Preview

ဘ၀ရှေ့ရေး ရတက်မအေးဖြစ်နေရှာသည့် ရခိုင်မှ တစ်နိုင်တပိုင် ရေလုပ်သားများ

ဇူလိုင် ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :1096
ဆောင်းပါး

၂၀၂၃ ခုနှစ်၊ မေလ ၁၄ရက်က ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့အား ဗဟိုပြုတိုက်ခတ်ခဲ့သည့်မိုခါဆိုင်ကလုန်မုန်တိုင်းကြောင့် ရခိုင်ပြည်သူများအနေဖြင့် အပျက်အစီး များခဲ့ကြ၇သည်။

မိုခါ၏ နောက်ဆက်တွဲဆိုးကျိူးများကို ရခိုင်ရှိ မြို့နယ်အများအပြားမှ ဒေသခံများအားလုံးကြုံနေကြရပြီး ယင်းအထဲတွင် တစ်နိုင်တပိုင်ရေလုပ်ငန်း လုပ်ကိုင်သူများလည်းပါဝင်နေသည်။

မိုခါ မုန်တိုင်းအဓိက ဖြတ်ကျော်ခဲ့သည့်စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင် မောင်တောခရိုင်တို့ရှိ ရေလုပ်သားများမှာအလုပ်လက်မဲ့ ဖြစ်သွားကြပြီး တခြားသူများထံတွင် အငှားလုပ်၇သည့်ဘ၀သို့ရောက်ရှိသွားကြရသည်။

ထိုသို့လုပ်ကိုင်နေရသူများထဲတွင်ရေလုပ်ငန်းကို တစ်ရွာလုံး လုပ်ကိုင်သည့် ပေါက်တောမြို့နယ်ရှိ သဲခုံရွာသားများလည်းအပါအဝင်ဖြစ်သည်။

မိုခါကြောင့်ရေလုပ်ငန်းသုံးပစ္စည်းများ ဆုံးရှုံးကာ အခက်အခဲများကို တစ်ရွာလုံးနီးပါးရင်ဆိုင်နေကြရသည်။

''စက်လှေတွေ၊ ပိုက်တွေအကုန်ပါသွားတယ်။ စီးပွားရေးက ဒါပဲ ရှိတာကိုး။ အဲဒါက မုန်တိုင်းနဲ့ပါသွားတယ်''ဟုသဲခုံကျေးရွာမှ ဦးစိန်လှက ဆိုသည်။

အသက်(၄၂) နှစ်ရှိပြီဖြစ်သည့်ဦးစိန်လှမှာ ယခင်က စက်လှေတစ်စီး၊ စက်တစ်လုံး၊ ငါးဖမ်းပိုက်နှစ်လက်ဖြင့် မိသားစု စားဝတ်နေရေးအား ဖြေရှင်းနိုင်ခဲ့သည်။

သို့သော်လည်းယင်းပစ္စည်းအားလုံးအပြင် နေအိမ်ကိုပါ ဆုံးရှုံးခဲ့ရသည့်အတွက် ပြန်လည်ရပ်တည်နိုင်ရန် အခက်အခဲများရှိနေခြင်းဖြစ်သည်။

''မိသားစုဝင်တွေ အကုန်လုံးရော၊ကျနော်ရော မုန်တိုင်းမလာခင်ကနေ တခြားနေရာကို ပြောင်းနေတာ။ စက်လှေတွေကိုတော့ရွာမှာပဲ သေချာထားခဲ့ပါတယ်။ ဒါပေမဲ့ စက်လှေတို့၊ ပိုက်တို့ကလည်းအကုန်ပျောက်သွားတယ်။ ရှာမရတော့ဘူး။ အိမ်ကလည်း အကုန်ပျက်သွားတယ်''ဟု သူက ပြောပြသည်။

ဦးစိန်လှပိုင်သည့်ပစ္စည်းများအားလုံးဆုံးရှုံးခဲ့ရသည့်အတွက် လက်ရှိတွင် အငှားသမားအဖြစ် လုပ်နေရခြင်းဖြစ်သည်။

''တစ်ခုမှ လုပ်စားစရာမရှိတော့အခု သူများတွေဆီမှာ အငှားလိုက်ရတာပေါ့။ ပိုက်ရှိတဲ့ လူတွေဆီမှာအငှားသမားဖြစ်သွားတယ်''ဟုဦးစိန်လှက ဆက်လက် ဖွင့်ဟသည်။

ဦးစိန်လှတွင် မိသားစုဝင်(၅)ဦးရှိပြီး သူများထံမှ ရသည့် တရက်ငွေတစ်သောင်းဖြင့် မိသားစုစားဝတ်နေရေးဖြေရှင်းရန်အခက်အခဲရှိနေသည်ဟုလည်း ဆိုသည်။

''အရင်ကကိုယ့်လုပ်ငန်းနဲ့ကိုယ် လုပ်ကိုင်စားသောက်နေခဲ့တာဆိုတော့ ကိုယ့်သဘောကျပဲ။ဒါပေမဲ့ လူများဆီမှာ လုပ်ရတော့ အပြောအဆို ခံရတာတွေ ရှိတယ်။ မလုပ်ချင်ဘူးပေါ့''ဟု ဦးစိန်လှက ဆိုသည်။

သဲခုံကျေးရွာတွင် ဦးစိန်လှကဲ့သို့တစ်နိုင်တပိုင်လုပ်ငန်းမှ အငှားသမားဘ၀သို့ ရောက်ရှိသွားသည့်ဒေသခံ ၂၀ ကျော်အထိ ရှိနေသည်ဟု သိရသည်။  

ရေလုပ်သားအများအပြားမှာ တစ်နိုင်တပိုင်လုပ်စားနေသည့် ငါးဖမ်းပိုက်၊ စက်လှေများ ပျောက်ဆုံးသွားသည့်အတွက်အငှားသမားများအဖြစ် လုပ်နေကြရခြင်းဖြစ်သည်။

ဦးစိန်လှကဲ့သို့ မိမိစီးပွားရေးအားလက်လွှတ်လိုက်၇ပြီး အငှားသမားဘ၀သို့ ရောက်ရသူများထဲတွင် ပေါက်တောမြို့နယ်၊သက္ကေပြင်မွတ်ဆလင်ဒုက္ခသည်စခန်းမှ ဦးကျော်ဝင်းလည်း ပါဝင်သည်။

''ကျနော့်မှာ အစကသူများဆီက မျှောပိုက်ငှားထားတာ။ စက်လှေက ရှိတယ်။ မိုခါ နဲ့ ငှားထားတဲ့ ပိုက်တွေရော၊စက်လှေပါ မျောပါသွားတယ်။ အခုက ဘာမှ မရှိတော့ဘူး'' ဟု ဆိုသည်။

ယင်းအတွက်ဦးကျော်ဝင်းမှာလည်း တခြားလူများထံတွင် အငှားအလုပ်လုပ်နေရသည်ဟု ဆိုသည်။

''ပြန်ရင်းနှီးဖို့အတွက်ငွေလည်း လက်ထဲမှာ တစ်ပြားမှ မရှိဘူး။ ဒါကြောင့် သူများတွေဆီမှာပဲ လုပ်နေရတာ''ဟုဆိုသည်။

မိသားစုကိုရှာဖွေကျွေးမွေးနေရသည့်တစ်နိုင်တပိုင်ရေလုပ်ငန်းကို ပြန်လည်ထူထောင်ရန် အရင်းအနှီးမရှိ၍ကိုယ့်ပိုင်လုပ်ငန်းပိုင်ရှင်ဘ၀မှ အငှားသမားများဘ၀သို့ ရောက်ရှိသွားရသည်ဟုဖွင့်ဟကြသည်။

ယင်းအပြင်အငှားလုပ်သည့်အခါတွင် ရက်ကျလုပ်ရခြင်းဖြစ်ရာ နေ့တိုင်း အလုပ်မဖြစ်သည့်အတွက်ယခင်ကထက် ပိုမိုခက်ခဲကြောင်း ဆိုသည်။

''နေ့တိုင်းအလုပ်လုပ်ရတာ မဟုတ်ဘူးလေ။ အလုပ်ကျတဲ့ရက်မှ အလုပ်လုပ်ရတော့ အဆင်မပြေပါဘူး''ဟု ဦးကျော်ဝင်းကပြောပြသည်။  

ရခိုင်ရှိရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)အပါအဝင်စစ်ကောင်စီနှင့် အခြား CSO အဖွဲ့များကမုန်တိုင်းသင့်ပြည်သူများကို ကူညီထောက်ပံ့မှုများပြုလုပ်ရာတွင်လည်းအခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားများသာဖြစ်၍ ရေလုပ်ငန်းအတွက် အရင်းအနှီး အကူအညီများ မပါဝင်၍ ရေလုပ်ငန်းကို ပြန်လည် လုပ်ကိုင်ရန်အခက်အခဲများရှိနေကြရခြင်းဖြစ်သည်။

''ငွေကြေးမလိုက်နိုင်တော့ လုပ်ငန်းပြန်လည်ရပ်တည်ဖို့အခက်အခဲရှိတယ်။ အစိုးရက နည်းနည်းတော့ ကြည့်ပေးသင့်တယ်''ဟု အမည်မဖော်လိုသည့် စစ်တွေမြို့မှ ငါးဖမ်းလုပ်ငန်းပိုင်ရှင်တစ်ဦးကဆိုသည်။

ယင်းအတွက်အစိုးရအနေဖြင့် တစ်နိုင်တပိုင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအတွက် ချေးငွေများထုတ်ချေးပေးစေလိုကြောင်း ဦးစိန်လှက ဆိုသည်။

ရခိုင်မှာ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့၍ပျက်စီးဆုံးရှုံးသွားသည့် မွေးမြူရေးလုပ်ငန်းများ ပြန်လည် နာလန်ထူနိုင်ရန်အတွက် ရခိုင်မှမွေးမြူရေးလုပ်ငန်းရှင်များအနက်ကြက်၊ ဘဲ၊ ဝက်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးစီကိုချေးငွေ ကျပ်သိန်း ၁၅၀ ခန့်အား စစ်ကောင်စီက  ထုတ်ချေးပေးရန်ပြင်ဆင်လျက်ရှိသည်။

သို့ရာတွင်ဦးစိန်လှတို့လို မုန်တိုင်းကြောင့် ဘေးဒုက္ခရောက်ခဲ့ရသည့် တစ်နိုင်တပိုင် ရေလုပ်သားများအတွက်မူ စစ်ကောင်စီကမည်သည့်ကူညီထောက်ပံ့မှုများကိုမှလုပ်ဆောင်ပေးခြင်းမရှိဟု ရေလုပ်သားများက ပြောကြသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တစ်နိုင်တပိုင် ရေလုပ်သားများအားမည်သို့ လုပ်ဆောင်ပေးနေသည်ကို ငါးလုပ်ငန်းဦးစီး ဦးအောင်တင်စောအားမေးမြန်းခဲ့သော်လည်း မအားသေးဟု ဆိုသည်။

''ကျနော်ဝန်ကြီးခရီးစဉ်မှာ ရောက်နေတယ်။ အခုမအားသေးဘူး '' ဟု ဆိုသည်။

၇ခိုင်ပြည်နယ်တွင်ကမ်းနီးငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် ငါးဖမ်းလှေပေါင်း ၂၁၀၀၀ ကျော်ရှိသည်ဟုပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်၍ငါးဖမ်းလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်တတ်ကြသလိုဦးစိန်လှတို့လို တစ်နိုင်တပိုင်လည်း လုပ်ကိုင်ကြသူများလည်း ရှိကြသည်။

သို့ရာတွင်မုန်တိုင်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားခဲ့ကြသည့် တစ်နိုင်တပိုင်ရေလုပ်သားများမှာ သူတို့၏ဘ၀ရှေ့ရေးအတွက် ရတက်မအေးဖြစ်နေကြ၇သည်။

မိုခါမုန်တိုင်းကြောင့် ဘ၀အဆင်မပြေဖြစ်သွားခဲ့ကြရသော တစ်ဝမ်းတစ်ခါးအတွက်ရုန်းကန်လှုပ်ရှားနေကြရသည့် ရခိုင်ပြည်နယ်အနှံ့က တစ်နိုင်တပိုင်ရေလုပ်သားများဘ၀ကတော့ ယခုအချိန်ထိ အကူအညီ အရင်းအနှီး ရရှိမည့် စာရင်းထဲ မပါဝင်ဘဲဘေးဖယ်ခံထားသည့် အပေါ်မှာတော့   ဦးစိန်လှတစ်ယောက် တွေးတောပြီး ဘ၀ရှေ့ရေးအတွက် ပို၍စိတ်မကောင်းဖြစ်နေရှာလေတော့သည်.....။

#ဆောင်းပါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.