ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မရည်ရွယ်ဘဲ ပရဟိတဘဝထဲ ရောက်လာသူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ဦးမင်းထည်ဝါရဲ့ အိပ်ရာဘေးမှ ညည့်သန်းခေါင်ကျော် ၂ နာရီလောက် အချိန်မှာ တီးလုံးသံတိုးတိုးလေး တစ်ခု ထွက်ပေါ်လာပါတယ်။ မျက်လုံးမပွင့်တပွင့်နဲ့ အဲ့ဒီ အသံ လာရာဆီ ကြည့်လိုက်တဲ့အချိန်မှာ နံပါတ် ၁၁ လုံးနဲ့ ဘယ်သူ့ဆီကမှန်း မသိတဲ့ ဖုန်းကောလ် တစ်ကောလ် ဝင်နေတာပါ။

သူ့ဘက်က “ဟဲလို ” လို့ ထူးသံအပြီးမှာတော့ ဟိုဘက်က ထွက်လာတဲ့ အသံက “ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကလားဗျာ။ နယ်ဘက်က အရေးပေါ်အကူအညီ လိုအပ်နေလို့ပါ” ဆိုတဲ့ အကူအညီတောင်းသံပါပဲ။

ဖုန်းအဝင်ကောလ်ကို ကိုင်လိုက်အပြီးမှာတော့ ဒီပရဟိတသမားရဲ့ အိပ်ချင်နေတဲ့စိတ်ဟာ ဘယ်ကို လွင့်စင်သွားမှန်း မသိတော့ပါဘူး။ ချက်ချင်းပဲ သူနဲ့ စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဖက် ပရဟိတ လူငယ်လေးတွေကို ဖုန်းလှမ်းဆက်ပြီး ညကြီးမင်းကြီး အကူအညီတောင်းလာတဲ့ နယ်မြို့လေးဆီ စေလွှတ်ဖို့ စီမံရပါတော့တယ်။

တစ်ညလုံး မအိပ်နိုင်တော့ဘဲ ပရဟိတ လူငယ်လေးတွေ သွားရတဲ့ လမ်းကြောင်းတစ်လျှောက် ဖုန်းနဲ့ ဆက်သွယ်၍ သတိပေးနေရင်း သက်ဆိုင်ရာဂိတ်တွေနဲ့ လိုအပ်တဲ့အရာတွေကို တစ်ချိန်လုံးမနားတမ်း ဆက်သွယ်ပြီး မိုးလင်းတဲ့အထိ ထိုင်စောင့်နေပါတော့တယ်။ ကူညီဖို့ ထွက်ခွာသွားတဲ့ သူ့ရဲ့ အဖွဲ့သားတွေဆီကနေ ရုံးပြန်ရောက်ပြီလို့ သိရမှသာ စိတ်သက်သာရာရပြီး သူရဲ့ ဖုန်းနဲ့ တစ်ချိန်လုံး ဆက်သွယ်နေတာကို ရပ်လိုက်ပါတော့တယ်။

ဦးမင်းထည်ဝါက “ကျွန်တော်က စိတ်နှလုံးသေပြီး မအိပ်ရတဲ့ နေ့တွေက တော်တော်လေးကို အများကြီး ရှိပါတယ်။ တစ်သင်းလုံး စိတ်နစ်ပြီး လုပ်ကြပါတယ်။ တစ်ခါတစ်လေ အိပ်ချင်တဲ့အချိန်မှာ မအိပ်လိုက်ရတော့၊ ပြန်အိပ်လို့ရတဲ့အချိန်မှာ အိပ်မပျော်တော့ဘူး။ ဒါပေမဲ့ ကျွန်တော်က ပြည်သူတွေကို ကူညီပေးလိုက်ရတော့လည်း ပီတိဖြစ်ရပါတယ် ” လို့ ပင်ပန်းတဲ့ စိတ်ကို ပီတိက အနိုင်ယူပုံနဲ့ သူပြောပြပါတယ်။

