ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အစဉ်အလာဓလေ့အောက်မှာ နစ်မွန်းနေကြသူများ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 474

နိရဉ္စရာ ဆောင်းပါး ရေးသူ - လင်းအာရုံသစ်

 
မိုခါ မုန်တိုင်းဒဏ်ကို ခါးစည်းခံလိုက်ရတဲ့ စစ်တွေမြို့ရဲ့ အစွန်ရပ်ကွက်လေး ထဲမှာ ကိုကျော်အေး (အမည်လွှဲ) တို့ မိသားစု နေထိုင်ကြပါတယ်။ ကိုကျော်အေးက ဆိုင်ကယ်ဘေးတွဲ အငှား မောင်းပြီး ဝင်ငွေရှာပါတယ်။ ကိုကျော်အေး ဇနီး မညိုချော ကတော့ ကလေးတွေ ကျောင်းစရိတ်ရဖို့ ရပ်ကွက်ထဲက အိမ်တချို့မှာ အဝတ်လျှော်ပါတယ်။ 

 
သူတို့က စစ်တွေ ဇာတိတော့ မဟုတ်ကြပါဘူး။ သူတို့က ပေါက်တောမြို့နယ်ထဲက ရွာတစ်ရွာကနေ စစ်တွေကို မိသားစု ဘဝရပ်တည်ရေး  ကြုံရာကျပန်းလုပ်ဖို့ ပြောင်းရွှေ့လာကြတာပါ။

ကိုကျော်အေးက မနက်မိုးလင်းကတည်းက အိမ်ကထွက်ပြီး ဘေးတွဲမောင်း ဝင်ငွေရှာပါတယ်။ ကိုကျော်အေး အိမ်ကထွက်ကတည်းက မညိုချောလည်း သူ့နေ့စဉ်ဓူဝ အလုပ်တွေကို စလုပ်ပါတော့တယ်။ 

 

ကလေးတွေအတွက် ထမင်းချက်ပြုတ် အိမ်မှုကိစ္စ လုပ်ပါတယ်။ ထမင်းစောစောစားပြီး ကလေးတွေကို ကျောင်းပို့။ ပြီးရင် သူအလုပ်လုပ်တဲ့ အိမ်တွေဆီ ခြေဦးလှည့်ပါတော့တယ်။ ကလေးတွေ ကျောင်းဆင်းချိန်ရောက်ရင်တော့ သူ့အလုပ်တွေကို လက်စသတ်ပြီး ကျောင်းရှေ့ပြေးကြိုရပါသေးတယ်။

မညိုချော က အိမ်မှုကိစ္စတွေ ဇေဆက်သလိုလုပ်ပြီးတော့ ကလေးတွေကို ရေချိုး၊ သနပ်ခါးလိမ်း၊ ထမင်းကျွေး ပြီးရင် ကိုကျော်အေးကို မျှော်လေ့ရှိပါတယ်။ ကိုကျော် အေးကတော့ အိမ်ပြန်ချိန် နောက်ကျလေ့ရှိပါတယ်။ သူအိမ်ပြန်လမ်းမှာ ရပ်ကွက်ထိပ် ဘုံဆိုင်မှာ ခဏနားပြီး ရေချိန်ကိုက်မှ ပြန်လေ့ရှိလို့ပါ။ သူတို့ရဲ့ နေ့စဉ်ဘဝဟာ သိပ်ထူးခြားတာမရှိ ပုံမှန်ပဲ ကုန်ဆုံးနေပါတယ်။ ဒါပေမယ့် လကုန်ရက်နီးပြီဆိုရင်တော့ သူတို့နေတဲ့ တဲအိမ်ကနေ အော်သံ၊ ငိုသံ၊ ဆဲသံတွေ ထွက်လာတတ်ပါတယ်။ ဒါကိုလည်း လူတွေက သိပ်ထူးခြားတဲ့ အရာမဟုတ်ပါဘူး။

ကိုကျော်အေးက  ပုံမှန်ဆိုရင် တစ်နေ့ကို ၈၀၀၀ ကျပ် ကနေ ၁၀၀၀၀ ကျပ် လောက်တော့ သူ့ဇနီးကိုအပ်လေ့ရှိပါတယ် မညိုချောရဲ့ တနေ့လုပ်အားက ၅၀၀၀ ကျပ်ထက် မပိုပါ။ သူတို့ကလေး နှစ်ယောက်ရဲ့ စရိတ်၊ မိသားစု စားသောက်စရိတ်တွေနဲ့ဆို ဝမ်းဝရုံသာ။ တစ်လတလေ နေမကောင်းတစ်ယောက်ဖြစ်ရင် မညိုချောမှာ အကြွေးတွေ ၀ိုင်းခံရစမြဲ။

 

သဘာဝဘေးနဲ့ အမျိုးသမီးများ


မိုခါ မုန်တိုင်း တိုက်ပြီးနောက်မှာတော့ ကုန်စျေးနှုန်းတွေ အဆမတန်တက်လာပြီး ဝင်ငွေက တိုးမလာတော့တဲ့အခါ မညိုချောတစ်ယောက် ဘဝရှေ့ရေးအတွက် သောက ပိုနေရပါပြီ။ လကုန်ရက်တွေဆို အကြွေးတွေ ၀ိုင်းနေတဲ့ မညိုချောတစ်ယောက် ခေါင်းမီးတောက်ရပါတော့တယ်။ သူ့ယောက်ျား အသောက်အစားလျှော့ပြီး ရတဲ့ငွေ အားလုံးပြန်အပ်ဖို့ ပြောတိုင်းမှာလည်း  ထိပ်ခနဲရှိ စိတ်တိုတတ်တဲ့ ယောက်ျားဖြစ်သူရဲ့  ရိုက်တာခံရလို့ ကလေး နှစ်ယောက်နဲ့ အိမ်က ဆင်းပြေးရတာလည်း အခါအခါ။ ရပ်ကွက်သားတွေအဖို့  မြင်ကွင်းက ရိုးနေပြီဖြစ်လို့ ဘယ်သူမှ ဝင်မပြောကြတော့။ သူတို့ဇာတ်နဲ့ သူတို့ကနေကြတယ်လို့သာ ထင်နေကြတာပါ။

သဘာဝဘေးအန္တရာယ်တွေဖြစ်လာပြီဆိုရင် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ စားနပ်ရိက္ခာမလုံလောက်တာနဲ့ ဆင်းရဲမွဲတေမှုဒဏ်ကို ပိုခံစားရပြီး အကြမ်းဖက်မှုနဲ့ ထိတွေ့နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

ရာသီဥတု ပြောင်းလဲမှုနဲ့ ကျားမ မညီမျှမှုဟာ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ရာသီဥတု အကျပ်အတည်ကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုဟာ စားနပ်ရိက္ခာ နဲ့ ရေမလုံလောက်မှုကို ပိုဆိုးရွားစေပြီးတော့ ဆင်းရဲမွဲတေမှုနဲ့ အရင်းခံမညီမျှမှုတွေကို တိုးပွားလာစေနိုင်တယ်လို့လည်း ၂၀၂၂ ခုနှစ် UNDP အစီရင်ခံစာမှာဖော်ပြပါတယ်။


အမျိုးသမီးအများစုဟာ သူတို့ကြုံတွေ့နေရတဲ့ ပြဿနာတွေကို သူတို့နဲ့ အရင်းနှီးဆုံးအမျိုးနဲ့ မိတ်ဆွေတွေကို အသိပေးရုံ၊ရင်ဖွင့်ရုံသာ လုပ်တတ်ကြပါတယ်။ အများစုမှာ ဘဝဟောင်းက အကုသိုလ်ကံကြောင့် အခုလို ဒုက္ခရောက်ကြတာပဲလို့ ကြိတ်မှိတ်သည်းခံ တာများပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်  (UNDP) ရဲ့  ၂၀၂၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဂျန်ဒါ လူမှုထုံးစံ သတ်မှတ်ချက်များ အညွှန်းကိန်း အသစ်တစ်ရပ်ကဆိုရင် အမျိုးသားတစ်ယောက်က သူ့ဇနီးကို ရိုက်နှက်တာဟာ ကျိုးကြောင်းညီညွတ်မျှတတယ်လို့ ကမ္ဘာ့လူဦးရေ ရဲ့  ၂၈ ရာခိုင်နှုန်း ကယူဆနေကြဆဲလို့ ဖော်ပြပါတယ်။

 

 အိန္ဒိယက လာတဲ့ အစဥ်အလာ

 

 မြန်မာလူမျိုးတွေရဲ့ အမျိုးသမီးတွေအပေါ် ယူဆ လက်ခံထားချက်တွေထဲက သာဓက တစ်ခုကို ပြောပါဆိုရင်လည်းအိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာ ကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာဆိုတဲ့ စံနှုန်းတွေပဲဖြစ်ပါတယ်။ ဒီအတိုင်း မြန်မာအမျိုးသမီးတွေကိုယ်တိုင် လက်ခံထားကြပါတယ်။ အမရာ ၊ ကိန္ဒရီ ၊မဒီ၊ သမ္ဘူလ စတဲ့ တော်လေးဝ အမျိုးသမီးကောင်းတွေကို စံနမူနာပြု နေထိုင်ကြပါတယ်။

မြန်မာလူမှုအသိုင်းအဝိုင်းက လက်ခံထားတဲ့ အစဉ်အလာ ယုံကြည်ကိုးကွယ်မှုနဲ့ ယဉ်ကျေးမှုပိုင်း စံနှုန်းတွေဟာ  အိမ်နီးချင်း အိန္ဒိယဘက်ကလာတဲ့ အတွေးအခေါ် သဘောတရားတွေရဲ့ အရိပ်အောက်မှာ ရှိနေပါတယ်။  နှစ်ပေါင်းထောင်ချီ စိမ့်ဝင်လာခဲ့တဲ့ ဒီအယူအဆတွေကြောင့်   ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာအယူအဆ နီတိနဲ့ တခြား အဆုံးအမ သဘောတရားတွေကို ယုံကြည်လက်ခံကြပါတယ်။

 
ဥပမာပြောရရင် အိမ်ထောင်ဦးစီးလုပ်သူ ယောက်ျားက မိသားစုအတွက် ဝင်ငွေရှာရမယ်။ အမျိုးသမီးဖြစ်သူက အိမ်မှုကိစ္စတွေ လုပ်ရမယ်။ ယောက်ျားအိမ်ဦးနတ်ရဲ့ ဆန္ဒအတိုင်း မယားဝတ်တရား ငါးပါးနဲ့အညီ နေရမယ်ဆိုတာမျိုးပါ။ ကလေးတွေကို ပြုစုပျိုးထောင်ရမယ် ဆိုတာကလည်း အမျိုးသမီးတွေ လက်ခံထားတဲ့ တာဝန်ဝတ္တရား အဖြစ် ဆက်ရှိနေပါတယ်။

 
မြန်မာ့လူ့အဖွဲ့အစည်း လက်ခံထားတဲ့ စံနှုန်းတွေဟာ အိန္ဒိယ လူ့အဖွဲ့အစည်းက လက်ခံထားတဲ့ စံနှုန်းတွေပင်ဖြစ်ပါတယ်။ 

 

၂၀၁၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကျား၊ မ ရေးရာကွာဟမှု အစီရင်ခံစာ အရ စစ်တမ်းကောက်ယူခဲ့တဲ့  နိုင်ငံပေါင်း ၁၃၅ နိုင်ငံထဲမှာ အိန္ဒိယကို ကျားမ ကွာဟမှု ညွှန်းကိန်း GGI ၁၁၃ လို့ဖော်ပြပါတယ်။    

အိန္ဒိယနိုင်ငံရဲ့  ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းကို ထုတ်ပြန်တဲ့အခါ ထိတ်လန့်စရာ  ကိန်းဂဏန်းတစ်ခု ထွက်ပေါ်လာပါတယ်။ အမျိုးသား ၁၀၀၀ မှာ အမျိုးသမီး ဦးရေက ၉၃၃ ဦးပဲရှိနေပါတယ်။ အိန္ဒိယမှာ သမီးမိန်းကလေးကို မွေးကတည်းက တာဝန်အဖြစ်သတ်မှတ်ပြီးသား ဖြစ်သူထက် နိမ့်ကျသူအဖြစ် ဆက်ဆံတယ်လို့ ဆိုပါတယ်။ 

 

သားယောက်ျားကို အိမ်ထောင်ဦးစီး ဖြစ်နိုင်သူလို့ ယူဆပြီး သမီးမိန်းကလေးကို ကျတော့ သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ သူမရဲ့ဘဝကို ပညာရေးနဲ့ပတ်သက်တဲ့ အတိုင်းအတာအထိ ပြီးရင် အိမ်နံရံလေးဘက်မှာ ချုပ်နှောင်ထားသင့်တယ်လို့ ယူဆတယ်လို့ ဆိုပါတယ်။

အမျိုးသမီး အာကယာဉ်မှူးတွေ ၊ လေယာဉ်မှူးတွေ၊ သိပ္ပံပညာရှင်တွေ ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာ တွေ၊ တောင်တက်သမားတွေ၊ အားကစားသမားတွေနဲ့ နိုင်ငံရေးသမားတွေအထိ ဖြစ်ခွင့်ရှိနေပြီ ဖြစ်တဲ့ အခုခေတ်မှာတောင် တစ်ဖက်မှာ ခွဲခြားဆက်ဆံခံနေရဆဲဖြစ်တဲ့ သန်းနဲ့ချီတဲ့ အမျိုးသမီးတွေ ရှိနေဆဲပင်ဖြစ်ပါတယ်။

 

မြန်မာပြည်မှာတော့ ခုချိန်ထိ ဘာသာရေး၊ လူမျိုးရေး စွက်ဖက်မှုကင်းတဲ့၊ ကျားမတန်းတူတဲ့ စနစ်ကို သွားနိုင်ဖို့ အတော် အလှမ်းဝေး သေးတာကို တွေ့ရပါတယ်။

 

ယဉ်ကျေးမှုက ထည့်ပေးလိုက်တဲ့ mindset ၊ ဘာသာရေးက ထည့်ပေးလိုက်တဲ့ mindset  လူ့ပတ်ဝန်းကျင်က ထည့်ပေးလိုက်တဲ့ mindset တွေက ဆွဲနှုတ်ရခက်တဲ့ အမြစ်တွေဖြစ်ပါတယ်။

 

  မြန်မာနိုင်ငံ မဆိုထားနဲ့။  ကမ္ဘာတဝှမ်းလုံးရှိ အမျိုးသား/အမျိုးသမီး ၉၀ ရာခိုင်နှုန်းနီးပါးမှာ အမျိုးသမီးများအပေါ် ခွဲခြားဆန့်ကျင်မှု ရှိနေကြဆဲဖြစ်တယ်လို့ လေ့လာဆန်းစစ်ချက်တွေက ဆိုပါတယ်။ အမှန်တကယ်မှာလည်း နှစ်ပေါင်းများစွာအသားကျနေတဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ လုပ်ရတာဟာ ခက်ခဲနိုင်ပြီး အမျိုးသမီးအခွင့်အရေးဆိုတာကလည်း လူတွေ ပါးစပ် ဖျားကနေ အလွယ်တကူ ပယ်ချနိုင်တဲ့ ဝေါဟာရ ဖြစ်နေဆဲပါ။

 

ကိုကျော်အေးတို့လို မိသားစု ဘဝတွေဟာ ပတ်ဝန်းကျင်မှာ မြင်တွေ့နေကျ ဘဝတွေဖြစ်ပါတယ်။ မိသားစုမှာဝင်ငွေ ပိုရှာတဲ့ယောက်ျားဖြစ်သူက အိမ်မှာနေရင်း လက်ချလို့မရအောင်ထိ အလုပ်တွေ မပြတ်လုပ်ရတဲ့ ဇနီးဖြစ်သူကို သြဇာ လွှမ်းမိုးလေ့ရှိတတ်ကြပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းက လက်ခံထားတဲ့ စံနှုန်းတွေဆိုရင်လည်းမမှားပါဘူး။ ဒီလို ဘဝတွေဟာ ကျားမ ခွဲခြားဆက်ဆံရေး နဲ့ ပတ်သက်ရင် ဥပမာထားရတဲ့ ဘဝတွေ ဆိုရင်လည်းမမှားပါဘူး။

 

တကယ်တော့ ကျားမခွဲခြားဆက်ဆံမှု ၊ အမျိုးသမီးများအခွင့်အရေး၊ တန်းတူညီမျှရေး ဆိုတာကလည်း အခြေခံလူတန်းစားတွေ နဲ့ အလှမ်းဝေးတဲ့ ဝေါဟာရတွေသာ ဖြစ်နေပါသေးတယ်။ ဒါပေမယ့် မဖြစ်နိုင်တဲ့ အရာတော့မဟုတ်ပါဘူး။ 

 

လူမှုရေးပြောင်းလဲမှု တွေကို အိမ်တွင်းကနေ စတင်ရတာဖြစ်လို့ ကျားမရေးရာ ဘက်လိုက်မှု ကို ဖယ်ရှားဖို့  မျိုးဆက် အလိုက် ရှေးရိုးစွဲ အယူအဆတွေကို တဖြေးဖြေးပြောင်းလဲ ယူရမှာဖြစ်ပါတယ်။


(ပြီး)


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!