သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

စားသောက်ဆိုင်လုပ်ငန်းဖြင့် မြန်မာနိုင်ငံတဝန်း အောင်မြင်မှုရရှိလာနေသော မုစဲကျွန်းမှ ရခိုင်လူငယ် တစ်ဦး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

အောင်ကြည်မိုး(သင်းပုန်းတန်း)


စားဖိုမှူးလည်းဖြစ်၊ OMG ရခိုင်ရိုးရာပင်လယ်စာ စားသောက်ဆိုင်ပိုင်ရှင်၊ MasterChef ပြိုင်ပွဲဝင် ကိုနိုင် ဇော်က ပင်လယ်စာ ဂေါ်ပြားဟင်းကို ချက်ပြုတ်ရန် ငရုတ်သီးစိမ်းကို မီးနည်းနည်းနှင့်လှော်ပြီးနောက် လှော် ထားသည့် ငရုတ်သီးစိမ်းနှင့် ငပိအနည်းငယ်ကို ကြက်သွန်နီရောပြီး မညက်တညက် ထောင်းထားကာ  သန့်စင် ပြီး ပြည်ကြီးငါးကို ငရုတ်ကောင်းထက်ခြမ်းခွဲနှင့် နယ်ပြီး ရေနွေးဆူဆူထဲကို ထည့်လိုက်သည်။ များမကြာမီ ပြုတ်ထားသော ပြည်ကြီးငါးကို ပြန်ဆယ်ယူကာ ဂုံးယောက်မ၊ ခရု၊ ရေခူ၊ ကဏန်း၊ ပုစွန် တို့နှင့် ရော၍ ငပိ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ထောင်းကို ဆီအနည်းငယ်နှင့်ချက်ပြီး ကျက်ခါနီးတွင် ဆား၊ ဟင်းခတ်မှုန့် ထပ်ထည့် ကာ ပင်စိမ်းရွက်ကိုအုပ်ထားသည့် ပင်လယ်စာဂေါ်ပြားဟင်းကို စားသုံးသူများအဖို့ ချဉ်ငံစပ်အရသာနှင့် ထူ ပူသွားမည့် ခံစားချက်ကို ရရှိကြသည်။ ဂေါ်ပြားအကြီးကြီးထဲမှာ seafood ဟင်းပွဲကို ထည့်ထားခြင်းဖြစ်၍ ဂေါ်ပြားဟင်းဟု စားသုံးသူများက ခေါ်ဆိုနေကြခြင်းဖြစ်သည်။ OMG ရခိုင်ရိုးရာ ပင်လယ်စာစားသောက် ဆိုင်၌ ပင်လယ်စာဂေါ်ပြား၊ လောင်ဗန်းကြီးဟင်းလျာများက  အလွန်နာမည်ကြီးသည်။ 


နောက်ထပ် ကိုနိုင်ဇော်၏ OMG ဆိုင်၌ အရောင်းရဆုံး ဟင်းလျာက ကိုတံငါဟင်း ပါ။  ၎င်းဟင်းကို ပု စွန်အကောင်ကြီးများ၊ ကဏန်းအကောင်ကြီးများနှင့်  ရခိုင်အရသာပေါ်အောင် ပူစပ်စပ် ချက်ပြုတ်ထားခြင်း ဖြစ်သည်။ ၎င်းဟင်းပွဲထဲမှာ မန်ကျည်းသီး အစိမ်းကို အတောင့်လိုက်ထည့်ထားပြီး ကြက်သွန်ဖတ်အကြီးကို  ထည့်ထားခြင်းကလည်း မြစ်ချောင်းများ၌ ငါးရှာနေသည့် တံငါသည်တစ်ဦး အမှန်တကယ် လှေပေါ်၌ ချက် ထားသည့်ဟန်ကို ပေါ်လွင်စေပါသည်။ အထူးခြားဆုံးက ၎င်းဟင်းကို ဆိုင်၌လာရောက် စားသုံးသူများ တွက် နွေးနေအောင် ဟင်းပွဲ၏အောက်မှာ မီးတငွေ့ငွေ့ဖြစ်နေသည့် မီးသွေးခဲကို ထည့်ထားပေးသည်။ ကို တံငါဟင်းပွဲအရည်ကို မြည်းကြည့်လိုက်သည်နှင့် အရင်ဆုံး ခံစားရမှာက ရခိုင်ငပိစစ်စစ်၏ အရသာဖြစ်ပြီး ၎င်းအရသာက ဟင်းပွဲတစ်ခုလုံးကို ဆွဲဆောင်သွားစေပါသည်။ ၎င်းအရသာ အနောက်မှာ လျှာကို ပူခနဲ ဖြစ် သွားစေမည့် အစပ်အရသာ ပေါ်လာပြီးမှ သဘာဝအတိုင်း ချိုချဉ်နေသည့် ခရမ်းချဉ်သီး၊ မန်းကျည်းသီးတို့၏ အရသာကို ခံစားကြရသည်။ OMG ဆိုင်၌ ကဏန်း မဆလာဟင်းဆိုပါလျင်လည်း ဟင်းအနှစ်ကို မြည်းလိုက် သည်နှင့်ပျဉ်းတော်သိမ်းရွက်နှင့် မဆလာ၏ အမွှေးနံ့၊ ကြက်ဥနှင့် ရောနေသည့် ကဏန်းအရသာ အချို၊ အစပ် အရမ်းမကဲသည့် ငရုတ်သီးခြောက် အမွှေးနံ့တို့ကို တပြိုင်တည်း ခံစားကြရမှာလည်း ဖြစ်သည်။


MasterChef ပြိုင်ပွဲ၌ Top 4 ရရှိခဲ့သည့် ကိုနိုင်ဇော်အနေနှင့် နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင် တို့ တွင် OMG ရခိုင်ရိုးရာ အစားအစာ နှင့် လတ်ဆတ်သော ပင်လယ်စာဆိုင်များကို ဖွင့်လှစ်ရောင်းချနေပြီး များ မကြာမီက () ဆိုင်မြောက် ဆိုင်ခွဲသစ်ကို  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့က အမှတ် (၄၃၄/ ၄၃၅)  သစ္စာလမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်မြို့တွင်  ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ကိုနိုင်ဇော်သည် ဆင်းရဲမွဲတေသည့်ဘဝကနေ အောင်မြင်လာသူဖြစ်၍ သူလက်ကိုင်ထားသည်က ‘’ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်လုပ် ’’ Do the best for ever you do.  ဖြစ်သည်။


"အောင်မြင် ချင်ရင် အိပ်မက်မက်ပါ၊ သူများနဲ့ မတူတာတွေးပါ၊ သူများမလုပ်တာတွေကို ချပြနိုင်ဖို့ ကြိုးစားပါ၊ ဘာပဲလုပ် လုပ် စေတနာထားပြီး အကောင်းဆုံးလုပ်ဆောင်ပါ’’ ဟု စာရေးသူ အင်တာဗျူးမေးမြန်းစဉ်က စားသောက် ဆိုင်ဖွင့်မည့်သူများအတွက် ကိုနိုင်ဇော်မှ စကားလက်ဆောင်ပါးထားသည်။


သူ့ဘဝမှာ အခုလိုမျိုး အောင်မြင်သည့်စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက် ဖြစ်လာဖို့အတွက် ဘ၀ အောင်မြင်နည်း၊ ကြီးပွားနည်း စာအုပ်များကို  ဖတ်ရှုလာပြီးနောက် အစပြုခဲ့ကြောင်းကို သိရှိရသည်။ သူငယ် စဉ်က ဖခင်ဖြစ်သူ ထောင်ကျနေပြီး၊ မိခင်ဖြစ်သူက အကြော်သည်ဘ၀ဖြစ်နေ၍ ပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရဘဲ ငါးတန်းနှင့်ကျောင်းထွက်ကာ အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့ရသည်။


ကိုနိုင်ဇော်ကို အဖ ဦးမောင်လှ၊ အမိ ဒေါ်အေးသိန်းမြ တို့ထံမှ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် အဂ်ါ နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မုစဲကျွန်းရှိ ဇီးကိုင်းကျေးရွာ၌ မွေးဖွားခဲ့သည်။ သားသမီး ငါးဦး ထဲတွင် အကြီးဆုံးသားဖြစ်သည်။ ..က (ဇီးကိုင်း) တွင် ပဉ္စမတန်းအထိ ပညာသင်ကြားခဲ့သည်။ ‘’သားကြီး အဖရာ’’ ဆိုစကားအတိုင်း ဖခင်ဖြစ်သူ ထောင်ကျချိန်တွင် ကျောင်းထွက်ပြီးနောက် ရွာ၌ မြေအိုးလုပ်သူများ ထံတွင် ရွံ့ အငှားတူးခဲ့သည်။ အသက်(၁၃) နှစ်၊ လူပျိုပေါက်အရွယ် ရောက်လာချိန်တွင် တောင်ကုတ်မြို့ရှိ ပုစွန်ကန်များတွင် အလုပ်သမားအဖြစ်နှင့်သော်လည်းကောင်း သံတွဲမြို့၊ ဂျိတ္တောရှိ ငါးဖမ်းစက်လှေများတွင် လှေသမားအဖြစ်နှင့်လည်း ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ မိုးညှင်းသို့သွားရောက်ပြီးလည်း ရွှေတူးခဲ့ဖူးသည်။  ၂၀၀၅ ခုနှစ်၊ အသက်(၁၈) နှစ်အရွယ်ရောက်လာချိန်တွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ သွား ရောက်ခဲ့ပြီး စည်သွပ်ဗူးပြုလုပ်မည့် ပလာတူး ငါးဖမ်းစက်လှေများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထို့ နောက် ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ ထပ်မံသွားရောက်ပြန်သည်။ မလေးရှားနိုင်ငံတွင် အိမ်သာ ကျင်း တူးအလုပ်ကို လုပ်ကိုင်ခဲ့ရပြီးနောက် အသိတစ်ယောက်၏ ဆက်သွယ်ပေးမှုကြောင့် စားသောက်ဆိုင်တစ်ခု တွင် အကြော်ဆရာများ၏ အကူအဖြစ်နှင့် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ မလေးရှားနိုင်ငံတွင် အရက်သောက်၊ ဖဲရိုက် လုပ်နေ၍ အလုပ်မမြဲဖြစ်နေသဖြင့် ဘ၀ပျက်ပြီး ရွာသို့ ပြန်ရောက်လာခဲ့ရသည်။


ရွာ၌ ခေတ္တနေထိုင်ခဲ့ချိန်တွင် အလုပ်က မယ်မယ်ရရ မရှိသဖြင့် ရန်ကုန်မြို့သို့ သွားရောက်ရန်စိတ်ကူးဖြစ်ပြီး သွားခါနီးတွင် သူက လေလုံးကြီးတတ်သူဖြစ်၍ ‘’တစ်နေ့ ငါ ချမ်းသာရမယ်၊ သူဌေးဘ၀နဲ့ ရွာကိုပြန်လာမယ်’’ ဆိုပြီး ရွာ၌ လူတိုင်းကို ပြောဆိုခဲ့သူ ဖြစ်သည်။  ရန်ကုန်မြို့၌ အသိလည်းမရှိ၊ အမျိုးလည်းမရှိ ဖြစ်သော်လည်း မလေးရှားနိုင်ငံရှိ စားသောက်ဆိုင်မှ နည်းနည်းပါးပါး တတ်မြောက်လာသည့် အကြော်ပညာဖြင့် ()မိုင်၊ Residence ဟိုတယ်တွင် အကြော်ဆရာလက်ထောက်အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၎င်းဟိုတယ်တွင် () နှစ်နီးပါးလုပ်ကိုင်ခဲ့ပြီးနောက် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ရန် အလုပ်မှ ထွက် လိုက်သည်။


 မလေးရှားနိုင်ငံရှိ စားသောက်ဆိုင်နှင့် Residence ဟိုတယ်တွင် လုပ်ကိုင်ခဲ့ဖူးသော  အကြော်အလှော်၊ ချက်အပြုတ် အတတ်ပညာဖြင့်  လှည်းတန်း၊ကန်လမ်းတွင် အရင်းအနှီးနည်းနည်းနှင့် ‘’မိုးလင်းပေါက် ထမင်း ဆိုင်’’ဖွင့်ပြီး ရောင်းချချိန်တွင် အောင်မြင်လာခဲ့သည်။ နှစ်အနည်းငယ်အကြာတွင် ငွေအနည်းငယ် စုဆောင်းမိ သဖြင့် အခြား အသိမိတ်ဆွေနှစ်ဦးနှင့်စပ်တူ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝါလမ်းဆုံအနီးတွင်OMG ရခိုင် ချဉ်ငံ စပ် Hot Pot” ဆိုပြီး ဆိုင်ဖွင့်ခဲ့ချိန်တွင် မအောင်မြင်သဖြင့် အရှုံးနှင့် ဆိုင်ကို ပိတ်သိမ်းခဲ့ရ သည်။ လက်ထဲ၌ ငွေဗလာဖြစ်နေ၍ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းမှ ဒုတိယမ္ပိ ထပ်မံသွားရောက်ခဲ့သည်။ ထိုအချိန်တွင် ကြီးပွားရေးစာအုပ်များ၊ အတွေးအမြင် စာအုပ်များစွာကို ဖတ်ရှုထားပြီးဖြစ်သဖြင့်   မလေးရှားနိုင်ငံ၌ အရင်လို အရက်၊ဖဲ စသည့် မကောင်းမှုဟူသမျှကို မလုပ်တော့ဘဲ ဘ၀အောင်မြင်ကြီးပွားရေးအတွက်သာ အာရုံစိုက်တော့သည်။ အသက်(၃၀) အရွယ် ၂၀၁၇ ခုနှစ်တွင် မြန်မာ နိုင်ငံသို့ ပြန်လာပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်၍ စုဆောင်းရရှိလာသည့်ငွေဖြင့်  နေပြည်တော်၊ ပုပ္ဗ သီရိမြို့နယ်၊ ရာဇဌာနေလမ်း၊ နှင်းဆီပန်းအဝိုင်းနားတွင် ‘’ရခိုင်ချဉ်ငံစပ် Hot Pot” ဆိုင်ကို  ဖွင့်လှစ်ပြီး OMG နာမည်ကို သူ့အနေနှင့် ပြန်လည်အသက်သွင်းခဲ့သည်။ OMG ဆိုင်များ၏ အမှတ်အသားဖြစ်သည့် ရခိုင်ချဉ် ငံစပ် Hot Pot ဟင်းရည်တစ်ဇွန်းကို အရင်မြည်းစမ်းကြည့်လိုက်သည်နှင့် စားသုံးသူတို့က ရခိုင်အရသာ ချဉ် ငံစပ်ကို တန်းခနဲ ခံစားကြရခြင်းဖြစ်သည်။


ကိုနိုင်ဇော်က’’  စားသောက်ဆိုင်လုပ်ငန်းကို လုပ်ကိုင်တယ်ဆိုတာက စိန်ခေါ်မှုများသလို အကျိုးအမြတ် လည်းများတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုပါ။ အောင်မြင်တဲ့ စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ယောက် ဖြစ် လာဖို့ဆိုရင် အလုပ်ကြိုးစားဖို့နဲ့ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားဖို့သာမက ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရည်ကိုယ် သွေးတွေ၊ စီးပွားရေးအလေ့အကျင့်တွေပါ ရှိဖို့လိုအပ်ပါတယ်။ ဘယ်လိုအရည်အသွေး အလေ့အကျင့်တွေ လည်းဆိုရင်  ကိုယ်လုပ်နေတဲ့အရာမှာ ကိုယ်ကိုယ်တိုင်က ကျွမ်းကျင်နေဖို့ လိုပါမယ်။ စားသောက်ဆိုင် လုပ် ငန်းတစ်ခုကို စတင်တော့မယ်ဆိုရင် ကိုယ့်မှာရှိတဲ့ အတွေ့အကြုံတွေ၊ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်း ဖြစ် ပြောင်းလဲဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ ကိုယ့်ရဲ့ဝါသနာပါပဲ။   နောက်တစ်ခုက အလုပ် မစတင်ခင်မှာ အချိန်အတိုင်းအတာတစ်ခုယူပြီး ကိုယ့်ရဲ့စားသုံးသူကို ရောင်းချနိုင်ဖို့ ပင်လယ်စာ အစားအသောက်တွေကို သိရှိနားလည်အောင် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ထားသင့်ပါတယ်’’ ဆိုပြီး ပြောဆိုထားပါသည်။


ကိုနိုင်ဇော် အနေနှင့် မလေးရှားက ပြန်ရောက်ပြီးနောက် ပထမဆုံး  “OMG ရခိုင်ချဉ်ငံစပ် Hot Pot” ဆိုင်ကို  စဖွင့်သည့်အချိန်မှာ အစားအသောက်အရသာရှိမှု၊ ပမာဏများမှု၊ ဈေးနှုန်း၊အမျိုးအစားစုံလင်မှု၊ ဆိုင်နေရာ နေအထား၊ ဆိုင်အပြင်အဆင်၊ အွန်လိုင်းနှင့်ဆိုရှယ်မီဒီယာအသုံးချနိုင်မှု၊ စောင့်ရန်ကြာချိန်၊ ကားရပ်ဖို့နေရာ၊ ဆိုင်ကို လာရသည်က ခက်လား၊ မခက်လား စသည့် အချက်အပေါ်မူတည်ပြီး စဉ်းစားလုပ်ကိုင်ခဲ့၍ အောင်မြင် ခြင်းဖြစ်သည်။ တစ်ချိန်က ကိုနိုင်ဇော် စားသောက်ဆိုင်ဖွင့်ခဲ့ချိန်တွင် သူများ မီးနူး(Menu)အတိုင်း လိုက်၍ ရောင်းချသဖြင့် ကျရှုံးခဲ့သည်။ သို့ဖြစ်၍ မီးနူးစာရင်းကို သူများနှင့်မတူအောင် ဖောက်ထွက်ခဲ့ကာ ကိုယ်ပိုင် မီနူးတစ်ခုကို ဖန်တီးသည်။ ရွာမှာ သူ့အမေချက်ကျွေးခဲ့သလို Traditional (ရိုးရာ) ငါးသောက်ဆမ်းပုံစံ ဟင်း ချိုကို Hot Pot ဟင်းချိုအဖြစ် ပေါင်းစပ်ဖန်တီးလိုက်သောအခါ ‘’ရခိုင် ချဉ်ငံစပ် Hot Pot” ဆိုပြီး နာမည်ရရှိ လာခဲ့သည်။ ကိုနိုင်ဇော်အနေဖြင့် စားသောက်ဆိုင်လောက၌ အများနှင့်မတူသည့်လမ်းကို လျှောက်ပြလိုက် သောအခါ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ပြင်ဦးလွင် စသည့် မြို့ကြီးများ၌OMG ရခိုင် ချဉ်ငံစပ် Hot Pot” ဆိုင်များကို ဖွင့်လှစ်ထားပြီးဖြစ်သလို နောက်အခြား မြို့ကြီးများ၌ ဆိုင်ခွဲများကို ဖွင့်လှစ်ရန် စီစဉ်ထားပြီးဖြစ် ကြောင်းကို သိရှိရသည်။


MasterChef ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့၍လည်း  ကိုနိုင်ဇော်ကို လူသိများခဲ့ရသလို OMG  ဆိုင်များ၏ အခင်းအ ကျင်းက တခြားဆိုင်များနှင့်မတူဘဲ ထူးခြားနေသည်။ ဆိုင်အဝင်၀၌ မီးဖိုဆောင်ကိုထားရှိ၍ စားသုံးရန် လာ ရောက်သူများက သန့်ရှင်းလတ်ဆတ်မှုကို ကိုယ်တိုင်မြင်တွေ့နေကြရသည်။ Open Kitchen ဖွင့်ထား၍ စား သုံးသူ မည်သူမဆို ကိုယ်တိုင်ဝင်ရောက်၍လည်း ချက်ပြုတ်စားသုံးနိုင်သည်။ ကိုနိုင်ဇော်အနေဖြင့် အောက် ခြေက တက်လာသူဖြစ်၍ ဆိုင်ဝန်ထမ်းများကို မိသားစုသဖွယ် အုပ်ချုပ်ဆက်ဆံနေသူဖြစ်သည်။ ကိုနိုင်ဇော် အမျိုးသမီးဖြစ်သူ နေပြည်တော်၊ လယ်ဝေးသူ မမေညိုစိမ့်ကလည်း စီမံခန့်ခွဲမှု ကောင်းမွန်သူဖြစ်၍ ‘’စီးတဲ့ ရေ ဆည်တဲ့ကန်သင်း’’ လို ဖြစ်နေသည်။


ငယ်စဉ်က မိခင်ဖြစ်သူ ရွာအနီးနား အကြော်သွားရောင်းနေချိန်တွင် ကိုနိုင်ဇော်သည်  မိသားစု၌ အကြီးဆုံး သားဖြစ်၍ အောက်ကညီငယ်၊ညီမငယ်များကို သူ ထမင်းချက်ကျွေးခဲ့ရသည်။ မိခင်ဖြစ်သူ အကြော်ရောင်းချ ခဲ့ချိန်က ရောင်းမစွံဖြစ်လျင် ထမင်းငတ်ခဲ့ဖူး၍ အစားအသောက်ကို သူ တန်ဖိုးထားသလို  OMG” ဆိုင်ကို လာရောက်စားသုံးသူတို့အတွက်လည်း ရခိုင်အရသာစစ်စစ်ကို ဖော်ကျူးပေးနိုင်သည့်ဆိုင်များဖြစ်အောင် မြဲကြိုးစား၍ သူ့အနေဖြင့် ဆိုင်() ခုကို ဖွင့်လှစ်ထားနိုင်ခြင်းဖြစ်သည်။


ယနေ့အချိန် မြန်မာနိုင်ငံ၌  စားသောက်ဆိုင်တော်တော်များများက ဆိုင်ဝန်ဆောင်မှုများအပြင် အိမ်တိုင် ရာရောက် ဝန်ဆောင်မှု ကုမ္ပဏီများနှင့် တွဲဖက်ပြီး အစားအသောက်ဝန်ဆောင်မှုများကို ပြုလုပ်လာကြပြီဖြစ် သော်လည်း ဆိုင်တွင်းမှာပဲ ပေးနိုင်သည့် ဝန်ဆောင်မှု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းများနှင့် တွေ့ဆုံ ခြင်း၊ မိသားစုလိုက် အပြင်ထွက်စားခြင်း စသည့်အချက်များကြောင့် ကိုနိုင်ဇော်တို့လို OMG စားသောက်ဆိုင် များက ရှိနေဦးမှာ၊ လိုအပ်နေဦးမည်လည်း ဖြစ်သည်။


"အစားအသောက်ဆိုတာက တစ်ကမ္ဘာလုံးအတိုင်းအတာအရ မည်သည့်အခြေအနေ၊ အချိန်အခါမျိုးမှာမဆို မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုဖြစ်နေလို့ ကျွန်တော်တို့ဆိုင်ကို လာပြီးစားသုံးတဲ့ စားသုံးသူတွေကို အကောင်း ဆုံးနှင့် အထိရောက်ဆုံး ဖြစ်သောဝန်ဆောင်မှုတစ်ခုဖြစ်အောင် လုပ်ဆောင်ပေးထားပါတယ်။ အခါအားလျော် စွာ ကျွန်တော့်ဆိုင်တွေမှာ promotion များခံစားခွင့်နဲ့ တခြားသော Features များစွာကို ရရှိနိုင်မှာလည်း ဖြစ်တယ်" ဆိုပြီး ကိုနိုင်ဇော်မှ ပြောဆိုထားပါသည်။

 

  ကိုနိုင်ဇော်က မီနူးကို ပိုမိုထူးခြားအောင်ပြုလုပ်ထားခြင်းကြောင့် OMG ဆိုင်များသို့ စားသုံးသူများက တစ်နေ့ထက်တစ်နေ့ လာရောက်စားသုံးမှု ပိုများလာလေလေဖြစ်နေသည်။ သူ ရည်ရွယ်ချက်တစ်ခုက ကိုယ့် ရခိုင်လူမှုအဖွဲ့အစည်းကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ဖို့ စားပွဲထိုး၊ စားဖိုမှုးများကို ရခိုင် လူငယ်များအား အများဆုံးခန့်အပ်ကာ သင်ပြပေးသူလည်း ဖြစ်သည်။ သူ၏ OMG ဆိုင်များအတွက် လိုအပ် သည့် ကုန်ကြမ်းပင်လယ်စာများကို ရခိုင်ဒေသမှ ဝယ်ယူနေခြင်းဖြစ်သည်။


ကိုနိုင်ဇော်၏ OMG ဆိုင်များသို့ လာရောက်စားသုံးသူများအတွက် အစားအသောက်အရသာရှိဖို့နှင့် ပေး ရသည်နှင့်တန်တယ် အနေအထားရအောင် ပြင်ဆင်မှုထူးခြားပြီး သင့်တော်သည့်ဈေးနှုန်းဖြင့် ပင်လယ်စာ ဟင်းလျာများ ပွဲကြီး၊ ပွဲသေးမျိုးစုံကို ရရှိနေသည်။  အစားအသောက်ကို တခြားနေရာများနှင့်မတူဘဲ အရသာ ထူးကဲပြီး လတ်ဆတ်နေအောင် လုပ်ဆောင်ပေးခြင်းကြောင့်လည်း OMG ဆိုင်များသည် မြန်မာနိုင်ငံ၌ လူ ကြိုက်များ၊ နာမည်ကြီးသည့်ဆိုင်များ ဖြစ်လာသည်။ စားသောက်ဆိုင်ဈေးကွက် နယ်နမိတ်အသစ်များကို ဖန် တီးထားနိုင်မှုကြောင့် ရသေ့တောင်မြို့နယ်၊မုစဲကျွန်း၊ ဇီးကိုင်းရွာမှ လူငယ်လေးတစ်ဦးက မြန်မာနိုင်ငံ၏ စား သောက်ဆိုင်လုပ်ငန်းတွင် အောင်မြင်နေသူတစ်ဦး ဖြစ်လာနေသည်။ ယနေ့အချိန်တွင် ကိုနိုင်ဇော်သည် OMG ဆိုင်များကို စီမံခန့်ခွဲကာ မန္တလေးမြို့တွင် ဇနီး မေညိုစိမ့်၊ သမီးစုသဒ္ဒါနိုင် တို့နှင့်အတူ မိသားစု ပျော်ရွင်စွာနေ ထိုင်လျက်ရှိပါသည်။


 အောင်ကြည်မိုး(သင်းပုန်းတန်း)

 

 

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၂ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး