အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

အလွန့် အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ‘Mocha’


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

‘Mocha' ဆိုင်ကလုန်း မုန်တိုင်း ဖြစ်ပေါ်လာ

 

ဆိုင်ကလုန်းဆန်ဆန် လေစီးကြောင်းတစ်ခု ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ အိန္ဒိယမိုးလေဝသ ဌာန (India Meteorological Department - IMD)က မေလ ၂ ရက်နေ့မှာ စတင်ခန့်မှန်းခဲ့ပါတယ်။ ‌မေလ ၆ ရက်နေ့မှာ  အပူပိုင်းမုန်တိုင်း လေစီးကြောင်းတွေ စဖြစ်ပေါ်လာပြီလို့ အဲဌာနက ထပ်မံထုတ်ပြန်ခဲ့ပြီး မေလ ၇ ရက်နေ့မှာ အပူပိုင်းမုန်တိုင်းလေစီးကြောင်းဟာ အားကောင်းလာကာ အနောက်ဘက်သို့ ဦးတည်နေကြောင်း တိုင်ဖွန်းမုန်တိုင်း သတိပေးရေး ပူးတွဲဌာန (Joint Typhoon Warning Center -JTWC) က အစီရင်ခံခဲ့ပါတယ်။ မေလ ၈ ရက်နေ့မှာတော့ အဲလေစီးကြောင်းကို လေဖိအားနည်းရပ်ဝန်း (low-pressure area) အဖြစ် အိန္ဒိယမိုးလေဝသဌာနက သတ်မှတ်ခဲ့ပြီး အပူပိုင်းမုန်တိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ မေလ ၁၀ ရက်နေ့မှာတော့ အားကောင်းတဲ့ မုန်တိုင်းငယ် (deep depression) အဖြစ် ရောက်ရှိနေပြီလို့ ထပ်မံအသိပေးခဲ့ပါတယ်။ 



 မုန်တိုင်းတိုက်ခတ်မည့်လမ်းကြောင်း Windy Map တွင် မြင်ရပုံ (Source – windy.com)


‘Mocha' လို့ ဘယ်လို အမည်ပေးခဲ့တာလဲ

 

သိပ္ပံပညာရှင် အသိုင်းအဝိုင်းတွေ၊ သတင်းဌာနတွေ၊ သဘာဝဘေးအန္တရာယ်အရေး ဆောင်ရွက်သူတွေအပါအဝင် သာမန်လူထုအနေနဲ့ ဆိုင်ကလုန်းမုန်တိုင်း တစ်ခုချင်းစီကို သီးခြားနားလည်နိုင်ဖို့၊ အဲဆိုင်ကလုန်းမုန်တိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှုကို သိရှိနိုင်ဖို့၊ ဒေသတွင်းမှာ နောက်ဆိုင်ကလုန်းမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာရင် ရှုပ်ထွေးမှု မဖြစ်စေဖို့နဲ့ ကျယ်ပြန့်တဲ့ လူထုကို မုန်တိုင်းသတိပေးချက်တွေ အချိန်နဲ့ တပြေးညီ ထိရောက်စွာ ထုတ်ပြန်နိုင်ဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေကြောင့် ဆိုင်ကလုန်း မုန်တိုင်းတွေကို နာမည်သတ်မှတ်လေ့ ရှိကြပါတယ်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ (World Meteorological Organisation WMO) နဲ့ အာရှ - ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေး ကော်မရှင် (United Nations Economic and Social Commission for Asia and the Pacific UN ESCAP) လိုမျိုး ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတွေဟာ ဆိုင်ကလုန်းမုန်တိုင်းတွေကို အမည်ပေးဖို့ တာဝန်ရှိကြပါတယ်။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေကိုတော့ ဒေသတွင်းမိုးလေဝသဖြစ်ထွန်းမှုတွေကို အထူးပြုလေ့လာတဲ့ မိုးလေဝသဌာနတွေ (Regional Specialised Meteorological Centres RSMICsနဲ့ ‌ဒေသတွင်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း သတိပေးရေးဌာန (Regional Tropical Cyclone Warning Centres)တွေက အမည်ပေးတတ်ကြပြီး  အိန္ဒိယမိုးလေဝသဌာန (India Meteorological Department) ကတော့ အဲလိုမျိုး ဌာနတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

 

‘Mocha' (အသံအားဖြင့် Mokha လို့ အသံထွက်တဲ့စကားလုံးကိုတော့ Yemen နိုင်ငံက အကြံပြုခဲ့တာ ဖြစ်ပါတယ်။ ဒီနာမည်က Yemen နိုင်ငံရဲ့ ပင်လယ်နီကမ်းရိုးတန်းမှာ တည်ရှိတဲ့ ဆိပ်ကမ်းမြို့ တစ်မြို့ရဲ့ အမည်လည်းဖြစ်ပြီး  အဲမြို့ကိုတော့ ကော်ဖီထုတ်လုပ်တဲ့ မြို့အဖြစ် လူသိများပါတယ်။  ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ကို မရောက်ခင် မေလ ၁၁ ရက်နေ့မှာ ‘Mocha' လို့ အိန္ဒိယ မိုးလေဝသဌာနက အတည်ပြုသတ်မှတ်ခဲ့ပြီး တိုင်ဖွန်းမုန်တိုင်း သတိပေးရေး ပူးတွဲဌာနကလည်း အပူပိုင်းမုန်တိုင်းအဖြစ် တိုးမြှင့်ကာ Tropical Cyclone 01B လို့ သတ်မှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ‘Mocha' ဟာ တဖြည်းဖြည်းနဲ့ ပိုအားကောင်းလာခဲ့ပြီး မေလ ၁၂ ရက်နေ့မှာတေ့ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Stormအဆင့်ဖြစ်နေပြီလို့ အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်သတိပေးခဲ့ပါတယ်။ 

 

‘Mocha' ဆိုင်ကလုန်း မုန်တိုင်းအတွက် ပြင်ဆင်၊ သတိပေးခဲ့ကြတာတွေ

 

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်လျက်ရှိနေတဲ့ မုန်တိုင်းငယ် (Depressionဟာ ပိုမိုအားကောင်းလာပြီး အားကောင်းတဲ့မုန်တိုင်းငယ် (Deep Depression) အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကမ်းရိုးတန်းဒေသဖက်ကို ဦးတည်ရွေ့လျားနိုင်ခြေရှိလို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေလ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ မေလ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီအချိန်ထုတ်ပြန်ချက်မှာတော့ ‘Mocha'ဟာ မြောက်ယွန်းယွန်းဆီ ရွေ့လျားခဲ့ပြီး အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားလာနိုင်ခြေရှိလို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း ထုတ်ပြန်ခဲ့ပြန်ပါတယ်။ မေလ ၁၃ ရက်နေ့၊ မြန်မာ စံတော်ချိန် နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ထုတ်ပြန်ချက်မှာတော့  အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm)အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီ ထုတ်ပြန်ချက်မှာတော့ ‘Mocha'ဟာ  မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း ကို စစ်တွေမြို့အနီးမှ အားအလွန်ကောင်းတဲ့အဆင့်နဲ့ ဖြတ်ကျော်နိုင်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်ထားကြောင်း ထုတ်ပြန်သတိပေးခဲ့ပါတယ်။



ရက္ခိုင့်တပ်တော်က တပ်ဖွဲ့ဝင်တွေ မုန်တိုင်းအလွန် ကူညီပေးနေတဲ့ပုံ (Source - AA Info Desk)


မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အချိန်နဲ့ တပြေးညီ သတိပေးချက်တွေ ထုတ်ပြန်နေချိန်မှာ မြန်မာနိုင်ငံတွင်းနဲ့ ပြင်ပက နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း မုန်တိုင်းရဲ့ ပြင်းအား၊ လူထုက ဘယ်လောက်အတိုင်းအတာထိ ထိခိုက်နိုင်လဲ၊ သူတို့အနေနဲ့ ဘာတွေ ပြင်ဆင်ထားလဲ၊ လူထုအနေနဲ့ ဘယ်လိုမျိုး ပြင်ဆင်ထားသင့်လဲ၊  သူတို့အနေနဲ့ ဘယ်လိုမျိုး အကူအညီတွေ ထပ်လိုလဲ အစရှိတာတွေကို ခန့်မှန်းထုတ်ပြန် သတိပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာဦးစီးဌာနတွေ၊ အသင်းအဖွဲ့တွေကလည်း မုန်တိုင်းသတိပေးချက် ထုတ်ပြန်တာ၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတချို့ လုပ်ဆောင်တာကိုလည်း တွေ့ခဲ့ရပါတယ်။ မုန်တိုင်းအခြေအနေပြောင်းလဲမှု၊ မုန်တိုင်းကြောင့် ဘယ်နေရာ/ ဒေသတွေက လူဘယ်လောက် ထိခိုက်နိုင်ခြေရှိကြောင်း၊ မုန်တိုင်းသတိပေးချက်တွေ အပါအဝင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှု၊ မုန်တိုင်းအခြေအနေကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှု၊ မုန်တိုင်း အန္တရာယ်ကြောင့် ကုန်လမ်း၊ ရေလမ်း ခရီးစဉ်များ ရပ်နားမှု အပါအဝင် အုပ်ချုပ်သူတွေရဲ့ မုန်တိုင်းအတွက် ပြင်ဆင်မှုကို လူထုအနေနဲ့ အားရ၊ အားမရ အစရှိတဲ့ မုန်တိုင်းနဲ့ ဆက်စပ်တဲ့ သတင်းတွေ၊ အင်တာဗျူး မေးမြန်းတာတွေကို အချိန်နဲ့အမျှ ထုတ်လွှင့် တင်ဆက်ရင်း သတင်းဌာနတွေလည်း မုန်တိုင်း အန္တရာယ်ကို သတိပေးနှိုးဆော်ခဲ့ကြပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan) က မေလ ၇ ရက်နေ့မှာ Cyclone Mocha နဲ့ ပတ်သက်ပြီး မိဘပြည်သူတွေထံ သတိပေး ထုတ်ပြန်ချက်ဆိုတဲ့ ထုတ်ပြန်ချက် ၁ စောင်ကို (ရခိုင်ဘာသာအသုံးပြု) ထုတ်ပြန်ခဲ့ပြီး Cyclone Mocha  ကြောင့် မြစ်ဝကျွန်းပေါ်နဲ့ ရက္ခိုင်ကမ်းရိုးတန်းတလျှောက်မှာ လေပြင်းတိုက်တာ၊ မိုးကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်ပြီး ပေါ့ပေါ့ဆဆ မနေကြဖို့ အထူးသတိပေးတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ နိရဉ္စရာ သတင်းဌာန အနေနဲ့တော့ မေလ ၇ ရက်နေ့က စတင်ကာ မုန်တိုင်းနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ဖော်ပြလာခဲ့တာကို တွေ့ရှိရပါတယ်။

 

ပြီးရင် မေလ ၉ ရက်နေ့က စလို ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်တွေမှာ နေထိုင်တဲ့ ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွှတ်တဲ့နေရာတွေကို တိမ်းရှောင်ခဲ့ကြပါတယ်။ ‌မေလ ၁၁ ရက်နေ့မှာတော့ ရက္ခိုင့် တပ်တော်က တပ်ဖွဲ့ဝင်တွေဟာ ‘Mocha' ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ မြေပုံနဲ့ မင်းပြားမြို့နယ်တွေက လူပေါင်း ၁၀၀၀၀ ကျော်ကို ဘေးလွတ်ရာ နေရာတွေဆီ ရွေ့ပြောင်းပေးထားတယ်လို့ ULA/AA ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ မေလ ၁၂ ရက်နေ့မှာ ရခိုင်ကမြို့နယ် ၇ မြို့နယ် (စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တောနဲ့ မာန်အောင်) ကို မုန်တိုင်းဒဏ် ခံရနိုင်တဲ့ အနီရောင် အဆင့်ဒေသတွေအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်ခဲ့ပြီး ‘Mocha' ဆိုင်ကလုန်း မုန်တိုင်းအခြေအနေကြောင့် စစ်တွေ - ရန်ကုန်လေကြောင်းခရီးပြေးဆွဲမှု အပါအဝင် စစ်တွေမှ တခြားမြို့နယ်တွေကို ပြေးဆွဲတဲ့ ရေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းတာမျိုး၊ စစ်တွေ မြို့မဈေးကြီးကို မေလ ၁၃ ရက်နေ့ကနေ မေလ ၁၄ ရက်နေ့ထိ ပိတ်သွားမယ်ဆိုတာမျိုးနဲ့ မုန်တိုင်း အခြေအနေပေါ် မူတည်လို့ ပြန်ဖွင့်လှစ်သွားမယ်ဆိုတာကို သိခဲ့ရပြီး အဲနေ့မှာပဲ ကျောက်ဖြူမြို့မ ဈေးကြီးကိုပါ နေ့လယ်ပိုင်းကနေစပြီး ပိတ်လိုက်တာအပါအဝင် ကျောက်ဖြူမြို့ရဲ့ ကမ်းနီး၊ ကမ်းဝေး ရေလုပ်ငန်းတွေကို ရပ်လိုက်တာ၊ ငါးဖမ်းစက်လှေတွေကို ကမ်းကပ်ထားတာမျိုးတွေလုပ်ပြီး မုန်တိုင်းအတွက် ပြင်ဆင်ခဲ့ကြပါတယ်။ 

 

မေလ ၁၃ ရက်နေ့မှာတော့ စစ်တွေမြို့နယ်ရဲ့ ပင်လယ်ကမ်းနားနဲ့ မြေနိမ့်ဒေသမှာ နေထိုင်ကြသူတွေဟာ ကုန်းမြင့်တွေမှာ တည်ရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အခြားခိုင်ခံ့တဲ့ အဆောက်အဦးတွေရှိတဲ့ နေရာတွေကို ပြောင်းရွေ့တာမျိုးတွေ ရှိခဲ့သလို၊ အခြားမြို့နယ်တွေ ဖြစ်တဲ့ ကျောက်တော်၊ မြောက်ဦးဘက်ကို ကားတွေနဲ့ ထွက်ခွာပြောင်းရွေ့ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ တခြားအနီရောင်အဆင့် သတ်မှတ်ခံရတဲ့ ဒေသကလူတွေလည်း မြို့ပေါ်နဲ့ တခြားမြေမြင့်ပိုင်း ဒေသတွေ၊ မုန်တိုင်းဘေးက လွတ်မယ်လို့ ယူဆရတဲ့ နေရာတွေကို ပြောင်းရွေ့တာမျိုးတွေ ရှိခဲ့ပါတယ်။ ကျောက်ဖြူမြို့မှာ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကယ်ဆယ်ရေးစခန်း ၁၀ ခန့်ပြုလုပ်ထားပြီး၊ အဆိုပါ စခန်းတွေမှာ မေလ ၁၃ ရက်နေ့ထိ လူဦးရေနှစ်သောင်းခန့် ခိုလှုံလျက်ရှိတယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုခဲ့ပါတယ်။ ရခိုင်ဒေသအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Western News သတင်းဌာနကနေ မေ ၁၃ ရက်နေ့မှာ လုပ်တဲ့ အင်တာဗျူးတစ်ခုမှာ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တာ၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ ဂွ၊ အမ်း စတဲ့ မြို့နယ်တွေက အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီး၊ မူဆလင်တွေ အပါအဝင် မုန်တိုင်းဒဏ် ခံရနိုင်ခြေရှိတဲ့ လူပေါင်း ၁ သိန်း ကျော်ကို ဘေးလွတ်နိုင် ခြေရှိတဲ့ နေရာတွေကို ပြောင်းရွှေ့ပေးထားကြောင်း ဖြေကြားထားပါတယ်။ အဲလို မုန်တိုင်းအန္တရာယ် ကျရောက်မှာကို စိုးရိမ်ပြီး ပြောင်းရွှေ့ကြတဲ့ ဒေသခံတွေဆီကနေ တချို့ကားသမားတွေက  ကားခတွေ အဆမတန်တိုးမြှင့်ကောက်ခံနေကြောင်း မုန်တိုင်းရှောင်ပြည်သူတွေက နိရဥ္စရာကို မေလ ၂၃ ရက် နေ့မှာ ဆက်သွယ်ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။

 

‘Mocha' ဆိုင်ကလုန်း မုန်တိုင်း ရခိုင်ကို ဝင်ရောက်လာ


မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ‘Mocha' ဟာ မြောက်-အရှေ့မြောက်ဘက်ကို ဆက် လက် ရွေ့လျား နိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူ မြို့ (Kyaukpyu) တို့ကြား စစ်တွေမြို့(Sittwe)အနီးကနေ ၂၀၂၃ခုနှစ် မေ ၁၄ ရက်နေ့ နေ့လယ်ပိုင်း မှာ အလွန့် အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ မေလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီအချိန် ထုတ်ပြန်ကြေငြာခဲ့ပြီး ရခိုင်ဒေသ အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Development Media Group က မေ ၁၃ ရက်ညနေ့မှာ ‘Mocha' မုန်တိုင်းအရှိန်ကြောင့် ဂွမြို့နယ်မှာ လေပြင်း စတင်တိုက်ခတ်နေပြီး ရွှေဦးကွင်း ကျေးရွာက လူနေအိမ်တစ်ချို့ ပျက်စီးခဲ့တယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။ 



 မုန်တိုင်းတိုက်ခတ်မည့်လမ်းကြောင်း Windy Map တွင် မြင်ရပုံ (Source – windy.com)


မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ၃၆ နာရီအတွင်း အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Mocha ဟာ မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး၊ ယနေ့ နံနက်ပိုင်းကစလို့ ရခိုင်ကမ်းရိုးတန်းကိုစတင်ဖြတ်ကျော်နိုင်ကာ နေ့လယ်ပိုင်းမှာ မုန်တိုင်းရဲ့ ဗဟိုချက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးကနေ အလွန့်အလွန် အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မေလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၄နာရီအချိန် ထုတ်ပြန်ချက်မှာ ကြေငြာအသိပေးခဲ့ပါတယ်။ ၁၄ ရက်နေ့ နံနက်ကတည်းက စစ်တွေမှာ မုန်တိုင်းစတင်တိုက်ခတ်နေပြီး လေတိုက်နှုန်း တစ်နာရီကိုမိုင် ၅၀ မှ ၆၀ နှုန်းလောက်ခန့်မှန်းရကြောင်း စစ်တွေမြို့ခံ ကိုဖြိုးဝေလင်းက နိရဉ္စရာကို ဖြေဆိုခဲ့ပြီး အဲအချိန်မှာ မာန်အောင်မြို့နယ်မှာလည်း မုန်တိုင်းတိုက်ခတ်နေပြီး တစ်နာရီကို မိုင် ၅၀ ကနေ ၆၀ လောက်ထိ ရှိနိုင်ပြီး ပျက်စီးဆုံးရှုံးမှုများလည်း ရှိနိုင်ကြောင်းမာန်အောင်မြို့ခံ ကိုကျော်မျိုးနိုင်ကလည်း နိရဉ္စရာကို ဖြေကြားခဲ့ပါတယ်။ 

 

မေလ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၀နာရီ ၃၀ မိနစ် အချိန်မှာ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မုန်တိုင်းရဲ့ အဝန်းအဝိုင်းဟာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသတွေကို စစ်တွေမြို့အနီးက  စတင်ဖြတ်ကျော်ဝင်ရောက်လျက် ရှိတာကြောင့် အညိုရောင်အဆင့် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး မရှေ့မနှောင်းအချိန်အတွင်း ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook ပေါ်မှာ မုန်တိုင်း ဝင်ရောက်တိုက်ခတ်နေတဲ့ ဓါတ်ပုံ၊ ဗီဒီယိုဖိုင်တချို့ကို ရခိုင်ဒေသတွင်းနေထိုင်သူတွေ တင်တာတွေ့ ခဲ့ရပါတယ်။ ဒါပေမယ့် မုန်တိုင်းသတင်း၊ ဓါတ်ပုံ၊ ဗီဒီယိုရုပ်သံတချို့ Facebook ပေါ် ပျံ့နှံ့လာပြီး မကြာမီမှာပဲ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ မောင်တော အစရှိတဲ့ နေရာတွေကို MPT,Ooredoo, Atom အစရှိတဲ့ ဖုန်းလိုင်းဆက်သွယ်မှုရော၊ Fiber Wifi ဆက်သွယ်မူရော ပြတ်တောက်မှုများ ရှိလာကြောင်း အွင်လိုင်း သုံးစွဲသူတချို့က ပို့စ်တင်ခဲ့ပါတယ်။   Facebook ပေါ် ပျံ့နှံ့ခဲ့တာတွေထဲမှာ စစ်တွေ ဆက်သွယ်ရေးဌာနရုံးဝင်ထဲက ဂြိုလ်တုတာဝါတိုင် ကျိုးကျနေတဲ့ ဓါတ်ပုံနဲ့ ဗီဒီယို၊ မိဇံရပ်ကွက်၊ ရွှေဗြားရပ်ကွက်၊ မြို့သူကြီးရပ်ကွက်၊ အိုးတန်း အစရှိတဲ့ ရပ်ကွက်တွေထဲ ရေတွေ ဒလဟော ဝင်လာတဲ့ ဗီဒီယိုရုပ်သံနဲ့ ရေကြီးလာချိန် အိမ်မှာ ကျန်နေခဲ့တဲ့သူတွေကို ဆက်သွယ်ရေးပြတ်တောက်သွားတာကြောင့် စိုးရိမ်ပူပန်ပြီး သွားရောက်ကယ်ဆယ်ပေးဖို့ တောင်းခံတဲ့ ပိုစ့်တွေ ပျံ့နှံ့လာခဲ့ပါတယ်။

 

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၇ နာရီအချိန် ထုတ်ပြန်ချက်မှာ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) ‘Mocha' ဟာ မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) မိုခါ” (MOCHA) အဖြစ်သို့ အားလျော့ခဲ့ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားလျက်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ရခိုင်ကို အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Stormအဖြစ်နဲ့ တိုက်ခတ်ပြီးတဲ့နောက် Mocha ဟာ မြန်မာနိုင်ငံကုန်တွင်းပိုင်းဒေသတွေကို ဆက်လက်ဝင်ရောက်တိုက်ခတ်ပြီး တဖြည်းဖြည်း အားပျော့သွားခဲ့ပါတယ်။ 

 

 

‘Mocha' ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်က ထိခိုက်ဆုံးရှုံးမှု

 

ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (United League of Arakan) က မေလ ၁၅ ရက်နေ့ ထုတ်ပြန်ချက် ၁ စောင် ထုတ်ပြီး Cyclone Mocha ဟာ အလွန့်အလွန်အားကောင်းခဲ့ပြီး တစ်နာရီမှာ မိုင် ၁၀၀ မှ ၁၂၀ ခန့်ထိ တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ စေတီပုထိုး၊ စာသင်ကျောင်း၊ လမ်း မီးတိုင်၊ ဆက်သွယ်ရေးတာဝါတိုင်၊ အဓိကကျသော လူသွားလမ်းတချို့၊ ကျွဲနွားတိရစ္ဆာန်များ၊ ဆန် စပါးနဲ့ အခြေခံ စားသုံးကုန်ပစ္စည်းတွေပျက်စီးဆုံးရှုံးရခဲ့ပြီး ပြည်သူတချို့ သေဆုံးမှုတွေလည်း ရှိခဲ့ ကြောင်း၊ အမိုးအကာပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ စားနပ်ရိက္ခာတွေ အပါအဝင် အကူအညီတွေ လိုအပ် နေတာကြောင့် ကမ္ဘာ့နိုင်ငံကြီးတွေ၊ အာဆီယံနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးဖို့ကို တောင်းဆိုခဲ့ပါတယ်။ ရက္ခိုင့်တပ်တော့် (Arakan Army)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း နိရဉ္စရာသတင်းဌာနအပါအဝင် တချို့သော မီဒီယာဌာနတွေနဲ့ အင်တာဗျူးတွေကို ဖြေဆိုရာမှာ Mocha မုန်တိုင်းကြောင့် စစ်တွေအပါအဝင် ရခိုင်တပြည်နယ်လုံးမှာ အပျက်အစီးတွေ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီး ဆုံးရှုံးသွားတဲ့အတွက် ကုလသမဂ္ဂ (United Nations – UN) အဖွဲ့အစည်းတွေ အပါအဝင် တခြားအဖွဲ့အစည်းတွေ ပြန်လည်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးဖို့ လိုအပ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ 

 

မေလ ၁၅ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းမိုခါ Mocha ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ မြို့နယ်တွေ (ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲ မြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင် မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်)ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ မေလ ၁၇ ရက်နေ့က အမျိုးသားညီညွတ်ရေး အစိုးရ(National Unity Government)ရဲ့ ထိခိုက်ပျက်စီးမှုစာရင်းတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်ထားရှိမှု အချက်အလက်တွေမှာတော့ ရခိုင်ပြည်နယ်မှာ သေဆုံးသူအရေအတွက် ၄၃၁ ဦး (အသေးစိတ် စာရင်း အတည်ပြုဆဲ) ဆိုပြီး ဖော်ပြခဲ့ပါတယ်။ မေလ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ မေလ ၁၇ ရက် မွန်းလွဲပိုင်းအထိ ရရှိတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ဆိုင်ကလုန်း  မုန်တိုင်း Mocha တိုက်ခတ်မှုကြောင့် ၄၈ ဦီး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်ကြောင်းနဲ့ မေလ ၁၈ ရက် ညပိုင်းအထိ ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်နဲ့ မြေပုံမြို့နယ်တွေမှာ ဒေသခံပြည်သူ ခြောက်ဦး နဲ့ IDP camp မှ ၉၁ ဦး စုစုပေါင်း ၉၇ ဦး သေဆုံးကြောင်း သိရှိရပြီး လက်ရှိအချိန်ထိ သေဆုံးသူ စုစုပေါင်း ၁၄၅ ဦးရှိပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ 

 

ဥရောပကော်မရှင် (European Commission) ကြီးကြပ်ဆောင်ရွက်တဲ့ ဥရောပ အရပ်ဘက် ကာကွယ် ရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီလုပ်ငန်းတွေ  (European Civil Protection And Humanitarian Aid Operations –ECHO) ကနေ မေလ ၁၇ ရက်နေ့ ထုတ်ပြန်တဲ့ လျှပ်တပြက် (Flash) သတင်းလွှာမှာတော့  မုန်တိုင်းဟာ မြန်မာနိုင်ငံ အနောက်ဘက်နဲ့ မြောက်ပိုင်း (ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်) နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း (Chattogram Division)တွေကို မေလ ၁၄ ရက်မှ ၁၅ ရက်အထိ ဖြတ်သန်းဝင်ရောက် တိုက် ခတ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဖော်ပြပါ တိုင်းနဲ့ပြည်နယ်အားလုံးမှာ DG ECHO နဲ့ UN OCHA တို့က သေဆုံးသူ ၄၁ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၇၀၀ ဝန်းကျင်၊ ခန့်မှန်းခြေ ၁ သိန်းခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ၅.၄ သန်းခန့် ထိခိုက်ခံကြရတယ်လို့ မှတ်တမ်းရရှိထားကြောင်း ဆိုပါတယ်။ သိသိသာသာ ပျက်စီးသွားတဲ့ မွတ်စလင်တွေနေထိုင်တဲ့ ပြည်တွင်းရွေ့ပြောင်းဒုက္ခသည် စခန်းတွေအပါအဝင် မြန်မာ နိုင်ငံအနောက်ဘက်ခြမ်း ရခိုင်ဒေသဟာ အဆိုးရွားဆုံး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါအပြင် ချင်းဒေသမှာ အိမ်ခြေ ၁၂၀၀ ဟာ အပြည့်အဝ၊ ဒါမှမဟုတ် တစိတ်တပိုင်း ပျက်စီးပြီး စစ်ကိုင်းဒေသမှာတော့ ခန့်မှန်းခြေအားဖြင့် အိမ်ခြေ ၅၀ ဖျက်ဆီးခံရတယ်လို့ ထပ်မံဖော်ပြထားပါတယ်။ ရေကြီးရေလျှံမှု ကြောင့် မကွေးနဲ့ စစ်ကိုင်းမှာ လူပေါင်း ၁ သိန်းကျော် ထိခိုက်ဒဏ် ခံစားရတယ်လို့လည်း မေလ ၁၇ ရက်နေ့ထုတ် ECHO Flash မှာ ဖော်ပြထားပါတယ်။ 



 အပျက်အစီးတွေကြား အကူအညီလိုအပ်နေသူတွေ (Crd – Original Uploader)


Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် လမ်း၊ တံတားတွေ၊ လူနေအိမ်တွေ၊ လယ်ယာမြေတွေ၊ သောက်ရေကန်နဲ့ ရေသိုလှောင်ရာ ဆည်တွေ၊ လူမှု-စီးပွား-နိုင်ငံရေး-ဘာသာရေး အဆောက်အဦးတွေ၊ ဆက်သွယ်ရေး-လျှပ်စစ် တာဝါတိုင်တွေ၊ အမြောက်အများ ပျက်စီးဆုံးရှုံးသွားတယ်ဆိုပေမယ့် ပျက်စီးဆုံးရှုံးသွားရတဲ့ အဆောက်အဦး၊ ပစ္စည်းစာရင်း အသေးစိတ်နဲ့ ထိခိုက်သေဆုံးခဲ့ကြရတဲ့ လူဦးရေစာရင်း အသေးစိတ်ကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ ယေဘုယျ ဆိုနိုင်ပါတယ်။ လက်ရှိမှာတော့ ပျက်စီးဆုံးရှုံးသွားရတဲ့ အဆောက်အဦး၊ ပစ္စည်းစာရင်း အချက်အလက်နဲ့ ထိခိုက်သေဆုံးခဲ့ကြရတဲ့ လူဦးရေစာရင်း အချက်အလက်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက စုဆောင်းလျက် ရှိနေမယ်လို့ ယူဆရပြီး မုန်တိုင်းရှောင် လူထုဟာ မိမိတို့ တိမ်းရှောင်တဲ့ နေရာတွေအသီးသီးကနေ မိမိအိုးအိမ်ရှိရာတွေကို ပြန်ပြောင်းရွေ့တာ၊ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းတာ၊ ကွဲပြားတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီဟာ မုန်တိုင်းကြောင့် ထိခိုက်နစ်နာသူတွေကို ကူညီပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အလှူပစ္စည်းတွေ ထောက်ပံ့ပေးနေတာတွေ ရှိသလို စုံလင်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်အသီးသီးဟာ မုန်တိုင်းကြောင့် ထိခိုက်နစ်နာသူတွေကို ကူညီပေးနိုင်ဖို့အတွက် အလှူပစ္စည်းတွေ လက်ခံလျက်ရှိနေတာကို တွေ့ရပါတယ်။ မြေပြင်မှာတော့ လူထုအနေနဲ့က စားသောက်ကုန်၊ ဆေးဝါး၊ ဆောက်လုပ်ရေးပစ္စည်းတွေရဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်တဲ့ဒဏ်ကို ခံနေရပြီး အမိုးအကာ၊ အစားအစာ၊ ရေ၊ တကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေကို အကူအညီပေးဖို့ အရေးတကြီး လိုအပ်နေဆဲ ဖြစ်တယ်လို့ သိထားရပါတယ် ။ ။

 

ဆိန်နိုနင်

ဆက်စပ် သတင်းများ