သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

AA သံသယကြား စတေးခံနေရသူများ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 762

စစ်ဘေးရှောင် ဒေါ်မအေးသန်းတစ်ယောက် ကျောက်တော်မြို့နယ်တရားရုံးသို့ ထပ်မသွားလိုတော့ပေ။ နေမကောင်းသည့်အထဲ လင်ယောက်ျားဖြစ်သူ၏ရုံးချိန်းကို အကြိမ်ကြိမ်သွားဖြစ်ခဲ့ပြီးပြီ။ လင်ယောက်ျား အပေါ်စွဲဆိုထားသည့် တရားလိုစစ်တပ်အရာရှိဘက်က ရုံးချိန်းအကြိမ်ကြိမ် ပျက်ကွက်နေကြသည်။ ယင်းကြောင့် ရုံးတော်ကလည်း ဘာမျှ ဆက်လက်စစ်ဆေးနိုင်ခြင်းမရှိပေ။ ရုံးချိန်းကိုသာ အကြိမ်ကြိမ်ရွေ့ဆိုင်းခံနေရသည်မှာ လပေါင်း အတော်ကြာမြင့်နေခဲ့ပြီ။ ရုံးချိန်း အကြိမ်ကြိမ်ရွေ့ဆိုင်းခံနေရ၍ ကာယကံရှင်နှင့်အတူ ဒေါ်မအေးသန်းတွင်လည်း အခက်အခဲ အကျပ်အတည်းများစွာနှင့် ကြုံနေရသည်။ ရခိုင်ပြည်၏တရားစီရင်ရေးအပေါ် အတော်ပင် စိတ်ပျက်နေပြီဟုလည်း ဒေါ်မအေးသန်းတစ်ယောက် ဖွင့်ဟသည်။

 

“ရုံးချိန်းဆိုရင် နားလည်း လန့်နေပြီ။ သွားချင်စိတ်လည်း မရှိတော့ဘူး။ ဒါပေမဲ့ အမျိုးသား တစ်ယောက်မျက်နှာကြောင့် ကျမအနေနဲ့ သွားနေရတာပဲ။ အိမ်ရှင်မမျက်ကိုမြင်ရင် အမျိုးသားစိတ်ချမ်းသာအောင်၊ ပျော်အောင်ပေါ့နော်။ ငါ့အိမ်ရှင်မ ငါ့ဆီလာပေးတာပဲလို့။ အဲဒီစိတ်တစ်ခုတည်းနဲ့ ကျမလည်း သွားရတာပါ”ဟု ဒေါ်မအေးသန်းက ပြောဆိုသည်။

 

ဒေါ်မအေးသန်း၏အမျိုးသားဆိုသည်က အသက် ၃၉ နှစ်အရွယ် ဦးကျော်ဟိန်းပင်ဖြစ်သည်။ 

 

သူသည် ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာတွင် အရပ်ဆေးဆရာတစ်ဦးအဖြစ် မိသားစုကို ရှာဖွေကျွေးမွေးနေခဲ့သူ ဖြစ်သည်။ ယင်းသို့ ရိုးရိုးသားသားဖြင့် လုပ်ကိုင်စားသောက်နေတုန်း ၂ဝ၁၉ ခုနှစ်အရောက်တွင် ရွာအနီး ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာခဲ့သည်။ ယင်းကြောင့် ဇနီးအပါအဝင် သားသမီး ၄ ဦးနှင့်အတူ ကျောက်တော်မြို့၊ ကဝိရတနာဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းသို့ ပြေးဝင်ခိုလှုံနေခဲ့ကြရသည်။

 

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လသည် ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်ကောင်စီတပ်တို့ တကျော့ ပြန်တိုက်ပွဲများ ပြင်းထန်နေခဲ့ချိန်ဖြစ်သည်။ အရပ်သားပြည်သူအများအပြားကိုလည်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မြေလှန်ရှာပြီး အဖမ်းအဆီး ကြမ်းနေခဲ့ချိန်လည်းဖြစ်သည်။

 

ယင်းသို့ ကျီးလန့်စာစားနေရသည့်အချိန် ဇူလိုင်လ ၁၉ ရက်၊ ည ၉ နာရီခန့်တွင် ဦးကျော်ဟိန်း တစ်ယောက် ကျောက်တော်မြို့၊ ရထားဘူတာစစ်ဘေးရှောင်စခန်းရှိ နေမကောင်းဖြစ်နေသည့် ဘဝတူစစ်ဘေးရှောင်တစ်ဦးကို ဆေးကုသပေးဖို့ ကြုံလာသည်။ ညအချိန်ဖြစ်သော်လည်း လူနာနေမကောင်းလျှင် သွားရောက်ကုသပေးရမည်မှာ ဆေးဆရာများ၏တာဝန်ဟု ဦးကျော်ဟိန်းက ခံယူသည်။ သို့နှင့် လူနာကို ဆေးကုသပေးပြီးနောက် ဦးကျော်ဟိန်း တစ်ယောက် ည ၁ဝ နာရီခန့်တွင် မိသားစုထံပြန်လာခဲ့သည်။ ယင်းအချိန် လမ်းတွင်မင်းမူနေသော စစ်ကောင်စီ တပ်သားများက သူ့ကို AA ဟုဆိုကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ ဒေါ်မအေးသန်းက ပြောပြသည်။

 

ဦးကျော်ဟိန်းတစ်ယောက် စတင်ဖမ်းဆီးခံရပြီးနောက် ရက်ပေါင်းအတော်ကြာ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသည်။ မည်သည့်နေရာတွင် ချုပ်နှောင် စစ်ဆေးခံနေခဲ့သည်ကိုလည်း စစ်ကောင်စီက မိသားစုဝင်များထံ အကြောင်းကြားခြင်းမျိုးမရှိခဲ့ပေ။ ကျန်းမာရေးမကောင်းသည့် ဒေါ်မအေးသန်းခမျာ စစ်ဘေးရှောင် စခန်းတွင် သားသမီး ၄ ဦးနှင့်အတူ ရတက်ပွေခဲ့ရသည်။ ဘာမျှ မလုပ်တတ်၊ မကိုင်တတ်ဖြင့် အားကိုးရာ မဲ့နေခဲ့သည်။ လင်ယောက်ျားကိုလည်း မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်မသိ။ ရိုက်နှက် စစ်ဆေးနေသည်လား။ သတ်များ သတ်ပစ်ကြပြီလားဖြင့် စိုးရိမ်စိတ်က ငယ်ထိပ်သို့ပင် ရောက်ရှိခဲ့ရသည်။

 

ဦးကျော်ဟိန်းကို စစ်ကောင်စီတပ်က ချုပ်နှောင်စစ်ဆေး၍ဝမှ ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲအပ်ခဲ့သည်။ ပြီးလျှင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်ပုဒ်ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။ ယင်းအချိန်မှစတင်ကာ ဦးကျော်ဟိန်းတစ်ယောက် ကျောက်တော်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ ယင်းသို့ အမှု ရင်ဆိုင်နေရသော်လည်း သူ့ကို စွဲဆိုထားသည့် စစ်ကောင်စီတပ်မှ အရာရှိများ ရုံးချိန်း  မရောက်၍ဟု ဆိုကာ ရုံးချိန်းများအကြိမ်ကြိမ်ရွေ့ဆိုင်းခံနေရသည်မှာ ၁ဝ ကြိမ်ထက် မနည်းရှိသွားခဲ့ပြီဟု ဇနီးဖြစ်သူ ဒေါ်မအေးသန်းက ပြောသည်။

 

“ရုံးတင်တာ တင်တာ တစ်ခုမှမထူးဘူး”ဟု သူမက ပြောသည်။

 

ဦးကျော်ဟိန်းတွင် သား ၃ ဦးနှင့် သမီး ၁ ဦးရှိသည်။ (၁၈)နှစ်အရွယ် အကြီးဆုံးသား မောင်ကျော်ဆန်းက Grade – 12 ကျောင်းသား။ (၁၃) နှစ်အရွယ် ဒုတိယမြောက်သား မောင်မိုးထက်မြင့်က Grade – 8 ၊ (၉)နှစ်အရွယ် တတိယမြောက်သား မောင်မိုးထက်ကျော်က Grade – 2 ။ ၆ နှစ်အရွယ် အငယ်ဆုံးသမီးလေး မအိအိမျိုးက KG ကျောင်းသူ။ အားလုံး ပညာရည်တစ်ပိုင်းတစ်စဖြင့်။

 

လက်ရှိတွင် အိမ်ထောင်ဦးစီး ဦးကျော်ဟိန်းမရှိ၍ သားသမီးအားလုံးကို အခြေခံပညာ ကျောင်းများတွင်ပင် မထားနိုင်တော့ပေ။ သားကြီးနှစ်ဦးကို ကျောက်တော်မြို့ရှိ မဟာကံကြီးသျှင် ပရဟိတကျောင်းတွင် ထားပေးထားရသည်။ သားငယ်နှင့် သမီးငယ်ကိုမူ သူတို့နေထိုင်ရာ စစ်ဘေးရှောင်စခန်းအနီးရှိ အခြေခံပညာကျောင်းတစ်ခုတွင် အခက်အခဲအမျိုးမျိုးကြားမှ မဖြစ်ဖြစ်အောင် ထားပေးထားသည်ဟု ဒေါ်မအေးသန်းက ဆိုသည်။

 

“ကျောင်းစိမ်းဝတ်စုံတောင် ဝယ်မပေးနိုင်ဘူး။ ကျမအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်”ဟု မိခင်တစ်ဦး၏ သောကကို ဖွင့်ဟပြောဆိုသည်။

 

သို့သော် သားသမီး ၄ ဦးပညာတတ်မြောက်စေရန်အတွက် မိခင်တစ်ဦးအနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားရုန်းကန် နေသည်ဟုလည်း သူမက ဆက်ပြောသည်။ ယခုခေတ်က ပညာခေတ်မို့ သားသမီးများ စာမတတ်၊ ပေမတတ်ဖြစ်မည်ကို မိခင်တစ်ဦးအနေဖြင့် လွန်စွာစိုးရိမ်နေသည်ဟု ဆိုသည်။

 

“ကျမအနေနဲ့ကတော့ ကျောင်းလည်း လုံးဝမထုတ်ချင်ဘူး။ စာမတတ်ဖို့ဟာကို ကျမအနေနဲ့ အရမ်းစိုးရိမ်တယ်”ဟု ပြောသည်။

 

ဒေါ်မအေးသန်းတို့လို ရခိုင်က စစ်ဘေးရှောင်များကို စစ်ကောင်စီက ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်ကနေ ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းခဲ့သည်။ ယင်းနောက်တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ငွေကြေးထောက်ပံ့မှုတစ်ခုတည်းဖြင့်သာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသည်။


WFP က စစ်ဘေးရှောင်တစ်ဦးကို တစ်လလျှင် ကျပ် ၂ သောင်းခွဲပေးသည်ဟု ဆိုသည်။ ဒေါ်မအေးသန်းတို့တွင် မိသားစု ၆ ဦးစာမို့ ကျပ် ၁ သိန်းခွဲရသည်။ သို့သော် ကုန်စျေးနှုန်းက မိုးထိအောင်မြင့်တက်နေ၍ ယင်းကျပ် ၁ သိန်းခွဲဆိုသည်က မိသားစု ၅ ဦးစားဝတ်နေရေးအတွက် အဆင်မပြေပေ။ ဆင်ပါးစပ် နှမ်းပက်သလောက်သာ ရှိသည်။ ယင်းကြောင့် နီးစပ်သူများထံမှ ပိုက်ဆံချေးငှားသုံးစွဲခဲ့ရသည်များလည်း ရှိသည်ဟု ဒေါ်မအေးသန်းက ပြောသည်။

 

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျမမှာ နားကပ်လေးတစ်ရံရှိတယ်။ အဲဒါကို သွားရောင်းတယ်။ ၁ သိန်းရခဲ့တယ်။ အဲဒါနဲ့ ဆန် ၁ အိတ်ဝယ်လို့ အဲလိုမျိုး ကျမအမျိုးသားမရှိလို့ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်”ဟု အိမ်ထောင်ဦးစီး လင်ယောက်ျားမရှိ၍ မိသားစုတာဝန်ကို ထမ်းထားရပုံများအား ဒေါ်မအေးသန်းက ပြောပြသည်။

 

တကယ်တော့ ဦးကျော်ဟိန်းကို နောက်ထပ် ၈ ဦးနှင့်အတူ ကျောက်တော်မြို့နယ်တရားရုံးတွင် ပုဒ်မ ၁၇(၁)ဖြင့် ရုံးထုတ်နေခြင်းဖြစ်သည်။ ထို ၈ ဦးမှာ မင်းပြားမြို့နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာ ဦးစောမိုးကျော်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာမှ ဦးမောင်စောသာ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဝပြန်ရွာမှ ကိုမောင်သန်းဌေး၊ ကိုမောင်ထွန်းလှိုင်၊ ရဲရို့ပြင်ရွာမှ ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ်၊ အငူရွာသစ်မှ ကိုမောင်ချေနှင့် မြောက်ဦးမြို့၊ မဟိန်ဂျီရပ်ကွက်မှ ကိုကျော်မောင်လင်းတို့ ဖြစ်သည်။

 

သူတို့ ၈ ဦးသည်လည်း ရခိုင်တွင် ၂ဝ၂၂ ခုနှစ်က တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူများဖြစ်သည်။

 

- တကျော့ပြန်တိုက်ပွဲကာလ AA သံသယဖြင့် ဖမ်းဆီးခံရသူ ၅ဝဝ ကျော်ရှိခဲ့

 

ပြောရမည်ဆိုလျှင် တကျော့ပြန်တိုက်ပွဲကာလအတွင်း ဦးကျော်ဟိန်းတို့လို AA သံသယဆိုသည့် ခေါင်းစဉ်အောက်မှာ မတရားဖမ်းဆီးခံခဲ့ရသူ အယောက် ၅ဝဝ ကျော်အထိရှိခဲ့သည်ဟု သိရသည်။ သူတို့ထဲတွင် အရပ်သားပြည်သူများ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ထွေအုပ်ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ ပါဝင်ကြသည်။ သူတို့အားလုံးကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မအမျိုးမျိုးတပ်ပြီး စစ်ကောင်စီက တရားစွဲဆိုထားခြင်းဖြစ်သည်။

 

တကျော့ပြန်တိုက်ပွဲကာလတုန်းက တိုက်ပွဲကလည်း အပြင်းအထန်ဖြစ်နေခဲ့သည်။ တိုက်ပွဲဖြစ်သည့် နေရာအနီးရှိ ပြည်သူများမှာလည်း ကျီးလန့်စာစားဘဝဖြင့် ရှိနေခဲ့ကြသည်။ စစ်တွေအပါအဝင် မြို့အများအပြားတွင်လည်း ညအချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင် နေခဲ့ကြရသည်များပင်ရှိခဲ့သည်။ (လက်ရှိအချိန်ထိလည်း တိမ်းရှောင်နေရသူအချို့ရှိနေသေးသည်။) ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီကပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှုများလည်း ပြတ်တောက်သွားခဲ့ရသည်။ ယင်းကြောင့် ရခိုင်တွင် ကုန်စျေးနှုန်းများလည်း မိုးထိအောင်မြင့်တက်ခဲ့ရ၍ ပြည်သူများမှာ ဒုက္ခပင်လယ်ဝေခဲ့ရသည်။

 

၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်အရောက်တွင်တော့ AA နှင့် စစ်ကောင်စီတပ်တို့ တစ်ဘက်နှင့် တစ်ဘက် နားလည်မှုဖြင့် အပစ်ရပ်စဲခဲ့ကြသည်။ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်၊ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်လည်း ဖြစ်သည့် မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ရပ်စဲခဲ့ကြခြင်းလည်းဖြစ်သည်။

 

- ဖမ်းဆီးခံရသူများလွတ်မြောက်ရေး AA ၏ကြိုးပမ်းမှု မအောင်မြင်သေး

 

AA နှင့် စစ်ကောင်စီတပ်တို့ နားလည်မှုဖြင့် အပစ်ရပ်စဲခဲ့ကြရာတွင် ယခုဖော်ပြမည့်အချက် ၃ ချက်လည်း ပါဝင်ခဲ့သည်။ ယင်းအချက်များမှာ နှစ်ဘက် ဖမ်းဆီးမှုများကို ရပ်တန့်ရန်၊ စစ်ကောင်စီက ဖမ်းဆီးထားသည့်ပြည်သူများကို ပြန်လွှတ်ပေးရန်နှင့် ပိတ်ဆို့ထားသည့် ကုန်းလမ်း၊ ရေလမ်းများကို ပြန်ဖွင့်ပေးရန်စသည့်အချက်များဖြစ်သည်။

 

ယင်းအနက် အချက် ၂ ခုကို နှစ်ဘက်စလုံးက လိုက်နာခဲ့ကြသော်လည်း တကျော့ပြန်တိုက်ပွဲကာလ အတွင်း ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရမည့်ကတိကို စစ်ကောင်စီက ချိုးဖောက်ထားဆဲ ဖြစ်သည်။

 

သည်အချက်ကို စစ်ကောင်စီနှင့်အပစ်ရပ်ပြီးနောက် ၃ လအကြာ ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင်ပြုလုပ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)၏ သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ထည့်သွင်းပြောဆိုသွားခဲ့သည်။

 

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီထံမတရားဖမ်းဆီးခံခဲ့ရသည့် အပြစ်မဲ့ အရပ်သားများ လွတ်မြောက်ရေး ၃ လကြာ ကြိုးစားညှိနှိုင်းဆောင်ရွက်နေသော်လည်း စစ်ကောင်စီဘက်က ကတိပျက်ကွက်ကာ ပြန်လွှတ်ပေးခြင်းမရှိသေးဟု ဦးခိုင်သုခက ပြောဆိုခဲ့သည်။

 

“ဖမ်းခံရတဲ့ အပြစ်မဲ့ပြည်သူတွေလွတ်မြောက်ဖို့အတွက် ကျနော်တို့ အဆင့်ဆင့် ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် အခုချိန်ထိ အဲဒီအရပ်သား ပြန်လွှတ်ပေးတာမရှိသေးပါဘူး။ အမှန်က ဒီနှစ်ဆန်းပိုင်းမှာ ပြီးပြတ်နေရမယ့် ကိစ္စဖြစ်ပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

 

တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ရခိုင်မြို့နယ်အသီးသီးမှ အပြစ်မဲ့အရပ်သားပြည်သူ ၅၉၄ ဦးကို ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီလအထိ ၃၉၁ ဦးသာ လွတ်မြောက်ခဲ့သည်ဟု ဆိုသည်။ ၂ဝ၃ ဦးမှာ စစ်ကောင်စီ၏ အချုပ်ခန်းနှင့် အကျဉ်းထောင်များအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း ဦးခိုင်သုခက ယင်းနေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

 

ယင်းနောက် ဧပြီလ ၁၇ ရက်(မြန်မာနှစ်ဆန်း ၁ ရက်)တွင်တော့ စစ်ကောင်စီက မြန်မာနိုင်ငံရှိ အကျဉ်းသား ၃ ထောင် ကျော်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ယင်းအထဲ ရခိုင်ပြည်နယ်မှ အကျဉ်းသား ၁၇၃ ဦး ပါဝင်ခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးတစ်ယောက်မျှ ပါဝင်မှုမရှိခဲ့ပေ။

 

အလားတူ မေလ ၃ ရက်တွင်ကျရောက်ခဲ့သည့် ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် ကချင်၊ ကယား၊ ကရင်၊ မွန်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီစသည့် ပြည်နယ်နှင့်တိုင်းများမှ အကျဉ်းသား/သူ ၂၁၅၃ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြန်သည်။ ယင်းအထဲတွင်လည်း ရခိုင်မှ အကျဉ်းသား တစ်ဦး တစ်ယောက်မျှ ပါဝင်မှုမရှိခဲ့ပေ။

 

ခြုံကြည့်ရလျှင် ဦးခိုင်သုခက ပြောခဲ့သည့် မလွတ်မြောက်ဘဲ ကျန်နေသေးသူ ၂ဝ၃ ဦး ပြန်လည်လွတ်မြောက်ရေး AA နှင့် စစ်ကောင်စီညှိနှိုင်းဆောင်ရွက်မှုမှာ ယခုထိ အဆင်မပြေနိုင်သေးဟု ကောက်ချက်ချနိုင်ပေသည်။

 

- စစ်ကောင်စီဘက်က တရားလိုများ ရုံးချိန်းအကြိမ်ကြိမ်ပျက်ကွက်နေ

 

လက်ရှိတွင် လွတ်မြောက်ခြင်းမရှိသေးသည့် လူဦးရေ ၂ဝဝ ကျော်သည် AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ ၁၇(၂)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅(က)၊ ၅ဝ၅-က စသည့်ပုဒ်မများဖြင့် တရားစွဲခံထားရပြီး အမှုရင်ဆိုင်နေကြရဆဲဖြစ်သည်။

 

ယင်းသို့ အမှုရင်ဆိုင်ရာတွင်လည်း ကျောက်တော်မြို့မှ စစ်ဘေးရှောင်ဦးကျော်ဟိန်းတို့အမှုလို တရားလို ဖြစ်သည့် စစ်ကောင်စီဘက်မှ အရာရှိ၊ အရာခံများမှာ ရုံးချိန်းပျက်ကွက်သည်ဟုဆိုကာ အမှုကို ဆက်လက်စစ်ဆေးနိုင်ခြင်းမရှိဘဲ ရုံးချိန်းသာ အကြိမ်ကြိမ်ရွေ့ဆိုင်းခံနေကြရခြင်းဖြစ်သည်။

 

ရုံးချိန်းအကြိမ်ကြိမ်ရွေ့ဆိုင်းခံနေရဆဲသူများထဲတွင် လူသိများထင်ရှားသူများဖြစ်ကြသည့် ကျောက်တော်မြို့မှ လူမှုရေးလှုပ်ရှားသူ လူထုဇော်ဝင်း(ခေါ်) ဦးဇော်ဝင်းအပါအဝင် ၃ ဦး၊ မြောက်ဦးမြို့မှ သတင်းထောက်ဟောင်း ကိုဖိုးသီဟနှင့် ကိုကျော်ဇံဝေ(ခေါ်) ကိုရင်ဆို့တို့ ပါဝင်သည်။


မောင်တောမြို့နယ်မှ ကရုဏာကွန်ရက် လူမူကူညီရေးအသင်း ဥက္ကဋ္ဌ ဦးချစ်ထူးခိုင်နှင့် နောက်မြို့ခံတစ်ဦးတို့မှာ ရှောင်တိမ်းနေရပြီး ဘဏ္ဍာရေးမှူး ဦးလှသိန်းနှင့် နောက်ထပ် မောင်တောမြို့ခံ ၁ ဦးမှာဖမ်းဆီးခံထားရသည်။


မင်းပြားမြို့မှ ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်ကျော်လှ၊ ကျောက်ဖြူမြို့မှ စေတီတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းမောင်အပါအဝင် ၁၄ ဦး၊ ကျောက်ဖြူမှ နောက်ထပ် လူငယ် ၂ ဦး၊ တောင်ကုတ်မြို့နယ်မှ ၆ ဦး၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ ဦးလေမောင်သိန်းနှင့် ဦးခင်မောင်ကျော်တို့၏အမှုများလည်း ပါဝင်ပေသည်။

 

ယင်းအမှုများတွင် စစ်ကောင်စီဘက်က တရားလိုများ အကြိမ်ကြိမ်ရုံးချိန်းပျက်ကွက်နေကြသည်မှာ သံသယဖြင့် တရားစွဲခံထားရသူများအတွက် လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်ပြောဆိုနေကြသည်။

 

တရားလိုဖြစ်သည့် စစ်တပ်အရာရှိ၊ အရာခံများသည် စစ်မြေပြင်သို့ ရောက်ရှိ နေလျှင်သော်လည်းကောင်း၊ ခရီးဝေးသွားနေလျှင်သော်လည်းကောင်း သူတို့တရားလို လုပ်ပြီးစွဲထားသည့် အမှုများသည် ကြန့်ကြာတတ်သည်ဟု သိရသည်။ ယင်းသို့ဆိုပြန်လျှင်လည်း ရခိုင်တွင် လက်ရှိ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားနေခြင်းမရှိပေ။ ပြီးလျှင် တရားစွဲ ခံထားရသူများသည်လည်း သက်ဆိုင်ရာ မြို့နယ်ရှိ စစ်တပ်အရာရှိများ၏ စွဲဆိုခြင်းကိုခံနေရသူများသာ ဖြစ်သည်။ ပြောရမည်ဆိုလျှင် ကျောက်တော်မြို့နယ်မှ ပြည်သူများကို ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်မှ အရာရှိ များကသာ စွဲဆိုထားကြခြင်းဖြစ်သည်။ လက်ရှိ ရခိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိ၍ မည်သည့် စစ်မြေပြင်ကိုမှ သူတို့သွားရောက်နေသည်မဟုတ်။ ရုံးချိန်းတက်ရန် လာချင်လျှင် အနီးကလေးသာ။ ခရီးဝေး သွားနေရသည် ဆိုပါကလည်း အလွန်ဆုံးကြာလှ ၂ လပေါ့။ ၂ လနှင့်ပြန်မရောက်ပါကလည်း အမှုကို ဆောလျင်စွာ ပြီးပြတ်အောင် ဆောင်ရွက်ရန် ရုံးချိန်းပျက်ကွက်နေသည့်သူတို့ကို တရားရုံးက ဆင့်ခေါ်ရန်တာဝန်ရှိပေသည်။ ယခုတော့ ယင်းသို့ ဆင့်ခေါ်ခြင်းလည်းမရှိ။ လာချင်လာ၊ မလာချင်နေဆိုသည့်သဘော။ ဖြစ်ချင်သလို ဖြစ်နေကြသည်။

 

ရခိုင်မှ တရားလွှတ်တော်ရှေ့နေတစ်ဦးကလည်း တရားရုံးများအနေဖြင့် အမှုများကို ယခုကဲ့သို့ အချိန်ကြန့်ကြာအောင် ဆွဲဆန့်ထားခွင့် ဥပဒေတွင်မရှိဟု ပြောပြသည်။

 

“အချိန်ဆွဲတယ်ဆိုတာက အမှုတစ်ခုဖြစ်လာပြီဟေ့ဆိုရင် ၆ လအတွင်း အမှုကို ပြီးပြတ်အောင် စစ်ရတယ်။ ၆ လအတွင်း အမှုကို ပြီးပြတ်အောင်စစ်ရတယ်ဆိုတဲ့အခါမှာ အမှုတစ်ခု ဆွဲတင်လာပြီဟေ့ဆိုရင် တရားလို အကျိုးဆောင်နဲ့ တရားခံအကျိုးဆောင်နဲ့ ညှိရတယ်။ ဒီအမှုကို ၆ လအတောအတွင်းပေါ့နော်။ ပြီးပြတ်အောင် ဘယ်လိုစစ်မလဲပေါ့နော်။ အဲလိုအနေအထားလေးတွေ ရှိတယ်။ သူက အချိန်ဆွဲလို့ မရဘူး”ဟု ပြောပြသည်။

 

သို့ရာတွင် ယခုအမှုများသည် နိုင်ငံရေးအမှုများဖြစ်နေ၍ တရားရုံးများဘက်ကလည်း အခြားအမှုများကဲ့သို့ ကျင့်သုံးမရသည်များလည်း ရှိတတ်သည်ဟု ဆိုပြန်သည်။


မည်သို့ပင်ဆိုစေ ရခိုင်တွင် AA နှင့်ဆက်စပ်သံသယဖြင့် စွဲဆိုခံထားရသူ ၂ဝဝ ကျော်အမှုကတော့ ကြန့်ကြာနေဆဲဖြစ်သည်။ ယင်းအမှုများတွင် အပြီးသတ်အမိန့်ချမှတ်ရန် တစ်ခုတည်းသာ ကျန်တော့သည့် အမှုများလည်း အမြောက်အများပါဝင်လျက်ရှိသည်။ ယင်းအထဲတွင် စစ်တွေမြို့မှ ဦးခင်မောင်ကျော်(၅၃)နှစ်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

 

ဦးခင်မောင်ကျော်အမှုသည်လည်း AA သံသယဖြင့် အပြီးသတ်အမိန့်ချရန် တစ်ခုတည်းသာ ကျန်တော့သော်လည်း ရုံးချိန်းအကြိမ်ကြိမ်ရွေ့ဆိုင်းခံနေရသည်ဟု ဇနီးဖြစ်သူ ဒေါ်မသိန်းချေက ပြောသည်။

 

“ကျမက ရှေ့နေကို မေးပါတယ်။ ကျမယောက်ျားကို မစစ်တော့ဘူးလားမေးတော့ အစ်မယောက်ျားမှာ စစ်ဖို့ဟာ တစ်ခုမှမရှိတော့ဘူးတဲ့။ အမိန့်ချဖို့ဟာတစ်ခုတည်းပဲ ရှိတော့တယ်တဲ့။ ကျမတို့မှာလည်း ထောင်ဝင်စာတွေတွေ့ရတာ အခက်အခဲတွေနဲ့ဆိုတော့ အပြစ်မရှိရင် လွှတ်ပေးစေချင်ပါတယ်”ဟု ပြောသည်။

 

ဦးခင်မောင်ကျော်သည် ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ ည ၁၁ နာရီတွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် စစ်ဘေးရှောင်စခန်းရှိနေအိမ်အတွင်းမှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။

 

ယင်းနောက် AA ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံနေရခြင်း ဖြစ်သည်ဟု ဇနီးဖြစ်သူ ဒေါ်မသိန်းချေက ဆိုသည်။

 

“ကျမတို့မှာက တစ်ခုမှ ထောက်ပံ့တာမရှိဘူး။ အိမ်မှာ ဆိုင်သေးသေးလေးပဲ ရောင်းစားတာပါ”ဟု ပြောသည်။

 

- ကြန့်ကြာနေသည့်အမှုများကို ဇူလိုင်လအတွင်း ပြီးပြတ်အောင်ဆောင်ရွက်မည်ဟု စစ်ကောင်စီထုတ်ပြောလာ

 

ယခုကဲ့သို့ တရားရုံးအတွင်း စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများကို ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီဘက်က ဧပြီလနောက်ဆုံးပတ်တွင် ပြောဆိုလာခဲ့သည်။

 

စစ်ကောင်စီ၏ တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ဧပြီလ ၃ဝ ရက်က ပြည်ထဲရေးဝန်ကြီးဌာနရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သော တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ အထောက်အကူပြုအဖွဲ့ အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

ယင်းသို့ဆောင်ရွက်ရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် စီမံချက်ရေးဆွဲဆောင်ရွက်နေကြောင်းလည်း ပြောဆိုသွားခဲ့သည်။ 

 

- ရခိုင်ပြည်နယ်တရားရေးကဏ္ဍ ပြောင်းလဲမှုအချို့ရှိလာ

 

စစ်ကောင်စီက ယင်းသို့ထုတ်ဖော်ပြောဆိုလာပြီးနောက် ရခိုင်ပြည်နယ်၏တရားရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှု အချို့ကို စတင်တွေ့လာရသည်။

 

ဒေါ်မြအေးဆိုသူကို ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် စစ်ကောင်စီက မေလ ၇ ရက်တွင် ခန့်အပ်ခဲ့သည်။ ယခင် ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်နွယ်နွယ်ခိုင်မှာ ဧပြီလကုန်ပိုင်းခန့်က အသက်ပြည့်ပင်စင်ယူသွား၍ သူ့နေရာတွင် အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။

 

သူမသည် ရခိုင်ပြည်နယ်တရားဦးစီးမှူးအဖြစ်တာဝန်ထမ်းဆောင်နေခဲ့သူဖြစ်ပြီး ထက်မြက်သည့် အမျိုးသမီး တစ်ဦးဖြစ်သည်ဟု ရခိုင်ရှေ့နေအသိုင်းအဝိုင်းက ဆိုသည်။

 

သူမသည် ဒုတိယမြို့နယ်တရားသူကြီး၊ တွဲဖက်မြို့နယ်တရားသူကြီး၊ မြို့နယ်တရားသူကြီး၊ ခရိုင်တရားသူကြီး၊ ဒုခရိုင်တရားသူကြီး၊ ခရိုင်တရားသူကြီး၊ ပြည်နယ်တရားရုံးဦးစီးမှူး စသည့်တာဝန်များကို လုပ်ကိုင်ခဲ့ပြီးနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်ခံရခြင်းလည်းဖြစ်သည်။

 

ယင်းအပြင် ၁ လကျော်အကြာ ဇွန်လ ၁၇ ရက်တွင် ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်မြအေးကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် စစ်ကောင်စီက ရာထူးတိုးမြှင့် ခန့်အပ်ခဲ့ပြန်သည်။

 

လစ်လပ်သွားသည့် ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးနေရာတွင် ဒေါ်စောရွှေဆိုသူအား စစ်ကောင်စီက အစားထိုးတာဝန်ပေးအပ်ခဲ့သည်။

 

မည်သို့ပင်ဆိုစေ ယခုအသစ်ခန့်အပ်ခြင်းခံလိုက်ရသည့် ရခိုင်ပြည်နယ်တရားရေးစီရင်ရေးကဏ္ဍ၏ ထိပ်ပိုင်းခေါင်းဆောင် အမျိုးသမီးနှစ်ဦးသည် AA နှင့်ဆက်စပ်သံသယဖြင့် တရားရုံးများတွင် စီရင်ချက်ချရန် ကြန့်ကြာနေသည့်အမှုများကို အလျင်အမြန်ဖြေရှင်းပေးနိုင်လိမ့်မည်ဟု တရားစွဲခံထားရသူများ၏ မိသားစုဝင်များက အားကိုးခဲ့ကြသည်။ မှန်မှန်ကန်ကန်စစ်ဆေးခံရပြီးနောက် သူတို့ ပြန်လည်လွတ်မြောက်လာကြလိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်ခဲ့ကြသည်။

 

- အမိန့်ချမှုများ အသက်ဝင်လာ

 

သည်လိုနှင့် ဇူလိုင်လအရောက်တွင် ရခိုင်ပြည်၏ တရားစီရင်ရေးကဏ္ဍ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။ AA နှင့်ဆက်စပ်သည်ဟုသံသယဖြင့် နှစ်ရှည်လများ စီရင်ချက်ချရန် ကြန့်ကြာနေသည့် အမှုများကို အမိန့်ချမှတ်မှုများ အသက်ဝင်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းသို့အမိန့်ချမှတ်မှုများက တရားစွဲခံနေရသူများနှင့် မိသားစုဝင်များ မျှော်လင့်တောင့်တခဲ့သည့်အမိန့်များတော့ ဖြစ်မလာခဲ့ပေ။

 

AA နှင့်ဆက်စပ်သံသယဖြင့် ဇူလိုင်လအတွင်း ပထမဆုံး အမိန့်ချမှတ်ခံခဲ့ရသူကတော့ သံတွဲမြို့မှ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ကိုဝင်းမောင်မောင်ဖြိုး (၃၄)နှစ်ပင် ဖြစ်သည်။

 

သူ့ကို ဇူလိုင်လ ၇ ရက်တွင် သံတွဲမြို့နယ်တရားရုံးက နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅(က)အတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သူသည် AA ကို ငွေကြေးထောက်ပံ့မှု၊ သတင်းပေးမှုသံသယကြောင့် ပုဒ်မ ၅ဝ၅(က)အပြင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံနေရသူဖြစ်သည်။

 

သူသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်က သံတွဲခရိုင်ထွေအုပ်ရုံးသို့ ရုံးတက်ရန် လာရောက်ချိန် ရုံးရှေ့ အရောက်တွင် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ပုဒ်မ ၂ ခုဖြင့် တရားစွဲခံနေရသူဖြစ်သည်။ လက်ရှိတွင် ပုဒ်မ ၁၇(၁)ကို သံတွဲအကျဉ်းထောင်မှနေ၍ ဆက်လက် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

 

- တောင်ကုတ်ဒေသခံ ၆ ဦးကိုလည်း ထောင်ဒဏ် ၄ နှစ်စီချမှတ်

 

ဇူလိုင်အတွင်းမှာပင် တောင်ကုတ်ဒေသခံ ၆ ဦးသည်လည်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချမှတ်ခံခဲ့ရပြန်သည်။

 

သူတို့ ၆ ဦးကတော့ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း၊ ကိုထွေးမောင်၊ မအီမြို့မှ ညီအစ်ကိုနှစ်ဦးဖြစ်သော ကိုသန်းဇော်ဌေးနှင့် ကိုသန်းဇော်ဇော်တို့ဖြစ်သည်။

 

သူတို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် ဇူလိုင်လ ၁၁ ရက်တွင် တောင်ကုတ်မြို့နယ် တရားရုံး၏အမိန့်ချမှတ်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

 

သူတို့သည် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလနှင့် ဇွန်လတို့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၃ နှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ရသူတို့ဖြစ်သည်။ အပြီးသတ်အမိန့်ချရန် ၆ လကျော်ကြာ ရုံးချိန်းရွေ့ဆိုင်းခံခဲ့ရပြီးနောက် ယခုကဲ့သို့ အမိန့် ချမှတ်ခံလိုက်ရခြင်းလည်း ဖြစ်သည်။

 

AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ထားပြီးသားဖြစ်သော်လည်း သူတို့ ၆ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် အမိန့်ချမှတ်ခြင်းကို ရခိုင်ပြည်သူများက ခံပြင်းနေကြသည်။

 

ပြောရမည်ဆိုလျှင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ ၂၃ ရက်တွင် NLD အစိုးရက ကြေညာခဲ့သည်။ တဖန် ၂ဝ၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်အရောက်တွင် စစ်ကောင်စီက AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ခဲ့သည်။ ယင်းကြောင့် သူတို့ ၆ ဦးကို ယခုပုဒ်မဖြင့် အမိန့်မချသင့်ဟု ဝေဖန်ပြောဆိုမှုများလည်း ရှိနေကြသည်။

 

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက သူတို့ ၆ ဦးသည် AA ကို အကြမ်းဖက်အဖွဲ့ အဖြစ်ကြေညာထားစဉ်တွင် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူများ ဖြစ်သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ခဲ့သော်လည်း ယင်းပုဒ်မကို အခြားပုဒ်မတစ်ခုခုသို့ ပြောင်း၍ မရနိုင်တော့သည့်အတွက် မူလစွဲဆိုထားသည့် ပုဒ်မဖြင့်သာ အမိန့်ချမှတ်ရခြင်းဖြစ်သည်ဟု ရှင်းပြသည်။

 

“မည်သည့်ဥပဒေမျှ နောက်ကြောင်းပြန်ပြီးတော့ အာဏာသက်ရောက်မှုမရှိစေရဆိုတဲ့ဟာလည်း ရှိတယ်လေ။ အဲဒီ အချက်ကလည်း ဥပဒေရဲ့သဘောတရားမှာရှိတယ်။ ဆိုတော့ အရင်တုန်းက အကြမ်းဖက်တုန်းကဟာကို တရားစွဲတယ်။ အကြမ်းဖက်နဲ့ပဲ သူက ပြစ်ဒဏ်ပေးတာပေါ့”ဟု ပြောသည်။

 

- ဘူးသီးတောင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးလည်း စွဲချက်တင်ခံလာရ

 

အလားတူ လပေါင်းအတော်ကြာအမှုကြန့်ကြာနေသည့် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးသည်လည်း ဇူလိုင်လအတွင်း စွဲချက်တင်ခံလာရသည်။ သူတို့နှစ်ဦးကတော့ ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းစျေး မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူဆောင်း(၆ဝ)နှစ်နှင့် တပ်မင်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးကျော်လှ (၆၆)နှစ်တို့ဖြစ်သည်။

 

သူတို့နှစ်ဦးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်တွင် ဘူးသီးတောင်မြို့နယ်တရားရုံးက ပုဒ်မ ၁၇(၁)နှင့် ၁၇(၂) တို့ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

 

သူတို့နှစ်ဦးသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ဘူးသီးတောင်မြို့နယ် အခြေစိုက် (၂၃၄)ဗျူဟာက ခေါ်ယူမှုကြောင့် သွားရောက်စဉ် (၂၃၄) ဗျူဟာအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းနောက် သူတို့နှစ်ဦးကို AA အား ထောက်ပံ့ကြေးကောက်ခံပေးဆောင်သည်ဟုဆိုကာ ဘူးသီးတောင် စစ်ကောင်စီတပ် အရာရှိတစ်ဦးက တရားလို လုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခဲ့သည်။ စတင်တရားစွဲဆိုခဲ့ချိန်က ပုဒ်မ ၁၇(၁) တစ်ခုတည်းဖြင့်သာ စွဲဆိုခဲ့သော်လည်း စွဲချက်တင်သည့်အခါ ပုဒ်မ ၁၇(၂)ပါ ပူးတွဲပါဝင်ခဲ့သည်။

 

ယင်းသို့ စွဲချက်တင်ပြီးနောက် ဇူလိုင်လ ၂၅ ရက်တွင် သူတို့နှစ်ဦးကို AA နှင့်ပတ်သက်မှုရှိ/မရှိ၊ AA အား ထောက်ပံ့မှုရှိ /မရှိ စသည်တို့ကို ရုံးတင်စစ်ဆေးမေးမြန်းခဲ့သည်။ သူတို့ကတော့ လုံးဝ ပတ်သက်မှု မရှိသလို မည်သည့် ထောက်ပံ့မှုမျိုးလည်းမရှိဟု ဖြေကြားခဲ့ကြသည်ဟု ဦးဦးကျော်လှ၏သား ကိုကျော်ဝင်းက ပြောသည်။

 

“ကျနော့်အဖေမှာ အပြစ်မရှိဘူးဆိုတာကို အားလုံး ကျနော်တစ်ယောက်တည်းမဟုတ်ဘူး။ တစ်ရွာလုံးလည်း သိပါတယ်။ မတရားသဖြင့် ခံနေရတာကို အမြန်ဆုံးလွတ်စေချင်ပါတယ်။ ကိုယ့်အဖေတစ်ယောက်တည်းအနေနဲ့ လွတ်စေချင်တာ မဟုတ်ဘူး။ ဒီ ၁၇(၁)နဲ့ဖမ်းဆီးခံထားရသူတွေ၊ ကိုယ့်တိုင်းရင်းသားတွေ၊ သူတို့တွေအားလုံးကို အမြန်ဆုံး လွတ်စေချင်ပါတယ်”ဟု ပြောသည်။

 

- ကျောက်ဖြူဒေသခံနှစ်ဦးကိုလည်း ၈ လကြာမှ အမှုပြန်စစ်လာ

 

ဇူလိုင်လအတွင်းမှာပင် ကျောက်ဖြူမြို့နယ်မှ ၁၇(၁)ဖြင့်တရားစွဲဆိုခံထားရသူနှစ်ဦးကိုလည်း ၈ လအကြာမှ အမှုပြန်စစ်လာခဲ့သည်။

 

သူတို့နှစ်ဦးကတော့ ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာမှ ဦးဇော်လင်း (၃၅)နှစ်နှင့် ဦးဇော်မျိုးထွန်း (၃၄)နှစ်တို့ဖြစ်သည်။

 

သူတို့သည်လည်း တရားလိုဖြစ်သည့်စစ်ကောင်စီအရာရှိရုံးချိန်းမရောက်၍ဟုဆိုကာ ရုံးချိန်း ၈ လ ကြာထိ ရွေ့ဆိုင်းခံခဲ့ရသည်။ ယခုတော့ ဇူလိုင်လ ၂၄ ရက်တွင် သူတို့ကို ပထမဆုံးအကြိမ် စတင် စစ်ဆေးခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

 

သူတို့သည် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံရပြီးနောက် AA နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသူတို့ဖြစ်သည်။

 

- စစ်ကောင်စီက အပစ်ရပ်သဘောတူညီချက်အချို့ ချိုးဖောက်လာဟု AA ပြော

 

ဆိုခဲ့ပြီးသည့်အတိုင်း စစ်ကောင်စီနှင့် AA တို့ အပစ်ရပ်စဲခဲ့စဉ် နှစ်ဘက်နားလည်မှုယူခဲ့ကြသည့် အချက်များတွင် စစ်ကောင်စီက ဖမ်းဆီးထားသူများကို ၃ လအတွင်း ပြန်လွှတ်ပေးရေးအချက်လည်း ပါဝင်ခဲ့သည်။ သို့သော် အပစ်ရပ်ထားသည်မှာ ၈ လသာကြာမြင့်လာခဲ့သည်။ စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့သူများကို တစ်ဦးမျှပင် ပြန်လွှတ်ပေးမှုမတွေ့ရသေးပေ။

 

လွှတ်မပေးသည့်အပြင် သူတို့ကို AA နှင့်ပတ်သက်သည်ဟုဆိုကာ ထောင်ချခြင်း၊ စွဲချက်တင်ခြင်းနှင့် အမှုများကို ဆက်လက်စစ်ဆေးခြင်းတို့အား စစ်ကောင်စီက ဇူလိုင်လအတွင်း ဆက်တိုက်ဆိုသလို ပြုလုပ်လာသည်။

 

ယင်းအပြင် အပစ်ရပ်ထားစဉ်အတွင်း စစ်ကောင်စီတပ်က ကုန်းလမ်းရေလမ်းမှတဆင့် စစ်အင်အား၊ လက်နက် အင်အားနှင့် ရိက္ခာများ ဖြည့်တင်းခြင်းများကို ပြုလုပ်လာခြင်း၊ ရခိုင်ရှိ မြို့ပေါ်များတွင် လမ်းသွားလမ်းလာများကို ယခင်ထက် ပိုမိုစစ်ဆေးတင်းကျပ်လာခြင်းနှင့် AA ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်ကောင်စီတပ်က လက်နက်နှင့် ဝတ်စုံအပြည့်ဖြင့် ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခြင်း၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်အစပ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က ညအချိန် ဒရုန်းများဖြင့် ကင်းထောက်ခြင်းနှင့် စစ်တပ်စခန်းများမှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ခြင်းများတို့ကို ယခုနောက်ပိုင်း ပြုလုပ်လာသည်ဟု ဒေသခံများက ပြောကြသည်။

 

ယခုကဲ့သို့ စစ်ကောင်စီဘက်က ပြုလုပ်နေခြင်းမှာ အပစ်ရပ်စဉ်က နားလည်မှုယူထားသည်ကို ချိုးဖောက်နေခြင်း ဖြစ်သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက မီဒီယာအချို့ကို ပြောဆိုထားသည်။ ယင်းသို့ ချိုးဖောက်နေခြင်းကြောင့် ရခိုင်တွင် အချိန်မရွေး တိုက်ပွဲများပြန်ဖြစ်လာနိုင်သည်ဟုလည်း ဦးခိုင်သုခက သတိပေးနေသည်။

 

“ဖမ်းထားတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ ကျနော်တို့ SAC (စစ်ကောင်စီ) ကို တောက်လျှောက် ပြောနေတာရှိတယ်။ အဲဒီကြားထဲမှာ ပြည်သူတွေကို ထောင်ချတာက လုံးဝ လက်မခံနိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒါက နှစ်ဖက် ယုံကြည်မှုကို အကြီးအကျယ် ထိခိုက်စေတယ်။ အဲဒါမျိုးတွေကို စစ်ကောင်စီအနေနဲ့ ဆက်မလုပ်ဘဲ ရပ်တန့်ဖို့ လိုတယ်။ မဟုတ်ဘူး ဆိုရင်တော့ စစ်ရေးပဋိပက္ခတွေဆီ ဦးတည်သွားနိုင်တယ်” ဟု ဦးခိုင်သုခ၏ပြောဆိုချက်ကို ကိုးကားပြီး ဧရာဝတီသတင်းဌာနတွင် ဇူလိုင်လ ၂ဝ ရက်က ဖော်ပြထားသည်။

 

ယခုကိစ္စနှင့်ပတ်သက်ပြီး ဦးခိုင်သုခကို နိရဥ္စရာသတင်းဌာနက ဇူလိုင်လ ၂၁ ရက်ကပင် ဆက်သွယ် မေးမြန်း ထားသော်လည်း ဇူလိုင်လ ၂၇ ရက်အထိ တုံ့ပြန်ဖြေကြားမှုမရှိသေးပေ။

 

တဖန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

 

AA သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများ၏မိသားစုဝင်များကမူ တိုက်ပွဲဆိုသည့် အသံကိုလည်း ထပ်မကြားလိုတော့ပြီ။ ထပ်လည်း မကြုံလိုတော့ပြီ။ တိုက်ပွဲကြောင့် သူတို့ဘဝ ကြွေမွနေရပြီ။ ထိုတိုက်ပွဲများ၏ အကျိုးဆက်ကြောင့် သူတို့မိသားစုဝင်များသည်လည်း AA သံသယအောက်တွင် မတရားဖမ်းဆီးတရားစွဲဆိုခံထားရသည်။ သူတို့ကို စစ်ကောင်စီက ကတိအတိုင်း လွှတ်မပေးဘဲ အချိန်ဆွဲထားမှုကို မိသားစုဝင်များအနေဖြင့် လုံးဝ မလိုလားကြတော့ပေ။ ယင်းသို့ အချိန်ဆွဲလေလေ စွဲဆိုခံရသူများနှင့် မိသားစုဝင်များတွင် ဝန်ထုပ်ဝန်ပိုးဖြစ်လေလေ၊ အခက်အခဲ အကျပ်အတည်း ပိုဖြစ်လေလေ၊ ဆုံးရှုံးနစ်နာမှုများ ပိုရှိလေလေပင်။

 

ယင်းကြောင့် သူတို့ကို လွှတ်ပေးမည်ဆိုပါက အမြန်ဆုံးလွှတ်ပေး၊ မလွှတ်ပေးဘဲ ထောင်ချမည် ဆိုပါကလည်း အမြန်ဆုံးသာ ထောင်ချလိုက်ပါတော့ဟု ကျောက်တော်မြို့မှ ၁၇(၁)ဖြင့် စွဲဆိုခံထားရသည့် စစ်ဘေးရှောင် ဦးကျော်ဟိန်း၏ဇနီး ဒေါ်မအေးသန်းက တောင်းဆိုနေသည်။

 

“အမြန်ဆုံးကို လွှတ်ပေးစေချင်ပါတယ်။ လွှတ်မပေးဘူးဆိုရင်လည်း ဆုံးဖြတ်ချက်ချလိုက်ပေါ့။ ထောင်ဆိုလည်းထောင်။ ဥပမာ တစ်နှစ်ဆိုလည်း တစ်နှစ်၊ နှစ်နှစ်ဆိုလည်း နှစ်နှစ်ပေါ့။ အဲလိုဖြစ်စေချင်ပါတယ်”ဟု လင်ယောက်ျား ဖြစ်သူ၏အမှုကို စစ်ကောင်စီနှင့် တရားရုံးများက အချိန်ဆွဲထားမှုအပေါ် ဒေါ်မအေးသန်းက မကျေမနပ်ဖြင့် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

 

မင်းအဂ္ဂ

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၂ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး