- Web Master
- ၂၁ စက်တင်ဘာ ၂၀၂၃
ရေးသူ - လင်းအာရုံသစ်
ဂျပန်-မြန်မာ ဆက်ဆံရေး စတင်တဲ့ ၁၉ ရာစုအစောပိုင်းကာလ ဂျပန်နိုင်ငံကို အစောဆုံး ပညာတော်သင်သွားရောက်သူ မြန်မာလူငယ်တွေထဲမှာ ရခိုင်သူ တစ်ဦးပါဝင်ခဲ့ပါတယ်။
သူမကတော့ တခြားသူမဟုတ်ဘဲ အာရှနီဝန်းသျှင်လို့တင်စားရတဲ့ ဆရာတော် ဦးဥတ္တမရဲ့ တစ်ဦးတည်းသောညီမ စစ်တွေမြို့သူ မအိမ်စိုးပင် ဖြစ်ပါတယ်။
မအိမ်စိုး မွေးဖွားကြီးပြင်းချိန်ဟာ ၁၈
ရာစုနှောင်းပိုင်းကာလ ဖြစ်ပါတယ်။ ယင်းအချိန်က ရိုးရာကျား၊မ အခန်းကဏ္ဍမှာ
အမျိုးသမီးတွေကို အိမ်တွင်းမှုနယ်ပယ်မှာသာ ချုပ်ကိုင်ထားနိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်နေပါသေး
လူမှုအသိုင်းအဝိုင်းမှာ ကန့်သတ်ချက်တွေ ရှိနေပေမယ့် မအိမ်စိုးဟာငယ်စဉ်ကတည်းက အသိပညာကို ငတ်မွတ်နေခဲ့သူ ဖြစ်ပါတယ်။
သူမရဲ့ ထူးခြားတဲ့ စွမ်းရည်ကို အသိအမှတ်ပြုပြီး အစ်ကိုဖြစ်သူ ဆရာတော် ဦးဥတ္တမက ၁၉၁၂ ခု မှာ ဂျပန်နိုင်ငံကို ခေါ်ယူပြီးတော့ လက်မှု အတတ်ပညာတွေကို သင်ယူစေခဲ့ပါတယ်။
မကြာမီမှာပင် သူမဟာ ပထမဆုံး နိုင်ငံခြားပညာတော်သင် ပညာတတ် ရခိုင်အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။
အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ စွမ်းဆောင်နိုင်ရေးအတွက် ကြိုးပမ်းမှု သမိုင်းကြောင်းရှိတဲ့ ဂျပန်လူမျိုးတွေက အမှတ်တရ ဖြစ်စေခဲ့တဲ့ ရခိုင်အမျိုးသမီးဆိုရင်လည်း မမှားပါဘူး။
၁၈၇၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဦးဥတ္တမ (ငယ်အမည် ပေါ်ထွန်းအောင်) မှာ ၁၈၈၂ ခုနှစ်မှာ မွေးတဲ့ ညီဖြစ်သူ ကျော်ထွန်းအောင် ( နောင်အခါတွင် "ရှင်အရိယ" ဟူသော ဘွဲ့ဖြင့် ရဟန်းဖြစ်တော်မူသည်) နဲ့ ၁၈၉၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မအိမ်စိုး ဆိုတဲ့ ညီမ တစ်ယောက် ရှိပါတယ်။
ငယ်ဘဝ မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပရပ်ကွက်မှာ နေထိုင်ပြီး အဖ ဦးစံမြ၊ အမိ အောင်ကြွဖြူတို့ က သားသမီးတွေ အားလုံးကို တိုင်းသူပြည်သားတွေအပေါ် စာနာမှု ရှိတဲ့သူတွေ၊ တာဝန်သိတတ်သူတွေ ဖြစ်အောင်၊ ပညာတတ်အောင် မွေးမြူပေးခဲ့ကြပါတယ်။
မအိမ်စိုးရဲ့ အစ်ကိုကြီး
ထင်ရှားတဲ့ အမျိုးသားရေး ခေါင်းဆောင် ရခိုင်လူမျိုး ဆရာတော် ဦးဥတ္တမဟာ မြန်မာအပါအဝင် အာရှနိုင်ငံတွေ ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်မြောက်အောင် လှုံ့ဆော်ပြီး ထောင်အကြိမ်ကြိမ်ကျခံကာ အကြမ်းမဖက်သောနည်းနဲ့ သေတဖန်သက်တဆုံး ဆောင်ရွက်ခဲ့ပါတယ်။
ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်မှုနဲ့ လူမှုစီးပွား ကွာဟမှုများပြားတဲ့ လူ့အဖွဲ့အစည်းမှာ ကြီးပြင်းလာခဲ့ပေမယ့် ကလေးဘဝကတည်းက ပညာကို တတ်အောင် သင်လိုစိတ်ဟာ ဦးဥတ္တမ ဖြစ်လာမယ့် ပေါ်ထွန်းအောင်မှာ အခိုင်အမာရှိခဲ့ပါတယ်။
အသက် ၉ နှစ်အရွယ်မှာ အင်္ဂလိပ်စာကို သင်ယူစိတ်ပြင်းပြခဲ့တာ၊ အသက် ၁၃ နှစ်အရွယ်မှာ နိုင်ငံခြားကိုထွက်ပြီး ပညာသင်လိုစိတ်ဖြစ်ခဲ့တာ၊ အသက် ၁၆ နှစ်မှာ ရှင်သာမဏေ ဝတ်ပြီး ဗုဒ္ဓစာပေကို လေ့လာခဲ့တာ၊ တဆက်တည်း ဗမာပြည်ကိုသွား ပိဋကတ်စာပေ သင်ယူတာ ၊ အိန္ဒိယ ကာလကတ္တားကိုသွားပြီး အင်္ဂလိပ်ဘာသာကို သုံးနှစ်သင်ယူ ဆယ်တန်းအဆင့်ကို အောင်မြင်အောင် ကြိုးစားသင်ယူနိုင်ခဲ့တာနဲ့ ပြင်သစ် ၊ဂျပန်ပြည်ထိသွားရောက် ပညာ ဆည်းပူးခဲ့တာတွေဟာ အာရှနီဝန်းသျှင်ရဲ့ ပညာရေးအပေါ် ထားရှိတဲ့ သဘောထားကို ပေါ်လွင်စေပါတယ်။
ဆရာတော် ဦးဥတ္တမဟာ ပညာရေးကို တစ်ဦးချင်းနဲ့ လူမှုရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုအတွက် အခြေခံအုတ်မြစ်၊ ပညာရေးဟာ လောကီ လောကုတ္တရာ နှစ်ဖြာ အကျိုး ဖြစ်စေတဲ့ ဉာဏ်အလင်းရဖို့ လမ်းစဉ်အဖြစ် ရှုမြင်ပါတယ်။ ပညာသင်ကြားရာမှာ ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်တန်ဖိုးတွေကိုပါ ရရှိဖို့ အရေးကြီးကြောင်း ဆရာတော်က အလေးပေးပြောကြားခဲ့ပါတယ်။
ပညာရေးဟာ ကျင့်ဝတ်သိက္ခာနဲ့ ကရုဏာတရားတို့ကို ခိုင်ခိုင်မာမာထိန်းသိမ်းထားကာ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်တဲ့ လူတစ်ဦးချင်းစီကို ပြုစုပျိုးထောင်နိုင်တယ်လို့ ဆရာတော် မြင်ခဲ့ပါတယ်။
ဆရာတော်ဦးဥတ္တမက ဗမာပြည်သူလူထုကို အသိပညာနဲ့ အမျိုးသားရေးလက္ခဏာတို့ မြှင့်တင်ပေးခြင်းဖြင့် သူတို့ရဲ့ရပိုင်ခွင့်တွေနဲ့ လွတ်လပ်ရေး ဆန္ဒတွေကို ခိုင်မာအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။
ဆရာတော်ဦးဥတ္တမရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ အမြင်တွေဟာ မြန်မာ့လူ့အဖွဲ့အစည်း ပိုမိုကောင်းမွန်လာစေဖို့ ရေသောက်မြစ်လို့ ဆိုနိုင်ပါတယ်။
အမျိုးသမီးပညာရေးအတွက်ထောက်ခံသူ
ဆရာတော် ဦးဥတ္တမဟာ တရားမျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်မြောက်ရေးမှာ ကျားမတန်းတူရေးရဲ့ အရေးပါမှုကို အသိအမှတ်ပြု အမျိုးသမီးပညာရေးအတွက် အခိုင်အမာ ထောက်ခံသူလည်း ဖြစ်ပါတယ်။
အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရှိရေး တန်းတူရည်တူရှိသင့်ပြီး ပညာသင်ယူရာမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်သင့်တယ်လို့ ဆရာတော် ယုံကြည်ခဲ့ပါတယ်။
ဒါကြောင့်လည်း ဂျပန်ကို ဒုတိယ အကြိမ်သွားတဲ့ အခါ မြန်မာနိုင်ငံက လူငယ်အမျိုးသားတွေ သာမက အမျိုးသမီးတွေကိုပါ ပညာတော်သင်အဖြစ် ခေါ်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီလို ခေါ်သွားတဲ့အထဲမှာ စစ်တွေမြို့ က ဆရာတော်ရဲ့ ညီမငယ် အသက် ၁၇ နှစ်အရွယ် မအိမ်စိုးနဲ့ ပြည်မြို့က အသက်၂၅ နှစ် အရွယ် မသော့ ဆိုတဲ့ အမျိုးသမီး နှစ်ဦးပါဝင်ခဲ့ပါတယ်။
သူတို့နှစ်ဦးကို ဂျပန်နိုင်ငံက မိန်းကလေးတွေအတွက် ဖွင့်လှစ်တဲ့
အဆင့်မြင့်နည်းပညာကျောင်းတစ်ခု
ကျားမရေးရာ အခန်းကဏ္ဍကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို ပညာသင်ဖို့ တိုက်တွန်းချက်ဟာ တိုးတက်တဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။
ဆရာတော်ရဲ့ ပညာရေးအမြင်၊ ကျင့်ဝတ်နဲ့ ကျားမတန်းတူညီမျှမှုကို အလေးပေးခဲ့တာဟာ တရားမျှတပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းကို ပုံဖော်ရာမှာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာလုံးဆိုင်ရာ အမြင်ကို ပြောင်းလဲစေခဲ့ပါတယ်။
ဆရာတော် ဦးဥတ္တမရဲ့ ညီမဖြစ်သူ မအိမ်စိုးဟာ ပညာရေးနဲ့ အမျိုးသမီး စွမ်းပကားကို ပြောင်မြောက်စွာ ပံ့ပိုးပေးနိုင်ခဲ့လို့ လူသိများ ထင်ရှားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်လာပြီး ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အမျိုးသမီးအခွင့်အရေးတွေအပေါ် အာရုံစိုက်ခဲ့ပါတယ်။
မအိမ်စိုးရဲ့ အထင်ရှားဆုံး အောင်မြင်မှုတစ်ခုမှာ အမျိုးသမီးတွေအတွက် ကျောင်းတွေ၊ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာတွေ တည်ထောင်ပြီး အမျိုးသမီးတွေ မိမိကိုယ်ကို စွမ်းဆောင်ရည်မြှင့်တင်ဖို့ အခွင့်အလမ်းတွေ ပေးခဲ့တာဖြစ်ပါတယ်။
မအိမ်စိုးဟာ သူ့အစ်ကို နိုင်ငံရေးထဲ ဝင်မပါခဲ့ပေမယ့် ယင်းအချိန်က သူမရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ၁၉၄၈ ခုနှစ်မှာ ရရှိခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှာ အရေးပါခဲ့ပါတယ်။ အမျိုးသမီးတွေကို ပညာသင်ပေးခြင်းဟာ ၎င်းတို့ရဲ့ တစ်ကိုယ်ရည် တိုးတက်မှုအတွက်သာမက တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ မရှိမဖြစ် လိုအပ်ပါတယ်။
ဆရာတော် ဦးဥတ္တမဟာ ၁၉၃၉ ခုနှစ်မှာ ပျံလွန်တော် မူခဲ့ပါတယ်။ ၂၀၂၃ ခု စက်တင်ဘာ ၉ ရက်နေ့မှာ ဆရာတော် ပျံလွန်တော် မူခဲ့တာ ၈၄ နှစ် ရှိပါပြီ။
ကျားမတန်းတူရေးတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတဲ့ကမ္ဘာမှာ ဆရာတော် ဦးဥတ္တမရဲ့ ပညာရေးအတွက်တန်းတူရှိရမယ်ဆိုတဲ့ သဘောထားဟာ စံနမူနာကောင်းအဖြစ်တည်တံ့ခိုင်မြဲစွာ ရှိနေပါတယ်။
အစ်ကိုဖြစ်သူ ဦးဥတ္တမရဲ့ လှုံ့ဆော်မှုကြောင့် ဂျပန်နိုင်ငံအထိ သွားရောက်ပညာသင်ကြားခွင့်ရခဲ့သူ မအိမ်စိုးဟာလည်း ခေတ်ရဲ့ လက်ရှိစံနှုန်းတွေကို စိန်ခေါ်ခဲ့သူလို့တောင်ဆိုနိုင်ပါတယ်။