ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရခိုင်တောင်သူတို့၏ သောက


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 677

ရေးသားသူ- စောရှင်မေ

လယ်ကွင်းထဲတွင် စပါးပင်တစ်ပင်ချင်းစီမှာ ခါးဆစ်မှ ကျိုးကျနေသည်။ အချို့မှာ ၆ လက်မခန့် အမြင့်ရှိသော ရေထဲတွင် အကုန်ပြိုကျနေသည်။ တချို့စပါးပင်များကတော့ ၆ လက်မခန့်ရှိသည့် ထိုရေအမြင့်ကို ထိုးဖောက် ရှင်သန်နေသေးသည်ကိုတွေ့ရသည်။ သို့သော်လည်း အရောင်အဆင်းမှာ သဘာဝအတိုင်းရှိသင့်သော စိမ်းစိုမှု မရှိတော့ပေ။

ညိုသည့် အပင်က ညို၊ ဝါသည့် အပင်က ဝါနေကြသည်။ ကောက်ရိုးအမျှင်ကို ရေထဲ ပစ်ချထားသလို ရွှံ့အိုင်ထဲ နစ်၍ ရေလွှမ်းမိုးမှုဒဏ်ကို ရင်ဆိုင်ခဲ့ကြရသည့်အတွက် နာလန်မထူနိုင်လောက်အောင် ယိမ်းယိုင်နေကြသည်။

ရခိုင်တွင် မကြာသေးခင်က ရေကြီးလွှမ်းမိုးမှုခံခဲ့ရသည့်အတွက် မြို့နယ်အချို့မှ လယ်သမားများ၏ စိုက်ပျိုးပြီးစ စပါးခင်းများ ရေလွှမ်းပျက်စီးသွားခဲ့ကြခြင်းဖြစ်သည်။

ပုံမှန်ဆိုလျှင် ရခိုင်မှတောင်သူများသည် ဧပြီလ (သင်္ကြန်အလွန် ၄၅ ရက်အကြာ)တွင် လယ်ယာများကို စတင်ထွန်ယက်လေ့ ရှိကြသည်။ ယခုနှစ်တွင်တော့ မေလလယ်က တိုက်ခတ်သွားသော မိုခါ မုန်တိုင်းအပြင် ရာသီဥတုဖောက်ပြန်၍ အချိန်လွန်မှ မိုးရွာသွန်းမှုကြောင့် လယ်သမားများမှာ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်။ လယ်ယာစပါး မျိုးစေ့ကြဲရသည့်အချိန်သည်လည်း နှစ်လခန့် နောက်ကျခဲ့ရသည်။

ထို့ပြင် မကြာသေးခင်ကလည်း ရခိုင်မြို့အများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေနှင့် ချောင်းရေများ လျှံတက်ခဲ့သည့်အတွက် လယ်ယာများထဲ ရေလွှမ်းမိုးမှုခံခဲ့ရခြင်းကို လယ်သမားများ ရင်ဆိုင်ခဲ့ရပြန်သည်။

မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မှ စပါးစိုက်တောင်သူ ဦးဘအေးက ပေါက်နေတဲ့ စပါးအပင်လေးတွေ လက်တစ်တောင်လောက် ဖြစ်နေပြီးမှ ရေဝင်လို့ အကုန် သေသွားတယ်။ မိုးမရွာခင် ကြဲထားတဲ့ စပါးတွေကလည်း မပေါက်ဘူး။ အကုန် ပုပ်သွားတယ်။ လယ်ဧက ၂၀ လောက်ထဲက ၉ ဧကလောက် ပျက်စီးသွားတယ်။ ကျန်တဲ့ လယ်တွေလည်း ပျက်မပျက် အခြေအနေ စောင့်ကြည့်ရဦးမယ်ဟု သူရင်ဆိုင်နေရသည်ကို ဆိုသည်။

ရေလွှမ်းမိုးမှု

ရခိုင်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မြေပုံ၊ သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များတွင် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှ စတင်ကာ ၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေနှင့် ချောင်းရေများ လျှံတက်ခဲ့သည့်အတွက် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါမြို့နယ်များအနက် ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဝါးစွာ ခံခဲ့ရသည့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် စိုက်ပျိုးပြီးစ စပါးခင်းများ ယခုကဲ့သို့ ရေလွှမ်းခံခဲ့ရခြင်းဖြစ်သည်ဟုလည်း နစ်နာဆုံးရှုံးခဲ့သည့် လယ်ပိုင်ရှင်များက ပြောသည်။

ပျက်စီးခဲ့သည့် လယ်ဧက

အဆိုပါမြို့နယ်များတွင် စိုက်ပျိုးပြီးစ လယ်ဧက ၇ သောင်းကျော်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သြဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂကလည်း ရခိုင်ရှိ မြို့နယ်အချို့၌ ပြီးခဲ့သည့် ရက်ပိုင်းက ရေလွှမ်းခံခဲ့ရသည့် လယ်ဧက ၅ သောင်းကျော်ရှိခဲ့သည်ဟု ဆိုသည်။ ရေလွှမ်းခံရ၍ ပျက်စီးသွားခဲ့သည့် လယ်ဧကများသည်လည်း သောင်းနှင့်ချီရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုထားသည်။

ရေလွှမ်းမိုးမှုကြုံခဲ့ရသည့်မြို့နယ်များအနက် မင်းပြားတွင် ဧက ၂၄၀၀၀ ကျော်၊ ကျောက်တော်တွင် ဧက ၁၅၀၀၀ ကျော်နှင့် မြောက်ဦးတွင် ဧက ၁၃၀၀၀ ဝန်းကျင်၊ စုစုပေါင်း ဧက ၅၂ဝဝဝ ကျော်အထိ ရေလွှမ်းခံခဲ့ရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

စပါးအထွက်နှုန်း

ယခင်က ပုံမှန်ရာသီဥတုကဲ့သို့  မိုးရွာသွန်းမည်ဆိုပါက စပါး ၈ ဧကကို အနည်းဆုံး စပါးတင်း ၆၀၀ ကျော်ခန့် ထွက်လေ့ရှိသည်ဟု ဦးဘအေးထံမှ သိရသည်။ သို့သော် ပြီးခဲ့သည့်နှစ် မိုးရာသီမှ စတင်ပြီး ရခိုင်တွင် မိုးခေါင်ခဲ့သည့်အတွက် စပါး ၈ ဧက စိုက်ပျိုးရာတွင် စပါး တင်း ၂၀၀ ကျော်ခန့်သာ ထွက်ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

လယ်သမားတွေမှာ လယ် ၈ ဧကလောက် လုပ်လို့ စပါးတင်း ၂၀၀ ကျော် ထွက်တယ်ဆိုရင် မြေဩဇာဖိုး၊ အလုပ်သမား ထွန်ယက်ခ၊ ဆီဖိုး စတာတွေ နုတ်လိုက်ရင် စပါး တင်း ၅၀ တောင် မကျန်ဘူး ဟု သူက ပြောသည်။

လက်ရှိ ပျက်စီးသွားသည့် နေရာများတွင် ထပ်၍ စပါးကြဲရန် ပြင်ဆင်ထားသော်လည်း စပါးမျိုးစေ့များ ရှားပါးနေပြီး ယခုနှစ်အတွက် စပါးထွက်နှုန်းများကို ခန့်မှန်းခြေ မပြောနိုင်သေးပေ။

စပါးမျိုးစေ့များ ရရှိမည်ဆိုပါက မိုးနှောင်းသည့်အချိန် ရောက်ရှိနေပြီဖြစ်သည့်အတွက် တစ်ဧကကို စပါးတင်း ၂၀ လောက်သာ ထွက်နိုင်ခြေရှိတော့သည်ဟု ဦးဘအေးက ပြောသည်။  

မင်းပြားမြို့တွင်လည်း ဩဂုတ်လ ၂ ရက်မှစ၍ ဒီရေတက်လာသည့်အချိန်တွင် စပါးခင်းများထဲ ရေများ ဝင်ရောက်ခဲ့သည်။ ၈ ရက်ခန့်ကြာအောင် နစ်မြုပ်ခဲ့သည့်အတွက် စပါးများ ဆွေးမြေ့ပျက်စီးမှုများရှိသည်ဟု တောင်သူများထံမှ သိရသည်။

လယ်ဧက ၂၀ ‌ကျော် စိုက်ပျိုးထားသည့်အနက် ထက်ဝက်ကျော် ပျက်စီးခဲ့သည့် မင်းပြားမြို့နယ်မှ ဒေါ်သိန်းစိန်နုက မိုးရွာချင်ရင် တအား ရွာတယ်။ နေပူလည်း တအား ပူတယ်။ ဆိုတော့ ပထမ ပျိုးထားတဲ့ စပါးမျိုးစေ့တွေကလည်း အပင် မထွက်ဘူး။ ဇူလိုင်လဆန်းလောက်က ဒုတိယတစ်ကြိမ် ထပ်ကြဲထားတာ။ အပင်တွေကတော့ လက်တစ်ထွာလောက် ထွက်နေပြီ။ ဒီတစ်ခေါက် ရေတွေဝင်တဲ့အခါ အမြစ်ကနေ ပျက်သွားတယ်ဟု ဆိုသည်။

ထိုပျက်စီးသွားသည့် နေရာများတွင် တစ်ဖန် လယ်ထွန်ယက်ကာ မျိုးစပါးများ ထပ်ကြဲမည်ဆိုပါက အချိန် နှောင်းနေပြီဖြစ်သည့်အပြင် သူမအတွက်တော့ လယ်ယာထွန်ယက်ခလည်း မတတ်နိုင်တော့ပေ။

ယခုနှစ်တွင် ထိုသို့သော စပါးစိုက်ဧကများ ပျက်စီးမှုရှိနေသည့်အတွက် လာမည့်နှစ်တွင် စပါးအထွက်နှုန်းများ ထက်ဝက်ခန့် လျော့ကျသွားနိုင်မည်ဟု သူက ခန့်မှန်းသည်။

ဧက ၂၀ ကျော်ဆိုရင် စပါးက တောင်း ၃၂၀၀ လောက် ရတာပေါ့နော်။ ထက်ဝက်ပျက်စီးသွားတော့ တောင်း ၁၆၀၀ လောက် လျော့သွားဖို့က သေချာနေပြီ။ ဒီနှစ်လည်း အဆင်မပြေလောက်ပါဘူး။ ဖွင့်ပြောပြဖို့တောင် မတတ်တော့ဘူး။ ဒါပေမယ့် သက်နုစပါးထပ်ကြဲထားတော့ အဆင်ပြေမလားဆိုပြီး မျှော်လင့်နေပါတယ်ဟု ဒေါ်သိန်းစိန်နုက ပြောသည်။

ဆန်ဈေးနှုန်းမြင့်တက်မှု

ပြီးခဲ့သည့် နှစ်ကလည်း မိုးရာသီတွင် ရာသီဥတုဖောက်ပြန်မှုနှင့်အတူ မိုးခေါင်ခဲ့သည့်အတွက် ရခိုင်ပြည်၏ လယ်ယာစိုက်ပျိုးရေးကို အကြီးအကျယ် ထိခိုက်မှုရှိခဲ့သည်။ အကျိုးဆက်အနေဖြင့် ယခင်နှစ် စပါးပေါ်ချိန်တွင် စပါးအထွက်နှုန်းမကောင်းခဲ့ဘဲ ဆန်ဈေးနှုန်းများမှာ တစ်ဟုန်ထိုး မြင့်တက်ခဲ့သည်။

လက်ရှိ စစ်တွေမြို့ ဆန် လက်ကားဈေးအနေဖြင့် ဈေးကွက်တွင် ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ မှ ၉၅၀၀၀ အထိ၊ စာပစီကောက်လျင် တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ မှ ၈၅၀၀၀ အထိ၊ သီရိဒုံ တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ မှ ၇၅၀၀၀ အထိ ရှိနေသည်။

ထိုဈေးနှုန်းများသည် စပါးပေါ်ပြီး ဇန်နဝါရီလကတည်းကပင် တရွေ့ရွေ့ မြင့်တက်လာခြင်းဖြစ်ပြီး မိုခါ မုန်တိုင်းအပြီး လက်ရှိ ၃ လကြာသည့်တိုင်အောင် ဆန်ဈေးကျခြင်း မရှိသေးပေ။ အမြင့်ဈေးနှုန်းတွင်ပင် ငြိမ်သက်နေသည်ဟု စစ်တွေမြို့ စွမ်းပကားဆန်စက်ပိုင်ရှင် ဒေါ်စောအေးမေက ပြောသည်။

ဆန်ဈေးကလေ ဘာလို့ ငြိမ်နေလဲဆိုတော့ မိုခါပြီးတာနဲ့ ဆန်အဝယ်လည်း နည်းသွားတယ်။ ပြည်သူတွေမှာလည်း ကယ်ဆယ်ရေးတွေ ရကြတော့ အဲဒါကြောင့် ဆန်ဈေးနှုန်း ငြိမ်နေတာပါ။ မနှစ်ကထက်ဆိုရင် ဆန်ဈေးနှုန်း ကျပ် ၄၀၀၀၀ လောက် တက်သွားတယ်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လပိုင်းက စစ်တွေမြို့ ဆန်စျေးကွက်တွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ကျပ် ကျပ် ၄၅၀၀၀ မှ ၅၇၀၀၀ အထိ၊ သီရိဒုံဆန် တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ အထိ၊ စာပစိကောက်လျင် တစ်အိတ်လျှင် ၄၄၀၀၀ အထိ၊ မနောသုခဆန် တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ မှ ၃၄၀၀၀ အထိ အသီးသီး စျေးရှိခဲ့ကြောင်း ဆန်ဆိုင်များထံမှ သိရသည်။

လက်ရှိတွင်တော့ ဆန်ဈေးနှုန်းမှာ တက်လာခြင်းမရှိသလို ကျဆင်းသွားခြင်းလည်း မရှိဘဲ ဈေးကွက် ငြိမ်သက်လျက်ရှိနေသည်။ မည်သည့်အချိန်တွင် ဈေးနှုန်းပြောင်းလဲသွားနိုင်မည်ကို မခန့်မှန်းနိုင်ဘဲ ဆန် အရောင်းအဝယ်အပေါ်တွင်သာ မူတည်နေကြောင်း ဆန်ကုန်သည်များက သုံးသပ်ကြသည်။

စစ်တွေက ဆွဲအားရှိတယ်။ စစ်တွေကပဲ ဝယ်ကြတယ်ဆိုရင် ဈေးတက်သွားပါမယ်။ လောလောဆယ်ကတော့ ရန်ကုန်မှာ ဆန်နှုန်းတွေ တက်နေတယ်ဆိုတော့ နည်းနည်းတော့ တက်နိုင်ခြေ ရှိပါတယ်။ ဆန်ဈေးငြိမ်အောင်ဆိုရင် အားလုံး အစည်းအဝေး လုပ်ရမယ်။ ညီတူညီမျှ ထိန်းရမယ်။ တစ်ယောက်တစ်ပေါက်ဆိုရင် တစ်ယောက်တည်း ထိန်းနေလို့လည်း မရပါဘူးဟု မစောအေးမေက ဆိုသည်။

နောက်ဆက်တွဲ ပြဿနာ

ထိုကဲ့သို့ ဆန်ဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်လာမှုကြောင့် ရခိုင်ပြည်ရှိ အခြေခံ လူတန်းစားများမှာ သူတို့၏ တစ်နေ့တာ စားဝတ်နေရေးကိုပင် မဖြေရှင်းနိုင်ဖြစ်နေရသည်။ ထို့ကြောင့် ခိုးဆိုးလုယက်မှုများ စသည့် ဒုစရိုက်မှုများပင် ဖြစ်ပွားလာနေသည်ဟု ဒေသခံများထံမှ သိရသည်။

မင်းပြားမြို့မှ ကိုစိုးနိုင်က ဆန်ဈေးနှုန်းက မတက်ဘူးဆိုရင်တောင် ၇၀၀၀၊ ၁၀၀၀၀ အဲဒီလို တက်နေတာ။ ကုန်ဈေးနှုန်းလည်း တက်တယ်။ အဆင်မပြေကြရင် တဖြည်းဖြည်း ခိုးဆိုးလုယက်မှုတွေ ပိုများလာတယ်။ ခြံတွေကို သေချာသော့ပိတ်ထားရင်လည်း ဆိုင်ကယ်တွေကို ချယူသွားကြတယ်ဟု ဆိုသည်။

ထိုကဲ့သို့ ခိုးဆိုးလုယက်မှုများနေသည့်အတွက် ပြည်သူများအနေဖြင့် မိမိတို့နေအိမ် ခြံစည်းရိုးများကို သော့ပိတ်ထားသော်လည်း မလုံခြုံတော့သည်အထိဖြစ်လာနေသည်။ ပိတ်ထားသည့်ခြံများကို ဖွင့်ဖောက်ကာ ဆိုင်ကယ်များ အခိုးခံရမှုရှိနေသည်။ ဈေးသည်များ၏ ဈေးဆိုင်တန်းများတွင်လည်း သိုလှောင်ထားသည့် စားသုံးကုန်ပစ္စည်းများ အခိုးခံရမှုများကို ကြုံတွေ့နေကြရသည်ဟု ကိုစိုးနိုင်က ပြောသည်။

တောင်သူများအရေး ဘယ်လိုဖြေရှင်းမလဲ

ပြန်ကောက်ရလျှင် လက်ရှိအချိန်တွင် ရခိုင်မှ တောင်သူများ၌ ပျက်စီးဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်နေရသည်။ အစိုးရအဖွဲ့အစည်းများထံမှလည်းကောင်း၊ ပုဂ္ဂလိကထံမှလည်းကောင်း တောင်သူများအတွက် အကူအညီများ လိုအပ်နေသည်။ ပျက်စီးဆုံးရှုံးသွားသည့် လယ်ဧက နေရာများတွင် အစားထိုး ပြန်လည်စိုက်ပျိုးမည်ဆိုပါကလည်း ယခုအချိန်တွင် မိုးရွာသွန်းမည့်ကာလမှာ လွန်စွာ နှောင်းနေပြီဖြစ်သည်။ သည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ သက်နုစပါးများ ထောက်ပံ့ပေးမည်ဆိုပါက အချိန်မီနိုင်သည်ဟုလည်း လယ်သမားများက ရှုမြင်ကြသည်။

သက်နုစပါးဆိုသည်မှာ ၅ လ စပါး၊ ၄ လ စပါး၊ ၃ လ စပါး၊ ၂ လ စပါး ဟူ၍ အသီးသီးရှိကြသည်။ ၅ လအကြာတွင် အပင်ထွက်လာသည့် စပါး၊ ၄ လအကြာတွင် အပင်ထွက်လာသည့်စပါး စသဖြင့်ရှိသည်။ ယင်းကြောင့် ၂ လ၊ ၃ လ အကြာတွင် စပါးပင်ထွက်လာသည့် သက်နုစပါးကို စိုက်ပျိုးမှသာ အချိန်မီတော့မည်ဟု လယ်သမားများက ဆိုကြသည်။

ထိုသို့သော အကူအညီများ မရရှိပါက တောင်သူဘဝဖြင့်အရိုးထုတ်နေရသော မြောက်ဦးမြို့မှ ဦးဘအေးအတွက် ဖြေရှင်းရန် တစ်ခုသာရှိတော့သည်။

ဒီဟာတွေကို အစိုးရအဖွဲ့ကဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် ကူညီပေးမယ်ဆိုရင် နည်းနည်းတော့ အသက်ရှုလို့ ရနိုင်ကြမှာပေါ့။ လယ်သမားဆိုတိုင်းလည်း ပိုက်ဆံ ရှိတာမှ မဟုတ်တာ။ တစ်ဆယ်တိုးနဲ့ ပိုက်ဆံချေးပြီး လယ်လုပ်ထားတာ။ ဘယ်ကမှ အထောက်အကူ မပြုရင် ရှိတာကို ထုခွဲ ရောင်းချစားရတော့မှာပေါ့ဟု ဦးဘအေးက စိတ်ပျက်လက်ပျက် ပြောဆိုလိုက်သည်။

 

(ပြီး)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!