မြထွီးသျှင် ရေးသားသည်။
စာသင်ခန်းထဲက ဝေဆာနေတဲ့ ကလေးငယ်တွေရဲ့ စာအံသံနဲ့အတူ စာချပေးနေတဲ့ ကျောင်းဆရာတစ်ယောက်….။ သူဟာ သာမန်လူတစ်ယောက်တော့ မဟုတ်ပါဘူး။
စာသင်ခန်းထဲ ချိတ်ဆွဲထားတဲ့ white board ပေါ်က သူ့လက်ရေးလှလှလေးတွေဟာ ပုံမှန် ညာဘက်လက်ချောင်းတွေကနေ ထွက်လာတာ မဟုတ်ဘဲ တံတောင်ဆစ်နှစ်ဖက်ကို အသုံးပြုရေးနေတာပါ။
သူကတော့ မြောက်ဉီးမြို့နယ်၊ သာယာကုန်းကျေးရွာ မူလတန်းစာသင်ကျောင်းက ကလေးတွေကို စာသင်ကြားပေးနေတဲ့ မွေးရာပါ ခြေလက်အင်္ဂါမသန်စွမ်းသူ ကျောင်းဆရာ ခမီလူမျိုး ဦးအောင်မြင့်ပဲ ဖြစ်ပါတယ်။
ရည်မှန်းချက်ကြီးတဲ့ စိတ်ဓာတ်နဲ့ လောကဓံကို ရဲရဲ ရင်ဆိုင်ဖြတ်သန်းနေခဲ့တာ ၃၈ နှစ်တိုင်ခဲ့ပါပြီ။ မွေးရာပါ မသန်စွမ်းဖြစ်ခဲ့သူမို့ ငယ်စဉ်ကတည်းကနေ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်စေဖို့ လေ့ကျင့်ခဲ့၇ပါတယ်။
“ကျနော် ကိုယ့်ဘာသာ လုပ်တတ်အောင်အတွက် ကျနော့်အမေက အလေ့အကျင့် လုပ်ပေးပါတယ်" လို့ ငယ်ဘ၀ကို ပြန်အောက်မေ့ရင်း သူက ဆိုပါတယ်။
ဦးအောင်မြင့်ဟာ အသက် ၁၀ နှစ်အရွယ်ရောက်မှ လမ်းလျှောက်နိုင်ခဲ့တာပါ။ ကိုယ့်အားကိုယ်ကိုးလိုတဲ့စိတ်နဲ့ နိစ္စဒူ၀အလုပ်တွေကို အဲဒီအရွယ်ကတည်းက စပြီး ဇွဲရှိရှိ လုပ်ကိုင်ခဲ့ပါတယ်။ ပုံမှန်လူတွေလို လက်နှစ်ဖက်နဲ့ ခြေနှစ်ဖက်စလုံး အကောင်းအတိုင်း ရှိမနေပါဘူး။ ဒါပေမဲ့ ရှိတဲ့ ခြေလက်ကို အသုံးချပြီး သာမန်လူတွေနည်းတူ သူ ကြိုးစားခဲ့တာပါ။