ဦးမင်းထည်ဝါဟာ  “ ရွှေရောင်မေတ္တာဖောင်ဒေရှင်း ” ကို စတင် တည်ထောင်သူတစ်ဦးဖြစ်သလို အဖွဲ့ကို ဦးဆောင်ဦးရွက်ပြုနေတဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းဟာ ရခိုင်ပြည်တစ်ဝန်းမှာ  ပြည်သူလူထု ကျန်းမားရေးနဲ့ နာရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက် လုပ်ဆောင်နေတဲ့  ပရဟိတအဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဆေးရုံတွေမှာ  ဆေးကုသမှု ခံယူနေကြတဲ့ လူနာတွေကိုလည်း လိုအပ်တဲ့ အကူညီတွေကို အတတ်နိုင်ဆုံး ကူညီပေးနေတဲ့ အဖွဲ့ဖြစ်တဲ့အပြင် စေတနာ့ဝန်ထမ်း လုပ်ငန်းတွေကို လမ်းပြဦးဆောင်မှုတွေ ပြုလုပ်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။  ဒီအတွက်ကြောင့် အများပြည်သူတွေရဲ့  ယုံကြည် အားကိုးမှုတွေကို ထိုက်ထိုက်တန်တန် ရရှိနေတဲ့ ရခိုင်ပြည်ထဲက အင်မတန် အရေးပါမှုရှိတဲ့  ပရဟိတအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

ဒီအဖွဲ့ကို ဦးဆောင်တည်ထောင်သူ  ဦးမင်းထည်ဝါရဲ့ ဘ၀အကြောင်း တစ်စိတ်တစ်ဒေသကတော့ သူဟာ  ဖခင်ဖြစ်သူ ဦးဦးစောလှနဲ့ မိခင်ဖြစ်သူ ဒေါ်မအောင်ဖြူ တို့ကနေ  စစ်တွေမြို့၊ ဗိုလ်ကြီးဖိုးသာရွာမှာ  ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ မှာ မွေးဖွားခဲ့ပါတယ်။  မွေးချင်းမောင်နှမ ၂ ဦးအနက် အကြီးဆုံး သားကြီးဖြစ်ပြီး နာမည်အရင်းမှာ ဦးအောင်နိုင်ဦးဖြစ်ပါတယ်။  စစ်တွေမြို့ အထက (၄)ကျောင်းကနေ ဆယ်တန်းကို (ခ)နဲ့  အောင်မြင်ခဲ့ပါတယ်။

ဦးမင်းထည်ဝါဟာ  ငယ်ရွယ်စဉ်က ဖြစ်ချင်ခဲ့တဲ့ အိပ်မက်ကတော့  အနုအပညာသမား တစ်ဦးဖြစ်ချင်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် သူဟာ ပိုက်ကျော်ခြင်းအားကစားကိုလည်း အထူးစိတ်ဝင်စားသူ တစ်ဦးဖြစ်ပါတယ်။ လက်တွေ့ဘ၀မှာတော့ သူဟာ ရခိုင်ပြည်ထဲက အတောက်ပြောင်ဆုံး လူမှုကူညီရေး ပရဟိတသမားတစ်ဦး ဖြစ်နေပါတော့တယ်။

ဦးမင်းထည်ဝါက “ကျွန်တော် ငယ်ငယ်က အဆိုတော်ဖြစ်ချင်တာ။ သီချင်းလည်း ရေးဖြစ်တယ်။ ဂစ်တာ တီးတယ်။ စာတွေ၊ ကဗျာတွေလည်း မတောက်တခေါက် ရေးတယ်။ အနုပညာကို ဝါသနာပါတာပေါ့။ ‌ငယ်ငယ်က ကျောင်းသားပွဲတွေဆိုလည်း သီချင်းဆိုတယ်။ ရန်ကုန်မှာ ဆိုကြမယ် ပျော်ကြမယ်မှာ ဝင်ပြိုင်ဖူးတယ်။ ပြီးရင် ပိုက်ကျော်ခြင်း အားကစားကို ထူးထူးချွန်ချွန် ကစားခဲ့တယ်” ဟု သူ့ငယ်ဘဝကို ပြန်ပြောင်း အောက်မေ့ရင်း ပြောဆိုပါတယ်။



ဦးမင်းထည်ဝါဟာ ဆယ်ကျော်သက်အရွယ်ကတည်းကပင် အနုပညာနဲ့ အားကစားကို ရူးသွပ်ခဲ့ပြီး ပိုက်ကျော်ခြင်းအားကစားကို ၁၀ နှစ်တာ ကစားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။  သူဟာ အနုပညာကို ငယ်ရွယ်စဉ်က ရူးသွပ်ခဲ့သူ တစ်ဦးဖြစ်ပေမယ့် အောင်မြင်တဲ့ ပန်းတိုင်ကို မလှမ်းတက်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ပိုက်ကျော်ခြင်းအားကစားမှာတော့  မြန်မာ့လက်ရွေးစင်အထိ ဝင်ရောက်ကစားခဲ့သူ တစ်ဦးဖြစ်ခဲ့ပါတယ်။

ရခိုင်ပြည်မှာ ကျင်းပတဲ့  ပိုက်ကျော်ခြင်းအားကစားပွဲတွေမှာ နှစ်စဉ်နှစ်တိုင်း အကောင်းဆုံးကစားဆုနဲ့  အကောင်းဆုံးရိုက်ခုတ်မှုဆု (ဖိုက်တာ) ရရှိခဲ့သူ တစ်ဦးဖြစ်ပြီး  ၁၉၉၆ ခုနှစ် ရန်ကုန်မှာ ကျင်းပတဲ့  ပြည်နယ်နဲ့တိုင်း အမျိုးသားအားကစားပွဲတော်မှာ သူတို့အဖွဲ့ဟာ ဒုတိယဆု ရရှိခဲ့ပါတယ်။

ဦမင်းထည်ဝါက “ကျွန်တော် လူငယ်တွေကို အားကစားပိုက်ကျော်ခြင်း အားကစားနည်းပြ ပညာကို သင်ကြားပေးခဲ့ပါတယ်။ တပည့်တွေက မြို့တိုင်းလိုလိုမှာ ရှိပါတယ်” လို့ ဝါသနာနဲ့ ကိုက်ညီတဲ့  အလုပ်လုပ်ခဲ့ဖူးပုံကိုလည်း သူက ပြန်ပြောင်းပြောဆိုပါတယ်။

သူ အချိန်တန် အရွယ်ရောက်လာချိန်မှာတော့ သံတွဲသူတစ်ဦးနဲ့ ချစ်ကြိုက်မိပြီး အိမ်ထောင်ကျခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ သူဟာ ဇနီးဖြစ်သူနေထိုင်တဲ့ သံတွဲမြို့သို့ လိုက်ပါသွားပြီးတဲ့နောက် သူချစ်မြတ်နိုးတဲ့ ပိုက်ကျော်ခြင်း အားကစားနဲ့ ဝေးကွာခဲ့ရပါတယ်။  ကြင်စဦးဇနီးနဲ့ အတူ ဈေးဆိုင်လေး တစ်ဆိုင်ဖွင့်ကာ တစ်အိုးတစ်အိမ် ထူထောင်ခဲ့ကြပါတယ်။


သူအိမ်ထောင်ကျပြီး ၂ နှစ်လောက်အကြာမှာတော့ မလေးရှားနိုင်ငံကို ‌အလုပ်လုပ်ဖို့  ထွက်ခွာခဲ့ပါတယ်။  ၉ နှစ်အကြာလောက် အလုပ်လုပ်ခဲ့ပြီးတဲ့နောက် မိမိရဲ့ မွေးရပ်မြေ ရခိုင်ကို ပြန်လာခဲ့ပါတယ်။  ပြည်ပမှာ အလုပ်လုပ်ပြီး  စုဆောင်း ရရှိလာတဲ့ ငွေကြေးနဲ့ စစ်တွေမြို့မှာ ဟိုက်ဂျက်ကားတစ်စီးဝယ်ယူကာ အသေးစား စီးပွားရေး လုပ်ငန်းတစ်ခုကို ထူထောင်ပြီး မိသားစုစားဝတ်နေရေးအတွက် ကြိုးစားခဲ့ပါတယ်။

“အဲဒီကားမောင်းတဲ့အချိန်မှာ တော်တော်ကို အဆင်ပြေတယ်။ နယ်ဘက်တွေကိုလည်း ပြေးဆွဲတယ်။ ကျွန်တော် အဲဒီအချိန် ငွေလိုချင်တာပဲ သိတယ်။ ဝင်ငွေလည်း ကောင်းတယ်။ အဲဒီအချိန်က ကားမောင်းတဲ့သူတွေက နည်းသေးတာကိုး။ အဲဒါလုပ်ရင်းနဲ့ သူများတွေကို ငွေတိုးချေးစားခဲ့တယ်” လို့ ဦးမင်ထည်ဝါက ပြောပါတယ်။

ဒီလိုပဲ ကားသမားဘဝနဲ့  ကျင်လည်ရင်း တခြားတစ်ဖက်မှာလည်း အလုပ်တွေကို  တိုးချဲ့ပြီး လုပ်ကိုင်ခဲ့ပါတယ်။ ဆွေမျိုးတွေရှိရာ နယ်ဘက်တွေမှာ  စပါးတွေ၊ ကွမ်းသီးတွေကို ဝယ်ယူသိုလှောင်ပြီး တစ်နိုင်တစ်ပိုင် အရောင်းအဝယ် လုပ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။


၂၀၁၈ ခုနှစ် အရောက်မှာတော့  ဦးမင်းထည်ဝါအတွက် ကားသမား၊ စီးပွားရေး သမားဘ၀ကနေ ပရဟိတသမားတစ်ဦး ဖြစ်လာဖို့ ကံကြမ္မာအကြောင်းက ဖန်လာပါတော့တယ်။


တစ်နေ့မှာ  ဦးမင်းထည်ဝါရဲ့  သူငယ်ချင်းတစ်ဦးဟာ  ရုတ်တရက်သတိလစ်သွားတဲ့အတွက်  စစ်တွေ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရပါတယ်။ သူရဲ့ သူငယ်ချင်းဖြစ်သူဟာ သုံးရက်လုံးလုံး သတိလစ်နေခဲ့ပြီးနောက် ပြန်သတိရလာခဲ့ပါတယ်။ သူ့ကို  ဓါတ်မှန်ရိုက်ကူးပြီး ရောဂါကို စမ်းသပ်ခဲ့ပြီးတဲ့အခါ ရန်ကုန်မှာ အရေးပေါ်ပို့ဆောင် ကုသရမယ်လို့ ဆရာဝန်က ညွှန်ကြားခဲ့ပါတယ်။


အဲဒီကာလဟာ ရခိုင်မှာ အရေးပေါ်လူနာတင်ဆောင်တဲ့ ကားတွေ အလွန်ရှားပါးတဲ့ အချိန်ကာလ ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမင်းထည်ဝါအနေနဲ့  သူ့သူငယ်ချင်းကို စစ်တွေကနေ ရန်ကုန်ကို ပို့ဆောင်ပြီး  အသက်ကိုကယ်တင်ဖို့ အားကြိုးမာန်တက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။  ကားရှာမရတဲ့ အတွက် ကြံရာမရဖြစ်နေတဲ့ အချိန်မှာပဲ ကံကောင်းထောက်မတော့ ကျန်းမာရေးဌာနက ကားတစ်စီးကို အမ်းအထိ လိုက်ပါပို့ဆောင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။  

“ ညည့် ၁၀ နာရီလောက် စစ်တွေကနေ အမ်းကို ထွက်တယ်။ ပြီးရင် ရန်ကုန်ကားနဲ့ သယ်သွားတယ်။ ရန်ကုန်ရောက်တဲ့အချိန်မှာ ချက်ချင်း ခွဲစိတ်တော့ အသက်ချမ်းသာရာ ရသွားတယ်။ အဲဒီတော့ စဉ်းစားကြည့်တယ်။ ကျွန်တော်တို့ဘက်မှာ ဒီလောက်အထိ အရေးပေါ်ကားတွေ ရှားနေလို့ရှိရင် ကျန်တဲ့သူတွေဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒီလောက်အထိ ပိုက်ဆံ အတော်အသင့်ရှိတဲ့ လူတစ်ယောက်တောင် ဒီလို အခက်အခဲဖြစ်ရင် ဆင်းရဲတဲ့ သူတွေဆိုရင် သေဘေးက လွှဲလို့ ဘာမှမရှိပေါ့နော်ဆိုတဲ့ အတွေးမျိုး ဝင်လာပြီးတော့၊ ကိုယ်ချင်းစာပြီး ဒီအလုပ်ကို လုပ်ချင်စိတ်တွေ ထက်သန်လာခဲ့တာပါ” လို့ ပရဟိတလမ်းအစကို ဦးမင်းထည်ဝါက ပြန်ပြောင်းပြောပြပါတယ်။

 
ဒီလို စိတ်အားထက်သန်လာတဲ့နောက် စစ်တွေမြို့မှာ လူမှုကူညီရေး ပရဟိတအဖွဲ့ တစ်ခုကို ထူထောင်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ သူတည်ထောင်လိုက်တဲ့ လူမှုကူညီရေး ပရဟိတအဖွဲ့ကတော့ “ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ” ဖြစ်ပြီး  ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ  စစ်တွေမြို့၌ စတင်တည်ထောင်ခဲ့ပါတယ်။ စတင်တည်ထောင်ပြီးချိန်မှာဘဲ မြောက်ဦးဆရာတော်ကြီးက ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နိုင်အောင် ကားတစ်စီး စတင် လှူဒါန်းခဲ့ပါတယ်။ အဲဒီကားနဲ့ပဲ ပရဟိတ လုပ်ငန်းတွေကို စတင် လုပ်ကိုင်ခဲ့တယ်လို့ သူက ပြောဆိုပါတယ်။

မြောက်ဦးဆရာတော်ကြီးက လှူဒါန်းတဲ့  ကားကို ရန်ကုန်ထိ သွားရောက် ယူဆောင်ခဲ့တဲ့ အချိန်မှာ ဘာအတွေ့အကြုံမှ မရှိတဲ့အတွက် အခက်အခဲကြုံခဲ့ရပုံတွေကိုလည်း ဦးမင်းထည်ဝါက ခုလိုပြောပြပါတယ်။


“ကားရတုန်းက ကားပေါ်တင်ဖို့ ပစ္စည်းတွေကို ကျွန်တော်က နေရာမချတတ်ဘူး။ အဆက်အသွယ်တွေ တစ်ခုမှ မရှိတော့ ကျွန်တော် တိုင်ပတ်နေတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက် အဆက်အသွယ်နဲ့ ပရဟိတအသင်းတစ်ခုက အတွင်းရေးမှူးတစ်ယောက် အကူအညီပေးလို့ အဆင်ပြေသွားတယ်။ ကားလည်း တောင်ပေါ်မှာ မမောင်းဖူးဘူး။ ကားချမယ်ဆိုရင် တစ်သိန်းခွဲ တောင်းတယ်။ နောက်ဆုံး မတတ်နိုင်တော့ ကိုယ်တိုင်မောင်းပြီး ချလာခဲ့တယ်။ အဲဒီတုန်းက တောင်ပေါ်မှာ ပထမဆုံးအကြိမ် မောင်းဖူးတာပဲ”လို့ ပြောပါတယ်။

နောက်ပိုင်းမှာတော့ သူ့ထက် အတွေအကြုံပိုရှိတဲ့  ရန်ကုန်နာရေးကူညီမှုအသင်းနဲ့ တခြား စီနီယာကျတဲ့ အသင်းတွေဆီက အတုယူလေ့လာရင်းနဲ့  ပြည်သူ့ အကျိုးဆောင်လုပ်ငန်းတွေကို လုပ်ကိုင်လာနိုင်ခဲ့တာကြောင့် ပီတိဝေဖြာရကြောင်း ဦးမင်းထည်ဝါက ပြောပါတယ်။


ခုလို ပရဟိတလုပ်ငန်းတွေ  စလုပ်ဆောင်ရာမှာလည်း အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပထမဆုံးစတင်ခဲ့တဲ့ အချိန်ကာလမှာ  မိမိအိတ်က ငွေစိုက်ကာ လုပ်ဆောင်ခဲ့ရပေမယ့်လည်း အများပြည်သူတွေရဲ့ အခက်အခဲတွေကို ကူညီ လုပ်ဆောင်ပေးနိုင်ခဲ့အတွက် သူအပြုံးမပျက်ခဲ့ဘူးလို့လည်း ပြောဆိုပါတယ်။ ပရဟိတ အလုပ်ဆိုတာက အများအကျိုးကို သယ်ပိုးရတဲ့အလုပ်ဖြစ်တဲ့အတွက် ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံဖို့ လိုအပ်တာကြောင့် ကိုယ်အိတ်က ငွေစိုက်ရပေမယ့် သူအတွက် ပီတိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့  မိုခါမုန်တိုင်းတိုက်ခတ်ခဲ့ပြီနောက် သာရေးနာရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ရာမှာ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း အနေနဲ့  ကျပ်သိန်း ၁၀၀ ကျော် အကြွေးတင်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။


“ မိုခါတုန်းက ဆီဖိုး သိန်း တစ်ရာကျော်သွားတယ်။ ဆီဆိုင်ကို သွားတော့ စာရေးမနဲ့ ပြောတော့ သိန်း ၁၀၀ ကျော်နေတယ်။ သူတို့ကလည်း ပရဟိတ အလုပ်ဖြစ်တဲ့ အတွက် ငွေလျော့ပေးပါတယ်။ ဒီအကြွေးတွေကို အလှူငွေတွေ နဲ့ လူနာလမ်းကြောင်းဆွဲရင် တတ်နိုင်တဲ့ သူတွေက ဆီဖိုးပေးတာတွေနဲ့ တဖြည်းဖြည်း ပေးဆပ်ခဲ့ရတာပေါ့။”


လက်ရှိအချိန်မှာ ပရိဟိတလုပ်ငန်းတွေကို  အဓိက ဇောက်ချလုပ်ကိုင်နေရတဲ့ အတွက် မိသားစုကို အချိန်မပေးနိုင်‌သလို လင်ယောက်ျားတစ်ဦး အနေနဲ့သာမက ဖခင်တစ်ဦးနေရာကပါ တာဝန် လစ်ဟင်းမှုတွေ  ရှိလာခဲ့တယ်လို့  ဆိုပါတယ်။

“အဓိက မိန်းမပေါ့။ သူနဲ့ တစ်ခါတစ်လေ စကားများကြတယ်။ သူက ဒါကြီးပဲလုပ်နေတယ်ဆိုပြီးတော့ပေါ့နော်၊ စိတ်ဆိုး၊ စိတ်တိုနဲ့ပါပဲ။ ကျွန်တော်လည်း လမ်းကြောင်းသွားစရာရှိရင် သိပ်မပြောဖြစ်ဘူး။ မနက်သွားမယ်ဆိုရင် ညမှ ပြောဖြစ်တယ်” လို့  ချစ်လှတဲ့  အိမ်သူသက်ထား ဇနီးဖြစ်သူရဲ့  ရံဖန်ရံခါ ငြူစူပုံတွေကိုလည်း ဦးမင်းထည်ဝါက ရယ်မောရင်း ပြောပြပြန်ပါတယ်။

ဒီလို မိသားစုတွေရဲ့ တာဝန်တွေကို လစ်ဟင်းတဲ့အထိ ရင်းနှီးပေးဆပ်မှုတွေအတွက် တစ်ဖက်မှာတော့ ထိုက်တန်တဲ့ဂုဏ်ပြုချီးမြှင့်မှုတွေကို သူပြန်ခံစားခဲ့ရပါတယ်။ အဲဒါကတော့  ဦးမင်းထည်ဝါကို ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ (Doctor of Humane Social Services (D. H. S. S)ကို Emmaus International Theological University (Kalay Myanmar) ကို ပေးအပ်ချီးမြှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီဆုကိုတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ  အခမ်းအနားနဲ့ သူ့ကို  ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။  


“သူတို့လည်း ကျွန်တော်တို့  ရွှေရောင်မေတ္တာပေ့ချ် page ကို အစအဆုံး ကြည့်ထားတယ် ထင်ပါတယ်။ ကျွန်တော့်ကိုလည်း အင်တာဗျူး မေးတယ်။ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် ဖြေပါတယ်။ လူသားအကျိုးပြု လုပ်ငန်းလုပ်လို့ဆိုပြီးတော့ ပေးတာလို့ သူတို့ကပြောပါတယ်။ ဒါပေမယ့် ကျွန်တော်အတွက်သမိုင်းတစ်ခုပဲပေါ့။ ကျွန်တော် ပီတိဖြစ်ပါတယ်” လို့  သူခံစားမှုကို  ပြောဆိုပါတယ်။

 

ဦးမင်းထည်ဝါအနေနဲ့ သူ့ဘဝမှာ အခုလို ပရဟိတအလုပ်တွေကို လုပ်ဆောင်မယ်လို့  ဘယ်တုန်းကမှ စိတ်ကူးထားခြင်းမရှိပေမယ့် လူလူချင်း ကိုယ်ချင်းစာနာစိတ်နဲ့ လူတိုင်းအပေါ် သနားဂရုဏာသက်ဝင်လာရာကနေ အခုတော့ ပရဟိတအလုပ်ဟာ သူရဲ့ ဘ၀ဖြစ်လာခဲ့ပါတော့တယ်။

လက်ရှိ “ ‌‌ရွှေရောင်မေတ္တာဖောင်းဒေးရှင်း ” အလုပ်ဟာ  သူ့ရဲ့ ငယ်အိပ်မက်နဲ့ တစ်ထပ်တည်း မကျပေမယ့် လူပေါင်းမြောက်များစွာကို ဆင်းရဲ - ချမ်းသာ၊ ဘာသာလူမျိုး မခွဲခြားဘဲ ကူညီလုပ်ဆောင်ပေးနိုင်နေတဲ့အတွက် ကျေနပ်ပီတိဖြစ်နေရပြီလို့  သူကဆိုပါတယ်။

“ ကျွန်တော့်ကို အကူအညီ တောင်းလာတဲ့ သူတွေကို မကူညီလိုက်ရင် စိတ်မချမ်းသာဘူး။ ဒါကြောင့် လူတိုင်းကို ကူညီတယ်။ ဒီလိုစိတ်နဲ့  ဘယ်သူကိုပဲဖြစ်ဖြစ် ကူညီခဲ့တယ်။ ကျွန်တော်တို့ ကူညီပေးလိုက်တဲ့ သူတွေ လမ်းမှာတွေ့ရင် နှုတ်ဆက်တာတို့၊ကျေးဇူးတင်စကား ပြောတာတို့၊ ပြီးရင် နယ်ဘက်ကို သွားရင်လည်း ကျွန်တော်တို့ ကူညီလိုက်တဲ့ သူတွေက ရယ်ရယ်မောမော နှုတ်ဆက်တာတွေပေါ့။ ဒီဘဝကို ခုတော့ ကျွန်တော် ကျေနပ်နေပြီဖြစ်ပါတယ်။”

 

(ပြီး) 

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၁ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး