- Web Master
- ၂၁ စက်တင်ဘာ ၂၀၂၃
မောင်သက်ဝေ(အမ်း)
(တစ်)
လွန်ခဲ့သည့်နှစ်က
ရခိုင်ပြည်၊ မြို့ပေါ်ရပ်ကွက်တစ်ခု(သို့မဟုတ်) ကျေးရွာတစ်ခု၏
လမ်းမပေါ်တွင် လင်ယောက်ျားဖြစ်သူက ဇနီးမယားဖြစ်သူအား လူမဆန်စွာ ကိုယ်ထိလက်ရောက်
ဆဲဆိုရိုက်နှက်နေသော ဗီဒီယိုရုပ်သံတစ်ခုသည် လူမှုကွန်ရက်၌
ကျယ်ကျယ်ပျံ့ပျံ့ပေါ်ထွက်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူအများက မရိုက်ရန်
ဟန့်တားကြသော်လည်း အသက် ၃၀အရွယ် ထိုအမျိုးသားသည် အရေးမမူသည့်အပြင်
ဘေးနားရှိ တုတ်တစ်ချောင်းကို ကောက်ယူပြီး မယားဖြစ်သူ၏ ဆံပင်များကို ဆွဲကာ
ရိုက်နှက်ဖို့ ကြိုးစားသည်။ သားနှင့်အမိ၊ မောင်နှင့်ညီမ မကြားဝံ့ မနာသာ
ယုတ်ညံ့ ကြမ်းတမ်းသော
စကားဖြင့် ဆဲဆိုရိုက်နှက်နေသည့်မြင်ကွင်းအား
ရင်ထုမတတ် နာကြင်ခံစားရပါသည်။
ထို့သို့ဖြစ်စဉ်များသည် ကျေးရွာတိုင်း၌
လင်မယားဆက်ဆံရေး၌ ဖြစ်ရိုးဖြစ်စဥ် အစဥ်အလာတစ်ခုကဲ့သို့ လျစ်လျူရှုကာ
နေတတ်ကြသည်ကို တွေ့ရ၏။ ဥပဒေကို ကျူးလွန်ဖောက်ဖျောက်ပြီး အိမ်တွင်းအကြမ်းဖက်မှုမြောက်သည်ဟုပင်
မသိကြလေသလား။ " မချစ်သော်လည်း အောင့်ကာနမ်း "
အိမ်ထောင်ရေးပြိုကွဲမည်ကို ကြောက်လန့်၍
တရားဥပဒေအရ တိုင်တန်းမပြောရခြင်းပင်လားဟု
မပြောတတ်တော့ပေ။
(နှစ်)
အမျိုးသမီးများအပေါ်အကြမ်းဖက်မှု
ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့၏ ဥက္ကဋ္ဌ
ဒေါ်စောစံငြိမ်းကလည်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု
"အိမ်တွင်းအကြမ်းဖက်မှုဆိုပြီး
ကျူးလွန်သူများကို
သက်ဆိုင်ရာက ထိထိရောက်ရောက် ဖမ်းဆီးအရေးယူဆောင်ရွက်ဖို့လို
၎င်းပြင် သူမက “ အမျိုးသမီးတွေ
အကြမ်းဖက်ခံရမှုက နယ်ပယ်တိုင်းမှာ ရှိနေဆဲပါပဲ။ တစ်ချို့ဆို ဆိုးဆိုးဝါးဝါး
အခြေနေမျိုးတွေ အထိကို ရှိနေတာကို တွေ့ရပါတယ်။ အိမ်တွင်း အကြမ်းဖက်ခံရတာတွေရှိတယ်။
လူမြင်ကွင်းရှေ့ အကြမ်းဖက်ခံရတာတွေ ရှိတယ်။ လုပ်ငန်းခွင်တွေမှာလည်း ရှိတယ်။
အကြမ်းဖက်မှု နည်းမျိုးစုံတွေထဲကမှ
ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတဲ့ အခြေနေမျိုးတွေကတော့ တော်တော်ဆိုးတာပေါ့။
ဟိုတလောကဆိုလည်း လိုင်းပေါ်မှာ ကျမတို့တွေ့ရတယ်။ လင်ယောကျ်ားလို့
ယူဆရတဲ့သူတစ်ယောက်က သားမယားအပေါ် လူမြင်ကွင်းရှေ့မှာ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုကျူးလွန်နေတာမျိုးတွေပေါ့ ”
ဟုပြောသည်။
ယခုဖြစ်စဥ်သည် လင်နှင့်မယား
ဖြစ်ရိုးဖြစ်စဥ်မဟုတ်ဘဲ ဥပဒေအရ အကြမ်းဖက်မှုမြောက်သည်။ ဘေးပတ်ဝန်းကျင်ကလည်း
ကျူးလွန်ခံရသည့် အမျိုးသမီးအပေါ် အင်တိုက်အားတိုက် ကာကွယ် စောင့်ရှောက်သင့်သည်ဟု သူက
ဆက်ပြောထားသည်။
“ လိုင်းပေါ်မှာတွေ့လိုက်ရတဲ့
အကြမ်းဖက်ဖြစ်စဉ်ထဲမှာ ဘေးပတ်ဝန်းကျင်မှာ လူတွေရှိနေတာကို
တွေ့ရတယ်။ ဒါပေမယ့် သူတို့က ကျူးလွန်ခံရသူ အမျိုးသမီးအပေါ် အင်တိုက်အားတိုက်
ကာကွယ် စောင့်ရှောက်ပေးတာမျိုးမတွေ့ရဘဲ လျစ်လျူရှူနေတာကို တွေ့ရတယ်။
ဒီလိုအခြေနေမျိုးတွေက မဖြစ်သင့်ဘူး။ ဒါတွေဟာ လင်နဲ့မယား
ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုမဟုတ်ဘူး။ ဒါဟာ အကြမ်းဖက်ခံနေရတာ
ဖြစ်တယ်။
အမျိုးသမီးတွေဟာ လင်ယောကျ်ားဆီမှာ အရိုက်ခံရတာဟာ မိရိုးဖလာဖြစ်စဉ်တစ်ခုလို့
မှတ်ယူထားတာတွေကို ဖျောက်သင့်တယ်။ ပြီးတော့ ကျူးလွန်ခံရသူက
တိုင်ကြားမှုတွေ လုပ်နိုင်အောင် အရေးယူမှုတွေကိုလည်း ထိထိရောက်ရောက်လုပ်နိုင်အောင်
ဥပဒေပိုင်းဆိုင်ရာတွေက အလေးအနက်ထား ဆောင်ရွက်ပေးဖို့ လိုအပ်တယ် ” ဟုပြောသည်။
(သုံး)
လွန်ခဲ့သော ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်၊ မောင်တောမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သတင်းမှတ်တမ်းများအရ သိရ၏။ ထိုလှုပ်ရှားမှုကို မောင်တောမြို့ရှိ ဘာသာပေါင်းစုံက အမျိုးသမီးများပါဝင်သော Women' s Network Rakhine State အဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။စာရေးသူတို့ ရခိုင်ပြည်သည်
လူမှုစီးပွားဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေကြရသည်။ ၁၉၄၈ ခုနှစ်၊
မြန်မာ့လွတ်လပ်ရေးနှင့်အတူ ရခိုင်ပြည်လည်း ယနေ့အချိန်အထိ နှစ်ပေါင်း
(၇၀)ကျော်တိုင်အောင် ဆင်းရဲတွင်းက ရုန်းမထွက်နိုင်ပေ။ ရေမြေတောတောင်ထူထပ်ပြီး
သဘာဝဓါတ်ငွေ့ ပေါကြွယ်ဝပါသည် ဆိုသော ရခိုင်ပြည်သည် ခေတ်အဆက်ဆက် အုပ်ချုပ်သူအစိုးရတို့၏
စီမံကွပ်ကဲမှု ညံ့ဖျင်းခြင်းကြောင့်
နလံမထူနိုင်ဘဲ မြန်မာနိုင်ငံ၏အဆင်းရဲဆုံးအဆင့်၌ ဖျားနာကျနေပါသည်။
အလုပ်အကိုင်ရှားပါးမှုနှင့်အတူ
ပညာရေးနိမ့်ပါးလာခြင်းတို့ကြောင့် ရခိုင်လူငယ်များသည် အသိပညာ၊ အတတ်ပညာနှင့်
ဆင်ခြင်တွေးခေါ်နိုင်စွမ်း အားနည်းလာသည်။ တိုင်းပြည်တပြည်ကို အသိပညာရှင်၊
အတတ်ပညာရှင်များနှင့်သာ တည်ထောင်ရသကဲ့သို့ အခြားပြည်နယ်၊ တိုင်းတို့နှင့်
နှိုင်းယှဥ်လျှင် ပညာတတ်လူဦးရေ
ပေါ်ထွက်မှုနည်းပါးသော ရခိုင်ပြည်သည် အဘက်ဘက်က ယိုယွင်း ပျက်စီးလာနေသည်။
အထက်ပါ ဗီဒီယိုရုပ်သံအကြောင်းအရာ၌ လင်မယားရန်ဖြစ်မှုသည်လည်း
အသိပညာဥာဏ် နည်းပါးမှုကြောင့်ပင်ဖြစ်သည်ဟု ဆိုရမည်။ ထိုကဲ့သို့သော အိမ်ထောင်ရေး ပြဿာနာများသည် စာရေးသူတို့ပတ်ဝန်းကျင်၌
နေ့စဥ်၊ ညတိုင်း တွေ့မြင်နေရသည်။ မိမိ၏ ဇနီးမယား အပေါ် ဆဲဆိုရိုက်နှက်မှုသည်
လူမှုပတ်ဝန်းကျင်၌ အလွန်တရာ ယုတ်ညံ့သောလုပ်ရပ်ဖြစ်သည်။ လူကို မူးယစ်စေတတ်သော
သေရည်သေရက်နှင့် ဆင်ခြင်တွေးတောနိုင်စွမ်း
အားနည်းမှုတို့ ပေါင်းဆုံ လိုက်သောအခါ
ယခုကဲ့သို့ လူမဆန်သော
အကြမ်းဖက်မှုများသည် ဖြစ်ပေါ်တတ်စမြဲပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမှု သက်ရှိလူသားတစ်ဦးက တစ်ပါးသူအား
ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းသည် ဥပဒေအရသော်လည်းကောင်း၊
လူ့ဘောင်စည်းမျဥ်းအရသော်လည်းကောင်း လက်သင့်ခံနိုင်စရာ အကြောင်းတရား မဟုတ်ပေ။ ခံရသူ
အမျိုးသမီးအား စိတ်ဒဏ်ရာကို
ရစေသည်။ ထို့ကြောင့် အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုများအား
ချက်ချင်းရပ်ပေးကြရန်နှင့် အကြမ်းဖက်မှု ပပျောက်ဖို့ ပြည်သူများကလည်း ဥပဒေသမားများနှင့်
ပူးပေါင်းဆောင်ရွက်၍ ဥပဒေနှင့်အညီ တိုက်ထုတ်ကြပါစို့ဟု လေးစားစွာဖြင့် ရေးသားတောင်းဆိုလိုက်ရပါသည်။ ။