာ ဆို တာ ကျောက်ဖြူကိုမမီတော့တာအမှန်။ ကျောက်ဖြူမြို့အဝင် ဆိုင်းဘုတ်ကြီးကလဲ ခမ်းနားစွာ ကြိူဆိုလျက် ရှိပါတယ်။ လမ်းတဖက်ခြမ်းမှာတော့ ကျောက်ဖြူလေဆိပ်နဲ့။ ဂေါက်ကွင်းကြီးရှိပါတယ်။ ညနေဆို ဂေါက် ရိုက်တဲ့သူများနဲ့၊ ကမ်းခြေမှာ ဘောလုံးကန်၊ လမ်းလျှောက်လာတဲ့သူတွေနဲ့ အသက်ဝင်လျက်ပေါ့။

(၁၀) ငလပွေ့ဆိပ်ကမ်း

ကျောက်ဖြူ ငလပွေ့ဆိပ်ကမ်းလို့ပြောလိုက်ရင်လူတိုင်းသိကြပါတယ်။ မေးပြီးသွားလို့ရတယ်။ ဆိုင်ကယ် ကယ်ရီတွေလဲရှိတယ်။ညနေဖက်မှသွားရင်ပိုအဆင်ပြေပါတယ်။ သူကတော့ သင်္ဘောအကြီးကြီးတွေ ကမ်း ကပ်တဲ့ ဆိပ်ကမ်းပါ။ ညနေဆို ဆိုင်ကယ်လေးတစ်စီးနဲ့ လေညှင်းခံထွက်ရင် အိုကေမှာစိုပြေ။

(၁၁) Blue Ribbon Cafe

ကော်ဖီလေးသောက်ပြီး ကျောက်ဖြူနာရီစင်နဲ့ မြို့လည်ခေါင်ရှုခင်းကိုကြည့်ဖို့အကောင်းဆုံးနေရာတစ်ခုပါ။ ညနေခင်းဆို ကော်ဖီဆိုင်ထိုင် လေတဖြူးဖြူးနဲ့ ရှုခင်းလေးကြည့်။ ကျောက်ဖြူမြို့လည်နာရီစင်နားက Summit Center ရဲ့အပေါ်ဆုံးမှာရှိတာမို့ သွားရလာရလွယ်ကူပါတယ်။ ပြောနေရင်း လွမ်းလာပြီလေ။

သူမ၏ ဒဿနက.........

ခရီးအရှည်ကြီး မထွက်ဖူးသေးရင်၊

ပင်လယ်ကမ်းခြေတွေ မရောက်ဖူးသေးရင်၊

အမြင့်ဆုံးတောင်တွေ မတက်ဖူးသေးရင်၊

ကိုယ့်မှာရှိတဲ့ ခွန်အားနဲ့  အားငယ်သူကို တွဲမထူဖူးသေးရင်၊

စိတ်လှုပ်ရှားစရာကောင်းတဲ့ စွန့်စားခန်းတွေ မဖန်တီးဖူးသေးရင်၊

စိတ်ကူးထားတဲ့ ရည်မှန်းချက်အိပ်မက်တွေ မပြည့်ဝသေးရင်၊

တစ်စုံတစ်ယောက်ကို ရူးရူးမူးမူး မချစ်ဖူးသေးရင်၊

"ခင်ဗျား လူဖြစ်ရတာ မတန်သေးဘူး

ဘယ်လိုအခြေအနေဆိုးတွေကိုမှ လက်လျော့အရှုံးပေးဖို့

စိတ်မကူးနဲ့၊ ရှင်သန်ဖို့ကြိုးစား’’ ဟူ၍ ဖြစ်သည်။

မအေးသဒ္ဓါလှိုင်သည် ခရီးသွားဘလော့ဂါအဖြစ်နှင့် ထိုင်းနိုင်ငံ၊စင်ကာပူနိုင်ငံ၊အင်ဒိုနီးရှား၊လာအို၊ဗီယက် နမ်၊ ကမ္ဘောဒီယား၊မလေးရှား နိုင်ငံများသို့ သွားရောက်ထားပြီး ယင်းနိုင်ငံများ၏ အထင်ကရ နေရာများကို ခရီး သွား Blog Review  အဖြစ် ရေးသားနေသူ ဖြစ်သည်။ ယနေ့အချိန်တွင် မိဘနှစ်ပါးနှင့်အတူ ကျောက်မြောင်း၊ တာမွေ၊ ရန်ကုန်မြို့တွင်  နေထိုင်လျက် ရှိနေပါသည်။  

အောင်ကြည်မိုး(သင်းပုန်းတန်း) ဖုန်း-၀၉၄၅၀ ၅၃၉ ၆၈၂

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၂ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး