အချုပ်ကားရဲ့ သံပန်းတွေနဲ့ကာရန်ထားတဲ့ ပြတင်းပေါက်ကျဉ်းကျဉ်းကလေးထဲက “ငါ့ နေကောင်းတယ်” ဆိုတဲ့ စကားထက်အပိုပြောခွင့်မရတဲ့ အဖြေစကားသံကြောင့်သူမကိုစောင့်နေကြတဲ့ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တချို့ဟာ စိတ်သက်သာရကြပေမဲ့စိုးရိမ်စိတ်တွေတော့ ရှိနေကြပါတယ်။
သူမရဲ့ တွန့်လိမ့်နေတဲ့ အရေပြားပေါ်ကလက်နှစ်ချောင်းကို လက်ထိပ်ခတ်ထားပေမဲ့ အပြုံးတစ်ချက်မညိုး မျက်နှာတစ်ချက် မပျက်သွားဘဲ သူမကို ရုံးထုတ်ရာလမ်းတစ်လျှောက် စောင့်နေကြတဲ့သူတွေကို အပြုံးနဲ့နူတ်ဆက်ခဲ့ပါတယ်။သူမကတော့အသားအရေတွေကနုညံ့ပျော့ဖတ်နေပေမဲ့ဆံပင်တွေဖြူပါးရေတွေ တွန့်နေတဲ့ အသက် ၆၈ အရွယ် သံမဏိနှလုံးသားပိုင်ရှင်ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌအမျိုးသမီးဒေါ်ညိုအေးဘဲဖြစ်ပါတယ်။
ရခိုင်အမျိုးသားရေးအတွက်၊အမျိုးသမီးတွေအခွင့်အရေးအတွက် အဖက်ဖက်က နိမ့်ကျနေတဲ့ ၇ခိုင်ပြည်သူ ပြည်သားတွေ အတွက် သူမဘ၀ကို စတေးခံဖို့ဝန်မလေးတဲ့ သံမဏိလို့ မာကျောတဲ့ နှလုံးသားနဲ့ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ သူမဟာ ခုတော့ ကြီးလေးတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရပြီးလက်ရှိ စစ်တွေထောင်နရသိန်မှာ အကျဉ်းချခံနေ၇ပါတယ်။
သူမဟာ စစ်တွေမြို့ကစစ်တွေကျောင်းသားသမဂ္ဂရုံးမှာစစ်တွေကျောင်းသားသမဂ္ဂကဦးဆောင်ပြုလုပ်ခဲ့တဲ့ ၅၆ နှစ်မြောက် ဩဂုတ်၁၃စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အခမ်းအနားကို ဖိတ်ကြားခဲ့တဲ့အတွက်သွားတက်မိခဲ့တာနဲ့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီ လက်ပါးစေတွေကနိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ သူမဟာ စစ်ကောင်စီကိုဆန့်ကျင်တာလည်း မဟုတ်သလို နိုင်ငံတော်ကိုလည်း ပုန်ကန်မှုတွေဖြစ်အောင်လုံ့ဆော်ခဲ့သူလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီ စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားဟာ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ယုတ်မာရိုင်းစိုင်းတဲ့သမိုင်းဝင် လူသတ်ပွဲကြီးကို အမှတ်ရစေတဲ့ အခမ်းအနားမျိုး ဖြစ်တာကြောင့်စစ်ဝါဒီတွေအတွက် အသဲကို အပ်နဲ့ ဆွသလိုမျိုး နာကျည်းခံရခက်စေတာကြောင့် ခုလိုဖမ်းဆီးပြီး နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒေါ်ညိုအေးကို ခုလိုမတရားဖမ်းဆီးပြီး ကြီးလေးပုဒ်နဲ့ အမှုဖွင့်လိုက်တာဟာ ရခိုင်ပြည်သူတွေရဲ့ နာကျည်းမှုနဲ့ မုန်းတီး စိတ်တွေသာ ပိုမို ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘာအကျိုးကျေးဇူးမှဖြစ်ထွန်းလာလိမ့်မယ်မဟုတ်ဘူးလို့ ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကပြောပါတယ်။
“ စစ်တွေဆန်ပြဿနာနေ့အခမ်းအနားကို တက်တဲ့ အတွက် ဒေါ်ညိုအေးကို ခုလို ကြီးလေးတဲ့ ပုဒ်မနဲ့ အမှုဖွင့်လိုက်တာဟာ ရခိုင်ပြည်သူများ၏ နှလုံးသားထဲမှာပို၍ စိုးရိမ်သောက ဖြစ်စေတဲ့အပြင် စစ်ကောင်စီကို နာကျည်းမုန်းတီးစိတ်များပို၍ဖြစ်လာနိုင်တယ်။ ဒီလုပ်ရပ်များအတွက် ပြောင်းပြန်အကျိုးသက်ရောက်မှုကိုသာ ခံစား၇မှာဖြစ်တဲ့အတွက် သတိထားဆင်ခြင်ကြဖို့လိုပါမယ်။”
သူမဟာ ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းမှာ စစ်တွေက ရခိုင်အမျိုးသမီး ကွန်ရက်ရုံးထဲမှာ ဘဲ စစ်ကောင်စီရဲတပ်ဖွဲ့ရဲ့ ဝင်ရောက်ဖမ်းဆီးခြင်းကိုခံခဲ့၇ပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ ပထမဆုံးအကြိမ် အဖြစ် စစ်ကောင်စီစစ်တွေမြို့နယ် တရားရုံးမှာရုံးထုတ်ခဲ့ပါတယ်။
ခုလိုရုံးထုတ်ရာမှာ သူမရဲ့ အမှုကို မစစ်ဆေးခဲ့သလို ဩဂုတ် ၁၃ စစ်တွေဆန်ပြဿနာနေ့အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးရပြီးမှ အမှုကိုစစ်ဆေးမယ် စစ်ကောင်စီ တရားရုံးဘက်ကဆိုလာတာကြောင့် သူမရဲ့ အမှုဟာ ရှည်ကြာနိုင်တဲ့ အနေအထားကို ရောက်သွားနိုင်တဲ့အတွက်သူမကို လေးစားသူတွေနဲ့ မိသားစုတွေအကြားမှာ စိုးရိမ်မှုတွေမြင့်တက်ခဲ့၇ပါတယ်။
ဒေါ်ညိုအေးဟာရခိုင်ပြည်အတွင်းအမျိုးသမီးအခွင့်အရေးနဲ့လူမှုရေးလုပ်ငန်တွေမှာတက်ကြွ လှုပ်ရှားနေသူ တစ်ယောက်ဖြစ်သလိုရခိုင်အမျိုးသမီးအရေးကိုလှုပ်ရှားနေတဲ့ ရခိုင်အမျိုးသမီး ကွန်ရက်ရဲ့ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်ပါတယ်။ ခုလို မြန်မာနိုင်ငံမှာစစ်ကောင်စီက အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေကို ဖမ်းဆီးအပြစ်ပေးထောင်ချခံနေတာကတော့ ဒေါ်ညိုအေးတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ တစ်ခြား အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေလည်း အများအပြား ဖမ်းဆီးအကျဉ်းကျခံနေရတာဖြစ်ပါတယ်။ အခု ရခိုင်ကဒေါ်ညိုအေးကို စစ်ကောင်စီက ဖမ်းဆီးပြီး တရားစွဲဆိုတာဟာအမျိုးသမီးအရေး လူပ်ရှားနေသူတွေကို ပစ်မှတ်ထား နှိမ်နှင်းလိုတဲ့ ရည်ရွယ်ချက်နဲ့ပြုလုပ်တာဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ မူဝါ ဦးဆောင်အဖွဲ့ဒေါ်တင်တင်ညို က သုံးသပ်ပြောဆိုပါတယ်။
"လက်ရှိ ကျွန်မတို့ မြန်မာနိုင်ငံကစစ်အာဏာသိမ်းထားတဲ့ နိုင်ငံဖြစ်တယ်။ စစ်အာဏာသိမ်းထားပြီးတော့မှာ နိုင်ငံကို အကြမ်းဖက်မှုဝါဒါတွေနဲ့ အုပ်စိုးနေတဲ့ စစ်ကောင်စီကရှိနေတာပေါ့။ ဒီလိုမျိုးတရားဥပဒေမဲ့နေတဲ့အနေအထားမှာဘယ်သူမဆို အာဏာလုယူထားတဲ့ သူတွေရဲ့ အာဏာကို တစ်စုံတစ်ရားထိပါးလာနိုင်တယ်ဆိုရင်ဖမ်းနိုင်တယ်ပေါ့နော်။ အဲထဲမှာ ဒေါ်ညိုအေးလည်းပါသွားတယ်လို့ ပြောလို့ရပါတယ်။ တစ်ခါတစ်လေကျရင် အမျိုးသမီးတွေကိုလည်း ပစ်မှတ်ထားတာ ဖြစ်နိုင်တယ်။ဘာလိုလည်းဆိုတော့အမျိုးသမီးတွေဟာလူထုတွေနဲ့ ထိစပ်စွာ အလုပ်လုပ်ကြတယ်။ လက်ရှိလူထုတွေမှာ လိုအပ်ချက်တွေအများကြီးရှိနေတယ်။ အထူးသဖြင့် ကျွန်မတို့ အမျိုးသမီးတွေပေါ့နော်။ အများကြီးစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ အထွေထွေပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဒီလိုအတွက် ကူညီပေးနေတာ အရမ်းကို ရှားပါးတဲ အချိန်ပေါ့။ဒီလိုအချိန်မှာ ဒေါ်ညိုအေးတို့က ဦးဆောင်ပြီး ပါဝင်နေတဲ့ သူတွေဖြစ်တယ်။သူတို့ကို ပစ်မှတ်ထား ဖမ်းဆီးလိုက်တာက ပြောမယ်ဆိုရင်ရည်ရွယ်ချက်ရှိတယ်လို့ ပြောလို့၇ပါတယ်။"
စစ်အာဏာသိမ်းပြီးနောက်မှာ နယ်မြေပေါင်းစုံမှာမတူညီတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ အထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့အမျိုးသမီးတွေ အများအပြားပါဝင်နေတာတွေရှိပါတယ်။ဒါကြောင့်လည်းအမျိုးသမီးတက်ကြွလှုပ်ရှားသူတွေကို ဒေသမရွေး နေရာမရွေး စစ်ကောင်စီ ပစ်မှတ်ထာပြီး ဖမ်းဆီး နှိမ်နှင်းနေတာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအရေးလှုပ်ရှားနေသူတွေဟာ နောက်ထပ်လည်း အချိန်မရွေးဖမ်းဆီးခံရနိုင်တယ်လို့လည်း သူမကဆိုပါတယ်။ တိုင်းပြည် အာဏာကို လုယူထားတဲ့ စစ်အာဏာရှင်တွေဟာ နိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆိတ်သုဉ်းစေလိုတဲ့အတွက် ဘယ်သူမဆို ဖမ်းဆီးမှာ ဖြစ်တယ်လို့ဒေါ်တင်တင်ညိုကဆက်ပြောပါတယ်။
"စစ်အာဏာသိမ်းပြီးနောက်မှာနယ်မြေပေါင်းစုံမှာမတူညီတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေ အထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတွေပါဝင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေကိုပြစ်မှတ်ထာပြီး စစ်ဏာရှင်တွေက အချိန်မရွေးဖမ်းဆီးနိုင်ပါတယ်။ ဒါအပြင် အာဏာကို လုယူထားတဲ့ စစ်အာဏာရှင်တွေက အုပ်ချုပ်နေတာ ဖြစ်တဲ့အတွက်မို့ဘယ်သူမဆို လူ့အခွင့်အရေးဆိုတဲ့ ကိစ္စရပ်တွေကဆိတ်သုဉ်းနေမှာပဲလို့ ဆက်ပြောပါတယ်။ အားလုံးက သတိရှိရှိနဲ့ကိုယ်လုပ် စရာရှိတာတွေကို ဆက်ပြီးတော့ လုပ်သွား၇မှာပေါ့။"
ဒေါ်ညိုအေးဟာ သူမရဲ့ နုပျိုမှုတွေကို ဖက်ဒရယ် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တန်းတူအခွင့်အရေးတို့အတွက် တိုက်ပွဲဝင်ပေးဆပ်နေခဲ့သူဖြစ်သလို လက်ရှိ အသက်အရွယ်အထိ နောက်မဆုတ်ဘဲ သူယုံကြည်ကိုလျှောက်လှမ်းနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မာကျောတဲ့ သံမဏိနှလုံးသားနဲ့ ကိုယ်ကျိုးစွန့်ကာနှစ်ပေါင်း ၃၀ ကျော်အနစ်နာခံပေးဆပ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
အခု အဖမ်းအဆီးဟာရခိုင်ပြည်အတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်းတွေရဲ့ရှေ့လုပ်ဆောင်ချက်တွေကို ရပ်တန့်သွားအောင် ခြိမ်းခြောက်နေတာဖြစ်တယ်လို့ရခိုင်လူအခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကထောက်ပြပါတယ်။
“ဒေါ်ညိုအေးကို စစ်ကောင်စီကပေါ်လစီတစ်ရပ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးထားတယ်ဆိုတာကို ကျနော်တို့ သဘောပေါက်ပါတယ်။ သူကိုဖမ်းဆီးခြင်းဟာ သူလို့ပဲနောက်ထပ်ရခိုင်အမျိုးသမီး အဖွဲ့တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ရှေ့ကို ဆက်လက်ပြီးတော့ရခိုင့်နိုင်ငံရေးလှုပ်ရှားမှုတွေကို မလုပ်ရဲအောင် ဟန်တားတဲ့ ပုံစံမျိုး၊ ကြောက်လှန့်အောင်လုပ်တဲ့ပုံစံမျိုးလုပ်တယ်လို့ ထင်မြင် ယူဆပါတယ်။”
ဦးမြတ်ထွန်းပြောသလို ရခိုင်ပြည်မှာကိုယ်ကျိုးစွန့်ပြီး အမျိုးသမီးအရေး တက်ကြွစွာ လှုပ်ရှားနေသူ အရေအတွက်ကလက်ချိုးရေတွက်လို့ ရပါတယ်။ ဒီအထဲက ဒေါ်ညိုအေးလို အမျိုးသမီး ခေါင်းဆောင်တွေကိဖမ်းဆီးပြလိုက်တာကတော့ နောက်ထပ် အမျိုးသမီးတွေ နိုင်ငံရေး မပါဝင်အောင်ရဲအောင်နဲ့အမျိုးသမီးအရေးတွေကို မလှုပ်ရှားနိုင်အောင် ခြိမ်းခြောက်ပြလိုက်တာလည်း ဖြစ်ပါတယ်။ခုလို ဖမ်းဆီးပြလိုက်ပေမယ့် ရခိုင်အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကရပ်တန့်သွားလိမ့်မယ်လို့ စစ်ကောင်စီက ထင်ရင် မှားသွားနိုင်တယ်လို့လည်း သူကဆိုပါတယ်။ ဒေါ်ညိုအေးဟာ လက်ရှိအဖမ်းခံနေရပေမယ့်သူမရဲ့ မာကျောလှတဲ့ သံမဏိစိတ်ဓာတ်ကတော့ ပျက်ပြယ်နိမ့်ပါးသွားမှာ မဟုတ်သလို ပိုမိုခိုင်မာတဲ့ ယုံကြည်ချက်၊ခံယူချက် စိတ်ဓာတ်တွေနဲ့ သူမရဲ့ ဘ၀ကိုဆက်လက် ဖြတ်သန်းလျှောက်လှမ်းနေအုံးဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါဘဲလို့ပြောဆိုရင်း ဒီဆောင်းပါးနဲ့ ဒေါ်ညိုအေးကို ဂုဏ်ပြု ရေးသားတင်ပြလိုက်၇ပါတယ်။