Preview

နယ်မြေသစ်ကို အသက်စွန့်ရှာနေကြသည့် မွတ်ဆလင်ဒုက္ခသည်များ

သြဂုတ် ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :1478
ဆောင်းပါး

မြထွီးသျှင်

နိရဉ္စရာ( ဆောင်းပါး) ဩဂုတ် ၂၄/၂၀၂၃

အသက် ၂၈နှစ်အရွယ် မွတ်ဆလင် အမျိုးသမီးတစ်ဦးဖြစ်သည့် မဆေးတာရာဘီတစ်ယောက် သူ့မွေးရပ်မြေရခိုင်ပြည်ကို စွန့်ခွာပြီး မလေးရှားနိုင်ငံကို သွားခဲ့သည်မှာ ရှစ်လကြာမြင့်ခဲ့ပြီဖြစ်သည်။သူက အလုပ်လုပ်ရန်အတွက် ပြည်ပနိုင်ငံသို့ သွားရောက်ခဲ့ခြင်းတော့မဟုတ်ပေ။

သူတို့ ပတ်ဝန်းကျင်တွင်ခေတ်စားနေသည့် မလေးရှားရောက် ရခိုင်ကမွတ်ဆလင်အမျိုးသားတစ်ဦးနှင့် လက်ထပ်ရန်အတွက်၈ နှစ်အရွယ် သားဖြစ်သူနှင့် အသက် ၆၀ ကျော်အမေ ဖြစ်သူတို့ကို ချန်ရစ်ကာတရားမဝင်လမ်းမှတဆင့် ပွဲစားများဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်တွင်ဆယ်စုနှစ်ကျော်ကြာ လွတ်လပ်စွာ သွားလာနေထိုင်လုပ်ကိုင်ခွင့်များ ဆုံးရှုံးနေရသောမဆေးတာရာဘီတို့လို လူတွေအတွက် ရခိုင်ပြည်နယ်ကိုစွန့်ခွာကာ ပြည်ပသို့ ထွက်ခွာခြင်းသည် ထွက်ပေါက်တစ်ခုကဲ့သို့ပင် ဖြစ်လာနေသည်။

မဆေးတာရာဘီသည် ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်ရှိ သက္ကေပြင်ဒုက္ခသည်စခန်းတွင် ၎င်း၏ မိသားစုနှင့် အတူနေထိုင်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပြီဖြစ်သည်။ ပထမအိမ်ထောင်နှင့်သားတစ်ဦးမွေးဖွားခဲ့သော်လည်း လင်ယောကျာ်းဖြစ်သူက အနိုင်ကျင့်စော်ကား၍တစ်ခုလပ် ဘ၀ ရောက်ခဲ့ရသည်။ ထို့နောက်တွင် စားဝတ်နေရေးအဆင်မပြေမှုကြောင့်အလုပ်လုပ်ကိုင်လိုသော်လည်း ရခိုင်ပြည်တွင်နေနေရသည့် သူတို့အဖို့လူ့အခွင့်အရေးများ ဆုံးရှုံးနေရသည်။ ယခုတော့ သူမတွင် မွတ်ဆလင်အမျိုးသမီးများကြား ခေတ်စားနေသည့်မလေးရှားရောက် ရခိုင်မှ မွတ်ဆလင်အမျိုးသား တစ်ဦးနှင့် လက်ထပ်ရန် အကြောင်းဖန်လာခဲ့သည်။

ထိုသို့လက်ထပ်ရန်အတွက် လူပွဲစားများမှတဆင့် တရားမဝင်နည်းလမ်းဖြင့်မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့ရာ လမ်းခရီးတွင် မလွယ်ကူခဲ့ပေ။ ပွဲစားများ၏ ရိုက်နှက်နှိပ်စက်ခြင်းများကိုလည်းခံခဲ့ရပြီး လမ်းခရီးတစ်လျှောက်တွင် တောတောင်များထဲ အန္တရာယ်အသွယ်သွယ်ကိုဖြတ်ကျော်ခဲ့ရသည်ဟု အဆက်အသွယ်ပြန်ရချိန် သူပြန်ပြောခဲ့သည်ကို မိသားစုဝင်တစ်ဦးကစိတ်မကောင်းစွာ ရှင်းပြသည်။


သူမမလေးရှားကိုရောက်သွားပြီး အမျိုးသားတစ်ဦးနှင့်လက်ထပ်ဖြစ်ခဲ့သော်လည်း  လင်ယောကျာ်း ဖြစ်သူတစ်ယောက်တည်း၏လုပ်စာကိုသာစားသုံးနေရသဖြင့် သူမ၏သားနှင့်မိခင်ဖြစ်သူထံသို့ ပိုက်ဆံပြန်ပို့ရန်လည်းမလွယ်ကူခဲ့ချေ။

စားဝတ်နေရေးပြေလည်ရန်အလို့ငှာနိုင်ငံရပ်ခြားသို့ အသက်စွန့်ကာသွားခဲ့သော်လည်း မိသားစုထံငွေလုံလောက်စွာပို့ပေးနိုင်ခြင်းမရှိသေးဘဲ ကျန်ရစ်ခဲ့သည့် သားနှင့်မိခင်ဖြစ်သူမှာသနားစဖွယ် ဖြစ်နေ၇သည်ဟု ပြောဆိုသည်။

မဆေးတာရာဘီ နည်းတူနိုင်ငံရပ်ခြားတွင် လက်ထပ်ရန် သွားရောက်ကြသည့် မွတ်ဆလင် အမျိုးသမီးများသည် ယခုနှစ်အတွင်းတွင်တဖြည်းဖြည်း များပြားလာနေသည်။ လမ်းခရီးတွင် အန္တရာယ်အသွယ်သွယ်ကြားအသက်စွန့်သွားလာနေရသော်လည်း ဟိုကိုရောက်လျှင် ရှေ့ရေးကောင်းစားမည်ဟုယူဆကာ သွားလာနေကြခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ်၊ နာဇီဒုက္ခသည်စခန်းတွင်နေသည့် မွတ်ဆလင်ဒုက္ခသည်အမျိုးသမီးတစ်ဦးကပြောသည်။

“အိမ်မှာ မိဘတွေကိုယ်တိုင်ကအသက် ၁၂၊ ၁၃ လောက်ဖြစ်တာနဲ့ အပြင်ထွက်ခွင့်၊ စာသင်ခွင့် မပေးတော့ဘူး။ အိမ်ထဲမှာနေရတော့လွတ်လပ်ခွင့်မရှိဘူးလို့ ခံစားရတယ်။ သူတို့လည်း သွားချင်ကြတယ်၊လုပ်ချင်ကြတယ်ဆိုတော့ ရတဲ့နည်းနဲ့ မလေးရှားကို သွားနေကြတယ်" ဟုထွက်ခွာသွားကြသည့် အကြောင်းအရင်းကို သူက ဆိုသည်။

မွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသမီးများသည်စခန်းအတွင်း နေထိုင်ချိန်တွင် အနေအစား ကျပ်တည်းမှု၊ ဆင်းရဲမှုများဖြင့်ကြုံတွေ့နေရသည်ဟု ပြောသည်။ ယင်းကြောင့် ရရာနည်းဖြင့် ပြည်ပနိုင်ငံများကိုထွက်ခွာနေကြခြင်းဖြစ်ကြောင်း အထက်ပါ မွတ်ဆလင်အမျိုးသမီးငယ်ကဒုက္ခသည်စခန်းထဲမှ ၁၀ ပေပတ်လည်သာသာရှိသည့် ၎င်း၏အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ထိုင်နေရင်း ပြောသည်။

တချို့ဆိုလျှင်၎င်းတို့၏ မိဘများကိုယ်တိုင်က နိုင်ငံရပ်ခြားသို့ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်းလည်း စစ်တွေမြို့နယ်မှ မွတ်ဆလင်ပညာတတ်အမျိုးသမီးတစ်ဦးက ပြောသည်။

"သမီးတွေကိုကျတော့ လက်ထပ်ဖို့အတွက်မလေးရှားက လူတွေနဲ့ စေ့စပ်ထားတယ်။ ဒီက လူတွေနဲ့ ရတာထက် မလေးရှားက လူတွေနဲ့ပေးစားလိုက်ရင် ဒီမှာထက် ပိုအဆင်ပြေမယ်ဆိုပြီး ဆယ်ကျော်သက်အရွယ်၊နှစ်ဆယ်ကျော်အရွယ်တွေက များသောအားဖြင့် သွားကြတယ်။ မိန်းကလေးတွေကအလုပ်လုပ်ဖို့သွားတာထက် အိမ်ထောင်ပြုဖို့ သွားကြတာများတယ်" ဟုပြောသည်။



ထိုသို့သောအခြေအနေများမှာ နှစ်ဉ် ပိုများလာသော်လည်း ဖြေရှင်းနိုင်သည့်နည်းလမ်းကိုတော့ ရှာမတွေ့သေးဟု လူမှုရေးလှုပ်ဆောင်နေသည့် အသိုင်းအဝိုင်းကဆိုကြသည်။

မွတ်ဆလင်အမျိုးသမီးကြီးတစ်ဦးကလည်း"အိမ်ခြံမြေတွေရောင်းပြီးသွားကြတယ်။ ဟိုကိုရောက်လိုက်လား၊ မရောက်လိုက်လားလည်းမသိရဘူး။ လမ်းမှာ အခြေအနေအမျိုးမျိုးကြောင့် ဆုံးသွားရင်ခြံလည်းဆုံး၊ သမီးလည်းဆုံး ဖြစ်သွားပြီလေ။ အန်တီအနေနဲ့ကတော့ ဒီလိုမသေချာတဲ့လမ်းကြောင်းတွေကနေမသွားစေချင်ဘူး" ဟု ပြောသည်။

မွတ်ဆလင်ဒုက္ခသည်များသည်ရခိုင်ပြည်နယ်အတွင်း ဆယ်စုနှစ်တစ်ခုအကြာ သွားလာခွင့် ပိတ်ဆို့ခံရမှုနှင့်အတူအလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုတို့ကြောင့် ဒုက္ခသည်စခန်းများထဲတွင်မျှော်လင့်ချက်မဲ့စွာ နေထိုင်နေကြ၇သည်။

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းများမှဒုက္ခသည်တစ်ဦးစီကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က တစ်လလျှင် ငွေကျပ် ၂၁၀၀၀ စီ ထောက်ပံ့ ပေးလျက်ရှိသည်။သို့သော်လည်း လက်ရှိတွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေ၍စားဝတ်နေရေးအတွက် ဖူလုံမှုမရှိဖြစ်နေသည့်အပြင် စခန်းပြင်ပထွက်အလုပ်လုပ်ကိုင်ရာတွင်လည်း အလုပ်အကိုင်ရှားပါးနေခြင်းကိုမွတ်ဆလင်ဒုက္ခသည်များက ရင်ဆိုင်နေကြ၇သည်။

မွတ်ဆလင်ဒုက္ခသည်အများစုသည် ဆယ်စုနှစ်တစ်ခုအကြာပညာသင်ယူရာတွင် ကန့်သတ်ပိတ်ဆို့မှုများကို ခံထားခဲ့ရသဖြင့်အတန်းပညာ မသင်ယူနိုင်သူက များသည်။ ၎င်းတို့အတွက် အလုပ်အကိုင်ဆိုသည်မှာပန်းရံ၊ ကျွဲ၊ နွားကျောင်း၊ ဟင်း၊ ငါးရောင်း၊ ကူလီထမ်း၊စားပွဲထိုး၊ ကောက်စိုက် စသည့်နေ့စားအလုပ်များသာ ရှိသည်။ အဆိုပါအလုပ်များသည်လည်းရခိုင်ပြည်အတွင်း သွားလာခွင့်ကန့်သတ်မှုများ ယနေ့အချိန်အထိရှိနေသေး၍ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့် မရှိကြပေ။

