တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မုန်တိုင်း…။


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

မိုးလေးတစ်ပြိုက်နှစ်ပြိုက်ရွာတော့ လူတွေပျော်ကြသည်။ အကြာကြီးပျက်နေသော လျှပ်စစ်မီး ရုတ်တရက်လင်းလာသလို ဟေးခနဲမအော်ရုံတမယ်။ ဒီက လူတွေက ဒုက္ခကိုမျိုးစုံ ခံစားဖူးနေကြသည်။ ဗုဒ္ဓဘာသာမှာ ၃၁ဘုံရှိလျှင် ဒီနေရာက လူတွေက အပယ်လေးဘုံထဲမဟုတ်လျှင်တောင် အတော်ဒုက္ခဆင်းရဲကြီးသော ဘုံမှာ နေနေကြရသည်။ ရေဘေး၊မီးဘေး၊ မင်းဘေးမျိုးစုံ ခံစားရသည်။

 

သည်တစ်နွေက အတော်ပူသည်။ သည်တစ်နွေပူသည်ဆိုတော့ အခြားနွေတွေကရော မပူဘူးလား။ ဒီလိုပဲ ပူတယ်ညဉ်းရင်း မိုးလေးရွာတော့ ပူတာမေ့သွားတာပဲမဟုတ်လား။ မဟုတ်ဘူး။ ဒီနွေက အရင်နွေတွေထက် ပိုပူသည်။ Global warming ကြောင့်လား၊ Climate change ကြောင့်လား။


မှတ်ထားမိသလောက်က ခါတိုင်း ကဆုန်လပြည့်ဆိုလျှင် မိုးတွေသည်းသည်းမည်းမည်း ရွာပြီ။ လပြည့်ကျော်လျှင် စိုစွတ်သော ရာသီထဲဝင်ပြီ။ မိုးလေးတစ်ပြိုက်နှစ်ပြိုက် ရွာလိုက်။

တစ်ခါတလေ မုန်းတိုင်းတွေ ဝင်လိုက်။ မုန်တိုင်းအရှိန်နှင့် မိုးတွေရွာလိုက်။ ဦးထွန်းလွင်ကတော့ တစ်နှစ် တစ်နှစ် ကပ္ပလီပင်လယ်ပြင်ထဲ မုန်တိုင်းဘယ်နှစ်လုံးဖြစ်သည်၊ ဘယ်နှစ်လုံး မြန်မာပြည်ထဲဝင်သည်။ အတိအကျ တွက်ပြပြောပြတတ်သည်။ ခုတော့ ဦးထွန်းလွင်လည်း မရှိတော့။

 

ဘင်္ဂလားပင်လယ်အော်ထဲဖြစ်သမျှမုန်တိုင်းက မြန်မာပြည်ထဲ ဝင်ချင်မှ ဝင်သည်။ ဝင်လည်း ရခိုင်မြောက်ပိုင်းတို့ ဘင်္ဂလားဒေ့ရှ်တို့ဘက် ရောက်သွားတာများသည်။

မုန်တိုင်းက မိုးကို ခေါ်လာတတ်သည်ဖြစ်၍ ကောင်းကောင်းဆိုးဆိုး မုန်တိုင်းကို လူတွေမျှော်တတ်ကြသည်။

 

ဟော ခုပဲ မုန်တိုင်းကြီး မိုခါက ဘင်္ဂလားပင်လယ်အော်ထဲ မုန်ယိုနေပြီ။ သူလာတော့မည်ဆို၍ ကြိုတင်ဘေးလွတ်ရာရှောင်သူရှောင်ကြ။ သူက ဖျက်ဆီးမည့်အရာတွေအတွက် အသင့်ပြင်သူပြင်ကြ။ မုန်တိုင်းမတိုင်ခင်ကတည်းက Alert ဖြစ်နေကြသည်။

 

မိုခါ က ဖျက်အားပြင်းမုန်တိုင်းဖြစ်သည်။ လေတိုက်နှုန်း မိုင် ၁၀၀-၁၃၀ အထိရှိမည်မှန်း၍ အတော်ပြင်းထန်သည်။ ၂၀၀၈ နာဂစ် လောက်ပြင်းအားရှိသည်။ ပညာရှင်တွေက တွက်ကြချက်ကြ ဟောကိန်းထုတ်ကြသည်။ မိုးလေဝသဌာနတွေက ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ကြသည်။ မုန်တိုင်း ဘယ်အနားရောက်နေပြီ။ ဘယ်ဘက်ကို ဦးတည်နေသည်။ လေတိုက်နှုန်း ဘယ်လောက်ရှိသည်။ ဘယ်ကိုဝင်မည်။ မုန်တိုင်း စ မဖြစ်ခင်တစ်ပတ်လောက်ကတည်းက မုန်တိုင်းအင်ဖော်မေးရှင်းတွေ ဆက်တိုက်ရနေသည်။ ဆိုရှယ်မီဒီယာ Facebook နှင့် အွန်လိုင်းပေါ်မှာ မုန်တိုင်းသတင်း မသိချင်မှ အဆုံး။

 

၂၀၀၈ နာဂစ် တုန်းက ခုလို ဖေ့စ်ဘွတ် မပေါ်သေး။ ဂျီမေးလ်၊ ဂျီတော့ လောက်ပဲ စ တွင်ကျယ်နေသည်။ သတင်းကို အားလုံး လက်လှမ်းမမီ။ ဘိုကလေး၊ မြောင်းမြ၊ လတ်ပွတ်တာ၊ ဖျာပုံ ပင်လယ်ကမ်းနီးရွာတွေ သိပ်သိပုံမရ။ မုန်တိုင်းဒီရေမြင့်လျှင် တစ်ရွာလုံးရေမြုပ်သည်ကို အတွေ့အကြုံမရှိကြ။ နာဂစ်က စိုးရိမ်စရာကောင်းပြီး အနီရောင်အဆင့်ရှိ၍ သတိရှိရန်လိုကြောင်းကို အမေရိကန်သံရုံးက အီးမေးလ်ပို့ အကြောင်းကြားသည်။ နီးစပ်ရာတွေကို မုန်တိုင်းလာတော့မည်ဟု သတိပေးရုံပဲတတ်နိုင်သည်။ ခုလို ဖေ့ဘွတ်ခ်ပေါ်တက်ပြီး မုန်တိုင်းလာတော့မယ်ဟေ့ လို့ အော်ချက်ထုတ်လို့မရ။

 

ခေတ်က ပြောင်းသွားပြီ။ နာဂစ်တုန်းက ကိုယ်တွေကိုယ်တိုင် ပရင့်မီဒီယာပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေသည်။ လူတွေကလည်း ပရင့်မီဒီယာ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းကိုပဲ အားထားကြသည်။ ကျန်တာက ရေဒီယိုပေါ့။ တီဗီပေါ့။

 

အမှန်ဆိုရလျှင် နာဂစ် လာတော့မည်ဆိုတုန်းက ကိုယ်တိုင်လည်း ပေါ့ပေါ့လျော့လျော့ပါပဲ။ မေ ၂ရက်မှာ နာဂစ်ဝင်တော့ မေ ၁ ရက်မွန်းလွဲပိုင်းအထိ ရွှေပုစွန်မှာ အေးအေးဆေးဆေး ကော်ဖီသောက်တုန်း။ မုန်တိုင်းဆိုတာမျိုးကလည်း မလာခင် ကြိုဟန်ရေးပြတာမျိုးမရှိ။

 

မေ ၁ ရက် မွန်းလွဲပိုင်းအထိ နေရောင်တွေ လင်းပွင့်နေပြီး မိုးသားထူထူကိုပင် မမြင်ရ။ အလွန်အမင်း အုံ့ဆိုင်းနေတာမျိုးလည်း မရှိတော့ မကြောက်သလိုပဲ။ နာဂစ်က ညကျမှ လာသည်။ ညနေ ၆နာရီကျော်တော့ လေက တဟူးဟူးတဟားဟား စတိုက်လာသည်။ တံခါးတွေကို လေက ဒိုင်းခနဲရိုက်သည်။ ချွမ်ခနဲ မှန်တံခါးတွေ ကွဲသည်။ မီးတွေ ပြတ်သွားပြီ။ အပြင်မှာ တဟူးဟူးလေသံတွေ။ အိမ်ရှိလူကုန် လုံခြုံသောအိမ်ထောင့်တစ်နေရာမှာ စုရုံးနေကြရသည်။ updated သတင်းကို လက်ကိုင်ဖုန်းပဲအားကိုးရသည်။ နောက်တော့ ဖုန်းလိုင်းတွေလည်းပျက်။ မီးတွေလည်းပျက်။ အိမ်ရှေ့လမ်းမမှာ သစ်ပင်တွေကျိုး၊ ရေတွေကြီး။ ဒါက နာဂစ်တုန်းက ဖြစ်စဉ်ပါ။


အခု မိုခါကလည်း နာဂစ်လိုလာမည်ဆိုတော့ ကျောက်ဖြူ၊ စစ်တွေတစ်ကြော နာဂစ်လို လေပြင်းဝင်မည်။ ရေကြီးမည်။ သစ်ပင်ကြီးတွေ ကျိုးမည်။ လမ်းတွေပိတ်မည်။ လျှပ်စစ်မီးပြတ်၊ ရေပြတ်မည်။ နေအိမ်အဆောက်အဦးတွေ ပြိုမည်။ ဒါက မုန်တိုင်းများ၏ အပြုအမူဖြစ်သည်။ ခုတစ်ခါ မုန်တိုင်းမှာ နာဂစ်နှင့် မတူနိုင်တာက ကြိုတင်ပြင်ဆင်နိုင်မှုပဲလို့ ဆိုရမည်။ ဒါက ခုခေတ် အွန်လိုင်း သတင်းမီဒီယာစီးဆင်းမှု အဟုန်ကြောင့်ဖြစ်သည်။ မုန်တိုင်း မဝင်ခင်ကတည်းက မုန်တိုင်းသတိ ရှိနေကြသည်။

 

ဒီနေ့ မနက်အထိတော့ နေက သာနေသေးသည်။ မုန်တိုင်းက ရှိလို့ရှိမှန်း၊ လာလို့လာမှန်း မသိရအောင် လင်းလင်းရှင်းရှင်းရှိနေသေးသည်။

 

ဟော လာပါပြီဗျာ။ မေ ၁၃ မနက် ကိုးနာရီ။ ရန်ကုန်မှာ မိုးရွာပါပြီ။ သည်းသည်းမည်းမည်း မုန်တိုင်းမိုးလို ညိုမှောင်ပြီး ရွာသည်။

 

ရန်ကုန်သူ၊ ရန်ကုန်သားတွေ မျှော်နေသော မိုး၊ တကယ်လာပါပြီ။ မတ်၊ ဧပြီ၊ မေ တစ်နွေလုံး ပူလောင်အိုက်စပ်နေသမျှ အေးရပြီ။ တစ်နွေလုံး ပွင့်ဖို့ တာစူနေသော ပိတောက်တွေ ရွှေလိုပွင့်ကြတော့မည်။ ဒီနှစ်နွေက သင်္ကြန်လည်းမရှိ။ ပိတောက်လည်းမပွင့်။ ပူပူလောင်လောင် ခြောက်ခြောက်သွေ့သွေ့နှင့်ပြီးသွားသည်။

 

သင်္ကြန်အပြီးမှာ ပူလောင်ပုံက ဖျတ်ဖျတ်လူးသည်။ ပူသည့်အထဲ မီးက တစ်ရက် လေးနာရီပဲလာသည်။ လာလိုက်၊ ပျက်လိုက်။ အလုံပိတ်ခန်းထဲ ချွေးတလုံးလုံးနှင့် နေရသည်။


ကောင်းကောင်းဆိုးဆိုး မြန်မာပြည်ထဲ မုန်တိုင်းဝင်မည်ဆိုတော့ လူတွေပျော်ကြသည်။ မုန်တိုင်းက အဖျက်စွမ်းအားကြီးသည်ဆိုလည်း မလာသေးဘူးလား၊ မလာသေးဘူးလား နှင့် တောင့်တနေကြသည်။ ဟော ခုတော့ တကယ်လာပါပြီ။

 

မီးလိုအပူတွေ၊ မုန်တိုင်းလို လေပြင်းတွေ၊ နာကျင်ခံခက် အဆိုးတွေရဲ့ အဆုံးမှာတော့ သက်တောင့်သက်သာဖြစ်မှုလေးတွေ ဒီဘုံက လူတွေဆီ ဆောင်ကျဉ်းပေးပါလို့ပဲ ဆုတောင်းလိုက်ပါရစေ..။

CWM

13-5-2023


ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၂ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး