သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မြေကြီးကရွှေသီးနိုင်ပါတော့မလား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1k

မင်းအဂ္ဂ


အာကာဝဠာတခွင် မှိုင်းညို့ညို့ဆင်လျက် မိုးသားတိမ်လိပ်တွေ တရွေ့ရွေ့ နှင်လာကြပြီ။ မုတ်သုံလေ နှင့်အတူ မိုးစမိုးပေါက်တွေကလည်း တဖြောက်ဖြောက်ကြွေကျလာကြပြီ။ မုတ်သုတ်လေအား ကောင်းရာမှ မိုးရွာ သွန်းမှုကလည်း ကောင်းလာချေပြီ။ ကျေးလက်တောရွာတွေမှာဆို ဖားကလေးတွေ ဟိုတစ်စု၊ သည်တစ်စု အော်မြည်သံတွေကလည်း မိုး၏ရသကို ပေးစွမ်းလျက်ရှိသည်။ ရာသီဥတု ဖောက်ပြန် ပြောင်းလဲလာမှုကြောင့် မခံမရပ်နိုင်အောင် ပူပြင်းခြောက်သွေ့နေခဲ့ပြီးမှ ဇွန်လ နောက်ဆုံးပတ်တွင် ရခိုင်၌ မိုး၏ရနံ့ကို စတင်ခံစားလာ ရခြင်းဖြစ်သည်။

သည်လို မိုးသံကြားသည်နှင့် မြေပုံမြို့နယ်၊ လွန်းလုံးပိုက်ကျေးရွာမှ လယ်သမားကြီး ဦးထွန်းထွန်းဝင်း တစ်ယောက် အခြား လယ်သမားများနည်းတူ လယ်တောထဲသို့ဆင်းရချေပြီ။ တကယ်တော့ လယ်တောထဲသို့ ဆင်းရမည့်အချိန်က ပုံမှန်ထက်ပင် နောက်တောင်ကျနေပြီ။ ရခိုင်ဓလေ့အရ လယ်သမားများသည် သင်္ကြန်ပြီး နောက် ၄၅ ရက်ကြာလျှင် လယ်တောသို့ဝင်ကြရသည်တဲ့။ သို့သော် ရခိုင်က တောင်သူများအဖို့ ရခိုင်ပြည်ကြီး ကို အင်ငြိုးတကြီးဖြင့် မွှေနှောက် တိုက်ခတ် ဖျက်ဆီးသွားခဲ့သည့် အလွန့်အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် အိုးအိမ်အဆောက်အအုံများကို အရင်ဆုံး ပြန်လည်ပြုပြင် တည်ဆောက် နေခဲ့ရသည်။ ပြန်လည်ထူထောင်ရေးလုပ်၍ပင် မပြီးနိုင်သေး။ မုတ်သုန်မိုးက ဝင်ရောက်လာပြီမို့ လယ်သမားများမှာ လယ်တောထဲသို့ ဆင်းကြရတော့သည်။

မိုခါမုန်တိုင်းကြောင့် ဦးထွန်းထွန်းဝင်းတို့လို ရခိုင်က လယ်သမားတွေအဖို့ သည်နှစ်က ပြီးခဲ့သည့် နှစ်တွေထက် ပိုကျပ်တည်းသည့်နှစ်ပင်။ စိန်ခေါ်မှုတွေလည်း တော်တော်များနေရသည့် နှစ်။ ပြီးလျှင် ကိုယ့်ကို ကိုယ်လည်း မေးခွန်းထုတ်နေရသည့်နှစ်။ သည်နှစ် လယ် ဘယ်လို လုပ်ရပါ့ ???

လယ်မြေထဲ ဆားငန်ရေဝင်ရောက်ပျက်စီးမှု

ပြီးခဲ့သည့် မေလ ၁၄ ရက်က ရခိုင်သို့ဝင်ရောက်တိုက်ခတ်သွားခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံနှင့် ကျောက်ဖြူစသည့် မြို့နယ်တွေ က လယ်သမားတွေမှာ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။ ပင်လယ်ကမ်းရိုးတန်း နားက မြို့နယ်တွေ မှာဆို ဆည်မြောင်းတာတမံတွေကျိုးပေါက်ပြီးလယ်မြေတွေ ဆားငန်ရေ ဝင်ရောက်ကာ ပျက်စီးသွားခဲ့သည်။

ဦးထွန်းထွန်းဝင်းတို့ မြေပုံမြို့နယ်မှ ငမန်းရဲကျွန်းတာတွင်ဆိုလျှင်လည် လယ်ဧကအမြောက်အများ ဆားငန်ရေဝင်ရောက်ကာ ပျက်စီးသွားခဲ့သည်။ ယင်းအထဲ သူ့တွင်လည်း လယ်ဧက ၄ဝ ခန့် ဆားငန်ရေ ဝင်ရောက်ပျက်စီးသွားခဲ့သည်ဟု ပြောသည်။

 “စပါးစိုက်ပျိုးနိုင်တဲ့ဧကတွေကို အကုန်လုံး ဆားငန်ရေဝင်သွားတာဟု ဦးထွန်းထွန်းဝင်းကပြောသည်။

ဆားငန်ရေဝင်ရောက်သွားသည့်လယ်မြေတွေကတော့ များသောအားဖြင့် ဆားပျော်ဝင်မှုတွေကြောင့် ပုံမှန်လယ်မြေတွေလို စပါးဖြစ်ထွန်းမှု မကောင်းနိုင်တော့ပေ။ သို့သော် ဦးထွန်းထွန်းဝင်းကတော့ သူ၏ ပျက်စီး သွားသည့် လယ်မြေများကိုပါ ထွန်ယက်ထားပြီး စိုက်ပျိုးကြည့်ဦးမည်ဟု ဆိုသည်။ အထွက်နှုန်းကောင်း၊ မကောင်းကို စပါးပေါ်ချိန်မှ သိနိုင်တော့မည်ဟုလည်း စိတ်မကောင်းစွာဖြင့် ပြောသည်။

ဦးထွန်းထွန်းဝင်းတို့လို ဆားငန်ရေဝင်ရောက်၍ လယ်ဧကများပျက်စီးသွားသူများထဲတွင် ပေါက်တောမြို့နယ်၊ ရွာချောင်းကြီးကျေးရွာမှ လယ်သမား ဦးမောင်သန်းတင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။

သူသည် ရွာချောင်းကြီး တာတမံတွင် စိုက်ပျိုးလုပ်ကိုင်သူဖြစ်သည်။ မိုခါမုန်တိုင်းကြောင့် ရွာချောင်းကြီး တာတမံ ကျိုးပေါက်သွားခဲ့ရာ သူ၏ လယ် ၂၁ ဧကလည်း ပါဝင်သွားခဲ့သည်။

စစ်ကောင်စီကမူ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနကထိန်းသိမ်းထားသော ရေငန်တားတာ ၃၂ ခုအနက် တာ (၈)ခုသာ ရေကျော် တိုက်စားခြင်းကြောင့် ကျိုးပေါက်ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယင်းတာတွေကတော့ ပေ ၁ သောင်းခန့်ပျက်စီးသွားသည့် မောင်တောမြို့နယ်မှ ခြံပြင်တာ၊ ပေ ၆ ထောင်ခန့်ပျက်စီးသွားသည့် မြောက်ဦးမြို့နယ်မှ ကုလားပုန်းကျွန်းပတ်တာ၊ ပေ ၁၆၅ဝဝ ခန့် ပျက်စီးသွားသည့် မြေပုံမြို့နယ်မှ ငမန်းရဲကျွန်းတာ အပိုင်း(၁)၊ ပေ ၆ ထောင်ခန့်ပျက်စီးသွားသည့် ငမန်းရဲကျွန်းတာ အပိုင်း(၂)၊ ပေ ၄၉ဝဝ ကျော်ပျက်စီးသွားခဲ့သည့် ရသေ့တောင်မြို့နယ်မှ ကျီးကျွန်းတာ၊ ပေ ၄၃ဝဝ ကျော်ပျက်စီးသွားခဲ့ သည့် ပုဏ္ဏားကျွန်းမြို့နယ်မှ မက္ကလာကျတာ၊ ပေ ၆ဝဝ ကျော် ပျက်စီးသွားသည့် တန်ခိုးတာနှင့် ပေ ၁ ထောင် ကျော် ပျက်စီးသွားသည့် စစ်တွေမြို့နယ်မှ ဝါဘိုတာတို့ဖြစ်သည်ဟု ဆိုသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့်တာများတွင် အစိုးရပိုင်တာများသာမက ဒေသခံများစုဖွဲ့ပိုင်ဆိုင် သော ပုဂ္ဂလိက တာအများအပြားလည်း ပါဝင်ခဲ့သည်။ သို့သော် ဒေသခံလယ်သမားတွေကတော့ ပျက်စီးသွား သည့် တာတွေထဲက အစိုးရပိုင်ဆည်တွေမှအပ ကျန်သည့် ပုဂ္ဂလိကတာတွေကို စစ်ကောင်စီက ပြန်လည် ဆည်ဖို့ပေးခြင်းမရှိခဲ့ဟု ပြောကြသည်။


ဦးမောင်သန်းတင်တွင်ဆိုလျှင်လည်း ကျိုးပေါက်သွားသည့်တာကို စစ်ကောင်စီက ဆည်ဖို့ပေးခြင်းမရှိ၍ မိမိအစီအစဉ်ဖြင့် ဆည်ဖို့ခဲ့ရသည်ဟု ပြောသည်။

ကိုယ့်ဟာကိုယ် အကုန်အကျခံဆည်ဖို့ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်လယ်ကိုတော့ ထွန်နေပြီလေ ဟု ဦးမောင်သန်းတင်က ပြောသည်။

ထွန်ယက်ရန် ကျွဲနွားများ သောင်းနှင့်ချီ သေဆုံးသွား

သည်နှစ် လယ်သမားတွေအတွက် နောက်ထပ် စိတ်ရှုပ်နေရသည်မှာ လယ်ထွန်ယက်ရန် ကျွဲနွားများ ရှားပါးနေမှုပင်ဖြစ်သည်။ မိုခါမုန်တိုင်းကြောင့် ကျွဲနွားကောင်ရေ သောင်းနှင့်ချီ သေဆုံးသွားခဲ့ရာ ကျွဲနွားတွေဖြင့် ထွန်ယက်ကြရသည့် လယ်သမားတွေမှာ သည်နှစ်တော့ ထွန်စက်တွေကိုသာ အားကိုးရတော့သည်။

စက်သုံးဆီစျေးနှုန်းတွေ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာ၍ ထွန်စက်ဖြင့် ထွန်ယက်ခတွေကလည်း မြင့်တက်လို့နေသည်။ ဥပမာ ယခင်နှစ်က လယ်တစ်ဧကို ထွန်ယက်ရန် ကျပ် ၃ သိန်းပေးရပါက သည်နှစ်တွင် ကျပ် ၃ သိန်းခွဲ၊ ၄ သိန်းအထိ မြင့်တက်နေသည်ဟု လယ်သမားတွေက ပြောသည်။ သည်စျေးနှုန်းက တစ်မြို့ နယ်နှင့် တစ်မြို့နယ် ပုံသေမရှိဘဲ ကွာခြားမှုရှိသည်။

အဲသည်လို ထွန်ယက်ခစျေးကြီးသော်လည်း လယ်သမားတွေအဖို့ ရှိစုမဲ့စုပိုက်ဆံတွေဖြင့် ထွန်ခိုင်းရ တော့သည်။ အခြားလယ်များကို ထွန်ယက်နေချိန်နှင့်တိုးပါက မိမိတို့လယ်ထွန်ယက်မည့်အလှည့်ကျရောက်ရန် လည်း ရက်ကြာရှည်စွာ စောင့်ဆိုင်းနေရမှုများ ရှိနေသည်ဟု ဆိုကြသည်။

တစ်ဘက်တွင်လည်း အားလုံး ကပ်ဘေးဆိုက်လို့ ဒုက္ခရောက်နေချိန် ခေါင်းပုံမဖြတ်ဘဲ အမျိုးသားရေး စိတ်ဓာတ်ဖြင့် ထွန်ယက်ခစျေးပိုမတောင်းသည့် ထွန်စက်ပိုင်ရှင်များလည်း ရှိနေပြန်သည်။

ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းကျေးရွာမှ လယ်သမား ဦးမောင်တင်ဝင်းက သူတို့ရွာဘက်တို့တွင်ဆိုလျှင် အားလုံး ဘေးဒုက္ခကျရောက်နေချိန်မို့ ပုဂ္ဂလိကထွန်စက်ပိုင်ရှင်တွေက ထွန်ယက်ခကို စျေးပိုမတောင်းရဲဘဲ ယခင်နှစ်စျေးနှုန်းအတိုင်းသာ တောင်းယူကြသည်ဟုလည်း ပြောသည်။

အခက်အခဲတွေနဲ့ ကြုံနေရတဲ့အချိန်မှာ ထွန်တဲ့သူတွေလည်း အဲလို အရမ်းကြီး လည်း မတောင်းရဲဘူး။ အဲလို သက်သာတဲ့နည်းနဲ့ မိသားစုပုံစံမျိုးပေါ့လေ။ အလွန်တရာလည်း တောင်းလို့လည်း အဆင်မပြေဘူး။ ဘာလို့လဲဆိုရင် ဒီလောက်အခက်အခဲဖြစ်နေချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဝိုင်းဝန်းကူညီ ပေးကြဖို့ပဲ အရေးကြီးတယ်လေဟု သူ့ရွာဘက်ရှိ ထွန်စက်ထွန်ယက်မှုအခြေအနေကို ပြောပြသည်။

စစ်ကောင်စီဘက်ကတော့ မုန်တိုင်းသင့်ရခိုင်ဒေသတွင် လယ်ယာများ အချိန်မီထွန်ယက်ပေးနိုင်ရန် ထွန်စက်ပေါင်း ၈၃ စီးကို စက်မှုလယ်ယာဦးစီးဌာနက ငှားရမ်းပေးလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ယင်းထွန်စက်တွေကတော့ စစ်တွေမြို့နယ်မှာ ၃၅ စီး၊ ရသေ့တောင်မြို့နယ်မှာ ၁၄ စီး၊ ကျောက်တော် မြို့နယ်မှာ ၁၃ စီး၊ သံတွဲမြို့နယ်မှာ ခုနစ်စီး၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တွေမှာ လေးစီးစီ၊ ကျောက်ဖြူ၊ အမ်းနှင့် မောင်တောမြို့နယ်တွေမှာ နှစ်စီးစီတို့ဖြစ်သည်ဟု ဆိုသည်။

ထွန်စက်ငှားရမ်းအသုံးပြုရာတွင် လယ်သမားတွေဘက်က စက်သုံးဆီတစ်ခုတည်းကိုသာ ကျခံရမည် ဖြစ်သည်။ ငှားရမ်းလိုသည့်လယ်သမားတွေအနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် စာရင်း ပေးကာ စက်မှုလယ်ယာဌာနနှင့် ချိတ်ဆက်ငှားရမ်းနိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။

စိုက်ပျိုးစရိတ်ချေးငွေများလည်း မချေးနိုင်

ရခိုင်က မုန်တိုင်းသင့်လယ်သမားတွေမှာ သည်နှစ်အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုး စရိတ်ချေးငွေများကိုလည်း ထပ်ယူရန် အခက်အခဲတွေရှိနေကြပြန်သည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က သည်လို စပါးစိုက်ပျိုးရာသီတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ ယခု မုန်တိုင်းသင့်ခဲ့သည့် ဒေသတွေ မှာ အပြင်းအထန်ဖြစ်ပွားခဲ့ကြခြင်းလည်းဖြစ်သည်။ စစ်တွေမြို့မှာဆို အပြန်အလှန်တိုက်ပွဲမဖြစ်ပွားခဲ့သော်လည်း အရပ်သားပြည်သူများကို AA သံသယဖြင့် စစ်ကောင်စီက အဖမ်းအဆီးများ ကြမ်းခဲ့သည်။

သည်လို တကျော့ပြန်တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသတွေက လယ်သမားအများစု သည် လယ်ယာလုပ်ငန်းကို ပုံမှန်ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ပေ။ အချို့လယ်သမားတွေကတော့ စိုက်ပျိုး စရိတ်ချေးငွေတွေကိုချေးယူပြီး ခဲရာခဲဆစ်လုပ်ကိုင်ခဲ့ရသည်။ သို့သော် လယ်သမားအများစု လုပ်ကိုင်နိုင်ခြင်း မရှိခဲ့၍ ပြီးခဲ့သည့် စပါးအထွက်ရာသီတွင် ရခိုင်ပြည်မှ စပါးအထွက်နှုန်း သိသိသာသာကျဆင်းခဲ့ရသည်။ ယင်းသို့ အထွက်နှုန်းကျဆင်းပြီး တွက်ခြေမကိုက်ခဲ့၍ လယ်သမားများချေးယူထားသည့် စိုက်ပျိုးစရိတ်ချေးငွေ များကိုလည်း သည်နှစ်မှာ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိခဲ့ကြပေ။

ပြီးခဲ့သည့်နှစ်က တကျော့ပြန်တိုက်ပွဲဒဏ်ကို ဆိုးဆိုးဝါးဝါးခံခဲ့ရသည့် ရခိုင်မှမြို့နယ်များသည် ယခုနှစ် တွင် မိုခါမုန်တိုင်း၏ဒဏ်ကိုလည်း ကြီးကြီးမားမားကြုံခဲ့ရပြန်သည်။ ယင်းဒေသမှလယ်သမားတွေအဖို့ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဟုပင် ဆိုရမည်လား။ တိုက်ပွဲများကြောင့် စပါးအထွက်နှုန်း မကောင်း၍ လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်မဆပ်နိုင်ဖြစ်နေရချိန်တွင် မိုခါမုန်တိုင်းက ထပ်မံနှိပ်စက်ခဲ့ရာ ချေးငွေတွေကို ပြန်ဆပ်ရန်မှာ လုံးဝ မလွယ်ရေးချာ့ မလွယ်ဖြစ်သွားခဲ့ရသည်။ ယင်းသို့ ပြန်မဆပ်နိုင်၍ ယခုနှစ် မိုးစပါးစိုက်ပျိုး ရန် စိုက်ပျိုးစရိတ် ချေးငွေတွေကိုလည်း ထပ်မံချေးယူနိုင်မည်မဟုတ်တော့ဟု လယ်သမားတွေက ပြောသည်။

ပေါက်တောမြို့နယ်၊ သပြေကျွန်းရွာမှ လယ်သမား ဦးပန်းသာထွန်းက မဆပ်နိုင်ဘဲ ထပ်ယူလို့ ရရင်တော့ လိုချင်တာပေါ့။ မုန်တိုင်းနဲ့ ဆားငန်ရေတွေ ဝင်သွားတဲ့အခါကျတော့ မြေဆီ အရင်းအနှီး အတွက်ရော ပိုက်ဆံလိုတယ်။ ထွန်စက်နဲ့ထွန်ရင်လည်း စက်ဆီက ဈေးကြီးတဲ့အခါကျတော့ ဆီအတွက် ငွေလိုတယ်ဟု ပြောဆိုသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကတော့ စိုက်ပျိုးစရိတ်ချေးငွေများကို ၁ နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင် နှုန်းဖြင့် ထုတ်ချေးပေးနေသည်ဟု စစ်ကောင်စီပိုင်သတင်းစားများတွင် ကြေညာထားသည်။ တောင်သူတစ်ဦး ချင်းအတွက် အများဆုံး ကျပ်သိန်း ရဝဝ၊ တောင်သူအစုအဖွဲ့ တစ်ဖွဲ့အတွက် အများဆုံး ကျပ်သိန်း ၅ဝဝဝ အထိ ရယူထုတ်ချေးနိုင်သည်ဟုလည်း ဆိုထားသည်။ ချေးငွေ ပေးဆပ်ရာတွင် ထော်လာဂျီ၊ လက်တွန်းထွန်စက် ချေးငွေအတွက် ၃ နှစ် ၃ ရစ်၊ အဆိုပါစက်များမှအပ ကျန်စက်ကိရိယာများအတွက် ၅ နှစ် ၅ ရစ် ပေးဆပ်နိုင် သည်ဟုလည်း ဆိုထားသည်။

စျေးမြင့်တက်နေ၍ ဓာတ်မြေသြဇာလည်း မသုံးနိုင်

ရခိုင်မှ လယ်သမားတွေမှာ ယခုနှစ်အတွင်း အသက်ရှူရခက်အောင် အဘက်ဘက်က ကျပ်တည်းပြီး အခက်အခဲကြုံနေရခြင်းဖြစ်သည်။ မုန်တိုင်းကြောင့် လယ်ယာမြေတွေ ဆားငန်ရေဝင်ရောက်ပျက်စီးခြင်း၊ ထွန်ယက်ရန် ကျွဲနွားရှားပါးမှု၊ လုပ်သားအင်အားရှားပါးမှု၊ ထွန်ယက်ခ စျေးနှုန်းမြင့်တက်မှု၊ စိုက်ပျိုးစရိတ်ချေးငွေ ပုံမှန်လို ချေးယူနိုင်ခြင်းမရှိမှုစသည့် အခက်အခဲအကျပ်အတည်းများကို အလူးအလဲခံနေကြရသည်။ ကုန်စျေးနှုန်းများ တစ်နေ့တခြားမြင့်တက်နေသည်ကလည်း တမှောင့်။ သည်လောက်ပဲလားဆိုလျှင်လည်း မဟုတ်ပြန်။ နောက်ထပ် အခက်အခဲတစ်ခုလည်း ရှိနေပြန်သေးသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂ဝ၂၁ ခုနှစ်မှစတင်ကာ ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ရသည်။ အာဏာမသိမ်းခင်က ဓာတ်မြေသြဇာတစ်အိတ်လျှင် ကျပ် ၅ သောင်းအောက် သာရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် ကျပ် ၈ သောင်းခန့်အထိမြင့်တက်သွားခဲ့သည်။ သည်နှစ်တွင် ဆိုလျှင် တစ်အိတ်လျှင် ကျပ် ၁ သိန်းခန့်အထိရှိနေပြီဖြစ်ဟု လယ်သမားတွေက ပြောသည်။ ယင်းသို့ အဆမတန်မြင့်တက်နေ၍ မည်သည့်နည်းနှင့်မျှ သုံးနိုင်တော့မည်မဟုတ်ဟု ပေါက်တောမြို့နယ်မှ လယ်သမား ဦးမောင်သန်းတင်က ပြောသည်။

မြေဆီ တစ်အိတ်ကို ၄- ၅ သောင်းလောက်ဆိုရင်တော့ ကျနော်တို့အနေနဲ့ ကြဲနိုင်ပါတယ်။ အခုကတော့ ၉ သောင်း၊ ၁ သိန်းဖြစ်သွားတော့ ကြဲဖို့ကလည်း မလွယ်ဘူးလေဟု မြေဆီ၊ မြေဇာသြစျေး မြင့်တက်လာရသည့် အပေါ် သူက ပြောသည်။