အထူးသဖြင့် ဒုက္ခသည်စခန်းများမှမွတ်ဆလင်များသည် ယင်းသို့ လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ဆို့ခံထားရသည့်အတွက်ပြည်ပနိုင်ငံများသို့ရောက်လျှင် အဆင်ပြေနိုးနိုးမျှော်လင့်ချက်ဖြင့်ဖမ်းဆီးခံရမည်ကို သိလျက်နှင့် လူပွဲစားများမှတဆင့် နိုင်ငံရပ်ခြားသို့ ကုန်းလမ်း၊ရေလမ်းတို့မှ အထောက်အထားမဲ့ထွက်ခွာနေကြ၇ခြင်းဖြစ်သည်။

ထိုသို့ ပြည်ပထွက်ခွာသူများတွင်အမျိုးသမီးများသာမက ဆယ်ကျော်သက်အရွယ် မွတ်ဆလင်အမျိုးသားများလည်း အများဆုံးပါဝင်နေကြကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းများမှသိ၇သည်။

စားဝတ်နေရေးကျပ်တည်းမှုနှင့်အတူ ဘ၀ရပ်တည်ရေးအခက်အခဲဖြစ်လာသဖြင့်ဒုက္ခသည် စခန်းအတွင်းရှိနေအိမ်များနှင့် ရိက္ခာစာအုပ်များကို ရောင်းချကာ တစ်ဘက်နိုင်ငံသို့ ပို့ပေးသည့် လူကုန်ကူးပွဲစားများထံချည်းကပ်လာကြသည်။ ပြည်ပထွက်ခွာလိုသူတစ်ဦးလျှင် ငွေကျပ်သိန်း ၄၀ မှ၉၀ ကျော်ခန့် ပွဲစားများကို ပေးပြီး သွားနေကြရသည်ဟု စစ်တွေမြို့နယ်၊သဲချောင်းမွတ်ဆလင်ဒုက္ခသည်စခန်းမှတာဝန်ရှိသူတစ်ဦးထံမှ သိ၇သည်။

ထို့သို့ တရားမဝင်သွားရောက်ရာတွင်လည်း လမ်းခုလတ်တွင် ဖမ်းဆီးခံရမှုများရှိနေ၍ ပွဲစားများထံသို့ ပေးရသည့် ငွေကြေးများလည်း ဆုံးရှုံးကာမိမိတို့ မူလနေထိုင်ရာဒုက္ခသည်စခန်းသို့လက်ဗလာဖြင့် ပြန်လည်ရောက်ရှိလာကြသူမျာလည်း ရှိသည်။

သဲချောင်းမွတ်ဆလင်ဒုက္ခသည်စခန်းတာဝန်ရှိသူက "သွားတဲ့သူတွေက လမ်းတဝက်မှာ အဖမ်းခံရတယ်။ ပိုက်ဆံလည်းဆုံးတယ်။ လိုရာခရီးကိုလည်း မရောက်ဘူး။ ထောင်လည်းကျတယ်။ကိုယ့်နေရာကို ပြန်ရောက်တယ်။ သူတို့မှာ အရမ်းဆုံးရှုံးမှုတွေများတယ်။ဒီကိစ္စမှာ လူပွဲစားတွေက မက်လုံးတွေပေး၊ စည်းရုံးပြီးခေါ်တာပါ။လိုရာခရီးကိုရောက်သွားရင်တော့ ကောင်းတာပေါ့။ လမ်းတဝက်မှာအဖမ်းခံရတော့ အားလုံးဆုံးရှုံးသွားတယ်" ဟုပြောသည်။

ရခိုင်မှ မွတ်ဆလင်ဒုက္ခသည်များသည်စခန်းအတွင်း စားဝတ်နေရေးအခက်အခဲများကြောင့် တစ်ဘက်နိုင်ငံများသို့တရားမဝင်ထွက်ခွာကြရာတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၃ခုနှစ်၊ မတ်လအထိ ဖမ်းဆီးခံ၇သည့် မွတ်ဆလင်ပေါင်း ၂ ထောင်ကျော်ခန့်ရှိကြောင်းစစ်ကောင်စီ၏ မှတ်တမ်းများအရသိရသည်။

ထိုသို့ထွက်ခွာကြသည့်မွတ်ဆလင်ဒုက္ခသည်များသည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များနှင့် ဧရာ၀တီတိုင်း၊ရန်ကုန်တိုင်းတို့တွင် ဖမ်းဆီးခံနေရခြင်းဖြစ်သည်။ ယင်းသို့ ဖမ်းဆီးခံရပြီးနောက်ရခိုင်ပြည်နယ်သို့ ပြန်အပို့ခံ၇ကာ လ၀ကအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူခံရပြီးထောင်ဒဏ်ကျခံနေရသည်များလည်းရှိကြောင်း သိရသည်။ ယင်းအပြင် လမ်းခုလတ်တွင်အစာရေစာပြတ် သေဆုံးသွားသည့် မွတ်ဆလင်များလည်း ရှိသည်ဟုလည်း သိ၇သည်။

စစ်တွေမြို့နယ်မှ မွတ်ဆလင်အမျိုးသားတစ်ဦးကလည်း"တစ်ချို့အဖမ်းမခံရဘဲ ရောက်သွားကြသူတွေလည်း ရှိသလို မရောက်ဘဲနဲ့အဖမ်းခံရသူကများတယ်။ အဲဒီလိုဖြစ်နေတာတောင်မှ သွားကြတဲ့သူတွေက ဘယ်လိုပြောလဲဆိုရင် ဒီနေရာမှာနေတာထက်စာရင်သေတာကတောင် ပိုပြီးကောင်းမယ်ဆိုပြီး ပြောကြတယ်။ ဒီနေရာမှာသွားလာခွင့်လည်းမရှိဘူး။ အခက်အခဲပေါင်းများစွာ၊ အနိုင်ကျင့်ခံရမှုပေါင်းများစွာခံရပါတယ်။ဒီကြားထဲနေရင် သေ၇တာပဲ ကောင်းမယ်လို့ ပြောကြတယ်" ဟု ပြောသည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရသေ့တောင်မြို့နယ်၊အနောက်ပြင်ကျေးရွာမှ မွတ်ဆလင် ၅၅ ဦးလိုက်ပါလာသည့် စက်လှေတစ်စီးသည်မလေးရှားနိုင်ငံသို့သွားရန် ထွက်ခွာလာစဉ် စစ်တွေ ပွိုင့်ကမ်းခြေအနီး ပင်လယ်ပြင်တွင်မိုးသက်လေပြင်းကျရောက်ခဲ့သဖြင့် စက်လှေနစ်မြုပ်ခဲ့သည်။ ထို့ကြောင့်လိုက်ပါလာသူများအနက် အမျိုးသမီးအလောင်းများအပါအဝင် အလောင်း ၁၃ လောင်းကိုစစ်တွေမြို့အနီး ပင်လယ်ကမ်းခြေတွင် တွေ့ခဲ့၇ပြီး နောက်ထပ် ၃၂ ဦးမှာပျောက်ဆုံးနေကြောင်း ၎င်းတို့၏ အလောင်းများကို ရှာဖွေနေကြသူများက ပြောသည်။

တစ်ဘက်တွင်လည်း စစ်ကောင်စီသည်ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့နယ်ရှိ IDPCamp များမှဒုက္ခသည်အချို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြား (National VerificationCard-NVC) များ ထုတ်ပေးခဲ့သည်။ယင်း NVC ကတ်ပြားများထုတ်ပေးထားသော်လည်း နိုင်ငံသားဖြစ်ခွင့်ရရန် လျှောက်ထားရာတွင် တစ်နှစ်မှနှစ်နှစ်အထိ ကြာမြင့်တတ်သည်ဟုမွတ်ဆလင်များက ဆိုကြသည်။ NVC ကတ်ပြားထုတ်ယူရာတွင်လည်း ဖြည့်စွက်ရသော အချက်အလက်များသည် ရခိုင်ရှိ မွတ်ဆလင်အတွက်အငြင်းပွားဖွယ်ရာ အချက်အလက်များ ဖြစ်သည်ဟုသူတို့ကပြောသည်။

ရခိုင်မှ NVC ကတ်ပြားရရှိထားသောမွတ်ဆလင်ဒုက္ခသည်များသည် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိထားသော်လည်း လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပေးသည့် ပုံစံ(၄) ရှိမှသာလျှင် ၎င်းတို့သတ်မှတ်ထားသည့်ရက်ပိုင်းအတွင်းတွင် သတ်မှတ်ထားသည့်မြို့ကို သွားခွင့်၇သည်။

၇ခိုင်တွင် ၂၀၁၂ခုနှစ်ကဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် စစ်တွေ၊ ကျောက်တော်၊ပေါက်တော၊ မြေပုံနှင့် ကျောက်ဖြူမြို့တို့မှ မွတ်ဆလင်ဒုက္ခသည်သိန်းနှင့်ချီသည် ယင်းဒေသများရှိ ဒုက္ခသည်စခန်းများတွင် လက်ရှိအချိန်ထိဆယ်စုနှစ်တစ်ခုအကြာ နေထိုင်နေကြ၇ဆဲဖြစ်သည်။

ထို့အပြင် ၂၀၁ရခုနှစ်က ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ပဋိပက္ခများအတွင်းမြန်မာစစ်တပ်က နယ်မြေရှင်းလင်းမှုတို့ကြောင့် ယင်းဒေသနေ မွတ်ဆလင်လူမျိုး ၇သိန်း ၄ သောင်းကျော်သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသက်ရင်းကာ ထွက်ပြေးသွားခဲ့၇သည်ဟု ကုလသမဂ္ဂကထုတ်ပြန်ထားသည်။

ထိုသို့တစ်ဖက်နိုင်ငံသို့ရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်များကိုနေရပ်ပြန်ခေါ်ယူရေးအတွက် စစ်ကောင်စီက ပိုင်းလော့ပရောဂျက်ဖြင့် စီစဉ်နေသည်။ယင်းအစီအစဉ်သည် နိုင်ငံတကာ ထောက်ခံမှုရရှိရေးအတွက်လုပ်ဆောင်ခြင်းဖြစ်ကာ မွတ်ဆလင်များအား အမှန်တကယ် လက်ခံလိုသည့် ဆန္ဒမဟုတ်ဘဲ ဟန်ပြသက်သက်သာ ဖြစ်ကြောင်းရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရသူဦးခိုင်သုခက ပြောဆိုထားသည်။

ဆန်းစစ်လေ့လာချက်အရ ရခိုင်ပြည်၏အခြေအနေသည်လက်ရှိကာလတွင် မွတ်ဆလင်ဒုက္ခသည်များအတွက် ရေရှည်တည်တံ့ခိုင်မြဲစေသောနေရပ်ပြန်ရေး ဖြစ်ပေါ်စေနိုင်ဦးမည် မဟုတ်ကြောင်းကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNCHR)က တိုက်တွန်းထားသည်။

နေရပ်ပြန်လာမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်မွတ်ဆလင်များအတွက်ကို ထားဦး။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှမွတ်ဆလင်ဒုက္ခသည်အများစုသည်လည်း အခြေခံ လူ့အခွင့်အရေးများဖြစ်သည့်လွတ်လပ်စွာ သွားလာခွင့်နှင့် လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်များကိုရခိုင်ပြည်အတွင်း ဆုံးရှုံးနေကြရဆဲဖြစ်သည်။ ထိုအခွင့်အရေးများကိုရရှိနိုင်ရန် သူတို့၏ အသက်ကိုစွန့်ရင်း နယ်မြေသစ်ရှာဖွေရေးအတွက် ဆက်လက် ထွက်ခွာနေကြ၇ဦးမည်ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုကြသည်။

(ပြီး)

 

#ဆောင်းပါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.