သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မိုခါအလွန်မှာ နီရိုးဘုရင်လို တယောမထိုးကြဖို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

 

မိုခါ၏ ထိုးစစ်တွင် ညက်ညက်ကြေခဲ့ရသော နေ့တစ်နေ့

--------------------------------------------------------------

၂၀၂၃-ခုနှစ်၊ မတ်လ (၁၄) ရက်နေ့။

ထိုနေ့ နံနက်ပိုင်းအချိန်က ရခိုင်တစ်ပြည်လုံးတွင် ရာသီဥတု အတန်အသင့် သာသာယာယာပင် ရှိနေသးသည်။ ရံဖန်ရံခါတွင် မိုးဖွဲကလေးများစွေလာလိုက်၊ တစ်ချက်တစ်ချက်တွင် လေပြည် ခပ်ပြင်းပြင်းများသုတ်လာလိုက်နှင့် နံနက်ခင်းအချိန်သည် အေးစိမ့်စိမ့်နိုင်လွန်းရုံကလွဲ၍ ပုံမှန်အတိုင်းသာ ရှိနေသည်။ ရာသီဥတုကို ကြိုတင်နိမိတ်ဖတ်နိုင်သည်ဟုဆိုသော ငှက်ကလေးများကိုပင် ပုံမှန်အတိုင်း ဟိုမှသည်မှ ပျံဝဲလျက်မြင်နေရ၏။ ထူးခြားဖြစ်စဉ်ဆို၍ ရာသီဝင်လာကတည်းက တောက်လျှောက်ပူပြင်းလာခဲ့သည့် အပူချိန်များ လုံးလုံးလျားလျား လျော့ကျသွားခဲ့ခြင်းသာ ရှိလေသည်။

 

ကောင်းကင်ပြင်တွင် ဘင်္ဂလားပင်လယ်အော်ဘက်ဆီမှ လှိုက်ဆို့တက်လာနေသည့် တိမ်မည်းညိုများကိုမြင်နေရသော်လည်း သည်လိုမြင်ကွင်းမျိုးက ရခိုင်ကမ်းခြေဒေသအတွက် ထူးဆန်းလှသည့်မြင်ကွင်းမျိုးတော့ မဟုတ်ချေ။ သို့သော် ထိုသို့ ငြိမ်သက်နေသည့် ရာသီဥတု၏အခြားတစ်ဖက်တွင်တော့ မကြာမီရောက်ရှိလာတော့မည့် လေရိုင်းမိစ္ဆာများ ရှိနေကြောင်းကို ရခိုင်လူမျိုးတိုင်း သိရှိနားလည်နေကြလေသည်။

 

ထိုနေ့သည် ဧရိယာစတုရန်းမိုင်ပေါင်း (၅၀၀) ခန့်မျှ ကြီးမားကျယ်ဝန်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်း(MOCHA Cyclone) ကြီး ရခိုင်ပြည်သို့ ဖြတ်ကျော်ဝင်ရောက်လာမည့်နေ့၏ နိဒါန်းအစပင်ဖြစ်လေသည်။ ရှင်းရှင်းပြောရလျှင် မုန်တိုင်းမလာမီ‌ လေပြေအေးများသွေးနေသည့် အချိန်ကာလတစ်ခုပင်ဖြစ်လေသည်။

 

အမှောင်လွှမ်းသွားခဲ့သည့် နာရီများ

----------------------------------------

ထိုနေ့နံနက် ၉ နာရီခန့်အချိန်တွင် မိုးသည်းလေပြင်းများ တစစ ပိုမိုအားကောင်းလာခဲ့သော်လည်း ရခိုင်ဒေသတွင် စာမဖွဲ့လောက်သည့် တစ်နာရီ ၄၅ မိုင်ဝန်းကျင်ခန့်မျှသာ ရှိနေသေးသည်။ သို့သော် ရခိုင်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံး ကမ်းခြေမြို့တစ်မြို့ဖြစ်သည့် ဂွမြို့နယ်ထဲတွင်တော့ မိုခါမုန်တိုင်း၏ ဗွေဆော်ဦး တမန်တော်များက လူနေအိမ်တချို့ကို ရက်ရက်စက်စက် ဖျက်စီးလိုက်ကြပြီဖြစ်၏။ နံနက် ၁၁ နာရီကျော်ခန့် အချိန်တွင်မူ ရခိုင်တစ်ပြည်လုံးတွင် လေတိုက်နှုန်းက သိသိသာသာ ပြင်းထန်လာခဲ့ပြီဖြစ်သည်။ လေနှင့်မိုးရွာကာ မွှေ့ရမ်းတိုက်ခတ်သဖြင့် သစ်ပင်ကြီးများ စတင် ယိမ်းထိုးလာခဲ့ကြပြီ ဖြစ်လေသည်။ သို့သော် ထိုအချိန်အထိပင် မုန်တိုင်းဗဟိုချက်နှင့် တိုက်ရိုက်ထိတွေ့ရမည့် စစ်တွေမြို့တွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ဝန်းကျင်ခန့်သာ ရှိသေးကြောင်းနှင့် ပင်လယ်ရေပြင်မှာလည်း သာမန်လှိုင်းဂယက်များ အဆင့်သာရှိသေးကြောင်း မုန်တိုင်းအခြေအနေကို အချိန်နှင့်တပြေးညီဖော်ပြပေးနေသည့် ရခိုင်သတင်းဌာနများက ဆိုကြသည်။

 

ဘင်္ဂလားပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် မိုခါမုန်တိုင်းသည် အနည်းဆုံး တစ်နာရီလျှင် မိုင် ၁၂၀ မှ ၁၂၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ခြေရှိပြီး မတ်လ ၁၄ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်တွင် စစ်တွေမြို့ အနောက်တောင်ဖက် မိုင်-၁၀၀ အကွာခန့်ကိုဗဟိုပြုပြီး ရခိုင်တစ်ပြည်လုံးကို လွှမ်းခြုံ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားခဲ့ကြသည်။ သို့သော် ထိုနေ့နံနက် ၁၂ နာရီသို့ နီးကပ်လာချိန် အထိ စစ်တွေမြို့ထဲတွင် ပြင်းထန်စွာတိုက်ခတ်မည့် မုန်တိုင်း၏အရိပ်အယောင်ကို စိုးစဉ်မျှ မတွေ့ရှိရသေးပေ။ ထိုမျှမက မုန်တိုင်းဖြတ်ကျော်ချိန်တွင် အန္တရာယ်ရှိနိုင်သော အနီရောင်အဆင့် မြို့များအဖြစ် သတ်မှတ်ခံထားရသည့် မာန်အောင်၊ကျောက်ဖြူ၊ မြေပုံ၊ ‌ပေါက်တော၊ ရသေ့တောင်နှင့် မောင်တောမြို့များတွင်လည်း နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်အထိ လေပြင်းတိုက်ခတ်ခြင်းများ မရှိခဲ့ပေ။

 

နေ့လယ် ၁၂ နာရီခွဲသို့ ချည်းနင်း ဝင်ရောက်လာချိန်တွင်မူ မိုခါမုန်တိုင်း၏ လေတိုက်နှုန်းသည် ပညာရှင်များ ကြိုတင်ခန့်မှန်း ထားခဲ့ကြသည့်အတိုင်း အပြင်းဆုံးအခြေအနေသို့ ရုတ်ချည်း ဆိုက်ရောက်လာလေတော့သည်။ မိုခါမုန်တိုင်း အင်အားပြင်းစွာ ဝင်ရောက်လာချိန်နှင့် တပြေးညီပင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ချက်ချင်း ပြတ်တောက်သွားခဲ့တော့သည်။ လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်းက ရခိုင်တစ်ပြည်နယ်လုံးရှိ မုန်တိုင်းအခြေအနေများကို ဖေ့စ်ဘုတ် Live လွှင့်နေသူတချို့နှင့် ရခိုင်သတင်းဌာနများကတဆင့် သိရှိနေခဲ့ရသော်လည်း ၁၂ နာရီခွဲ ကျော်လွန်ပြီးချိန်တွင်တော့ သတင်းအမှောင် ကျသွားခဲ့ရလေတော့သည်။ ထိုအချိန်မှစတင်ကာ ရခိုင်တစ်မြို့နယ်နှင့်တစ်မြို့နယ် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသည့် အချိန်ကာလသည် မုန်တိုင်း အဖျားခတ်ခဲ့ရာနေရာများတွင် အနည်းဆုံး နာရီသုံးဆယ်ခန့်မျှအထိရှိခဲ့ပြီး စစ်တွေအပါအဝင် အနီရောင် အဆင့်သတ်မှတ်ခံ ဒေသများတွင်တော့ ‌လေးဆယ့်ရှစ်နာရီခန့်မျှအထိ ကြာမြင့်ခဲ့လေသည်။ ထိုအချိန် ကာလများသည် သူ့ကိုကိုယ် မကယ်နိုင်၊ ကိုယ့်ကိုသူ မကယ်နိုင်ဘဲ ရခိုင်တစ်ပြည်လုံး အမှောင်အတိကျသွားခဲ့ရသည့် အချိန်ကာလများပင် ဖြစ်လေသည်။

 

ရခိုင်ပြည်နယ်နှင့် ဆိုင်ကလုန်းမုန်တိုင်းများသမိုင်း

---------------------------------------------------------

ရခိုင်ပြည်နယ်သည် မြစ်ချောင်းနှင့် တောတောင်ပေါများသော ပင်လယ်ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်ပြီး ဧရိယာစတုရန်းမိုင်ပေါင်း (၁၄၀၀) ရှိသည်။ လခြမ်းသဏ္ဌာန်တည်ရှိနေသော ရခိုင်ပြည်နယ်၏ အနောက်ဖက် ကမ်းခြေတစ်ခုလုံးသည် ဘင်္ဂလားပင်လယ်အော်နှင့် တိုက်ရိုက် ထိစပ်လျက်ရှိနေ၏။ ထို့ကြောင့်ပင် ဘင်္ဂလား ပင်လယ်အော်၏ ကောင်းမွေဆိုးမွေများကို ရခိုင်ပြည်နယ်က တိုက်ရိုက်ခံစားရလေ့ ရှိသည်။ အထူးသဖြင့် မုတ်သုန်လေဝင်စနှင့် မုတ်သုန်လေအပြန်ကာလတို့၌ ဘင်္ဂလားပင်လယ်ပြင်တွင် ဖြစ်ပေါ်လေ့ရှိသော အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းများက ရခိုင်ဒေသအတွက် မစိမ်းလှသော မုန်တိုင်းများပင် ဖြစ်လေသည်။ ကမ္ဘာအရပ်ရပ်တွင် ရာသီဥတုအလိုက် အားပြင်း၊ အားပျော့သော မုန်တိုင်းအမျိုးမျိုးရှိပြီး နေရာဒေသကို လိုက်၍ အမည်နာမ အခေါ်အဝေါ်လည်း ကွဲပြားကြသည်။ အကြမ်းအားဖြင့် မက္ကဆီကို ပင်လယ်ကွေ့၊ အနောက် အိန္ဒိယကျွန်းတစ်ဝိုက်နှင့် ‌မြောက်အမေရိကတိုက် ဖလော်ရီဒါ ကမ်းခြေတစ်ဝိုက်တို့တွင် ဖြစ်ပေါ်တတ်သည့် မုန်တိုင်းများကို ဟာရီကိန်းမုန်တိုင်း၊ အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဖြစ်ပေါ်တတ်သည့် မုန်တိုင်းများကို ဆိုင်ကလုန်းမုန်တိုင်း၊ တရုတ်ပင်လယ်နှင့် ဂျပန်နိုင်ငံတစ်ဝိုက်တို့တွင် ဖြစ်ပေါ်တတ်သည့် မုန်တိုင်းများကို တိုင်ဖွန်း၊ မာရစ်ရှနှင့် မက်ဒါဂတ်စတာကျွန်း၊ အရှေ့အိန္ဒိယပင်လယ်တို့၌ ဖြစ်ပေါ်တတ်သည့် မုန်တိုင်းများကို ဆိုင်ကလုန်း၊ သြစတေးလျှတိုက် အရှေ့ပစိဖိတ်သမုဒ္ဒရာ၌ ဖြစ်ပေါ်တတ်သည့်မုန်တိုင်းများကို ဟာရီကိန်း မုန်တိုင်းနှင့် ဖိလစ်ပိုင်ကျွန်းတစ်ဝိုက်တွင် ဖြစ်ပေါ်တတ်သည့် မုန်တိုင်းများကို ဗားဂယိုမုန်တိုင်း ဟု ခါ်ဝေါ်ကြကြောင်း သိရှိရသည်။

 

ရခိုင်ကမ်းခြေဒေသသို့ မကြာခဏ ဝင်ရောက်အကဲစမ်းတတ်သည့် မုန်တိုင်းများမှာ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ရာမှ ပေါက်ဖွားလာသည့် ဆိုင်ကလုန်းမုန်တိုင်းများပင်ဖြစ်၏။ ဆိုင်ကလုန်း (Cyclone) ဆိုသည့် အမည်နာမမှာ လွန်ခဲ့သည့်နှစ်ပေါင်း(၁၀၀) ခန့်က အိန္ဒိယပညာရှင် ဟင်နရီပက်ဒက်တန်” ဆိုသူ မှည့်ထွင်ခဲ့သည့် အမည်နာမ တစ်ခုပင်ဖြစ်ကြောင်း သိရ၏။ အဓိပ္ပါယ်မှာ ခွေနေသည့်မြွေ” ဟူ၍ဖြစ်၏။ မုန်တိုင်း၏ အသွင်သဏ္ဌာန်မှာ အပြင်ဘက်ကိုယ်ထည်တွင် လေလှိုင်းများရစ်ပတ်ခွေနေပြီး အလယ်တည့်တည့်တွင် မုန်တိုင်းဗဟို သို့မဟုတ် မုန်တိုင်းမျက်စိ ရှိနေသည်။ မြွေတစ်ကောင်ခွေနေသည့် ပုံစံနှင့်တူသဖြင့် ဟင်နရီပက်ဒက်တန် က ခွေနေသည့်မြွေ” ဟု မှည့်တွင်ခဲ့ဟန်ရှိ၏။

 

ရခိုင်ပြည်နယ်ထဲသို့ ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းများသမိုင်းကို ပြန်လည်ကြည့်မည်ဆိုပါက အောက်ပါအတိုင်း တွေ့ရှိရမည်ပင် ဖြစ်သည်။ ၁၈၆၈၊ နိုဝင်ဘာတွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၈၈၃၊ နိုဝင်ဘာ-၁၁-၁၄ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားအသင့်အတင့် ဆိုင်ကလုန်း၊ ၁၈၈၄၊ မတ်-၁၄-၁၇ စစ်တွေကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၈၉၅၊ ဧပြီ-၂၁-၂၅ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၈၉၇ အောက်တိုဘာ-၂၁-၂၄ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၉၀၈၊ နိုဝင်ဘာ-၉-၁၂ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၉၁၀၊ ဧပြီ-၁၃-၁၆ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပျော့ ဆိုင်ကလုန်းငယ်၊ ၁၉၁၀၊ နိုဝင်ဘာ-၁၃-၁၆ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပျော့ ဆိုင်ကလုန်းငယ်၊ ၁၉၁၄၊ ဇွန်-၂-၃ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၉၁၆၊ ‌မေ-၄-၆ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၉၂၂၊ နိုဝင်ဘာ-၈-၁၀ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၉၂၆၊ မတ်-၈-၁၀ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၉၃၀‌၊ မတ်-၈-၁၀ တွင်ကျောက်ဖြူကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၉၃၆၊ ဧပြီ-၂၂-၂၆ တွင် ကျောက်ဖြူကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၉၄၅၊ ဧပြီ-၂၈-မေ-၃ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားအသင့်အတင့် ဆိုင်ကလုန်း၊ ၁၉၄၈၊ အောက်တိုဘာ -၅-၈ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်းမုန်တိုင်းများကို တွေ့ရှိရသည်။

 

ထို့အပြင် ၁၉၅၂၊ အောက်တိုဘာ-၂၂-၂၄ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၉၆၂၊ မေ-၂၆ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားအသင့်အတင့် ဆိုင်ကလုန်း၊ ၁၉၆၇၊ ‌မေ-၁၈-၂၀ တွင် ကျောက်ဖြူကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၉၆၇၊ ‌အောက်တိုဘာ-၂၀-၂၇ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၉၆၈၊ မေ-၁၀-၁၁ တွင် စစ်တွေကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်း၊ ၁၉၇၈၊ မေ တွင် ကျောက်ဖြူကိုဗဟိုပြုခဲ့သည့် မုန်တိုင်းနှင့် ၁၉၈၂၊ မေ-၅ တွင် ဂွမြို့ကို ဗဟိုပြုခဲ့သည့် အားပြင်း ဆိုင်ကလုန်းတို့ဖြစ်ကြသည်။ ယခုအချက်အလက်များမှာ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်းထဲမှ မှတ်တမ်းမှတ်ရာများအရ ကိုးကားပြဆိုခြင်းသာဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်၊ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာ-၂၂က ‌ကျောက်ဖြူနှင့် စစ်တွေမြို့များသို့ ဗဟိုပြုတိုက်ဝင်ရောက်ခဲ့သည့် ဂီရိ(GIRI) မုန်တိုင်းသည်လည်း ရခိုင်ကမ်းခြေတစ်လျှောက်တွင်

တစ်နာရီကို လေတိုက်နှုန်းမိုင် ၁၂၀ မိုင်နှုန်းအထိ ပြင်းထန်ခဲ့သည်။

 

မိုခါအမှောင်တိုက်ကို လွန်မြောက်ပြီးနေ့ရက်များ

-----------------------------------------------------

မေလ ၁၅ ရက်တွင် မိုခါမုန်တိုင်းဒဏ်ထဲမှ ရခိုင်တစ်ပြည်နယ်လုံး ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့ပြီဖြစ်သော်လည်း မုန်တိုင်းထဲတွင် ဆက်သွယ်ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့မှုကြောင့် တစ်မြို့နယ်၏ အခြေအနေကို တစ်မြို့နယ်က သိရှိနိုင်ရန် ခက်ခဲခဲ့သည်။ သတင်းဌာနများသည်ပင် ရခိုင်တစ်ပြည်လုံးမှ အခြေအနေများကို ဖော်ပြနိုင်ခြင်း မရှိခဲ့ပေ။ မေလ ၁၆ ရက်နေ့တွင်မူ မြို့နယ်တချို့တွင် ဖုန်းလိုင်း တချို့ပြန်လည်ကောင်းမွန်လာခဲ့ပြီး စစ်တွေမြို့၏ အပျက်အစီးအခြေအနေများကိုလည်း မြင်တွေ့သိရှိလာရသည်။ မုန်တိုင်းကာလထဲတွင် လေဒဏ်ရော ရေဒဏ်ကိုပါ အလူးအလဲခံခဲ့ရသည့် စစ်တွေမြို့၏အခြေအနေမှာ အပျက်အစီးများကြားထဲတွင် မြို့ပျက်ကြီးတစ်ခုနှင့်မခြားပါပေ။ ထို့အပြင် ရသေ့တောင်မြို့၏ အပျက်အစီးများ ကို အပေါ်စီးမှ ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကလည်း မြင်ရသူများအဖို့ ကြေကွဲဝမ်းနည်းဖွယ်အတိပင် ဖြစ်‌လေသည်။

 

သဘာဝဘေးအန္တရာယ်ဆိုင်ရာသတိပေးချက်များနှင့် လူထု၏တုန့်ပြန်မှုများ

-------------------------------------------------------------------------------

ယနေ့ခေတ်တွင် တိုးတက်မြင့်မားလာနေသည့် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများကြောင့် သတင်း အချက်အလက်များကို လူတိုင်း အလွယ်တကူရယူ သိရှိနိုင်ကြသည်။ မိုခါမုန်တိုင်းဝင်ရောက်လာမည့် အရေးနှင့် ပတ်သက်၍လည်း ရခိုင်ပြည်နယ်ထဲတွင် လုံလောက်သော သတင်းအချက်အလက်များကို စောစီးစွာ သိရှိခွင့် ရရှိခဲ့ကြသည်သာဖြစ်၏။ မုန်တိုင်းမဝင်ရောက်မီ တစ်ပတ်ကျော်ကာလ၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအား ရပ်ဝန်းမှ မုန်တိုင်းငယ်အဆင့်သို့ ကူးပြောင်းစဉ်ကာလကပင် မုန်တိုင်းနှင့်ပတ်သက်သော သတိပေးချက်များကို ရခိုင်ပြည်နယ်ထဲ၌ လှိုင်လှိုင်ပေါပေါ ကြားနေခဲ့ရသည်။ မုန်တိုင်းနှင့်ပတ်သက်၍ အသိပညာပေးမှုများလည်း ခါတိုင်းထက်ပိုမို အားကောင်းခဲ့သည်။

 

သို့သော် ရခိုင်လူထုအများစုသည် မုန်တိုင်းမဝင်မီတစ်ရက်ခန့်အချိန်အထိ မုန်တိုင်းအန္တရာယ်ကို ခပ်ပေါ့ပေါ့ပင် ထားခဲ့ကြပုံပေါ်သည်။ ဘေးလွတ်ရာသို့ ရွေ့ပြောင်းရန်ကိစ္စဆိုသည်မှာ အပြောလွယ်သလောက် လက်တွေ့မလွယ်ကူ၍လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်‌စေ၊ မုန်တိုင်းအန္တရာယ်ကို ပေါ့ဆသူများရှိခဲ့ကြသည်ကိုတော့ လက်သင့်ခံရမည်ပင် ဖြစ်သည်။ သို့မဟုတ် မုန်တိုင်းသတင်းကို စောစီးစွာကြားသိနေရသဖြင့် ပေါ့ပေါ့ဆဆ ဖြစ်သွားကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ ထိုသို့ဆိုလျှင် ဆက်သွယ်ရေး သတင်းအချက်အလက်အားကောင်းမှု၏ ဘေးထွက်ဆိုးကျိုးတစ်ခုဟု ကင်ပွန်းတပ်ရမည် ထင်၏။ သေချာသည်ကတော့ မုန်တိုင်းအသိပေးချက်များအပေါ်တွင် ရခိုင်လူထု၏ တုန့်ပြန်မှုမှာ အားရစရာမကောင်းခဲ့ဟု ဆိုမည်ပင်ဖြစ်သည်။

 

ပြန်လည်ထူထောင်ရေးကာလမှာ နီရိုးဘုရင်လို တယောမထိုးကြဖို့

--------------------------------------------------------------------

သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်အချိန်၊ ဘေးဒဏ်ကို ရင်ဆိုင်နေချိန်နှင့် ဘေးဒဏ်အလွန် ကာလများတွင် ပြန်လည်ထူထောင်ရေး ပြုလုပ်ချိန်ဟူ၍ သုံးပိုင်းခွဲခြားကြသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်ထဲ၌ တိုက်ခတ်ခဲ့သည့် ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံထဲမှပျောက် ကွယ်သွားခဲ့ပြီဖြစ်၏။ မုန်တိုင်းအပြင်းထန်ဆုံးအချိန်တွင် အဦးဆုံး ရင်ဆီးခံခဲ့ရသော ရခိုင်မြို့နယ်အများစုလည်း မုန်တိုင်းအောက်တွင် ပြားပြားဝပ်ဆင်း ကျန်နေရစ်ခဲ့ပြီ ဖြစ်သည်။ စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တော စသောမြို့နယ်များတွင် မုန်တိုင်းကြောင့် ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ပျက်စီးဆုံရှုံးမှု ရှိခဲ့သည်။ မုန်တိုင်းသည် တိုက်တာအိုးအိမ် အဆောက်အအုံများနှင့် ဆက်သွယ်ရေးစနစ်များကို သာမကဘဲ လူ့အသက်များစွာကိုပါ နှုတ်ယူသွားခဲ့၏။ အတည်မပြုနိုင်သည့် သတင်းတချို့တွင် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ထဲတွင် လူသေဆုံးမှု (၁၀၀) အထက်တွင် ရှိနိုင်ကြောင်းဖော်ပြကြသည်။

 

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA) ၏ ထုတ်ပြန်ချက်အရ မိုခါ မုန်တိုင်းဒဏ်ကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် လူပေါင်း (၅.၄) သန်း ထိခိုက်မှုရှိခဲ့ပြီး၊ (၃.၂) သန်းအတွက် အ‌ရေးပေါ် အကူအညီများလိုအပ်နေသည်ဟု သိရှိရသည်။ မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်တွင် မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရသည့် ရခိုင် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရာ ဒေသအဖြစ် နိုင်ငံတော်က သတ်မှတ်လိုက်ပြီး ကူညီကယ်ဆယ်ရေးများကို လုပ်ဆောင်လျက်ရှိသည်။ တစ်ဖက်တွင်လည်း အစိုးရမဟုတ်သာ ဒေသတွင်း ပရဟိတလူမှုအဖွဲ့အစည်းများက မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြသည်ကိုတွေ့ရသည်။  နိုင်ငံတကာ အကူအညီအထောက်အပံ့များ၊ အစိုးရ၏ အထောက်အပံ့များ၊ စေတနာရှင်အဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များနှင့် မုန်တိုင်း အလွန်ကာလကို နာလန် ပြန်ထရန်ကြိုးစားနေကြပြီ ဖြစ်သည်။

 

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖက်ဖက်မှ အင်တိုက်အားတိုက်ဆောင်ရွက်နေကြချိန်တွင် နစ်နာဆုံးရှုံးသူများအတွက် လိုအပ်နေသော အခြေခံ စားသောက်ကုန်များ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများကို အတ္တရှေ့တန်းတင်၍ စျေးမြှင့်မရောင်းချကြရန်တော့ လိုအပ်နေပါသည်။ ရခိုင်ပြည်နယ်သည် ဆင်းရဲမှုရာခိုင်နှုန်း မြင့်မားသည့် ပြည်နယ်တစ်ခုပင် ဖြစ်သည်။ အခြေခံလက်လုပ်လက်စား လူတန်းစားများပြားသော ရခိုင်ပြည်နယ်ထဲတွင် ဘေးအန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်လာရပါက အဦးဆုံး အခက်ကြုံရသူများမှာ ဆင်းရဲသားလူတန်းစားများပင် ဖြစ်သည်။ ထစ်ခနဲ့ဆိုလျှင် ကုန်စျေးနှုန်းတက်ရန် တာစူနေကြသည့် စီးပွားရေးလုပ်ငန်းရှင် အထက်တန်းလွှာလူတန်းစားများကြောင့် အခြေခံလက်လုပ်လက်စားများ စားဝတ်နေရေး အခက်ကြုံနေကြရသည်မှာ အစဉ်အမြဲပင်ဖြစ်သည်။ လက်ရှိအချိန်တွင်လည်း မိုခါမုန်တိုင်းကို အမှီပြုကာ ခွေးသေတစ်ခုအကြောင်းပြု စီးပွားရှာသကဲ့သို့ အခြေခံစားသောက်ကုန်များ အဆမတန်စျေးနှုန်း မြင့်မားလာနေသည်ကို မြင်တွေ့နေကြရသည်။ မိုခါမုန်တိုင်းသည် ဆင်းရဲ ချမ်းသာမရွေး၊ အယုတ်၊ အလတ်၊ အမြတ်မရွေး အသက်အိုးအိမ် စည်းစိမ်များကို ရန်ရှာဖျက်စီးခဲ့ခြင်းပင်ဖြစ်သည်။

 

မုန်တိုင်းကိုရင်ဆိုင်ခဲ့ကြရာတွင် လူတိုင်း တပြေးညီရင်ဆိုင်ခဲ့ကြရသည်ဟုဆိုသော်လည်း လိုအပ်ချက်များပြားသော ဆင်းရဲသားလူတန်းစားများက ပိုမို၍ ဒုက္ခ များခဲ့ကြရမည်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယခုအချိန်တွင် အသက်ဘေးမှ သီသီကလေး လွတ်မြောက် လာကြသူအချင်းချင်း ကိုယ်ချင်းစာတရားနှင့် ရိုင်းပင်းကူညီကြရန် လိုအပ်နေချိန်ဖြစ်ပါသည်။ ရောမသမိုင်းထဲတွင် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် ဘုရင်တစ်ပါး ရှိခဲ့သည်။ သူ့နာမည်မှာ နီရိုးဖြစ်၏။ နီရိုးဘုရင်သည် ရောမ တစ်မြို့လုံး မီးဟုန်းဟုန်းတောက်လောင်နေသည်ကို အရသာခံကာ တယောထိုး မပျက်ခဲ့သည့် ဘုရင်ဆိုးတစ်ပါးအဖြစ် နာမည်ကျော်ခဲ့သည်။ လူသားဆန်သောစိတ် ကင်းဝေးလွန်းလှသူအဖြစ် သမိုင်းဆိုးခဲ့သည်။ လက်ရှိအချိန်တွင်လည်း မိုခါမုန်တိုင်းကြောင့် ရခိုင်တစ်ပြည်လုံး စိစိညက်ညက်မျှကြေခဲ့ပြီး နာလန်ပြန်ထူရန် ကြိုးစားနေကြချိန်တွင် ဘယ်သူသေသေ၊ ငတေမာပြီးရောဆိုသည့် စီးပွားရေးလုပ်ငန်းရှင်များ မဖြစ်ကြရန် လိုအပ်နေပါသည်။ ခေတ်ပျက်ကြီးကို အမြတ်ထုတ်ရန် ကြိုးစားနေသည့် ငွေရှင်ကြေးရှင်၊ လုပ်ငန်းရှင်များမဖြစ်ဖို့နှင့် မိုခါငရဲတွင်းမှ လွတ်မြောက်လာကြသည့် ဆင်းရဲသားလူတန်းစားတို့၏ အသက်ရှင်ရေး ထမင်းတစ်လုပ်စာကို စီးပွားရေးအမြတ်မထုတ်ကြဖို့ လိုအပ်ပါသည်။ ရခိုင်စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ငွေရှင်ကြေးရှင်များအနေနှင့် မုန်တိုင်းဒဏ်သင့်ဆင်းရဲသားလူ တန်းစားများအပေါ်တွင် နီရိုးဘုရင်ကဲ့သို့ တယောထိုးသူများ မဖြစ်ကြဖို့တော့ လိုအပ်နေပါသေးသည်။

 

ရက္ခ

ဆက်စပ် သတင်းများ