ဓာတ်မြေသြဇာမသုံးပြန်လျှင်လည်း စပါးအထွက်နှုန်းက မကောင်းနိုင်ဟု ဆိုပြန်သည်။ ဥပမာအားဖြင့် ဓာတ်မြေသြဇာသုံးလျှင် စပါးတင်း ၁ဝဝ ထွက်ပါက မသုံးလျှင် တင်း ၄ဝ ခန့်သာထွက်နိုင်မည်ဟု တွက်ပြသည်။ ယင်းကြောင့် လယ်သမားတွေဘဝ ဖူလုံနိုင်ရန်အတွက် မြေဆီ၊ မြေသြဇာစျေးနှုန်းများကိုလည်း စစ်ကောင်စီက လျှော့ပေါ့ထိန်းညှိပေးစေလိုသည်ဟု ဦးမောင်သန်းတင်က တောင်းဆိုသည်။

တောင်းဆိုချင်တာကတော့ မြေဆီစျေးနှုန်းတွေ လျှော့ပေါ့ပေးစေချင်တယ်။ စက်သုံးဆီစျေးတွေ မတက်ရအောင် နည်းနည်းပါးပါး ထိန်းညှိပြီးတော့ ပေးစေချင်တယ်ဟု ဆိုသည်။

မျိုးစပါးအခက်အခဲ

အထူးသဖြင့် မိုခါမုန်တိုင်းကြောင့် လယ်သမားတွေမှာ အဆိုးဝါးဆုံးပျက်စီးဆုံးရှုံးမှုကတော့ သိုလှောင် ထားသည့် မျိုးစပါးပင်ဖြစ်သည်။ မျိုးစပါးတွေပျက်စီးသွားခဲ့ရသည့်အတွက် သည်နှစ်အဖို့ ရခိုင်က လယ်သမား တွေ ခေါင်းမီးတောက်နေကြရသည်။

မျိုးစပါးကတော့ လုံလုံလောက်မရဘူး။ မျိုးစပါးက အရေးတကြီး လိုအပ်ပါတယ်။ အစိုးရ ဘက်ကလည်း မျိုးစပါးတွေပေးမယ်ဆိုပြီး မပေးသေးဘူးဟု မြေပုံမြို့နယ်၊ လွန်းလုံးပိုက် ကျေးရွာမှ ဦးထွန်းထွန်းဝင်းက မျိုးစပါးများ လတ်တလော အရေးတကြီးလိုအပ်နေမှုကို ဖွင့်ဟပြောပြသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့်မျိုးစပါးများထဲတွင်လည်း လုံးဝ ပျက်စီးသွားသူများရှိသလို တချို့ တဝက် ပျက်စီးသွားသူများလည်း ရှိသည်။ များသောအားဖြင့် မြေနိမ့်ပိုင်းဖြစ်သည့် စစ်တွေ၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ စသည့် ပင်လယ်ကမ်းရိုးတန်းနှင့် နီးသည့်ဒေသများတွင် ဒီရေတက်၍ တစ်ဖုံ၊ မြစ်ရေမြင့်တက်၍ တစ်မျိုး လုံးဝ ပျက်စီးသွားကြသည်။ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးစသည့်ဒေသတွေ မှာတော့ မျိုးစပါးတွေကို သိုလှောင်ထားသည့်ခေါင်မိုးတွေ အမိုးလန်သွား၍ မိုးစိုပျက်စီးသွားခြင်းဖြစ်သည်

ယင်းသို့ ခေါင်မိုးလန်ပြီး မျိုးစပါးပျက်စီးသွားသည့်နေရာတွင်လည်း လုံးဝ ပျက်စီးသွားခြင်းမျိုးတော့ မဟုတ်။ အပေါ်ယံသာ မိုးစိုသွားခဲ့ခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ်၊ သာယာကုန်းကျေးရွာမှ လယ်သမား ဦးကိုကိုဌေးကတော့ ဒီဘက်မှာတော့ မျိုးစပါးကလည်း သိပ်ပြီး ရှာမရတာနဲ့ မိုးစိုသွားတဲ့ဟာတွေကိုပဲ နေလှန်းပြီး ကြဲပက်ဖို့ ပြင်ဆင်ထားရပါတယ်ဟု သူတို့ရွာဘက်တွေမှာ ကြုံနေရသည့် မျိုးစပါးအခက်အခဲကို ပြောပြသည်။

ရခိုင်က မုန်တိုင်းသင့်ဒေသတွေမှာ မျိုးစပါး ၁ တောင်းကို ယခင်က ကျပ်တစ်သိန်းကျော်ခန့်သာ ရှိခဲ့ သော်လည်း မုန်တိုင်းတိုက်ပြီးနောက် လက်ရှိတွင် ၁ သိန်း ၆ သောင်းမှ ၁ သိန်း ၈ သောင်းအထိရှိနေသည်ဟု လယ်သမားတွေက ပြောကြသည်။ ယခုကဲ့သို့ စျေးနှုန်းတွေမြင့်တက်နေ၍ ဝယ်ယူသုံးစွဲရန် ပိုက်ဆံအခက်အခဲရှိ နေကြသည်ဟုလည်း ဆိုသည်။

ယင်းကြောင့် မျိုးစပါးများ လုံးဝ ပျက်စီးသွားသည့် လယ်သမားများက မပျက်စီးဘဲ ကျန်နေခဲ့သည့် မျိုးစပါးပိုင်ရှင် လယ်သမားများထံမှ နားလည်မှုဖြင့် ချေးငှားထားရသည်။ ယင်းသို့ ချေးငှားရာတွင် ယခုနှစ် မျိုးစပါး တစ်တောင်းချေးပါက လာမည့် စပါးပေါ်ရာသီတွင် ချေးထားသည့်တစ်တောင်းအပြင် နောက်ထပ် တစ်တောင်းနှင့်အခွဲကိုပါ ပြန်ဆပ်ရန်ကတိပြုထားကြခြင်းဖြစ်သည်။

ပြောရမည်ဆိုလျှင် ယခုနှစ် ရခိုင်က မုန်တိုင်းသင့်လယ်သမားတွေအဖို့ နံပါတ်တစ်အရေးကြီးဆုံးသော လိုအပ်ချက်မှာ မျိုးစပါးပင်ဖြစ်သည်။ မျိုးစပါးသာမရှိလျှင် ဘာမှ လုပ်၍ မရ။ မျိုးစပါးကသာ အခရာ ကျလှသည်။ ယင်းကြောင့် လယ်သမားတွေကတော့ မျိုးစပါးအရေး ရတက်မအေးနိုင်ဖြစ်နေကြရခြင်းဖြစ်သည်။

 စစ်ကောင်စီရောင်းမည့် မျိုးစပါး တင်း ၇ သောင်းကျော်

စစ်ကောင်စီကတော့ ရခိုင်ဒေသက မိုခါမုန်တိုင်းသင့်လယ်သမားတွေအတွက် မျိုးစပါး တင်း ၇ သောင်း ကျော်ကို စရိတ်မျှပေးစနစ်ဖြင့် ရောင်းချရန် ပြင်ဆင်နေသည်။ အဆိုပါမျိုးစပါးတွေကို ဇွန်လ ၂၄ ရက်ကနေစပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စစ်ကောင်စီပိုင် မော်တော်ယာဉ်တွေဖြင့် နေပြည်တော်မှ တဆင့် စစ်တွေသို့ ပို့ဆောင်ပေးလိုက်ပြီဖြစ်သည်။

မုန်တိုင်းသင့် ရခိုင်ဒေသရှိ မြို့နယ် ၁ဝ ခုထဲက မျိုးစပါးများလိုအပ်သော တောင်သူများစာရင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကောက်ယူခဲ့ရာ လယ်သမား ၁ဝ၁ဝ၅ ဦးအတွက် မျိုးစပါး တင်း ၇၃၃၉၇ တင်းလိုအပ်ကြောင်း ကောက်ခံရရှိခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။

ယခု စစ်ကောင်စီက ပေးပို့လိုက်သည့်မျိုးစပါး တင်း ၇ သောင်းကျော်ထဲမှာ ဧရာဝတီတိုင်း မြောင်းမြ၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်းဒေသထွက် ပေါ်ဆန်းရင်မျိုးစပါး၊ ဖျာပုံဒေသထွက် ကျားပျံမျိုးစပါး၊ ရန်ကုန်တိုင်း တွံတေးဒေသထွက် ပေါ်ဆန်းရင်၊ ပဲခူးတိုင်း ရေတာရှည်ဒေသထွက် နှံကောက်မျိုးစပါး၊ နေပြည်တော်မှ ဂရိတ်ဝေါ GW-11 မျိုးစပါးစသည့် မျိုးစပါး တင်းပေါင်း ၆၇၉၉၇ တင်းကို စစ်ကောင်စီက ဝယ်ယူခဲ့ရခြင်းဖြစ် သည်။

ကျန်သည့် မျိုးစပါးတင်း ၅၄ဝဝ ကို ဂရိတ်ဝေါက GW-11 မျိုးစပါး တင်း ၅ဝဝဝ နှင့် ရေတာရှည် ယွန်းလျှံလယ်ယာအထောက်အကူပြုစခန်းမှ ဦးအောင်မျိုးဦးက နှံကောက်မျိုးစပါးတင်း ၄ဝဝ တို့ကို လှူဒါန်းခဲ့ ခြင်းဖြစ်သည်။


ယခုပေးပို့လိုက်သည့်မျိုးစပါးများ ရခိုင်သို့ရောက်လာပါက စရိတ်မျှပေးစနစ်ဖြင့် ရောင်းချသွားမည်ဟု လည်း ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ပြောဆိုထားသည်။

စရိတ်မျှပေးစနစ်ဆိုသည်မှာ ထိုမျိုးစပါးများ၏စျေးနှုန်းကို တောင်းခံခြင်းမဟုတ်ဘဲ သယ်ယူလာသည့် စရိတ်ကိုတောင်းခံခြင်းဖြစ်သည်ဟု လယ်သမားများက ပြောကြသည်။

ယခုတောင်းခံမည့်စရိတ်မျှပေးပုံစံမှာ နေပြည်တော်မှသယ်ယူလာသည့်စရိတ်ကိုတောင်းမည်လား၊ စစ်တွေမှ မြို့နယ်အသီးသီးသို့ ထပ်ဆင့်သယ်ယူလာသည့်စရိတ်ကိုတောင်းမည်လားဆိုသည်ကိုလည်း လယ်သမားများ သဲသဲကွဲကွဲ မသိရသေးပေ။ တချို့မြို့နယ်တွေက လယ်သမားများကတော့ စရိတ်မျှပေးဆိုပြီး အခကြေးငွေအများအပြားတောင်းခံလျှင် လုံးဝမယူဘဲ ပြန်လှည့်လာကြရန် ဆုံးဖြတ်ထားကြသည်ဟုလည်း သိရသည်။

သည်လို သဘာဝဘေး အန္တရာယ်ဆိုးကြောင့် ဒုက္ခအကြီးအကျယ်ရောက်သွားရသည့် လယ်သမားတွေကို စစ်ကောင်စီက မျိုးစပါးတွေ ရောင်းချပေးမည်ဆိုသည်ကိုလည်း လယ်သမားတွေက သဘောမတွေ့ကြပေ။

မြောက်ဦးမြို့နယ်၊ သာယာကုန်းကျေးရွာမှ လယ်သမား ဦးမောင်ထွန်းဝင်းက ဒါက ကူညီတာမဟုတ် တော့ဘူး။ ရောင်းသလိုဖြစ်သွားပြီ။ လယ်သမားတွေမှာ အခု စားဖို့တောင်မှ အနိုင်နိုင်။ ဝယ်ရမယ်ဆို ဘယ်က ပိုက်ဆံရမလဲဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို နိရဥ္စရာက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

မည်သို့ပင်ဆိုစေ ရခိုင်သို့ရောက်ရန်ရှိသည့် မျိုးစပါးများကို စစ်ကောင်စီက အလျင်အမြန်ဖြန့်ဝေပေးရန် လည်း လယ်သမားတွေက တောင်းဆိုနေကြသည်။ ယခုဆို ဇွန်လ ကုန်တော့မည်။ ဇူလိုင်လ ပထမပတ်အထိ မျိုးစပါးတွေ လုံလုံလောက်လောက် မရပါက ထွန်ယက်ပြီးသား လယ်မြေတွေမှာ အချိန်မီ စပါးစိုက်ပျိုးနိုင်တော့ မည်မဟုတ်ဟု လယ်သမားများက ပြောသည်။ ထို့ကြောင့် မျိုးစပါးတွေကို မြန်မြန်ဆန်ဆန်ရရှိရေးမှာ လယ်သမားတွေအတွက် ကြီးမားသော တောင့်တမှုများပင်ဖြစ်သည်။

ရခိုင့်မြေကြီး ရွှေသီးနိုင်ပါတော့မလား

ရခိုင်မှာ ရွှေဝါထွန်း၊ စာပစိ၊ သီရိဒုံ၊ ငစိန်၊ ဧည့်မထ၊ ပေါ်ဆန်းမွှေး စသည့်ဆန်အမျိုးအစားများကို စိုက်ပျိုးတတ်ကြသည်။ ရခိုင်ပြည်တစ်ဝန်း မိုးစပါးစိုက်ဧက ၁ဝ၂ဝဝဝ ကျော်ရှိသည်ဟုလည်း ရခိုင်ပြည်လုံးဆိုင် ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းတွေက ဆိုသည်။ ရခိုင်မှာ စပါးစိုက်ပျိုးမှုကို အများဆုံးလုပ်ကိုင်သည့် ဒေသတွေကလည်း ယခု မုန်တိုင်းသင့်ခဲ့သည့် ဒေသများပင်ဖြစ်သည်။

မုန်တိုင်းကြောင့် လယ်ယာလုပ်ငန်းခွင်တို့ အစစအရာရာ ထိခိုက်ပျက်စီးသွားခဲ့၍ သည်နှစ်မှာ စပါးအထွက်နှုန်း ကောင်းနိုင်တော့မည်ဟုလည်း လယ်သမားများက သုံးသပ်ပြောဆိုလျက်ရှိသည်။ စပါးအထွက် နှုန်းမကောင်းပါက ရခိုင်ပြည်တွင်း စပါးဆန်ရေ များ ရှားပါးလာမည်။ စားနပ်ရိက္ခာအတွက် ကြီးမားသော ကျပ်တည်းခက်ခဲမှုများကိုလည်း ရခိုင်ပြည်သူ၊ ပြည်သားများ ရင်ဆိုင်လာရလာနိုင်ဖွယ်ရှိသည်။

ရခိုင်တွင် ရှေးရခိုင်ဘုရင်အဆက်ဆက် ထီးနန်းအုပ်ချုပ်စိုးစံခဲ့ချိန်ကဆိုလျှင် လယ်ယာလုပ်ငန်းတွေ တိုးတက်ထွန်းကားပြီး ဆန်ရေစပါးတွေ ပေါကြွယ်ဝခဲ့သည်ဟု သမိုင်းမှတ်တမ်းတွေအရ သိရသည်။ ဘားဘူရှိယင့် ဆန်ရှိယင့်ဆိုသည့် ရခိုင့်ဆိုစကားက သက်သေထူလျက်ပင်။ သို့သော် ယခု လက်ရှိအခြေအနေတွင်တော့ အဲသည်လို မဟုတ်တော့ပြီ။ လက်ရှိတွင်မူ ရခိုင့်လယ်ယာလုပ်ငန်းမှာ အဘက်ဘက်မှ ကျဆင်းလာနေရသည်။ ရခိုင်လယ်သမားတွေမှာလည်း တစ်နှစ်ထက်တစ်နှစ် နာလံပင် မထူနိုင်ပေ။ ရင်းနှီးမြှုပ်နှံလိုက်ရသည့်တန်ဖိုးနှင့် အသီးပေါ်ချိန်ရရှိလာသည့်တန်ဖိုးက များစွာ ကွာဟလျက်ရှိသည်။ သည်ကြားထဲ ကုန်စျေးနှုန်းများ ပိုမိုမြင့်တက်လာပြီး စပါးစျေးက မကောင်း၍ လူသာပင်ပန်းပြီး အကျိုးခံစားခွင့် မရှိဖြစ်နေရသည်။

ယင်းကြောင့် ရခိုင်က မြို့နယ်တချို့မှာဆို လယ်သမားတွေ လယ်ယာလုပ်ငန်းခွင်ကိုပင် စွန့်ခွာလာနေ ကြပြီဖြစ်သည်။ တိုင်းတပါးသို့ ထွက်ခွာပြီး ရွှေ့ပြောင်းလုပ်သားတွေအဖြစ် ပြောင်းရွှေ့လုပ်ကိုင်နေကြရသည်။ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာကြသည့် ရခိုင့်လယ်ယာလုပ်ငန်းသည် အဘက်ဘက်မှ ချွတ်ခြုံကျလာနေ၍ စိတ်ဝင်စားမှု မရှိကြတော့ပေ။

ယင်းသို့ လယ်ယာလုပ်ငန်းခွင်ကိုစွန့်ခွာနေမှုတွင် ရခိုင်ပြည်နယ်၏ အနောက်တံခါးဟု တင်စားခေါ်ဝေါ် ကြသည့် မောင်တောဒေသက သက်သေထူလျက်ရှိသည်။ လယ်ယာလုပ်ငန်းခွင်တွေအတွက် သွင်းအားစု စျေးနှုန်းတွေ အဆမတန်မြင့်တက်လာနေ၍ မောင်တောမြို့နယ်မှာ လယ်ယာလုပ်ငန်းကို စွန့်ခွာသွားကြသူတွေ တော်တော်များနေပြီဟု ဒေသခံတွေက ပြောဆိုနေကြသည်။

မောင်တောမြို့နယ်မှာ လယ်မြေဧကပေါင်း ၃ သောင်းခန့်ရှိသည့်အထဲက ဒေသခံတွေပိုင်ဆိုင်သည့် လယ်မြေဧက ၁ သောင်းသာရှိသည်ဟု မောင်တောခရိုင် တောင်သူလယ်သမားသမဂ္ဂမှ ဗဟိုကော်မတီဝင် ဦးမောင်ယေက ပြောသည်။ ပြီးခဲ့သည့်နှစ်ကဆိုလျှင် မောင်တောမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးသူ လယ်ဧက ၁ ထောင်ခန့်သာရှိခဲ့သည်ဟုလည်း ပြောသည်။ သည်စာရင်းကိုကြည့်ပါက ရခိုင့်လယ်ယာလုပ်ငန်း ဘယ်လိုဖြစ်နေ လဲဆိုသည်ကို ရိပ်မိနိုင်ပေလိမ့်မည်။ ဒါဘာကြောင့် သည်လိုတွေ ဖြစ်နေရသလဲ။ နိုင်ငံကို အုပ်ချုပ်သူ အာဏာရှင်များ သုံးသပ်ဆင်ခြင်ကြရပေမည်။

ယခု မုန်တိုင်းသင့်ဒေသတွေသည် လယ်ယာစိုက်ပျိုးမှုကို အဓိကထားလုပ်ကိုင်ကြသည့် ဒေသတွေ ဖြစ်ကြသည်။ ယင်းဒေသတွေကို ရခိုင်ပြည်၏စပါးကျီလို့လည်း တင်စားတတ်ကြသည်။ သည်လို ရခိုင့်စပါးကျီ တည်ရှိရာဒေသမှာ လယ်ယာလုပ်ငန်း အဘက်ဘက်က ပြိုလဲပျက်စီးလာနေ၍ ရခိုင့်မြေကြီးကနေ ရွှေသီးနိုင်ပါတော့မလားဟုပင် မေးခွန်းထုတ်ရပေတော့မည်။

သည်လို မေးခွန်းတွေကြားထဲ ခါးစည်းရုန်းကန်နေရသည့် မြေပုံမြို့နယ်၊ လွန်းလုံးပိုက်ကျေးရွာမှ ဦးထွန်းထွန်းဝင်းကတော့ သည်နှစ်မှာ သူ့လယ်တွေကို ဖြစ်သလို လယ်ထွန်ပြီးပြီမို့ မျိုးစပါးရရှိရေးသာ သူ့အတွက် မဟာလိုလားချက်ဖြစ်နေသည်။

ဖြစ်နိုင်ရင် အစိုးရက မျိုးစပါး လုံလောက်အောင် ချပေးပြီးတော့ မြေဆီမြေသြဇာတွေကိုလည်း အပြည့်အဝ ပေးစေချင်ပါတယ်။ ပြီးမှ တစ်နှစ်တာဖြတ်သန်းရမဲ့ လယ်သမားတွေဘဝ ဖူလုံမယ်။ မဟုတ်ရင် အခက်အခဲတွေရှိလာမယ်ဟု သူက ပြောဆိုလိုက်သည်။

ဦးထွန်းထွန်းဝင်းအနေဖြင့် မျိုးစပါးတွေကို အစိုးရကသာ အချိန်မီ မပေးနိုင်လျှင် မရ၊ ရသည့် နည်းဖြင့် ရှာဖွေစိုက်ပျိုးရတော့မည်။ မတတ်သာသည့်အဆုံး ကျောက်တော်၊ မြောက်ဦးတို့လို ဒေသတွေဆီ သွားပြီး မျိုးစပါးရှိသူတွေဆီက သွားရောက်ဝယ်ယူရန် စဉ်းစားထားသည်။

သည်လို ခက်ခဲကျပ်တည်းသည့်ကြားမှ ကြိုးစားရုန်ကန်ထွန်ယက်စိုက်ပျိုးထားရသည့် သူ့တွင် လာမည့် စပါးအထွက်ရာသီ၌ စပါးအထွက်နှုန်းကော ကောင်းနိုင်ပါ့မလား။ ယင်းအချိန် ရာသီဥတုအခြေအနေကကော ဘယ်လိုဖြစ်လာနိုင်မလဲ။ စိုက်ပျိုးဖြစ်ထွန်းလာသည်ဆိုဦးတော့။ ထိုစပါးများသည် တစ်နေ့တမျိုး ဖြစ်ပျက် ပြောင်းလဲနေသည့် နိုင်ငံရေးအခြေအနေကြောင့် စျေးကောင်းကော ရလာနိုင်ပါ့မလား။ သူ၏လယ်ယာလုပ်ငန်း အတွင်း ရင်းနှီးမြှုပ်နှံအပင်ပန်းခံထားရသည်များနှင့်တန်အောင် အကျိုးခံစားခွင့်ကော ရလာနိုင်ပါ့မလား။ အဖြေမဲ့နေသည့် သည်မေးခွန်းတွေက သူ့စိတ်ကို လွှမ်းမိုးလျက် . . . ။

မင်းအဂ္ဂ

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၂ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး